နေလင်းယုန်
Vol. 16 Ch. 223
ယဲ့ချန်သည် သီးသန့်အခန်းကိုးမှ ထွက်လာပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ နတ်ဘုရင်အဆင့်တစ်ယောက်ကို မျက်နှာချင်းဆိုင်လိမ်လည်ရလျှင် မည်သူမဆို စိုးရိမ်ပူပန်ကြပေမည်။ ယဲ့ချန်အကြောက်ဆုံးအရာက သူ၏အလိမ် ပေါ်သွားမည်ကိုဖြစ်သည်။ ထိုသို့ဆိုလျှင် အကျိုးဆက်များက မတွေးဝံ့စရာပင်။
ကံကောင်းစွာဖြင့် ယဲ့ချန်သည် အခြေအနေကို အပြည့်စုံဆုံးထိန်းချုပ်နိုင်ခဲ့သည်။
"နတ်ဘုရင်အဆင့်"
ယဲ့ချန်က လက်သီးဆုပ်၍ အံကြိတ်ကာ ကြုံးဝါးလိုက်သည်။ သူ့အနေဖြင့် ကိုယ်ပိုင်ခွန်အားနှင့် ဝိညာဥ်စစ်သည်တော်ကို ထိုအဆင့်သို့ရောက်စေရန် ကျင့်ကြံရမည်ဖြစ်သည်။ မဟုတ်လျှင် သူ၏ကံကြမ္မာကို အခြားလူများ၏လက်တွင် အပ်ထားရနိုင်သည်။
ယဲ့ချန်က ရှည်လျားသော စင်္ကြံလမ်းမှတဆင့် အခန်းနံပတ်နှစ်ထံ ပြန်လာခဲ့သည်။
အမွေးပွလေးနှင့်ရှောင်ရိက သူ့ကို စိုးရိမ်စွာစောင့်ဆိုင်းနေကြသည်။ အကောင်းပကတိပြန်ရောက်လာသော ယဲ့ချန်ကိုမြင်သောအခါမှ သူတို့၏စိုးရိမ်စိတ်များ ပျောက်ကွယ်ကုန်သည်။
"အဆင်ပြေပါတယ်"
ယဲ့ချန်က အမွေးပွလေးကိုဖက်၍ နှစ်သိမ့်လိုက်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် သူမကို ဆက်သွယ်ထားသည်။ အမွေးပွလေး၏မျက်ဝန်းများက ယဲ့ချန်၏နှလုံးသားကို ထိခိုက်စေသည်။ သူမ၏စိုးရိမ်စိတ်ကို ယဲ့ချန်အနေဖြင့် နားလည်သွားလေသည်။
"အမွေးပွလေး ငါ့မှာ သတင်းကောင်းရှိတယ်။ မင်းရဲ့မျိုးနွယ်ဝင်တွေက ခြင်္သေ့နန်းတော်အကူအညီနဲ့ အလယ်အင်ပါယာမှာ အသက်ရှင်နေကြတယ်"
ယဲ့ချန်က စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
သူ၏စကားကြောင့် အမွေးပွလေး၏မျက်လုံးများက မယုံနိုင်ဟန်ဖြင့် ဝိုင်းစက်သွားခဲ့သည်။
"ဒီအကြောင်းကို ခြင်္သေ့ဘုရင်ထုံတန်ကိုယ်တိုင် ပြောလိုက်တာဆိုတော့ သေချာတယ်"
အမွေးပွလေးက ဝမ်းသာလွန်းသဖြင့် မျက်ရည်များစီးကျလာသည်။ သူမ၏မျိုးနွယ်ဝင်များအားလုံး သေဆုံးသွားသည်ဟူသော အသိက သူမ၏စိတ်ကို နေ့ရက်တိုင်း နှိပ်စက်နေသည်။ လက်စားချေရန် တစ်ခုတည်းကိုသာ အာရုံစိုက်ထားသော သူမ၏စိတ်က ပြောင်းလဲစပြုလာသည်။
"ဒါပေမယ့် ငါတို့က အားနည်းနေတော့ အလယ်အင်ပါယာကို အခုမသွားနိုင်သေးဘူး။ အစွမ်းပိုထက်လာဖို့ တတ်နိုင်သမျှကြိုးစားရမယ်။ ထုံတန်က ငါ့ကို နတ်ဘုရင်တစ်ယောက်လို့ ထင်နေတာဆိုတော့ အလိမ်ပေါ်သွားမယ့် အန္တရာယ်လည်းရှိတယ်"
ယဲ့ချန်က ပြောလိုက်သည်။ နတ်ဘုရင်အဆင့်ခွန်အားကို ပိုင်ဆိုင်ရန် အလှမ်းကွာဝေးသော်လည်း သူက တစ်ဆင့်ချင်းတက်သွားလျှင် အလိမ်ပေါ်မည့်ဘေးမှ ကင်းလွတ်နိုင်စေရန် ကာကွယ်နိုင်စွမ်း တိုးတက်လာပေမည်။
အမွေးပွလေးက ခေါင်းညိတ်လိုက်သည်။ သူမ၏မျိုးနွယ်ဝင်များသာ အသက်ရှင်နေလျှင် မည်သည့်နေရာဖြစ်ပါစေ တစ်နေ့နေ့တွင် ပြန်လည်ဆုံစည်းနိုင်ပေလိမ့်မည်။
ယဲ့ချန်သည် အမွေးပွလေးအပေါ် စာနာသနားသွားခဲ့သည်။ တာဝန်များစွာထမ်းထားရသဖြင့် လေးလံနေသော စိတ်ကိုအားတင်းကာ လေလံပွဲထံ သူက အာရုံစိုက်လိုက်သည်။ ဤနေရာတွင် သူ့အတွက်အသုံးဝင်သော ရတနာများရှိမရှိ သိလိုခဲ့သည်။ ထုံတန်က သူဝယ်ယူသမျှကို ရှင်းပေးမည်ဆိုသော်လည်း ရတနာတိုင်းကို လိုချင်နေ၍မဖြစ်ပေ။ လောဘကြီးခြင်းက မည်သည့်နေရာတွင်မှ ကောင်းကျိုးကို မဖြစ်စေနိုင်ချေ။
လေလံပွဲက အထွတ်အထိပ်သို့ရောက်နေပြီး အစွမ်းထက်ရတနာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
"ဒီတစ်ကြိမ် လေလံတင်မှာကတော့ စစ်ဝိညာဥ်ရှိတဲ့ အဆင့်လေးလက်နက်တစ်ခုဖြစ်တဲ့ မိုးကြိုးဓားဖြစ်ပါတယ်"
နောက်ဆုံးတွင် ချီလင်ဝမ်ချင်၏အသံနှင့်အတူ အဆင့်လေးလက်နက်တစ်ခု ထွက်ပေါ်လာသည်။ လေလံပွဲတက်ရောက်လာသမျှ ဧည့်သည်တော်အားလုံးက ဤဓားအကြောင်း ဆွေးနွေးနေကြသဖြင့် လေလံပွဲက အသက်ဝင်ဆူညံနေသည်။
"သုံးသောင်း"
"သုံးသောင်းငါးထောင်"
"သုံးသောင်းခုနစ်ထောင်"
ချမ်းသာသောလူတိုင်းက မိုးကြိုးဓားအတွက် ယှဥ်ပြိုင်နေကြပြီဖြစ်သည်။
"အခုလေလံဆွဲလိုက်တာက အလယ်အင်ပါယာရဲ့ စီးပွားရေးသမားတွေ ဖြစ်တယ်"
မင်ဝူက ညွှန်ပြလိုက်သည်။ အလယ်အင်ပါယာသည် အလွန်ကြွယ်ဝချမ်းသာပြီး တိုင်းပြည်ငယ်များမှ ကုန်သွယ်ရေးလမ်းကြောင်းများ ပေါင်းဆုံရာဖြစ်သည်။ အလယ်အင်ပါယာနှင့် အခြားတိုင်းပြည်များအကြားတွင် ကုန်သွယ်ရေးလုပ်ကိုင်သူ ကုန်သည်များစွာ ရှိသည်။ လေလံပွဲတွင် ဤအုပ်စုပါဝင်လာသကဲ့သို့ နန်မန်တိုင်းပြည်၏ ထို့ပါမျိုးနွယ်နှင့် အစွမ်းထက်တိုင်းပြည်များမှ တော်ဝင်မျိုးနွယ်များလည်း မိုးကြိုးဓားအတွက် လေလံဝင်ဆွဲနေကြသည်။
ယဲ့ချန်သည် မိုးကြိုးဓားကို သူ၏ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ ၎င်းက ငရဲဖြိုခွဲဓားအောက် နိမ့်ကျသောကြောင့် သူ၏ရတနာက အနိမ့်ဆုံး အဆင့်ငါးဖြစ်နိုင်နေသည် ။နဂါးပြာဓားမြှောင်သည်လည်း အဆင့်ငါးလက်နက်ပင်ဖြစ်နိုင်သည်ဟု ယဲ့ချန်က ကောက်ချက်ဆွဲလိုက်သည်။ အဆင့်လေးလက်နက်က သူ၏အာရုံကို ဆွဲဆောင်နိုင်သော်လည်း များစွာစိတ်ဝင်စားခြင်းမရှိပေ။ သို့သော် ယဲ့မျိုးနွယ်တွင် မိုးကြိုးကျင့်စဥ်ကို ကျင့်ကြံသူများရှိသောကြောင့် ဤဓားက ပစ္စည်းကောင်းတစ်ခုဖြစ်နေသည်။
"ငါးသောင်း"
ယဲ့ချန်၏အသံက ကြည်လင်ပီသစွာ ထွက်ပေါ်လာသည်။ ရွှမ်းယီနှင့်မင်ဝူက သူ့ကို အံ့သြနေဟန်ဖြင့် တပြိုင်နက် လှည့်ကြည့်လာကြသည်။ ဤအရာက ဆေးလုံးငါးသောင်းဖြစ်သော်လည်း ယဲ့ချန်က မျက်တောင်တစ်ချက်မခတ်ဘဲ လေလံဆွဲလိုက်သည်။
ယဲ့ချန်က အလွန်ချမ်းသာပေသည်။
"ငါ့ကိုယ်ငါ ရှီဝူအင်ပါယာရဲ့ ဘုရင်အစစ်မဟုတ်ဘူးလို့ ခံစားနေရတယ်"
မင်ဝူက ခါးသက်သက် ရယ်မောလိုက်မိသည်။ အတိတ်တွင် မင်ဝူအင်ပါယာကြွယ်ဝအေးချမ်းစဥ်က ဤပမာဏကို သူတတ်နိုင်စွမ်းရှိသည်။ သို့သော် စစ်ပွဲနှင့်ပဋိပက္ခများကြောင့် ရှီဝူအင်ပါယာက စတင်ဆင်းရဲလာသည်။ တော်ဝင်ဘဏ္ဍာတိုက်အတွင်းရှိ ကြွယ်ဝမှုများက တစ်နေ့တခြားဆုတ်ယုတ်လာပေသည်။ ရှီဝူအင်ပါယာက အခက်အခဲဆုံးအချိန်သို့ ရောက်နေချိန်တွင် သူက အဆင့်လေးလက်နက်တတစ်ခုကို ဝယ်ယူရန်ပင် မတတ်နိုင်ခဲ့ချေ။
အဆင့်သုံးဝိညာဥ်လက်နက်များက တော်ဝင်မျိုးနွယ်၏ အမွေခံရတနာများဖြစ်လာသည်။ အဆင့်လေးလက်နက်ကိုမူ ထန်းတုကုန်သည်အသင်း၏ လေလံပွဲမှသာ မြင်ရခြင်းဖြစ်သည်။
ယဲ့ချန်က ဆေးလုံးငါးသောင်းပေး၍ မိုးကြိုးဓားကို အောင်မြင်စွာလေလံဆွဲနိုင်ခဲ့သည်။ လေလံပွဲတွင် နောက်ထပ်အဆင့်လေးလက်နက်များ ထွက်ပေါ်လာပြီး ဆေးလုံးပမာဏငါးသောင်းကျော်ဖြင့် ရောင်းထွက်ကုန်သည်။ သို့သော် ယဲ့ချန်က နောက်ထပ်လက်နက်တစ်ခုကို လေလံမဆွဲခဲ့ပေ။
"နောက်လာမယ့် ရတနာကတော့ ရှင်တို့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမှာပါ။ ဧည့်သည်တော်တို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ထားကြပါရှင်"
ချီလင်ဝမ်ချင်က လှပစွာပြုံး၍ ချိုသာစွာပြောလိုက်သည်။ သူမ၏အပြုံးက ခန်းမအတွင်းရှိ လူအများ၏နှလုံးသားကို ဆွဲဆောင်ညို့ယူနိုင်ခဲ့သည်။
အချိန်ခဏအကြာတွင် စူးရှသော ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘာကြီးလဲ"
ခန်းမအတွင်းရှိ လူတိုင်း ထကြည့်လိုက်သောအခါ ခန်းမ၏လိုက်ကာများနောက်မှ ရွှေရောင်လင်းယုန်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းက ဆယ်မီတာကျော်မြင့်ပြီး အမွေးအတောင်များက ရွှေရောင်တောက်ပနေသည်။ အတောင်များကိုဖြန့်လိုက်လျှင် မီတာနှစ်ဆယ်ကျော် ရှည်လျားသည်။ ၎င်း၏မျက်လုံးများက အသိဉာဏ်ထက်မှုကြောင့် တောက်ပနေသော်လည်း ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒါက ကောင်းကင်အဆင့်မှော်သားရဲ ရွှေရောင်နေလင်းယုန် ဖြစ်ပါတယ်ရှင်"
ချီလင်ဝမ်ချင်က မိတ်ဆက်ပေးလိုက်သည်။ သူမ၏စကားကို ကြားသောအခါ ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်သည်။ ထန်းတုကုန်သည်အသင်းသည် ကောင်းကင်အဆင့်သားရဲတစ်ကောင်ကိုပင် လေလံတင်ရန် ဖမ်းဆီးနိုင်ခဲ့သည်။ လူတိုင်း၏မျက်လုံးများက ကောင်းကင်ဝိဇ္ဇာတစ်ယောက်နှင့် အစွမ်းချင်းညီသော နေလင်းယုန်ထံမှ မခွာနိုင်ကြပေ။
"ဒီနေလင်းယုန်ကို သားရဲသခင်ဂိုဏ်းက အညံ့ခံအောင် ပြုလုပ်ထားပြီးပါပြီ။ ဒီကျောက်တုံးက နေလင်းယုန်ကိုထိန်းချုပ်နိုင်တဲ့ ဝိညာဥ်ကျောက်တုံးပါ။ ကျောက်တုံးနဲ့ နေလင်းယုန်ရဲ့ဝိညာဥ်ကို ချည်နှောင်ထားလို့ သားရဲက ပိုင်ရှင်ရဲ့အမိန့်ကို ကျောက်တုံးရှိနေသမျှ နာခံပါလိမ့်မယ်။ ဂိညာဥ်ကျောက်တုံးက ဆယ်နှစ်အထိ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် သင်တို့ဘယ်လိုဆက်ဆံသည်ဖြစ်စေ နေလင်းယုန်က လွတ်မြောက်သွားရင်တောင် ပိုင်ရှင်ကို အန္တရာယ်မပြုဘဲ ထွက်ခွာသွားမှာပါ"
ချီလင်ဝမ်ချင်က အနက်ရောင်ကျောက်တုံးတစ်ခုကို မြှောက်ပြ၍ ရှင်းပြနေခဲ့သည်။
အကယ်၍ ယဲ့ချန်သာ ထန်းတုကုန်သည်အသင်း၏ပိုင်ရှင်က နတ်ဘုရင်သားရဲတစ်ကောင်ဖြစ်ကြောင်း မသိထားလျှင် သူမ၏စကားများကို ယုံမိပေလိမ့်မည်။ သားရဲသခင်များ အမှန်တကယ်ရှိမရှိကို မည်သူမှမသိကြပေ။ ဤမှော်သားရဲက ထန်းတုကုန်သည်အသင်း၏ အလုပ်သမားဖြစ်နိုင်သည်။ ၎င်းက လူသားများပမာ အလုပ်သမားအဖြစ် လူသားတစ်ယောက်ထံတွင် ဆယ်နှစ်တာဝန်ထမ်းဆောင်ပေးလိမ့်မည်။ ထို့နောက် လုပ်အားခအနေဖြင့် ထန်းတုကုန်သည်အသင်းက ပေးချေမည်ဖြစ်သည်။ သက်တမ်းရှည်ကြာသော မှော်သားရဲတစ်ကောင်အတွက် ဆယ်နှစ်ဆိုသော အချိန်က တိုတောင်းလှသည်။
"နေလင်းယုန်အတွက် ကြမ်းခင်းစျေးက ဆေးလုံးတစ်သိန်း ဖြစ်ပါတယ်ရှင်"
ကောင်းကင်အဆင့်မှော်သားရဲတစ်ကောင်ကို ဆေးလုံးတစ်သိန်းဖြင့် ဆယ်နှစ်ခိုင်းစေနိုင်သည်။ အစွမ်းထက်ကျင့်ကြံသူများအတွက် ဤစျေးနှုန်းက မတန်ချေ။ သို့သော် ကြွယ်ဝမှုကို ကိုယ်တိုင်စောင့်ရှောက်ရန် စွမ်းအားမရှိသူများအတွက် နေလင်းယုန်က ဆွဲဆောင်အားပြင်းနေသည်။
ယဲ့ချန်သည်လည်း ပျံသန်းနိုင်သော မှော်သားရဲတစ်ကောင်လိုအပ်နေသဖြင့် တိတ်တဆိတ်အတွေးနက်သွားသည်။ နေလင်းယုန်က ပျံသန်းနိုင်သည့်အပြင်ကောင်းကင်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့် သူက ၎င်းကိုလေလံဆွဲရန် ဆုံးဖြတ်လိုက်သည်။
နေလင်းယုန်အတွက် ပြိုင်ဆိုင်ခြင်းက ပြင်းထန်စွာစတင်ခဲ့သည်။ အခန်းငါးတွင်ရှိနေသော ယဲ့ချိန်ရွှမ်းသည်ပင် ဆေးလုံးတစ်သိန်းသုံးသောင်းဖြင့် ပါဝင်လာခဲ့သည်။ သူက နေလင်းယုန်ကို အလွန်လိုချင်သော်လည်း လူတစ်ယောက်က တစ်သိန်းငါးသောင်းအထိ တိုးပေးလိုက်သောအခါ လက်လျှော့လိုက်ရသည်။
"နှစ်သိန်း"
ယဲ့ချန်၏အသံ ထွက်ပေါ်လာချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ချမ်းသာသော ကုန်သည်များမှာ နေလင်းယုန်ကိုကြည့်ပြီး သက်ပြင်းကိုယ်စီချလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သည်လည်း အလွန်များပြားသောစျေးကြောင့် လေလံဆွဲခြင်းမှ နောက်ဆုတ်သွားခဲ့ကြသည်။
ယဲ့ချန်သည် အဆင့်လေးလက်နက် မိုးကြိုးဓားကိုဝယ်ယူရန် ဆေးလုံးငါးသောင်းအသုံးပြုပြီး ကောင်းကင်အဆင့် မှော်သားရဲနေလင်းယုန်ကို ဝယ်ယူရန် ဆေးလုံးနှစ်သိန်းအထိ ထုတ်သုံးခဲ့သည်။ ဤပမာဏက တိုင်းပြည်တစ်ခု၏ကြွယ်ဝမှုထက်ပင် သာလွန်နေသည်။ တော်ဝင်မျိုးနွယ်များပင် ယဲ့ချန်ကို ချမ်းသာမှု၌ မယှဥ်နိုင်တော့ပေ။
ရွှမ်းယီနှင့်မင်ဝူမှာ နေရာတွင် ကြက်သေသေနေကြသည်။ နေလင်းယုန်သည် မင်ဝူကိုယ်တိုင်ပင် အနိုင်ယူရန် ယုံကြည်ချက်မရှိအောင် အစွမ်းထက်သော သားရဲတစ်ကောင်ဖြစ်သည်။
ပိုက်ဆံက ဤမြို့တော်တွင် အမှန်တကယ်ဘုရားသခင် ဖြစ်နေသည်။
အမှန်ဆိုလျှင် ထုံတန်မှ ယဲ့ချန်အတွက် ငွေရှင်းပေးမည်မဟုတ်လျှင် သူသည်လည်း နေလင်းယုန်ကို လေလံဆွဲနိုင်မည်မဟုတ်ပေ။
ထို့နောက် လေလံပွဲက ဆက်လက်ကျင်းပနေပြီး နှစ်ရာချီသက်တမ်းရှိ ရှားပါးဆေးပင်များပင် ထွက်ပေါ်လာသည်။ ၎င်းတို့ကို စျေးနှုန်းမြင့်မြင့်ဖြင့် ရောင်းထွက်သွားသော်လည်း ယဲ့ချန်ကမဝယ်ခဲ့ပေ။ သူဝယ်ယူထားသော ရတနာနှစ်ခုကပင် ဆေးလုံးနှစ်သိန်းခွဲပမာဏအထိ ရောက်နေသောကြောင့် အခြားရတနာများကို လောဘစိတ်ကင်းစွာ လက်လွှတ်ပေးခဲ့သည်။
ရှီဝူအင်ပါယာတွင်ရှိစဥ်က ယဲ့ချန်သည် ကိုယ့်ကိုကိုယ် လူချမ်းသာတစ်ယောက်ဟု ထင်မှတ်ခဲ့မိသည်။ လက်ရှိကျောက်စိမ်းမြို့တော်တွင် သူက အလွန်ချမ်းသာသူများကို တစ်နေရာတည်း၌ တွေ့ဆုံလာရသည်။ ယဲ့မျိုးနွယ်က ဖွံ့ဖြိုးဆဲကာလဖြစ်သောကြောင့် အရင်းအမြစ်များတွင် ဤချမ်းသာသော မျိုးနွယ်များကို မယှဥ်နိုင်ပေ။ သို့သော် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တိုးတက်လာခြင်းဖြင့် လိုက်မီသွားရန် သေချာပေသည်။
ရတနာပေါင်းများစွာ ရောင်းချပြီးနောက် လေလံပွဲပြီးဆုံးသွားခဲ့သည်။ လူအုပ်ကြီး၏ရမ္မက်မီးများ တောက်လောင်နေသော အကြည့်အောက်တွင် ချီလင်ဝမ်ချင်က ခန်းမအတွင်းပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ဝန်ထမ်းများက အချိန်ခဏအတွင်း ရောက်ရှိလာကာ ယဲ့ချန်တို့ လေလံဆွဲထားသော ရတနာများကို ပို့ဆောင်ပေးခဲ့သည်။ ယဲ့ချန်သည် မိုးကြိုးဓားနှင့် နေလင်းယုန်ကို ထိန်းချုပ်နိုင်သော ဝိညာဥ်ကျောက်ကို စစ်ဆေးလိုက်သည်။ ဝိညာဥ်ကျောက်အတွင်း၌ ဆန်းကျယ်အဆင့် ကောင်းကင်သားရဲတစ်ကောင်၏ ဝိညာဥ်စွမ်းအားရှိနေကာ ၎င်းက နေလင်းယုန်ကို အမိန့်ပေးခြင်းဖြစ်သည်။
အချိန်ကြာမြင့်လာလျှင် ၎င်းကအားနည်းကာ ပျောက်ကွယ်သွားမည်ဖြစ်၍ နေလင်းယုန်က ပြန်လည်လွတ်လပ်သွားပေလိမ့်မည်။
ယဲ့ချန်သည် ဝိညာဥ်ကျောက်ကို တစ်ချက်ကြည့်၍ သိမ်းဆည်းလိုက်သည်။
မင်ဝူနှင့်ရွှမ်းယီက ရတနာများအတွက် ကျသင့်တန်ဖိုးကို ပေးချေလိုက်သော်လည်း ဝန်ထမ်းများက တားမြစ်ခဲ့သည်။
"ဧည့်တော်တို့ဝယ်ယူသမျှအတွက် အခန်းကိုးရဲ့ပိုင်ရှင်က ရှင်းထားပေးပြီးသားပါ"
ဝန်ထမ်းက ရိုရိုသေသေ ပြန်ဖြေလိုက်သည်။
"ပေးထားပြီးသားလား"
မင်ဝူနှင့်ရွှမ်းယီက မင်သက်သွား၍ ယဲ့ချန်ကို လှည့်ကြည့်လိုက်မိသည်။
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။