ပူးပေါင်းခြင်း
Vol. 16 Ch. 226
သိမ်းငှက်ဖြူခေါင်းဆောင်သည် တောင်ပံများကိုခတ်၍ နောက်သို့ ချက်ချင်းဆုတ်ခွာသွားသည်။
အဆင့်သုံးမိုးကြိုးဓားက မြေအဆင့်သိမ်းငှက်ဖြူကို ဒဏ်ရာရသွားစေသော်လည်း ယဲ့ချိန်ရွှမ်းသည် တန်ပြန်အားကြောင့် လင်းတနီ၏ကျော်ပေါ်မှ လွင့်ကျသွားခဲ့သည်။ လင်းတနီက လျင်မြန်စွာထိုးဆင်း၍ သူ့ကို ကယ်တင်လိုက်ရသည်။
သိမ်းငှက်ဖြူက ဒဏ်ရာရသွားပြီး ယဲ့ချိန်ရွှမ်းကိုင်ထားသော ဓားကို ကြောက်လန့်နေသည်။ လင်းတနီက ယဲ့ချိန်ရွှမ်းကို ကယ်ဆယ်နေသည်အား အခွင့်ကောင်းယူကာ ၎င်းက တိုက်ခိုက်လာပြန်သည်။ ထို့ကြောင့် လင်းတနီမှာ ယဲ့ချိန်ရွှမ်းကို အလျင်အမြန်ကယ်ဆယ်ပြီး ချက်ချင်းရှောင်တိမ်းလိုက်ရသည်။
သိမ်းငှက်ဖြူခေါင်းဆောင်နှင့် လင်းတနီ တိုက်ခိုက်နေစဥ် နောက်လိုက်သိမ်းငှက်ဖြူများက ပတ်ဝန်းကျင်တွင် ဝိုင်းရံလာကြသည်။ လင်းတနီအတွက် ပြေးပေါက်ပိတ်သွားခဲ့သည်။
"ငါ့ဘဝ အဆုံးသတ်ပြီ"
ယဲ့ချိန်ရွှမ်းသည် ပတ်ဝန်းကျင်ရှိသားရဲများကို စိတ်ဓာတ်ကျစွာကြည့်လိုက်မိသည်။ သူ့အနေဖြင့် ရှင်သန်ရန်အခွင့်အရေး လုံးဝမရှိသော်လည်း ကောင်းကင်ချီကို ထုတ်ဖော်၍ ဆက်လက်တိုက်ခိုက်နေခဲ့သည်။
မြေအဆင့်သိမ်းငှက်ဖြူသည် ဤငှက်အုပ်၏ ခေါင်းဆောင်ဖြစ်သောကြောင့် အခြားငှက်များထက် ပို၍အစွမ်းထက်သည်။ သိမ်းငှက်ဖြူခေါင်းဆောင်က စူးရှစွာအော်မြည်၍ ယဲ့ချိန်ရွှမ်းကို ခြေသည်းဖြင့် ကုတ်ချလာပြန်သည်။
"ငါက မှော်သားရဲတွေကြောင့် သေရမယ်လို့ မထင်ထားဘူး"
ယဲ့ချိန်ရွှမ်း၏မျက်လုံးထဲတွင် မလိုလားဟန်များ အထင်းသားထွက်ပေါ်နေခဲ့သည်။ သူက ယဲ့မျိုးနွယ်အခြေစိုက်သော လင်းယွန်တောင်တန်းကို တစ်ချက်ကြည့်လိုက်သည်။ ဤနေရာတွင် သူသေသွားလျှင် ယဲ့မျိုးနွယ်က သူ့ကိုရှာတွေ့ပြီး ဘိုးဘေးများနှင့်အတူ မြုပ်နှံပေးနိုင်ရန်သာ မျှော်လင့်လိုက်မိသည်။
ယဲ့ချိန်ရွှမ်းက အော်ဟစ်ကြုံးဝါး၍ လေပေါ်သို့ခုန်တက်ကာ အဆင့်သုံးဓားဖြင့် ရန်သူ၏ခေါင်းကို ချိန်ရွယ်ခုတ်ပိုင်းလိုက်သည်။
"ထန်"
မိုးကြိုးဓားနှင့် သိမ်းငှက်ဖြူ၏ခြေသည်းများ နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံသွားကာ သွေးများဖြာထွက်လာပြန်သည်။ ယဲ့ချိန်ရွှမ်းသည်လည်း ဓားကို ဆက်လက်ကိုင်မထားနိုင်ဘဲ ပြုတ်ကျသွားခဲ့သည်။
သိမ်းငှက်ဖြူက ဒဏ်ရာရသွား၍ ဒေါသတကြီးဖြင့် ယဲ့ချိန်ရွှမ်း၏ခေါင်းကို လက်သည်းဖြင့် ထပ်ကုတ်ချလိုက်သည်။
သင်တုန်းဓားကဲ့သို့ ထက်ရှသော ခြေသည်းများကို ယဲ့ချိန်ရွှမ်း ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်ရသည်။ သူ၏ခွန်အားက မြေအဆင့်မှော်သားရဲတစ်ကောင်ကို အနိုင်ယူရန် အားနည်းလွန်းနေသည်။
ယဲ့ချိန်ရွှမ်းက သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ ခွန်အားချင်း ကွာခြားလွန်းနေသဖြင့် အချည်းနှီးရုန်းကန်မနေလိုတော့။ သေခြင်းတရားနှင့်အတွေ့တွင် သူ၏ခေါင်းထဲပေါ်လာသည်မှာ ယဲ့မျိုးနွယ်တစ်ခုတည်း ဖြစ်သည်။
"နှုတ်ဆက်ပါတယ် ကလေးတို့"
ယဲ့ချိန်ရွှမ်းက သေခြင်းတရားနှင့် လက်တစ်ကမ်းအလိုတွင် အလင်းတန်းတစ်ခုက ရွှစ်ခနဲရောက်ရှိလာသည်။
၎င်းက လျင်မြန်လွန်းသဖြင့် အနောက်တွင် မီးတန်းတစ်ခုပင် ဖြစ်ပေါ်နေကာ သာမန်မျက်လုံးများဖြင့် မမြင်နိုင်ပေ။ ၎င်းက သက်တန့်ပမာလှပပြီး ယဲ့ချိန်ရွှမ်းမှာ အိပ်မက်မက်နေသယောင် ခံစားလိုက်ရသည်။
ထို့နောက် အလင်းတန်းသည် သိမ်းငှက်ဖြူခေါင်းဆောင်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ ၎င်းက နာကျင်စွာအော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားခဲ့သည်။
"ဘာဖြစ်သွားတာလဲ"
သေရန်အသင့်ပြင်ထားပြီးဖြစ်သော ယဲ့ချိန်ရွှမ်းက သတိပြန်ဝင်လာသည်။ သူက သိမ်းငှက်ဖြူ၏ခေါင်းကို နင်း၍ အားယူခုန်ထွက်လိုက်ပြီး လင်းတနီ၏ကျောပေါ်သို့ ပြန်ရောက်သွားခဲ့သည်။
သိမ်းငှက်ဖြူခေါင်းဆောင်မှာ ဒဏ်ရာကြောင့် ကောင်းကင်ပေါ်မှ ထိုးကျသွားသဖြင့် ပတ်ဝန်းကျင်တွင် သွေးနံ့များပျံ့လွင့်လာသည်။
လင်းတနီ ကပျော်ရွှင်စွာဖြင့် အော်ဟစ်မြည်တမ်းနေသည်။
ယဲ့ချိန်ရွှမ်းသည် ပတ်ဝန်းကျင်ရှိ သိမ်းငှက်ဖြူအားလုံးက ကြောက်လန့်တကြားတုန်ယင်နေသည်ကို မြင်လိုက်သောအခါ အံ့သြသွားခဲ့သည်။ သူက နောက်လှည့်ကြည့်လိုက်သောအခါ နေလင်းယုန်ကို စီးထားသော ယဲ့ချန်ကို တွေ့လိုက်ရသည်။
"ချန်အာ"
ယဲ့ချိန်ရွှမ်းက အလွန်ပျော်ရွှင်သွားကာ စိတ်ထိခိုက်သွားခဲ့သည်။ ယဲ့ချန်ရောက်ရှိလာခြင်းက ပင်လယ်တွင် ရေနစ်နေသူကို မဏိမေခလာနတ်သမီးက ကယ်ဆယ်သွားသကဲ့သို့ပင် ဖြစ်သည်။ ယဲ့ချန်သာ အနည်းငယ်နောက်ကျသွားလျှင် ယဲ့ချိန်ရွှမ်းက အလောင်းဖြစ်ပြီးနေလိမ့်မည်။
ယဲ့ချန်က သိမ်းငှက်ဖြူများအားလုံးကို ဝေ့ကြည့်လိုက်သည်။ ၎င်းတို့၏အမျိုးအစားနှင့် ကျင့်ကြံဆင့်ကို စစ်ဆေးလိုက်သည်။ သူက ယဲ့ချိန်ရွှမ်းကိုကယ်တင်ရန် အလျင်လိုနေသဖြင့် သိမ်းငှက်ဖြူခေါင်းဆောင်ကို ဒဏ်ရာရရုံသာ တိုက်ခိုက်နိုင်ခဲ့သည်။ ထို့နောက် သူ၏ဝိညာဥ်စွမ်းအားများက သိမ်းငှက်ဖြူများ၏စိတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်းတို့က သိမ်းငှက်နက်ကဲ့သို့ ပိုင်ရှင်ရှိထားသော်လည်း ယဲ့ချန်က ခဏအတွင်း ပိုင်ရှင်ဟောင်း၏ဝိညာဥ်စွမ်းအင်ကို ဝါးမျိုပစ်လိုက်သည်။ သိမ်းငှက်ဖြူ၁၆ကောင်မှာ ယဲ့ချန်၏လက်အောက်ခံသားရဲများ ဖြစ်လာခဲ့လေသည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အစွမ်းထက်သောကြောင့် သာမန်မှော်သားရဲများစွာကို အလွယ်တကူကျွန်ပြုနိုင်သည်။
"ဘိုးဘိုးကြီး အဆင်ပြေလား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ချန်အာ။ မင်းသာ ရောက်မလာရင် ငါက ဒီနေရာမှာ အလောင်းဖြစ်နေလောက်ပြီ"
သေခြင်းတရား၏လက်မှ လွတ်မြောက်လာသော ယဲ့ချိန်ရွှမ်းက ခဏအတွင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သို့သော် ပတ်ဝန်းကျင်တွင် သိမ်းငှက့်ဖြူများစွာရှိနေသဖြင့် သူက စိုးရိမ်နေခဲ့သည်။
နေလင်းယုန်၏ ခြေသည်များကြားတွင် ပျံသန်းရန် ရုန်းကန်နေသော သိမ်းငှက်ဖြူခေါင်းဆောင်ကို ဖမ်းချုပ်ထားသည်။
"ချန်အာ မင်း သူတို့ကို ဘာလုပ်လိုက်တာလဲ"
ယဲ့ချိန်ရွှမ်းသည် အလွန်တည်ငြိမ်နေသော သိမ်းငှက်ဖြူများကြောင့် အံ့သြသွားခဲ့သည်။ ယဲ့ချန်ရောက်ရှိလာချိန်မှစ၍ သူ့ကို ကြမ်းတမ်းစွာတိုက်ခိုက်ခဲ့သော ဤသားရဲများက ကြောင်ရှေ့ရောက်သော ကြွက်ပမာ လှုပ်ပင်မလှုပ်ကြတော့ပေ။
ယဲ့ချန်စီးနင်းလာသော နေလင်းယုန်က ကျောက်စိမ်းမြို့လေလံပွဲမှ ဖြစ်သည်ဟုလည်း ယဲ့ချိန်ရွှမ်းက မှတ်မိလိုက်သည်။ သူ့အနေဖြင့် ၎င်းကို မဝယ်ယူနိုင်ခဲ့သော်လည်း ယဲ့မျိုးနွယ်ခေါင်းဆောင်က အရယူနိုင်ခဲ့လေသည်။
"သိမ်းငှက်ဖြူတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းလိုက်ပါပြီ။ ဘိုးဘိုးကြီး မစိုးရိမ်ပါနဲ့"
ယဲ့ချန်က တစ်ချက်ပြုံး၍ ဖြေသည်။
"ပူးပေါင်းတာလား"
"ကျွန်တော်က သူတို့ကို ကျွန်ဖြစ်အောင်လုပ်လိုက်ပြီ"
ယဲ့ချန်က အရိုးရှင်းဆုံး ရှင်းပြလိုက်သည်။
ယဲ့ချိန်ရွှမ်းက ပူးပေါင်းသည်ဟူသော စကားကို နားလည်ပေသည်။ သူနားမလည်နိုင်သည်က ယဲ့ချန်က အချိန်ခဏအတွင်း သိမ်းငှက်ဖြူများကို မည်သို့ယဥ်ပါးစေလိုက်ကြောင်းဖြစ်သည်။ ယဲ့ချန်အနေဖြင့် တစ်ချက်ပင်မလှုပ်ရှားခဲ့သောကြောင့် လျှို့ဝှက်သားရဲထိန်းကျောင်းခြင်းပညာတစ်ခု ဖြစ်နိုင်သည်။
ဤအကြောင်းကို ခေါင်းပေါက်မတတ် စဥ်းစားလျှင်လည်း အဖြေရမည်မဟုတ်သောကြောင့် ယဲ့ချိန်ရွှမ်းက သက်ပြင်းချလိုက်သည်။ သူက ပြုတ်ကျသွားသော အဆင့်သုံးဝိညာဥ်လက်နက်ကို ပြန်ကောက်ပြီး ယဲ့ချန်နှင့် အပြန်ခရီးစတင်လိုက်သည်။
"ချန်အာ မင်းလည်း ကျောက်စိမ်းမြို့လေလံပွဲကို ရောက်ခဲ့တာလား"
ယဲ့ချိန်ရွှမ်းက မေးလိုက်ခြင်းဖြစ်သည်။ သိမ်းငှက်ဖြူများက လက်ရှိတွင် နာခံစွာဖြင့် သူတို့၏ပတ်ဝန်းကျင်တွင် အစောင့်အကြပ်များအဖြစ် လိုက်ပါလာကြသည်။
"ဒါဆိုရင် ငါတို့က အနာဂတ်မှာ သိမ်းငှက်ဖြူတပ်ဖွဲ့တစ်ခု ရပြီပေါ့"
ယဲ့ချိန်ရွှမ်း၏စိတ်ထဲတွင် ဤအတွေးကြောင့် စိတ်လှုပ်ရှားနေသည်။ ထျန်းချီအဆင့်တစ်ဆယ် သားရဲများစွာနှင့် မြေအဆင့်သားရဲတစ်ကောင်အပြင် ယဲ့ချန်၌လည်း ကောင်းကင်အဆင့်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားလေသည်။
"ဟုတ်တယ်။ နေလင်းယုန်က နည်းနည်းပိုမြန်တော့ ဘိုးဘိုးကြီးရှေ့ကိုရောက်နေတာပါ။ ဘိုးဘိုးကြိး ယဲ့တောင်ကြားမှာ ဒီသိမ်းငှက်ဖြူတွေကိုထားဖို့ နေရာမရှိဘူး။ သူတို့အတွက် အသိုက်ဆောက်ဖို့ စီစဥ်ပေးပါဦး"
ယဲ့ချန်က ခေါင်းညိတ်၍ ဖြေလိုက်သည်။
"ကောင်းပြီ။ ငါ ချက်ချင်းစီစဥ်ပေးမယ်။ အခုတော့ ယဲ့တောင်ကြားမှာ ဒီကောင်တွေကို ခဏထားမယ်။ တောင်ကြားက လူဦးရေများနေပေမယ့် ရက်အနည်းငယ်လောက် ပြဿနာမဟုတ်ဘူး"
ယဲ့ချိန်ရွှမ်းက ခဏတာစဥ်းစားပြီးနောက် အကြံပြုလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် အကြံတစ်ခုရပြီ။ ယဲ့တောင်ကြားဘေးမှာ သစ်ပင်ကြီးတွေပေါက်တဲ့ တောင်စောင်းတစ်ခုရှိတယ်မလား။ ဒီကောင်တွေကို သူတို့ဘာသာ အဲ့ဒီမှာ အသိုက်ဆောက်ခိုင်းလိုက်မယ်။ ဒါဆိုရင် ယဲ့မျိုးနွယ်အတွက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုလည်း ရတာပေါ့"
ယဲ့ချန်က ပြဿနာအတွက် အဖြေကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
"ဒီအကြံ ကောင်းတယ်"
ယဲ့ချိန်ရွှမ်းကလည်း သဘောတူသည်။
ရှောင်ရိသည် နေလင်းယုန်၏ကျောပေါ်တွင် ပျင်းရိစွာအိပ်နေခဲ့သည်။ သူက တိုက်ပွဲတစ်ခုတိုက်ရမည်အထင်ဖြင့် လိုက်လာခဲ့သော်လည်း ငှက်ကလေးများက အစ်ကိုကြီးလက်ချက်ဖြင့် ချက်ချင်းလိမ္မာသွားကြသည်။
"ဒီကလေးက ဘယ်သူလဲ"
ယဲ့ချိန်ရွှမ်းက ရှောင်ရိကိုမြင်သောအခါ စပ်စုလိုက်သည်။
"သူက ရှောင်ရိလို့ခေါ်တယ်"
ယဲ့ချန်က ယဲ့ချိန်ရွှမ်းကိုလည်း ယဲ့မျိုးနွယ်ဝင်များကို အသိပေးထားသည့်အတိုင်း ပြောပြလိုက်၏။
ယဲ့မျိုးနွယ်ဝင်များမှာ လေ့ကျင့်ကွင်းတွင် စိုးရိမ်တကြီးစောင့်ဆိုင်းနေကြသည်။
"ချန်အာနဲ့ဦးလေးခြောက် အဆင်ပြေပါ့မလား"
ယဲ့ကျန့်ထန်းက ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ငှက်အော်သံများစွာ ထွက်ပေါ်လာ၍ လူတိုင်း ပျော်ရွှင်သွားကြသည်။
"ခေါင်းဆောင်နဲ့ ဘိုးဘိုးကြီး ပြန်လာတာဖြစ်မယ်"
ကောင်းကင်တွင် သိမ်းငှက်အုပ်ကြီးပေါ်လာသဖြင့် တောင်ကြားအတွင်း နေရောင်ပင် မကျရောက်တော့ပေ။ မူလတွင် သူတို့က မှော်သားရဲများ၏ တိုက်ခိုက်ခြင်းကိုခံရပြီဟု ထင်မှတ်လိုက်ကြသည်။ သို့သော် သိမ်းငှက်ဖြူများအလယ်တွင် ယဲ့ချန်၏နေလင်းယုန်နှင့် ယဲ့ချိန်ရွှမ်း၏လင်းတနီကို မြင်သောအခါတွင်မှ လူတိုင်း စိတ်အေးသွားကြသည်။
သိမ်းငှက်ဖြူများက တောင်ကြားအတွင်း မြက်ခင်းတစ်ခုပေါ်တွင် ဆင်းသက်လိုက်ကြသည်။ ယဲ့ချန်၊ ရှောင်ရိနှင့် ယဲ့ချိန်ရွှမ်းတို့က သက်ဆိုင်ရာသားရဲများပေါ်မှ ခုန်ချလာသည်။ အပြင်းအထန်ဒဏ်ရာရထားသော သိမ်းငှက်ဖြူခေါင်းဆောင်က မြေပြင်တွင် လဲလျောင်းပြီး ညည်းညူနေခဲ့သည်။
လေ့ကျင့်ရေးကွင်းတွင် စုဝေးနေကြသော ယဲ့မျိုးနွယ်ဝင်များမှာ များပြားလှသော သိမ်းငှက်ဖြူအုပ်ကြီးကြောင့် နေရာတွင် မင်သက်နေကြသည်။
"ဦးလေးခြောက် ကြိုဆိုပါတယ်"
ယဲ့ကျန့်ထန်းက သိမ်းငှက်ဖြူများကို စိုက်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။
"အေး"
ယဲ့ချိန်ရွှမ်းက သူ၏မျိုးနွယ်ဝင်များကို တစ်ယောက်ချင်းစီ ကြည့်လိုက်မိသည်။ သေခြင်းတရားမှ လက်မတင်ကလေးလွတ်မြောက်လာပြီးနောက် သူက ယဲ့မျိုးနွယ်ကို ပိုမိုတန်ဖိုးထားလာခဲ့သည်။
"ဦးလေးခြောက် ဒီသိမ်းငှက်တွေအားလုံးကို ကျောက်စိမ်းမြို့က ဝယ်လာတာလား"
ယဲ့ကျန့်ရှုံးက မေးလိုက်သည်။ ယဲ့ချန်က ကောင်းကင်အဆင့်မှော်သားရဲတစ်ကောင် ဝယ်လာသည့်အတွက် ယဲ့ချိန်ရွှမ်းသည်လည်း ဤသားရဲများကို ဝယ်ယူလာခြင်းဖြစ်ရမည်ဟု သူက ကောက်ချက်ချလိုက်သည်။
ဤနေရာတွင် သိမ်းငှက်ဖြူ စုစုပေါင်း၁၆ကောင်ရှိကာ မြေအဆင့်ဖြစ်နိုင်သော အကြီးဆုံးသိမ်းငှက်ဖြူက ဒဏ်ရာရထားသည်။
"မဟုတ်ဘူး။ ချန်အာက ဒီကောင်တွေအားလုံးကို အညံ့ခံစေခဲ့တယ်။ အိမ်အပြန်လမ်းမှာ ငါ တိုက်ခိုက်ခံရပြီး ချန်အာက အချိန်မီလာကယ်ပေးခဲ့တယ်"
ယဲ့ချိန်ရွှမ်းက ခေါင်းယမ်း၍ ဖြစ်ပျက်သမျှကို အကျဥ်းချုံးရှင်းပြလိုက်၏။
"ခေါင်းဆောင်က သိမ်းငှက်အုပ်ကြီးကို ယဥ်ပါးစေခဲ့တာလား"
လူတိုင်းက မယုံနိုင်ဟန်ဖြင့် ယဲ့ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။ တောင်ကြားအတွင်းရှိ မှော်သားရဲများအကြောင်း တွေးမိလိုက်သောအခါ သူတို့က အကြောင်းအရင်းကို နားလည်သွားကြသည်။ ယဲ့ချန်သည် သားရဲသခင်များ၏ပညာရပ်အချို့ကို တတ်မြောက်ထားပုံပေါ်လေသည်။