မဟာအကြီးအကဲရာထူး
Vol. 16 Ch. 222
"အရှင်က ခြင်္သေ့မျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာကို အသက်စွန့်ကာကွယ်ပေးသွားတဲ့ ခရမ်းမီးတောက်ကြယ်ခြင်္သေ့တွေရဲ့ နောက်ဆုံးမျိုးဆက်ပါ။ ဒီငယ်သားက ဘာကိုမှမတောင်းဆိုဝံ့ပါဘူး။ ဒါပေမယ့် အတင့်ရဲစွာနဲ့ အကူအညီတစ်ခု တောင်းဆိုပါရစေ"
ထုံတန်ခြင်္သေ့ဘုရင်က အနည်းငယ်တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက ယဲ့ချန်၏အမေးကို ဖြေလိုက်သည်။
"ရပါတယ် ပြောပါ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူမှ ရက်ရက်ရောရောအခွင့်အရေးပေးထားသည့်အတွက် အပြန်အလှန်အနေဖြင့် တစ်စုံတစ်ခုကို လိုချင်တတ်သည်။
"ပြောရမှာ ရှက်ဖို့ကောင်းပါတယ်။ ဒီထောင်စုနှစ်အတွင်းမှာ ဝံပုလွေတိုင်းပြည်က အရမ်းအင်အားကြီးမားလာတယ်။ ခြင်္သေ့နန်းတော်ရဲ့အာဏာက မူလအောက် လျော့နည်းလာတယ်။ တကယ်လို့ စစ်ပွဲတစ်ခုဖြစ်လာရင် အရှင့်အနေနဲ့ ခြင်္သေ့နန်းတော်ကိုကူညီပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်နဲ့ ခြင်္သေ့မျိုးနွယ်တစ်ခုလုံးက အရှင့်ကို ကျေးဇူးအများကြီးတင်နေမှာပါ"
ထုံတန်က သူ၏ညာလက်ကို ရင်ဘတ်တွင်ကပ်၍ အရိုအသေပေးလိုက်ပြန်သည်။
"ဒါ..."
ယဲ့ချန်က အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ ဤအရာက နတ်ဘုရင်များကြားမှ စစ်ပွဲတစ်ခုဖြစ်သည်။ သူက ဝင်ရောက်စွက်ဖက်လိုက်လျှင် ဟန်ဆောင်ထားသမျှ ပေါ်သွားနိုင်သည်။ သို့သော် သူက ထုံတန်၏တောင်းဆိုချက်ကို ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် အလိမ္မာသုံးကာ ဖြေလိုက်၏။
"ဒီငါးနှစ်ခြောက်နှစ်အတွင်းမှာတော့ ငါက ဒဏ်ရာကုသရဦးမယ်။ အဲ့ဒီနောက်မှာ မင်းကို သေချာပေါက်ကူညီမယ်"
ယဲ့ချန်သည် ငါးနှစ်ကြာလျှင် ထန်တိုက်လင်နှင့် တိုက်ခိုက်ရမည်ဖြစ်သည်။ ဤအချိန်အတွင်း သူ၏ခွန်အားက မည်သည့်အဆင့်သို့ရောက်ရှိသွားမည်ကို မခန့်မှန်းတတ်ပေ။ သို့သော် သူ၏ခွန်အားက နတ်ဘုရင်အဆင့်ကိုမယှဥ်နိုင်လျှင်ပင် ထိုအချိန်၌ ရှောင်ရိက နတ်ဘုရင်စွမ်းအားများကို သေချာပေါက်ပြန်ရနေပေလိမ့်မည်။
"ကျေးဇူးအများကြီးတင်ပါတယ် အရှင်"
ထုံတန်က ပျော်ရွှင်စွာပြောလိုက်သည်။ သက်တမ်းအလွန်ရှည်သော နတ်ဘုရင်များအတွက် ငါးနှစ်ဟူသောအချိန်က တိုတောင်းလှသည်။ ဝံပုလွေတိုင်းပြည်နှင့် ခြင်္သေ့နန်းတော်ကြားမှ ပြဿနာက နှစ်ပေါင်းထောင်ချီကြာနေပြီဖြစ်၍ နှစ်အနည်းငယ်ထပ်စောင့်ရလျှင်လည်း အခက်အခဲမရှိပေ။
"ငါ နားမလည်တာ တစ်ခုရှိတယ်။ ထုံတန် ငါက ယဲ့အိမ်တော်မှာရှိနေတာကို မင်း ဘယ်လိုသိတာလဲ"
ယဲ့ချန်က မေးလိုက်သည်။ သူက သားရဲအင်အားစုများအကြောင်းကို သေချာမသိပေ။ သူက ကောင်းကင်သားရဲနတ်ဘုရင်များကို ထိတ်လန့်ပေသည်။ သူတို့၏ဝိညာဥ်အသိစိတ်က မိုင်များစွာကိုလွှမ်းခြုံနိုင်သဖြင့် လင်းယွန်တောင်ကြားရှိ ယဲ့မျိုးနွယ်၏တည်နေရာက ပေါက်ကြားသွားနိုင်သည်။
"ဒါက အကြောင်းတိုက်ဆိုင်သွားတာပါ။ လွန်ခဲ့တဲ့နှစ်တွေမှာ ဝံပုလွေတိုင်းပြည်က ရှီဝူအင်ပါယာပိုင်နက်ကို သိမ်းပိုက်သွားနိုင်တယ်။ လင်းယွန်တောင်တန်းမှာ မြေခွေးမျိုးနွယ်တစ်ခုရှိပြီး သူတို့က ဝံပုလွေတိုင်းပြည်ကို သဘောမကျဘူး။ သူတို့အနိုင်ကျင့်ခံရတဲ့အချိန်မှာ အလယ်အင်ပါယာကိုရွှေ့ပေးဖို့ ကျုပ်ကို အကူအညီလာတောင်းခဲ့တယ်။ ငါ့လူတွေရောက်သွားတဲ့အချိန်မှာ လင်းယွန်မြေခွေးမျိုးနွယ်နဲ့ ဝံပုလွေမျိုးနွယ်ကြားမှာ တိုက်ပွဲစနေပြီ။ ကံကောင်းတာက ကျုပ်လူတွေဟာ အပြင်းအထန်ဒဏ်ရာရထားတဲ့ မြေခွေးတွေကို ကယ်တင်ပေးနိုင်ခဲ့တယ်။ သူတို့က ဝံပုလွေတွေကိုသတ်ဖြတ်ခဲ့ပြီး လင်းယွန်တောင်တန်းမှာ နတ်ဘုရင်တစ်ယောက်ရှိတယ်ဆိုတာကို သိခဲ့ရတယ်။ မင်ယွမ်ကို စေလွှတ်လိုက်တဲ့အခါ သူက အရှင့်ကို ယဲ့အိမ်တော်မှာ တွေ့မိသွားတယ်။ ဝံပုလွေတိုင်းပြည်ထက်အရင် ကျုပ်တို့က အရှင့်ကိုရှာတွေ့ခဲ့တာ အတော်ကောင်းတယ်"
ထုံတန်က ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်၏။
ယဲ့ချန်သည် အမွေးပွလေးကို ယဲ့အိမ်တော်သို့ ခေါ်ဆောင်လာချိန်တွင် မိစ္ဆာဝံပုလွေများကို ဝိညာဥ်အသိစိတ်ဖြင့် ခြောက်လှန့်ခဲ့ဖူးသည်။ ထိုဝံပုလွေများက ဝံပုလွေတိုင်းပြည်၏ငယ်သားများ ဖြစ်နေသည်။
ဝံပုလွေတိုင်းပြည်မှ သူ့ကို ရှာတွေ့သွားလျှင် အခြေအနေက အလွန်ခက်ခဲပေလိမ့်မည်။ ထို့အပြင် ထုံတန်၏စကားက သူ့ကို အလွန်စိတ်လှုပ်ရှားသွားစေသည်။ အမွေးပွလေး၏ မျိုးနွယ်ဝင်များက သက်ရှိထင်ရှားရှိနေကြသည်။
"လင်းယွန်မြေခွေးမျိုးနွယ်ဝင်တွေ အဆင်ပြေလား"
ယဲ့ချန်က စပ်စုလိုက်သည်။
"ကျုပ်က သူတို့ကို အလယ်အင်ပါယာက တောင်တန်းတစ်ခုမှာနေထိုင်ဖို့ ကူညီခဲ့ပါတယ်။ အစက မြေခွေးတွေအကုန်လုံးကို အလယ်အင်ပါယာပို့ပေးချင်ခဲ့ပေမယ့် အချို့က ဝံပုလွေတိုင်းပြည်လက်အောက်ကို ဝင်သွားကြတယ်"
ထုံတန်က နားမလည်ဟန်ဖြင့် ဖြေလိုက်သည်။ ယဲ့ချန်က လင်းယွန်မြေခွေးမျိုးနွယ်အား ဂရုစိုက်နေသော အကြောင်းအရင်းကို သူက နားမလည်ပေ။ သူ၏ခေါင်းထဲတွင် ယဲ့ချန်၏အနီး၌ မြေခွေးဖြူလေးတစ်ကောင်ရှိကြောင်း ရုတ်တရက်အမှတ်ရသွားသည်။
ဤအရာက အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ ယဲ့ချန်က လင်းယွန်မြေခွေးမျိုးနွယ်အကြောင်း မေးလာခြင်းက မြေခွေးလေးကို ဂရုစိုက်ကြောင်း သက်သေပင်ဖြစ်သည်။ မြေခွေးများက သူတို့၏အလှကြောင့် အလွန်ကျော်ကြားသည်ဖြစ်ရာ သူမက ယဲ့ချန်၏လက်တွဲဖော်ဖြစ်နိုင်သည်။ ထုံတန်သည် နောက်ဆုံးတွင် စိတ်အေးသွားခဲ့သည်။ အကယ်၍ ခြင်္သေ့နန်းတော်ဒုက္ခရောက်လျှင် လင်းယွန်မြေခွေးမျိုးနွယ်လည်း ပြဿနာတက်မည်ဖြစ်သောကြောင့် ယဲ့ချန်က ဘေးထွက်ရပ်နေမည် မဟုတ်ချေ။
ယဲ့ချန်သည်လည်း ဝမ်းသာနေသည်။ သူက ပြန်ရောက်လျှင် အမွေးပွလေးကို ဤသတင်းကောင်းအား ပြောပြမည်ဖြစ်သည်။
ထုံတန်သည် ယဲ့ချန်၏မျက်နှာအမူအရာကို အကဲခတ်၍ တစ်ချက်ပြုံးလိုက်သည်။
ထုံတန်သည် ယဲ့ချန်က ကိုယ်ကျင့်တရားကို အလေးထားသူဟု ခံစားနေရသည်။ သူကလင်းယွန်မြေခွေးမျိုးနွယ်ကို ကယ်တင်ပေးခဲ့ခြင်းက ယဲ့ချန်၏လက်တွဲဖော်အတွက် ကြင်နာမှုတစ်ခုဖြစ်သည်။ ယဲ့ချန်သာ နတ်ဘုရင်အဆင့်စွမ်းအားကို ပြန်လည်ရရှိလာလျှင် ခြင်္သေ့နန်းတော်ကို သေချာပေါက်ကူညီပေလိမ့်မည်။
"ဝံပုလွေတိုင်းပြည်က ဘယ်လိုအစွမ်းထက်လာတာလဲ"
ယဲ့ချန်သည် ခြင်္သေ့နန်းတော်ကဲ့သို့ အင်အားစုကြီးကို ရှုံးနိမ့်အောင် အစွမ်းထက်သော အင်အားစုအကြောင်း စပ်စုလိုက်၏။
"လွန်ခဲ့တဲ့နှစ်တစ်သောင်းအတွင်း ဝံပုလွေတိုင်းပြည်မှာ နတ်ဘုရင်သုံးယောက် ထွက်ပေါ်လာတယ်။ တစ်ယောက်ချင်းစီက ကျုပ်ကိုမယှဥ်နိုင်ပေမယ့် ကျုပ်ကလည်း သုံးယောက်ပေါင်းခွန်အားကို မယှဥ်နိုင်ဘူး။ ပြီးတော့ သူတို့ရဲ့လက်အောက်ခံအင်အားကလည်း ခြင်္သေ့နန်းတော်ထက် ပိုများတယ်"
ထုံတန်က စိတ်ပျက်လက်ပျက်နှင့် ရှင်းပြလိုက်သည်။ သူက အစွမ်းထက်သော မဟာမိတ်မရှိသဖြင့် ဆက်တိုက်ရှုံးနိမ့်နေရသည်။ တစ်ယောက်ကတည်းက အများကိုဆန့်ကျင်ရန် မလွယ်ပေ။
ဝံပုလွေတိုင်းပြည်၌ နတ်ဘုရင်သုံးယောက်နှင့် ဆန်းကျယ်အဆင့်သားရဲများစွာ ရှိနိုင်သောကြောင့် ယဲ့ချန်က ဦးရေပြားပင် ကျိန်းသွားခဲ့သည်။ နတ်ဘုရင်တစ်ယောက်ကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ သူ၏ကျင့်ကြံဆင့်က မည်သည့်အချိန်တွင်မှ နတ်ဘုရင်အဆင့်ကို ယှဥ်နိုင်မည်ဖြစ်ကြောင်း သူကိုယ်တိုင်မတွေးတတ်ပေ။ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကလည်း လက်ရှိတွင် ကောင်းကင်သားရဲများနှင့်တူညီသော ကောင်းကင်ဝိဇ္ဇာအဆင့်သို့ ရောက်နေခဲ့သည်။ ၎င်းက ကောင်းကင်အဆင့်မှ ဆန်းကျယ်အဆင့်၊ ဆန်းကျယ်အဆင့်မှ နတ်ဘုရင်အဆင့်သို့ တက်လှမ်းရမည်ဖြစ်ရာ အချိန်များစွာ လိုအပ်နေသည်။
ယဲ့ချန်မှာ ဖိအားများဝင်လာပြီး ကျင့်ကြံခြင်းကို ယခုထက်ပို၍ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့နောက် ယဲ့ချန်နှင့် ထုံတန်က သိုင်းလမ်းစဥ်အကြောင်း စတင်ဆွေးနွေးလိုက်ကြသည်။ ယဲ့ချန်၏ကျင့်ကြံဆင့်က မမြင့်သော်လည်း သူ၏စကားတိုင်းက ထုံတန်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ယဲ့ချန်က တာအိုဟူသော စကားလုံးကို ထုတ်ပြောလာသောအခါ ထုံတန်ကအံ့သြဘနန်း ဖြစ်သွားလေသည်။
"ခရမ်းမီးတောက်ကြယ်ခြင်္သေ့တစ်ကောင်ရဲ့ ကျင့်စဥ်တွေက တကယ့်ကိုအံ့မခန်းပါလား။ အရှင်ရဲ့မျိုးနွယ်က ထိပ်တန်းမှာရပ်တည်နိုင်ခဲ့တာဟာ အဆန်းမဟုတ်ပေဘူး။ ကျုပ်က တစ်ဘဝလုံးကြိုးစားရင် အပုံတစ်ထောင်ပုံတစ်ပုံကိုတောင် လိုက်မီမယ်မထင်ဘူး။ အရှင့်စကားတွေက များစွာသင်ယူခဲ့ရပါတယ်"
ထုံတန်က သက်ပြင်းတစ်ချက်ချ၍ နာခံမှုရှိသော ကျောင်းသားလေးတစ်ယောက်ပမာ နာယူနေခဲ့သည်။ ယဲ့ချန်က သူနှင့်အဆင့်တူဖြစ်သော်လည်း စိတ်ထဲတွင် ပိုမိုအဆင့်အတန်းမြင့်သူတစ်ယောက်အဖြစ် မှတ်ယူလိုက်သည်။ အကယ်၍ သူသာ ယဲ့ချန်၏တာအိုဒဿနများကို နေ့စဥ်နားထောင်ရလျှင် အဆင့်တက်ရန်အတွက် နှစ်တစ်ရာပင် လိုမည်မဟုတ်ပေ။ သူက ယခုကဲ့သို့ နတ်ဘုရင်ထိပ်ဆုံးအဆင့်တွင် နှစ်ပေါင်းချီပိတ်ဆို့နေရန် မလိုချေ။
"တာအိုက အရာဝတ္ထုမဟုတ်ဘူး။ ပုံသဏ္ဍာန် မရှိဘူး။ တာအိုကို စိတ်နှလုံးနဲ့သာ ခံစားလို့ရတယ်။ မင်းရဲ့စိတ်က တာအိုနဲ့တစ်သားတည်းဖြစ်သွားရင် အရာရာတိုင်းဟာ တာအိုပဲ"
ယဲ့ချန်က သူသိထားသမျှ ဉာဏ်အလင်းများကို ပြောပြလိုက်သည်။ သူက ထုံတန်နှင့် ရင်းနှီးစဖြစ်သော်လည်း စေတနာဖြင့် ဤစကားများကို ပြောပြခဲ့သည်။ သို့သော် သူ၏စကားအနည်းငယ်က ထုံတန်အတွက် ကမ္ဘာသစ်တစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့သည်ကို မသိထားပေ။ ထုံတန်၏အမြင်တွင် ယဲ့ချန်သည် ကိုးကွယ်ဆည်းကပ်ရာဖြစ်တည်မှုသို့ အဆင့်တက်သွားလေသည်။
"ခြင်္သေ့နန်းတော်က အရှင့်ကို မဟာအကြီးအကဲရာထူး ပေးအပ်ချင်ပါတယ်။ အရှင် ဆန္ဒရှိပါရဲ့လား"
ထုံတန်က ပြတ်ပြတ်သားသားဖြင့် အရေးကြီးရာထူးတစ်ခုကို ကမ်းလှမ်းလိုက်သည်။
"မဟာအကြီးအကဲ"
ယဲ့ချန်က ခပ်တိုးတိုးရေရွတ်လိုက်၏။
ထုံတန်သည် ယဲ့ချန်ကို မျှော်လင့်တကြီးစောင့်နေခဲ့သည်။ အကယ်၍ ယဲ့ချန်သာ ဤရာထူးကိုလက်ခံလိုက်လျှင် ခြင်္သေ့နန်းတော်နှင့် ပို၍နီးကပ်လာမည်ဖြစ်သည်။ အမှန်တရားတွင် ခြင်္သေ့မျိုးနွယ်သည် ခြင်္သေ့နန်းတော်ကို အရှေ့ပိုင်းတိုက်ကြီးအတွင်းသာ အာဏာစက်ဖြန့်ကျက်ထားနိုင်သည်။ ယဲ့ချန်သာ မဟာအကြီးအကဲဖြစ်လာလျှင် ခြင်္သေ့နန်းတော်က ပိုမိုခြေဆန့်လာနိုင်တော့ပေမည်။
"မဟာအကြီးအကဲရာထူးက အကျိုးများစွာရှိပါတယ်။ ကျုပ်က အရှင်ရဲ့လွတ်လပ်ခွင့်ကို မနှောင့်ယှက်ပါဘူး။ တော်ဝင်ရဲမက်တွေကလွဲရင် အရှင်က ခြင်္သေ့နန်းတော်ရဲ့ဘယ်အင်အားစုကိုမဆို အမိန့်ပေးနိုင်တယ်။ ပြီးတော့ ကိစ္စရပ်တွေကိုလည်း ဝင်ရောက်ဆုံးဖြတ်ပေးနိုင်တယ်။ အရှင့်အတွက် တာဝန်ကတော့ တစ်ခုတည်းရှိတယ်။ အရှင်က ခြင်္သေ့နန်းတော်ရဲ့ မဟာအကြီးအကဲဖြစ်တဲ့အတွက် ကပ်ဘေးတစ်ခုဖြစ်လာရင် ကူညီပေးရမှာပါ"
ထုံတန်က မဟာအကြီးအကဲရာထူး၏ရပိုင်ခွင့်များကို တန်းစီပြောပြလိုက်သည်။ သူက ယဲ့ချန်၏ဝိညာဥ်အသိစိတ်နှင့် ထိပ်တိုက်ဆုံဖူးသဖြင့် ၎င်းက သူ့အောက်မနိမ့်ကျကြောင်း နားလည်လိုက်သည်။ ယဲ့ချန် နားလည်ထားသော သိုင်းလမ်းစဥ်ကိုပါ ထပ်ပေါင်းလိုက်လျှင် ယဲ့ချန်၏အရည်အချင်းက မဟာအကြီးအကဲရာထူးနှင့် ထိုက်တန်ပေသည်။ ထိုရာထူးက သူ၏ဆုံးဖြတ်ချက်များကို ဝင်ရောက်စွက်ဖက်နိုင်သော်လည်း ထုံတန်က သူ၏အာဏာတစ်စိတ်တပိုင်းကို စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။ ထိုအစား ယဲ့ချန်က ရာထူးအားလက်မခံမည်ကိုပင် စိုးရိမ်နေခဲ့သည်။
"ငါက မဟာအကြီးအကဲအဖြစ်ကနေ တစ်ချိန်ချိန်မှာ နုတ်ထွက်ချင်ရင်ရော အဆင်ပြေလား"
ယဲ့ချန်က တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ သူ၏စိတ်က မြင်းရိုင်းများပမာ ခုန်ပေါက်နေပြီဖြစ်သည်။ ခြင်္သေ့နန်းတော်၏ မဟာအကြီးအကဲဖြစ်လာလျှင် သူ့အတွက် အကျိုးများစွာရှိသည်။ သို့သော် အလွယ်တကူနှင့် အလျင်အမြန်ဆုံးဖြတ်မရပေ။
"ရပါတယ်။ ဒါပေမယ့် အရှင်က ရာထူးကိုလက်ခံဖို့ဆိုရင် အလယ်အင်ပါယာကို သွားရောက်ရမယ်။ ဒါမှသာ ကျုပ်က အရှင့်ကို ခြင်္သေ့နန်းတော်ရဲ့မဟာအကြီးအကဲအဖြစ် အင်အားစုတစ်ခုလုံးကို ကြေငြာနိုင်မှာပါ"
ထုံတန်က ခေါင်းညိတ်လိုက်သည်။ ယဲ့ချန်သာ ခြင်္သေ့တိုင်းပြည်၏ မဟာအကြီးအကဲဖြစ်လာလျှင် သူက အရာအားလုံးကို လက်ခံနိုင်ပေသည်။
"အလယ်အင်ပါယာလား။ ငါ့မှာ ကိစ္စတွေရှိနေတယ်။ လောလောဆယ်မသွားနိုင်ဘူး"
ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။ သူ၏လက်ရှိခွန်အားဖြင့် အလယ်အင်ပါယာသို့သွားလျှင် အရူးတစ်ယောက်ပမာ ဖြစ်နေလိမ့်မည်။
"အရှင်က အလယ်အင်ပါယာကိုရောက်ရင် ဘယ်အချိန်ဖြစ်ဖြစ် ထန်းတုကုန်သည်အသင်းကို ဆက်သွယ်လိုက်ပါ။ ကျုပ်က အရှင့်အတွက် အစေခံတွေစီစဥ်ပေးပါမယ်"
ထုံတန်က တစ်ချက်စဥ်းစား၍ ခေါင်းညိတ်လိုက်သည်။ သူက ယဲ့ချန်၏ကိစ္စကို မသိသော်လည်း များစွာမစပ်စုရဲပေ။
ယဲ့ချန်သည်လည်း ထုံတန်နှင့်ဆွေးနွေးခြင်းမှ အကျိုးကျေးဇူးရခဲ့သည်။ ထုံတန်က နတ်ဘုရင်တစ်ယောက်ဖြစ်သောကြောင့် သူ၏သိုင်းပညာအသိအမြင်များက ယဲ့ချန်အတွက် အသုံးဝင်လေသည်။
"ငါ ပြန်သင့်ပြီ။ အလယ်အင်ပါယာကိုရောက်ရင် မင်းကို ဆက်သွယ်လိုက်မယ်"
ယဲ့ချန်က အချိန်ကြာမြင့်နေပြီဖြစ်၍ အမွေးပွလေးတို့ စိုးရိမ်နေမည်ကို မလိုလားပေ။
"ကောင်းပါပြီ။ ဒီလေလံပွဲမှာ အရှင်နှစ်သက်တာကိုတွေ့ရင် လေလံဆွဲလိုက်ပါ။ ကျုပ်က ကျသမျှအကုန်ရှင်းပေးမယ်"
ထုံတန်က ယဲ့ချန်ကို ရက်ရက်ရောရော ကတိပြုလိုက်သည်။
ထုံတန်က အလွန်ရက်ရောသူတစ်ဦးဖြစ်ကာ ယဲ့ချန်အနေဖြင့် သူ၏စေတနာကိုငြင်းရန် အကြောင်းမရှိပေ။ နတ်ဘုရင်တစ်ယောက်အတွက် ချီစုစည်းဆေးလုံးများကို စကားထဲထည့်ပြောရန်ပင် မလိုချေ။ ယဲ့အိမ်တော်သို့ သူပို့ဆောင်ထားသော လက်ဆောင်များကပင် အလွန်အဖိုးတန်နေခဲ့သည်။ ထုံတန်ကဲ့သို့ ကျင့်ကြံသူတစ်ယောက်က ဤအသေးအမွှားများကို တွက်ကပ်နေမည် မဟုတ်သောကြောင့် ယဲ့ချန်က လက်ခံလိုက်လေသည်။