ယဲ့မျိုးနွယ်တောင်ကြား
Vol. 16 Ch. 224
ဧကရာဇ်မင်ဝူနှင့် ဆေးဆရာရွှမ်းယီတို့က အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သူတို့လေလံဆွဲထားသော ရတနာများနှင့် ယဲ့ချန်၏ မိုးကြိုးဓား၊ နေလင်းယုန်တို့၏ စုစုပေါင်းတန်ဖိုးက ဆေးလုံးသုံးသိန်းနီးပါး ဖြစ်သည်။ ဤပမာဏကို အခန်းကိုးရှိ အမည်မသိပုဂ္ဂိုလ်က ကိုယ်စားပေးချေခဲ့သည်။ အလယ်အင်ပါယာရှိ အစွမ်းထက်မျိုးနွယ်များပင် ဤလုပ်ရပ်မျိုးကို အဆင်အခြင်မဲ့လုပ်ရဲမည် မဟုတ်ပေ။
ယဲ့ချန်ထံတွင် လျှို့ဝှက်ချက်များစွာရှိသော်လည်း သူတို့က ကိုယ်ရေးကိုယ်တာဖြစ်ကြောင်း နားလည်ထားကြသည်။ အကယ်၍ ယဲ့ချန်က ပြောပြလိုလျှင် နားထောင်ပေးကြပြီး ဖုံးကွယ်ထားလိုလျှင်လည်း သူတို့က စပ်စုမည်မဟုတ်ပေ။
လက်ရှိတွင် မင်ဝူသည် တုန်းလင်ပြည်နယ်၊ ယဲ့မျိုးနွယ်၏နောက်ခံအပေါ် သိချင်စိတ်များဖြစ်ပေါ်လာသည်။ သူ၏နောက်လိုက်များက တုန်းလင်ပြည်နယ်မှ သတင်းအချို့ရခဲ့သည်။ ယဲ့မျိုးနွယ်၏နောက်တွင် အသက်သုံးရာကျော်ရှည်သော ကျင့်ကြံသူတစ်ဦး ရှိနေသည်။ လူတစ်ယောက်က အသက်သုံးရာအထိရှင်သန်နိုင်ခြင်းမှာ သက်တမ်းကိုဆွဲဆန့်နိုင်သော ဆေးများသုံးထားခြင်း မဟုတ်လျှင် ပြိုင်ဘက်ကင်းစွမ်းအားပိုင်ရှင် သေချာပေါက်ဖြစ်ရမည်။
အတိတ်တွင် မင်ဝူသည် ဤသတင်းကို အခြေအမြစ်မရှိဟု သတ်မှတ်ခဲ့သော်လည်း ၎င်းက အမှန်ဖြစ်ပုံပေါ်သည်။ ယဲ့မျိုးနွယ်တွင် အစွမ်းထက်နောက်ခံတစ်ခုရှိနေသဖြင့် အနာဂတ်တွင် သူက ယဲ့ချန်အပေါ် ပို၍ဂရုစိုက်ဆက်ဆံရတော့မည် ဖြစ်သည်။
ဝန်ထမ်းများ၏လမ်းညွှန်မှုဖြင့် ယဲ့ချန်က ခြံဝန်းတစ်ခုသို့ ရောက်လာခဲ့သည်။ ၎င်း၏အလယ်တွင် နေလင်းယုန်က ခေါင်းကိုမော့၍ မတ်တပ်ရပ်နေခဲ့သည်။ ရွှေရောင်အမွေးအတောင်များက နေရောင်အောက်တွင် လင်းလက်နေသဖြင့် ကြီးကျယ်ခမ်းနားမှုကို ဖော်ဆောင်နေသည်။
နေလင်းယုန်သည် ယဲ့ချန်ကိုမြင်သောအခါ အနက်ရောင်မျက်လုံးများဖြင့် အကဲခတ်လာသည်။ ၎င်းက ယဲ့ချန်၏အမိန့်ကို နာခံမည်ဖြစ်သော်လည်း ခေါင်းညွှတ်မည်မဟုတ်ပေ။ ၎င်းက မှော်သားရဲလုပ်သားများနှင့်ကွာခြားပြီး လေလံတင်ခံရန် သဘောမတူခဲ့ပေ။ ကျင့်ကြံဆင့်က ကောင်းကင်အဆင့်မှ ဆန်းကျယ်အဆင့်သို့ရောက်လျှင် ရောင်းချခံရမှုကို ငြင်းဆန်နိုင်သည်။ အမှန်တရားတွင် ၎င်းက မည်သည့်လူသားကိုမှ အညံ့မခံနိုင်ပေ။
"ဂီး ဂီး"
နေလင်းယုန်က ခေါင်းမော့၍ အော်မြည်လိုက်သောအခါ မိုးချုန်းသံကဲ့သို့ မြည်သံများ ထွက်ပေါ်လာ၏။
ယဲ့ချန်သည် နေလင်းယုန်၏မာနကို သိသော်လည်း စိတ်ဆိုးခြင်းမရှိပေ။ သူက ၎င်းအနားသို့ကပ်သွားကာ ဝိညာဥ်အသိစိတ်ဖြင့် ဝိညာဥ်ကျောက်အတွင်းမှ ဆန်းကျယ်အဆင့်သားရဲ၏ စွမ်းအားကို အကုန်အစင်ဝါးမျိုပစ်လိုက်သည်။
နေလင်းယုန်သည် ၎င်းကိုချုပ်နှောင်ထားသော စွမ်းအားက ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် ပဟေဠိဖြစ်နေခဲ့သည်။ ယဲ့ချန်က လွှတ်ပေးမည်လားဟူသော အကြည့်မျိုးဖြင့် စပ်စုလိုက်သည်။
ထို့နောက် နေလင်းယုန်သည် ပြိုင်ဘက်ကင်းသန်မာသော ဝိညာဥ်အသိစိတ်တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက တစ်ကိုယ်လုံးတုန်ခါသွားကာ ဤစွမ်းအားက သူ၏သခင်ဟောင်းထက် ပို၍သန်မာကြောင်း သိလိုက်ရသည်။ ဤလူငယ်လေးသည် နတ်ဘုရင်သားရဲတစ်ကောင်မှ အသွင်ပြောင်းထားကြောင်း နားလည်သွားခဲ့၏။
"အနာဂတ်မှာ မင်းက ငါ့ကို အမှုထမ်းရမယ်"
ယဲ့ချန်က ဝိညာဥ်အသိစိတ်မှတဆင့် အမိန့်ပေးလိုက်၏ ။နေလင်းယုန်၏ ဦးနှောက်အတွင်း သူ၏ဝိညာဥ်စွမ်းအားအချို့က ဖောက်ဝင်သွားခဲ့သည်။
သားရဲများကြားတွင် ဆက်သွယ်မှုက ရိုးရှင်းပေသည်။ အစွမ်းပိုထက်သူက ပို၍အဆင့်မြင့်သူ ဖြစ်သည်။
"ဂီး"
ဤတစ်ကြိမ်တွင် နေလင်းယုန်က တိုးညှင်းစွာအော်မြည်၍ ခေါင်းကို ကိုးဆယ်ဒီဂရီအထိနှိမ့်ကာ အရိုအသေပေးလိုက်သည်။
ရွှမ်းယီသည် ယဲ့ချန်ကို အံ့သြစွာကြည့်လိုက်မိပြန်သည်။ မူလတွင် သားရဲက ယဲ့ချန်ကို ပုန်ကန်ချင်သော်လည်း ခဏအတွင်း နာခံမှုရှိစွာပြောင်းလဲသွားခဲ့သည်။ သို့သော် သူက ဝိညာဥ်ကျောက်တုံးအကြောင်းကို တွေးမိလိုက်သဖြင့် ဤက သားရဲသခင်များ၏အစွမ်းဖြစ်ကြောင်း သတ်မှတ်လိုက်သည်။ သားရဲသခင်များက ဤလောကတွင် ဆန်းကျယ်သော ကျင့်ကြံသူများ ဖြစ်ကြသည်။
"ပြန်ကြစို့။ ကျွန်တော်က ဆရာနဲ့ဧကရာဇ်ကြီးကို တန်းနန်ပြည်နယ်မှာ ချထားပေးခဲ့မယ်။ နေပြည်တော်ကိုမပြန်ခင် ကျွန်တော်က ယဲ့မျိုးနွယ်ကို ပြန်ရဦးမယ်"
ယဲ့ချန်က မင်ဝူနှင့်ရွှမ်းယီဘက်လှည့်ကာ ဆော်သြောလိုက်သည်။
မူလတွင် မင်ဝူသည် ယဲ့ချန်နှင့်အတူလိုက်သွားပြီး ယဲ့မျိုးနွယ်၏အကြီးအကဲများကို တွေ့ဆုံလိုခဲ့သည်။ သို့သော် ယဲ့မျိုးနွယ်၏တည်နေရာက ဆန်းကျယ်မှုတစ်ခုဖြစ်ကြောင်း ပြန်စဥ်းစားမိလိုက်သောအခါ သူ၏အကြံကို စွန့်လွှတ်လိုက်လေသည်။
ထိုအချိန်တွင် ရှောင်ရိသည် ဝူစီကိုသယ်ဆောင်ပြီး နေလင်းယုန်ထံ ပျော်ရွှင်စွာပြေးသွားခဲ့သည်။ သူက နေလင်းယုန်အနီးတွင်ရပ်ကာ ငှက်မွေးများကို ပွတ်သပ်လိုက်သည်။
"လင်းယုန်လေး မင်း အခုကစပြီး ငါတို့နောက်ကို လိုက်ရမယ်။ အစ်ကိုကြီးမှာ အားဖန်ရှစ်ယောက်ရှိပြီးပြီဆိုတော့ မင်းကို အားဖန်ကိုးလို့ခေါ်မယ်။ ကောင်းကောင်းပျံရမယ်နော်"
ရှောင်ရိက သူ၏တောင်ပံမြွေနဂါးအရှိန်အဝါကို အနည်းငယ် ထုတ်လွှတ်လိုက်သည်။
နေလင်းယုန်မှာ ရှောင်ရိ၏အရှိန်အဝါကို ရသောအခါ ထပ်မံတုန်ယင်သွားခဲ့သည်။ ၎င်းက မြေပေါ်သို့ လဲကျလုမတတ်ဖြစ်သွားကာ ခေါင်းကိုနှိမ့်၍ ဦးညွှတ်လိုက်ပြန်သည်။
ဝူစီမှာ ရှောင်ရိကိုအတုယူ၍ သူ၏လက်တံတစ်ချောင်းဖြင့် နေလင်းယုန်ကို ပွတ်သပ်နေသည်။
ဤမြင်ကွင်းကို ယဲ့ချန်၏ပခုံးပေါ်မှ ကြည့်နေသော အမွေးပွလေးမှာ ဆွံ့အသွားခဲ့သည်။ သို့သော် နေလင်းယုန်ကဲ့သို့ အဆင့်နိမ့်မှော်သားရဲများက ရှောင်ရိကဲ့သို့ ရှေးဟောင်းမှော်သားရဲကို ကြောက်လန့်သည်မှာ ပုံမှန်ပင်ဖြစ်သည်။
ယဲ့ချန်တို့အုပ်စုသည် နေလင်းယုန်၏ကျောပေါ်သို့ တက်ရောက်လိုက်သည်။ ၎င်းက အတောင်ကြီးများကိုဖြန့်၍ ကောင်းကင်သို့ ဝှစ်ခနဲပျံတက်သွားခဲ့သည်။ ကျောပေါ်တွင် နတ်ဘုရင်နှစ်ယောက်ကို သယ်ဆောင်ထားရသော နေလင်းယုန်မှာ ကလန်ကဆန်မလုပ်ရဲချေ။ သခင်ဖြစ်သူ၏ အတွေးတစ်ချက်နှင့်ပင် အသက်နှင့်ကိုယ်က အိုးစားကွဲသွားနိုင်သည်။
ဧရာမနေလင်းယုန်ကြီးက မိုးကုပ်စက်ဝိုင်းထံ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် ယဲ့ချန်သည် လင်းတနီကိုစီး၍ ပျံသန်းသွားသော ယဲ့ချိန်ရွှမ်းကို အာရုံခံမိလိုက်သည်။
ယဲ့ချန်သည် ရွှမ်းယီနှင့်မင်ဝူကို တန်းနန်ပြည်နယ်တွင်ချပေးပြီး အသေအချာနှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ရှောင်ရိ၊ အမွေးပွလေး၊ ဝူစီတို့နှင့်အတူ ရွှေလင်းယုန်ကိုစီးနင်း၍ အိမ်ပြန်ခရီး စတင်ခဲ့လေသည်။
တုန်းလင်ပြည်နယ် ယဲ့မျိုးနွယ်တောင်ကြား
ချီစုစည်းအစီအရင်၏ဘေးတွင် လေ့ကျင့်ကွင်းတစ်ခုရှိပြီး လူငယ်မျိုးဆက်များ ကျင့်ကြံနေကြသည်။ အချို့က ကောင်းကင်ချီကိုကျင့်ကြံပြီး အချို့က သိုင်းပညာများ လေ့ကျင့်နေကြသည်။
ဆင်းရဲသူက လေ့လာရပြီး ချမ်းသာသူက လေ့ကျင့်နိုင်သည်။
ဤစကားပုံအတိုင်းပင် ကျင့်ကြံခြင်းသည် အကုန်အကျအလွန်များသော ခရီးကြမ်းတစ်ခုဖြစ်သည်။ ဆေးလုံးများစွာ၏ အထောက်အပံ့ရှိသောအခါ ယဲ့မျိုးနွယ်ဝင်လူငယ်လေးများ၏ ကျင့်ကြံဆင့်က လျင်မြန်စွာတိုးတက်လာသည်။ သူတို့၏သွေးကြောများက ပျော့ပျောင်းသန်မာလာသည်။ ခန္ဓာကိုယ်တွင်လည်း အသက်အားနှင့်ခွန်အားများ ပြည့်နှက်နေသည်။ ရုပ်ခွန်အားကိုသန်မာစေသော ဆေးများနှင့် မိုးကြိုးဧကရာဇ်ကျင့်စဥ်ကဲ့သို့ အထောက်အပံ့များကြောင့် သူတို့က ဆက်တိုက်တိုးတက်နေကြသည်။ ကျင့်ကြံရာတွင်ပါရမီရှိသော ယဲ့မုန်၊ ယဲ့ဖန်နှင့် ယဲ့မူတို့က ထျန်းချီအဆင့်ကိုးသို့ ရောက်ရှိနေကြသည်။ မျိုးနွယ်ဝင်အများစုက အဆင့်ရှစ်သို့ရောက်နေကြသည်။ ကျင့်ကြံရာတွင် သာမန်ဖြစ်သော မျိုးနွယ်ဝင်များပင် အဆင့်ငါး သို့ အဆင့်ခြောက်သို့ ရောက်ရှိလာခဲ့လေသည်။
ထျန်းချီအဆင့်ကိုးသို့ ကျင့်ကြံရာတွင် ဆေးလုံးများစွာကို သုံးစွဲနိုင်သောကြောင့် ကျင့်ကြံနှုန်းက အလွန်မြန်ဆန်နေသည်။ ထို့နောက်တွင် သူတို့က နှေးကွေးလာနိုင်သော်လည်း ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထန်းစသော မျိုးဆက်ဟောင်းများကို ကျော်ဖြတ်သွားနိုင်မည်မှာ အမှန်တရားပင်ဖြစ်သည်။
ယဲ့မျိုးနွယ်လူငယ်မျိုးဆက်၏ တိုးတက်မှုက အကြီးအကဲများကို အလွန်ဝမ်းမြောက်ဝမ်းသဖြစ်စေသည်။ သူတို့၏မျိုးနွယ်က ဤပါရမီရှင်များအပေါ် အားကိုးအားထားပြုနိုင်သည်။
ယဲ့မျိုးနွယ်အတွက် အဓိကအလားအလာက ယဲ့မုန်တို့၏လူငယ်မျိုးဆက် မဟုတ်ပေ။ နို့စို့အရွယ်ဖြစ်သော အငယ်ဆုံးမျိုးဆက်က အဝတ်အစားပင်မကပ်သေးသော်လည်း မျိုးဖွားချိန်မှစတင်၍ အဖိုးတန်ဆေးလုံးများနှင့် ပျိုးထောင်ခံရသည်။ အတိတ်တွင် ယဲ့မျိုးနွယ်၏ကလေးဆယ်ယောက်တွင် ရှစ်ယောက်က သေဆုံးခြင်း၊ ကျင့်ကြံရန်အရည်အချင်းမရှိခြင်း စသည်တို့ကြောင့် အဆုံးသတ်သွားရသည်။ လက်ရှိတွင်မူ အဖိုးတန်ဆေးလုံးများကြောင့် ကလေးငယ်တိုင်းက နွားသိုးကြီးများပမာ ကျန်းကျန်းမာမာမွေးဖွားလာကြသည်။ သူတို့၏ပါရမီကလည်း သေချာပေါက်မနိမ့်ကျပေ။
ယဲ့မျိုးနွယ်ဝင်တိုင်းသည် ယဲ့မျိုးနွယ်၏ရောင်နီ ရောက်ရှိလာတော့မည်ဟု ခံစားနေရသည်။ ဤကလေးငယ်များ အရွယ်ရောက်လာလျှင် ယဲ့မျိုးနွယ်က အစွမ်းထက်အင်အားစုကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
လေ့ကျင့်ရေးကွင်းအတွင်း လူတိုင်းက မိုးကြိုးဧကရာဇ်သိုင်းပညာကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် သူတို့က မောပန်းစွာဖြင့် မြေပြင်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည်။
"အစ်ကိုကြီးယဲ့ချန် ဘယ်ကိုရောက်နေမလဲ မသိဘူး။ သူက ဘာလို့ပြန်မလာသေးတာလဲ"
ယဲ့မုန့်က ကောင်းကင်ပြာကိုမော့ကြည့်၍ ရေရွတ်လိုက်သည်။ သူ၏ငယ်ရွယ်သော မျက်နှာက အခက်အခဲများကြောင့် ရင့်ကျက်လာခဲ့သည်။ သူက အသက်ပိုကြီးလာသောအခါ ယဲ့ချန်ကို ပို၍ရိုသေလေးစားလာခဲ့သည်။ ယဲ့ချန်သာကာကွယ်မပေးနိုင်ခဲ့လျှင် ယဲ့မျိုးနွယ်က ဤသို့တိုးတက်မလာနိုင်ပေ။ ထို့အပြင် သူတို့အားလုံးမှာလည်း တုန်းလင်၏ဒုတိယမင်းသားလက်ချက်ဖြင့် အလောင်းများ ဖြစ်နေကြလိမ့်မည်။
"အစ်ကိုကြီးရဲ့ကျင့်ကြံဆင့်က ဘယ်အထိ ရောက်နေလောက်ပြီလဲ"
ယဲ့မင်က လေးစားစွာပြောလိုက်သည်။ ယဲ့မျိုးနွယ်မှထွက်ခွာသွားချိန်တွင် ယဲ့ချန်က ထျန်းချီအဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်သည်။ သို့သော် အဆင့်တက်ရန်ခက်ခဲလွန်းသဖြင့် ဦးလေးတစ်နှင့် ဘိုးဘိုးကြီးပင် မြေဝိဇ္ဇာအဆင့်သို့ မတက်နိုင်ကြသေးပေ။
ထိုအချိန်တွင် အဝေးမှ ငှက်အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘိုးဘိုးကြီး ပြန်လာပြီလား"
ယဲ့မျိုးနွယ်၏လူငယ်လေးများက ချက်ချင်းမတ်တပ်ရပ်လိုက်ကြသည်။ မိုးကြိုးဧကရာဇ်ကျင့်စဥ်ကြောင့် သူတို့၏အာရုံခံနိုင်စွမ်းက ပိုမိုတိကျလာခဲ့သည်။ အလွန်ဝေးကွာသောနေရာမှ အသံများကို ကြားနိုင်သည့်အရည်အချင်းတွင် သူတို့ထက်သာလွန်သည်မှာ အစွမ်းထက်အကြီးအကဲများသာ ဖြစ်သည်။ မိုးကြိုးဧကရာဇ်ကျင့်စဥ်ကြောင့် သူတို့၏လမ်းစဥ်က သာမန်လူများနှင့်မတူကြောင်းကို မည်သူမှ သတိမပြုမိခဲ့ကြပေ။ သူတို့၏နားလည်သဘောပေါက်နိုင်စွမ်းများပင် ဤကျင့်စဥ်ကြောင့် အစွမ်းထက်လာသည်။
ယဲ့ကျန့်ထန်းနှင့် အကြီးအကဲများ ရောက်လာချိန်တွင် ကောင်းကင်၌ ရွှေရောင်ဧရာမငှက်ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းက လင်းတနီထက် ပို၍ကြီးမားပြီး စက်ဝိုင်းသဏ္ဍာန်လှည့်ပတ် နိမ့်ဆင်းလာသည်။
"ဒါက လင်းတနီမဟုတ်ဘူး"
ယဲ့ကျန့်ထန်းသည် ကောင်းကင်ရှိငှက်ကြီးကို တစ်ကြိမ်မျှမမြင်ဖူးသောကြောင့် မျက်နှာထားက တင်းမာသွားခဲ့သည်။
"မီးမိုးကြိုးဒူးလေးတွေကို ပြင်ဆင်ထားကြ"
"ရန်သူမှန်းမိတ်ဆွေမှန်းမသိခင် မပစ်ကြနဲ့"
ရွှေလင်းယုန်ကြီးက တိုက်ခိုက်ရန် လာရောက်ခြင်းဖြစ်လျှင် ဖြည်းညှင်းစွာ ဆင်းသက်လာမည့်အစား တဟုန်ထိုးဝင်ရောက်လာပေလိမ့်မည်။
"လင်းယုန်ပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်"
"ဒါက အစ်ကိုကြီးယဲ့ချန်ဟေ့"
"ခေါင်းဆောင် ပြန်ရောက်လာပြီ။ ဒူးလေးကို ပြန်သိမ်းကြ"
ယဲ့မျိုးနွယ်လူငယ်များက ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။ သူတို့၏အမြင်တွင် ရွှေရောင်တောက်ပနေသော နေလင်းယုန်ကို စီးနင်းလာသည့် ယဲ့ချန်မှာ နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။ လူငယ်တိုင်းက တောက်ပသော မျက်ဝန်းများဖြင့် မျိုးနွယ်ခေါင်းဆောင်ကို စိုက်ကြည့်နေကြသည်။ သူထွက်သွားသည်က လအနည်းငယ်သာဖြစ်သော်လည်း အချိန်ကြာမြင့်သည်ဟု ခံစားနေကြရသည်။
လောကဓံကို ရင်ဆိုင်တွေ့ခဲ့ပြီးနောက်တွင် သွေးရင်းများအကြား ချည်နှောင်မှုက ပိုမိုခိုင်မာလာကာ နှလုံးသားတွင် ဆေးမင်ထိုးသကဲ့သို့ စွဲထင်နေပြီဖြစ်သည်။
နေလင်းယုန် ဆင်းသက်လိုက်သောအခါ တောင်ကြားတွင် အမှောင်ကျသွားခဲ့သည်။ ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးက နေရောင်ကိုဖုံးကွယ်ထားပြီး အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသဖြင့် ယဲ့မျိုးနွယ်ဝင်များကို တုန်လှုပ်သွားစေသည်။
ယဲ့တောင်ကြားတွင် နေလင်းယုန်ကဲ့သို့ အစွမ်းထက်သော သားရဲတစ်ကောင်မှမရှိသဖြင့် သူတို့က ၎င်း၏အဆင့်ကို စပ်စုချင်နေခဲ့သည်။
"ဤလင်းယုန်ကြီးက မြေအဆင့် သားရဲတစ်ကောင်များလား"
ယဲ့မျိုးနွယ်ဝင်များ၏အကြည့်က ယဲ့ချန်ထံ ပြိုင်တူကျရောက်လာလေသည်။