← Chapters

သိမ်းငှက်ဖြူများ

Vol. 16 Ch. 225

သိမ်းငှက်ဖြူများ

Vol. 16 Ch. 225

ယဲ့ချန်က နေလင်းယုန်၏ကျောပေါ်မှ ခုန်ချလိုက်သောအခါ သူ၏ပတ်ဝန်းကျင်တွင် ယဲ့မျိုးနွယ်ဝင်များ စုဝေးလာကြသည်။

"ချန်အာ မင်း ပြန်လာပြီလား"

ယဲ့ကျန့်ထန်းသည် အိမ်ပြန်လာသော သားကို ဝမ်းမြောက်စွာကြိုဆိုလိုက်သည်။ သူ၏ရင်ထဲတွင် ပြောစရာစကားများစွာရှိသော်လည်း ဤစကားတစ်ခွန်းသာ ထွက်လာခဲ့သည်။ သို့သော် အမြဲတမ်းတည်ငြိမ်အေးဆေးခဲ့သော သူ၏မျက်ဝန်းများက စတင်နီရဲလာသည်။

"ဟုတ်ကဲ့ အဖေ့သား အိမ်ပြန်လာပါပြီ"

ယဲ့ချန်ကပြုံး၍ ဖြေလိုက်သည်။ အားမာန်ပြည့်ဝ၍ ရွှင်လန်းတက်ကြွနေသော ဖခင်ကြောင့် သူက ဝမ်းသာနေခဲ့သည်။ လက်ရှိအချိန်တွင် ယဲ့မျိုးနွယ်က အဆင်ပြေနေသောကြောင့် ပိန်ပါးသော ယဲ့ကျန့်ထန်းပင် အနည်းငယ်ဝလာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ယဲ့မျိုးနွယ်များ၏မျက်နှာတိုင်းတွင် ခွန်အားနှင့်မျှော်လင့်ချက်ကို မြင်ရသောအခါ ယဲ့ချန်အနေဖြင့် ကျေနပ်နေခဲ့သည်။

"ဦးလေးနှစ် ဦးလေးသုံး"

ယဲ့ချန်က ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးကို ဂါရဝပြုလိုက်သည်။

"မင်းပြန်လာတာ ကောင်းတယ်"

ယဲ့ကျန်လုံက တစ်ချက်ပြုံး၍ ခေါင်းညိတ်သည်။

"မင်းမရှိတော့ ဒီတောင်ကြားက တစ်ခုခုလိုနေသလိုပဲကွ"

ယဲ့ကျန့်ရှုံးက ရယ်မော၍ ကြိုဆိုလိုက်သည်။

ထိုအခိုက်တွင် ယဲ့မျိုးနွယ်၏လူငယ်များက ယဲ့ချန်အနားသို့ ကပ်လာကြသည်။

"အစ်ကိုကြီးက အရမ်းအံ့သြစရာကောင်းတယ်။ ဒီလင်းယုန်ကြီးက ဘယ်အဆင့်လဲ"

"ဒီလင်းယုန်ကြီးက တော်တော်မိုက်တယ်"

"ဟမ် ဒီကလေးက ဘယ်သူလဲ"

ယဲ့မျိုးနွယ်လူငယ်များက ဝူစီကိုပိုက်ထားသော ရှောင်ရိကို သတိပြုမိသွားကြသည်။

လူများစွာဝိုင်းကြည့်ခံနေရသဖြင့် ရှောင်ရိမှာ ရှက်ရွံ့သွားပြီး ဤနေရာမှထွက်ပြေးချင်ခဲ့သည်။ သူက နတ်ဘုရင်တစ်ယောက်ပမာ​ကြောက်မက်ဖွယ်အသွင်အပြင်မျိုး မရှိတော့ပေ။ ဝူစီမှာ ပုံမှန်အတိုင်း ပျော်ရွှင်စွာဖြင့် ယဲ့မျိုးနွယ်ဝင်များကို လက်တံများဖြင့် လိုက်ထိနေခဲ့သည်။

"ကျွန်တော်က ရှောင်ရိလို့ ခေါ်ပါတယ်"

ယဲ့ဖန်၏ဆွေမျိုးများဖြစ်သည်ဟု သိထားသဖြင့် အချိန်တစ်ခုအကြာတွင် ရှောင်ရိက သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

"ရှောင်ရိက မိဘမဲ့ကလေးတစ်ယောက်ပါ။ သူ့ကိုမွေးစားဖို့ ကျွန်တော် ခေါ်လာတာ"

ယဲ့ချန်က ရှင်းပြလိုက်သည်။

"ရှောင်ရိ ဒီနေရာက မင်းရဲ့အိမ်ဖြစ်သွားပြီ"

"မင်းကို ဘယ်သူဖြစ်ဖြစ် အနိုင်ကျင့်ရဲရင် ငါတို့ကို ချက်ချင်းလာပြော"

ရှောင်ရိက မိဘမဲ့ဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်းက စာနာသနားသွားကြသည်။ ယဲ့မုန့်နှင့်လူငယ်မျိုးဆက်များက အားပေးလိုက်ကြသည်။

ယဲ့မုန့်တို့လူစုက ရှောင်ရိ၏သရုပ်မှန်ကို မသိသော်လည်း ယဲ့ရွှမ်က သိထားပေသည်။ ကြောက်မက်ဖွယ်မြွေနဂါးကြီးက သူမ၏စိတ်ထဲတွင် ယခုအချိန်အထိ လတ်ဆတ်​နေဆဲပင်ဖြစ်သည်။ သို့သော် သူမက တုံးအကာချစ်စဖွယ်ကောင်းသော ရှောင်ရိကို မြင်သောအခါ တောင်ပံပါမြွေနဂါးကြီးမှ ဟုတ်ပါလေစဟု သံသယဝင်မိသွားသည်။ ယဲ့ရွှမ်က ဤအကြောင်းကို မည်သူကို့မှမပြောခဲ့ပေ။ သူမက ယဲ့ချန်ကိုကြည့်လိုက်သောအခါ သူက ပြုံးပြလိုက်သည်။

"အစ်ကိုကြီး ဒီလင်းယုန်က မြေဝိဇ္ဇာအဆင့်မဟုတ်လား"

ယဲ့မုန့်က နေလင်းယုန်ကိုပွတ်သပ်၍ စပ်စုလိုက်သည်။

"မင်းမှားတယ်။ အဆင့်တစ်ဆယ်အထက် သားရဲတွေကို မြေအဆင့်လို့ခေါ်တာဖြစ်တယ်။ လူတွေကိုသာ မြေဝိဇ္ဇာအဆင့်လို့ ခေါ်တာကွ"

ယဲ့ယုဆိုသော လူငယ်လေးတစ်ယောက်က စောဒကတက်လိုက်သည်။

"​မြေဝိဇ္ဇာအဆင့်ဖြစ်ဖြစ် မြေအဆင့်ဖြစ်ဖြစ် ဒီသားရဲက အဆင့်တစ်ဆယ်အထက်မှာပဲ။ ဒီကောင်ကြီးက အားဖန်ငါးထက် ပိုပြီးအစွမ်းထက်မယ်လို့ ငါ ခံစားနေရတယ်"

ယဲ့မုန့်က မှားသွားသဖြင့် ရှက်ရွံ့စွာပြောလိုက်သည်။

လူတိုင်းက ယဲ့ချန်ကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ အကယ်၍ နေလင်းယုန်ကသာ​မြေအဆင့်ဆိုလျှင် ယဲ့မျိုးနွယ်အတွက် မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူတစ်ယောက် ရလိုက်သကဲ့သို့ပင် ဖြစ်သည်။ ယဲ့ချန်က ဤသားရဲများကို မည်သို့ယဥ်ပါးခဲ့ကြောင်းကိုမူ မည်သူမှမသိကြပေ။

"နေလင်းယုန်က ကောင်းကင်အဆင့်မှော်သားရဲပါ။ သူ့ကို လေလံပွဲတစ်ခုကနေ ဝယ်ခဲ့တာ"

ယဲ့ချန်က တစ်လုံးချင်းဖြေလိုက်သည်။

"ကောင်းကင်အဆင့် ဘုရားရေ"

"ကောင်းကင်အဆင့်က မြေအဆင့်အထက်မှာမလား"

"ဒါဆိုရင် ဒီကောင်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်နဲ့ အစွမ်းတူတယ်ပေါ့"

ယဲ့မျိုးနွယ်ဝင်တိုင်းက နေလင်းယုန်ကို အမြင်သစ်တစ်မျိုးနှင့် ကြည့်လိုက်မိသည်။ ကောင်းကင်ဝိဇ္ဇာအဆင့်ဆိုသည်မှာ သူတို့အနေဖြင့် စိတ်ပင်မကူးဝံ့သော အဆင့်တစ်ခုဖြစ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ဂိုဏ်းချုပ်များပင် ကောင်းကင်ဝိဇ္ဇာအဆင့်ဖြစ်သောကြောင့် ယဲ့မျိုးနွယ်၏အမြင်တွင် သူတို့က နတ်ဘုရားပမာဖြစ်တည်မှုများပင်။

"ချန်အာ မင်းရဲ့ကျင့်ကြံဆင့်က ဘယ်ကိုရောက်ပြီလဲ"

ယဲ့ကျန့်ထန်းက မေးလိုက်ခြင်းဖြစ်သည်။

ထိုအချိန်တွင်မှ လူတိုင်းက ယဲ့ချန်၏ကျင့်ကြံဆင့်ကိုမေးရန် သတိရသွားကြသဖြင့် ဝိုင်းကြည့်လာကြသည်။

"မြေဝိဇ္ဇာအလယ်အဆင့်"

ယဲ့ချန်က ဖြေလိုက်သည်။ သူ၏ဝိညာဥ်စစ်သည်တော်ဖြင့်ဆိုလျှင် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်တစ်ယောက်ကို ယှဥ်နိုင်သော်လည်း လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားခဲ့သည်။

ယဲ့ချန်၏စကားကို ကြားသောအခါ ယဲ့မျိုးနွယ်ဝင်များက အလွန်ပျော်ရွှင်သွားကြသည်။

"ဂုဏ်ပြုပါတယ် အစ်ကိုကြီး"

ယဲ့မျိုးနွယ်၏ လူငယ်မျိုးဆက်များက ပြိုင်တူအော်ဟစ်လိုက်ကြသည်။ ယဲ့ကျန့်ထန်းနှင့် အကြီးအကဲများကလည်း ဝမ်းမြောက်ဝမ်းသာ ပြုံးနေခဲ့ကြသည်။

"ချန်အာ ပြန်လာပြီ။ ယဲ့မျိုးနွယ်က ဂုဏ်ပြုပွဲလုပ်ပေးရမယ်"

ယဲ့ကျန်ရှုံးက အကြံပေးလိုက်သည်။

ယဲ့ချန်နှင့်အတူ လိုက်ပါနေကျဖြစ်သော အမွေးပွလေးတွင် အမြှီးခုနစ်ချောင်းပေါက်နေသည်ကို လူတိုင်း သတိထားမိသော်လည်း အရေးတယူမရှိပေ။ သူတို့က မြေခွေးများ၏ အမြှီးအရေအတွက် အဓိပ္ပါယ်ကို နားမလည်ခြင်းဖြစ်သည်။

"ချန်အာ ဒီကောင်းကင်အဆင့်သားရဲကို ဘယ်ကဝယ်လာတာလဲ။ ငါတို့ နောက်ထပ်မှော်သားရဲတွေ ဝယ်လို့ရနိုင်သေးလား"

ယဲ့ကျန့်လုံက နေလင်းယုန်ကို ပွတ်သပ်စစ်ဆေးပြီး မေးလိုက်သည်။

"ကျောက်စိမ်းမြို့တော်လေလံပွဲပါ"

ယဲ့ချန်က ဖြေလိုက်သည်။ လေလံပွဲတစ်ခုလုံးတွင် ကောင်းကင်အဆင့်မှော်သားရဲတစ်ကောင်တည်းကိုသာ ရောင်းချခြင်းဖြစ်သည်။ သူတို့အနေဖြင့် သားရဲများ ထပ်မံလိုချင်လျှင် ကံတရား၏ဖေးမမှု လိုအပ်နေသည်။

"ဒါဆိုရင် မင်းရဲ့ဘိုးဘိုးကြီးလည်း အဲ့ဒီလေလံပွဲကို သွားတာပဲလေ။ ဘာလို့ပြန်မရောက်သေးတာလဲ"

ယဲ့ကျန့်ထန်းက စိုးရိမ်စွာပြောလိုက်သည်။

"နေလင်းယုန်က လင်းတနီထက် အများကြီးပိုမြန်လို့ ဘိုးဘိုးကြီးက နောက်ကျနေတာဖြစ်မယ်။ မကြာခင် ပြန်ရောက်လာမှာပါ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။

"အဖေ ဘိုးဘိုးကြီး ပြဿနာတက်နေပြီ။ ကျွန်တော် သွားကူညီလိုက်ဦးမယ်"

ယဲ့ချန်က ချက်ချင်းမျက်နှာပျက်သွားကာ အမွေးပွလေးနှင့်အတူ နေလင်းယုန်ကျောပေါ်သို့ ခုန်တက်သွားခဲ့သည်။

"ကျွန်တော်လည်း လိုက်မယ်"

ရှောင်ရိက ရှေ့ဂျွမ်းတစ်ချက်ပစ်လိုက်သောအခါ နေလင်းယုန်အပေါ် ရောက်သွားခဲ့သည်။

"ဦးလေးက ဘာအန္တရာယ် ကြုံနေရတာလဲ"

ယဲ့ကျန့်ထန်းက စိုးရိမ်စွာဖြင့် သူတို့ပါလိုက်လိုကြောင်း ပြောချင်ခဲ့သည်။ သို့သော် ကောင်းကင်အဆင့်မှော်သားရဲအကြောင်း တွေးမိလိုက်သောအခါ သူက အကူအညီမဖြစ်ဘဲ အနှောင့်အယှက်ဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။

"ရှောင်ရိ မင်း နေခဲ့ရမယ်လေ"

ယဲ့ကျန့်လုံက စိုးရိမ်တကြီး တားမြစ်လိုက်သည်။ ဤတိုက်ပွဲမျိုးက ကလေးတစ်ယောက်အတွက် အလွန်အန္တာရာယ်များလေသည်။

"ဦးလေးနှစ် ရှောင်ရိကို လိုက်ခွင့်ပေးလိုက်ပါ"

ယဲ့ရွှမ်က ဝင်ရောက်တားမြစ်လိုက်သည်။ သူမက ရှောင်ရိ၏အစွမ်းကို မြင်ဖူးပြီးဖြစ်၍ သူသာ လိုက်သွားလျှင် ယဲ့ချန်အတွက် အန္တရာယ်မရှိဟု စိတ်အေးနေခဲ့သည်။

လူတိုင်းက ယဲ့ရွှမ်၏စကားကြောင့် ပဟေဠိဖြစ်ကုန်သည်။

ထိုအချိန်တွင် နေလင်းယုန်က တောင်ပံများကိုခတ်၍ ယဲ့ချန်တို့ကို သယ်ဆောင်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။ ယဲ့ချိန်ရွှမ်းအန္တရာယ်ရှိနေသဖြင့် ယဲ့ချန်သည် ၎င်းကို အလျင်အမြန်ပျံသန်းစေသည်။ နေလင်းယုန်က တောင်အရပ်သို့ အရှိန်မြှင့်ပျံသန်းသွားလေသည်။

ယဲ့ချိန်ရွှမ်းသည် လင်းတနီကိုစီးနင်း၍ ကျောက်စိမ်းမြို့တော်မှ ပြန်လာခဲ့သည်။ သူက လင်းယွန်တောင်တန်းသို့ရောက်လာပြီး ယဲ့မျိုးနွယ်သို့ပြန်ရန် စိတ်အားထက်သန်နေသည်။ လေလံပွဲတွင် သူက ရတနာများစွာဝယ်ယူနိုင်ခဲ့သည်။ အဆင့်သုံးဝိညာဥ်လက်နက်သုံးခုကို လေလံအောင်ခဲ့သော်လည်း ကောင်းကင်အဆင့်နေလင်းယုန်ကို မရလိုက်သဖြင့် နှမြောတဿဖြစ်နေခဲ့သည်။ တစ်စုံတစ်ယောက်က ထိုလင်းယုန်ကို ဆေးလုံးနှစ်သိန်းပေးကာ ဝယ်ယူသွားခဲ့သည်။ ကျောက်စိမ်းမြို့လေလံပွဲကြောင့် ယဲ့မျိုးနွယ်က အမှန်တကယ်မချမ်းသာသေးကြောင်း ယဲ့ချိန်ရွှမ်းက သဘောပေါက်လိုက်သည်။ လင်ဇီးများရောင်းချခြင်းက ငွေဝင်သော်လည်း ကုန်သွယ်ရေးစတင်သည်မှာ နှစ်ဝက်ပင်မရှိသေးသောကြောင့် များစွာစုဆောင်းမိခြင်း မရှိပေ။

လင်းတနီက ကောင်းကင်တွင်ပျံသန်းနေစဥ် စူးရှသော ငှက်အော်သံများ ထွက်ပေါ်လာသည်။ အဝေးတွင် သိမ်းငှက်ဆယ်ကောင်ကျော်က ဗွီပုံသဏ္ဍာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာနေကြသည်။ အရွယ်အစားတွင် ၎င်းတို့က လင်းတနီထက် ပို၍သေးငယ်ကြသည်။

၎င်းတို့၏တစ်ကိုယ်လုံးက ငွေဖြူရောင်သန်းနေသဖြင့် သားရဲသရုပ်ဖော်စာအုပ်အတွင်းမှ သိမ်းငှက်ဖြူများဖြစ်ကြောင်း ယဲ့ချိန်ရွှမ်းက သိလိုက်သည်။

သိမ်းငှက်ဖြူများက အဆင့်တစ်ဆယ်သားရဲများဖြစ်ကာ မြေအဆင့်နှင့် ကောင်းကင်အဆင့်သို့လည်း တက်ရောက်နိုင်ကြသည်။ ထို့ကြောင့် သူက လင်းတနီကိုထိန်းချုပ်ကာ သိမ်းငှက်ဖြူများနှင့်ဝေးရာသို့ ပျံသန်းစေသည်။

လင်းယွန်တောင်တန်းတွင် ပျံသန်းနိုင်သော မှော်သားရဲများရှားပါးပြီး တစ်ခါတရံထွက်ပေါ်လာသည်မှာ အဆင့်ရှစ်ငှက်များသာဖြစ်သည်။ ယနေ့တွင် ယဲ့ချိန်ရွှမ်းက အဆင့်တစ်ဆယ်သိမ်းငှက်ဖြူအုပ်နှင့် ကံဆိုးစွာတွေ့ဆုံခဲ့ရသည်။

လင်းတနီက ရှောင်တိမ်းလိုက်သော်လည်း သိမ်းငှက်ဖြူများက ၎င်းကိုတွေ့ရှိပြီးဖြစ်၍ နောက်မှလိုက်လာခဲ့ကြသည်။ ယဲ့ချိန်ရွှမ်းက ကြောက်စိတ်ကြောင့် မျက်နှာပျက်သွားသည်။

သိမ်းငှက်ဖြူများက နီးကပ်လာပြီး သူက စစ်ဆေးလိုက်သောအခါ အားလုံးက အဆင့်တစ်ဆယ်သားရဲများဖြစ်၍ လင်းတနီနှင့်အဆင့်တူဖြစ်သည်။ ခေါင်းဆောင်လာသော သိမ်းငှက်ဖြူက အနည်းငယ်ပိုကြီးသဖြင့် မြေအဆင့်ဖြစ်နိုင်သည်။ ၎င်း၏အရှိန်က အခြားသိမ်းငှက်ဖြူများထက် သိသိသာသာလျင်မြန်နေခဲ့သည်။

သိမ်းငှက်ဖြူများက ကိုယ့်လမ်းကိုယ်သွားနေခြင်းဖြစ်သော်လည်း ယဲ့ချိန်ရွှမ်းမှာ ကံဆိုးစွာဖြင့် ပစ်မှတ်ဖြစ်ခဲ့ရသည်။

လင်းတနီက သိမ်းငှက်ဖြူများလိုက်နေသည့်ကြားမှပင် လင်းယွန်တောင်၏အဝေးသို့ ပျံသန်းသွားခဲ့သည်။ ယဲ့ချိန်ရွှမ်း၏မျက်နှက်ထက်တွင် ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာထင်ဟပ်နေသည်။ ယနေ့ သူသေဆုံးရလျှင်ပင် သိမ်းငှက်ဖြူများကို လင်းယွန်တောင်တန်းအတွင်း ဝင်ရောက်စေမည်မဟုတ်ပေ။

လင်းတနီသည် ယဲ့မျိုးနွယ်တောင်ကြားနှင့် အဝေးသို့ရောက်သောအခါ ယဲ့ချိန်ရွှမ်းက ဝမ်းနည်းစွာပြုံးလိုက်မိသည်။ သူ၏နောက်ဆုံးခရီးတွင် ယဲ့မျိုးနွယ်ဝင်များကိုပင် နှုတ်ဆက်နိုင်မည်မဟုတ်ပေ။

"အားဖန်ငါး ငါသေပြီး မင်းလွတ်မြောက်တယ်ဆိုရင် ဒီရတနာတွေကို ယဲ့မျိုးနွယ်ဆီပို့ပေးပါ"

ယဲ့ချိန်ရွှမ်းက လင်းတနီကိုမှာကြားပြီး အဆင့်သုံးဓားတစ်လက်ကို ဆွဲကိုင်လိုက်သည်။ သူက ချဥ်းကပ်လာသောသိမ်းငှက်ဖြူများနှင့် နောက်ဆုံးတိုက်ပွဲဆင်နွှဲရန် မတ်တပ်ရပ်လိုက်သည်။

လင်းတနီက သူ၏စကားကို နားလည်ဟန်ဖြင့် ပိုမိုမြန်ဆန်စေရန် ကြိုးစားပျံသန်းခဲ့သည်။ သို့သော် ၎င်း၏အရွယ်အစားက ကြီးမားနေသဖြင့် သေးငယ်ဖြတ်လတ်သော သိမ်းငှက်ဖြူများက ခဏအတွင်းလိုက်မီလာခဲ့သည်။

"ဝှစ်"

သိမ်းငှက်ဖြူတစ်ကောင်က လင်းတနီ၏အပေါ်မှ အောက်သို့ ထိုးဆင်းလာခဲ့သည်။

"လာစမ်း"

ယဲ့ချိန်ရွှမ်းက မိုးကြိုးချီများကိုလည်ပတ်၍ ဓားတွင်ပေါင်းစပ်ကာ သိမ်းငှက်ဖြူကို ပိုင်းချလိုက်သည်။ အဆင့်သုံးမိုးကြိုးဓားက သိမ်းငှက်ဖြူ၏ခြေသည်းကို ထိမှန်သွားသဖြင့် လေထဲတွင် အနီရောင်သွေးများ လွင့်ပျံသွားလေသည်။

All Chapters