← Chapters

ဝိညာဥ်သစ်ပင်

Vol. 17 Ch. 227

ဝိညာဥ်သစ်ပင်

Vol. 17 Ch. 227

"ဒီအကြောင်းကို နောက်မှပြောကြတာပေါ့။ အခု သိမ်းငှက်ဖြူကို အရင်ဆုံးဒဏ်ရာကုပေးလိုက်ပါ"

ယဲ့ချန်က မြေပြင်တွင် လဲလျောင်းနေသော သိမ်းငှက်ဖြူထံ ကပ်သွားကာ ကောင်းကင်ချီများ ပေါင်းစပ်ပေးလိုက်သည်။ ထို့နောက် ဆေးလုံးတစ်လုံးကို ၎င်းအား တိုက်ကျွေးလိုက်၏။

ယဲ့ကျန့်ထန်းနှင့် အကြီးအကဲများက လက်အောက်ငယ်သားများကို အမိန့်ပေးကာ သိမ်းငှက်ဖြူအား ပတ်တီးစီးစေသည်။ သူတို့အနေဖြင့် ယဲ့မျိုးနွယ်၏ တိုက်ခိုက်ရေးအင်အားတစ်ခုဖြစ်လာမည့် သိမ်းငှက်ဖြူကို အဆုံးရှုံးမခံနိုင်ပေ။

ယဲ့မျိုးနွယ်က အလုပ်ရှုပ်နေကြပြီး သိမ်းငှက်ဖြူများက နာခံမှုရှိစွာဖြင့် တိတ်တဆိတ်ရပ်နေကြသည်။ လူငယ်လေးများက ၎င်းတို့ကို ကြောက်လန့်ခြင်းမရှိဘဲ စပ်စုလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေကြသည်။

ယဲ့မျိုးနွယ်တွင် မြေအဆင့် သိမ်းငှက်ဖြူတစ်ကောင်နှင့် အဆင့်တစ်ဆယ် သိမ်းငှက်များရောက်လာသဖြင့် အားလုံး ပျော်ရွှင်နေကြသည်။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ၎င်းတို့၏စိတ်ကို စစ်ဆေးလိုက်သည်။ သိမ်းငှက်ဖြူများက သူ၏သားရဲများဖြစ်လာသည့်အတွက် မှတ်ဉာဏ်များကို ဖတ်ရှုနိုင်လေသည်။

သိမ်းငှက်ဖြူများသည် ရှီဝူအင်ပါယာအရှေ့ပိုင်းကို စစ်ဆေးရန် တာဝန်ကျသော ဝံပုလွေအင်ပါယာ၏ ကင်းထောက်အဖွဲ့တစ်ခုဖြစ်သည်။ သူက ဤသတင်းကို သိလိုက်ရသောအခါ အလွန်တုန်လှုပ်သွားခဲ့သည်။

"ဝံပုလွေအင်ပါယာက လင်းယွန်တောင်တန်းကို လာနိုင်သည်လား"

သို့သော် အချိန်အတန်ကြာ သေချာတွေးတောပြီးနောက် ယဲ့ချန်က အတွေးလွန်နေသည်ဟု သတ်မှတ်လိုက်သည်။ ဝံပုလွေတိုင်းပြည်က အင်အားအလွန်ကြီးမားသဖြင့် ပိုင်နက်က ကြီးမားကျယ်ပြန့်သည်။ ထို့ကြောင့် ကင်းထောက်အဖွဲ့များစွာရှိပြီး မတော်တမှုကြောင့် ပျောက်ကွယ်သွားသော အဖွဲ့များလည်း ရှိနိုင်သည်။ သိမ်းငှက်ဖြူ ကင်းထောက်တပ်ဖွဲ့ ပျောက်ဆုံးသွားသည်ကို သူတို့က အရေးလုပ်မည်မဟုတ်ပေ။

သိမ်းငှက်ဖြူများ၏ မှတ်ဉာဏ်မှတဆင့် ယဲ့ချန်သည် ဝံပုလွေတိုင်းပြည်၏ ကြောက်စရာကောင်းပုံကို နားလည်လိုက်သည်။ သူတို့၏ခွန်အားက အလွန်ကြောက်စရာကောင်းသဖြင့် ထုံတန်၏အင်အားစုက ပိုင်နက်များဆုံးရှုံးရသည်မှာ အံ့သြစရာမဟုတ်ပေ။

သားရဲများ၏စစ်ပွဲက လူသားတိုင်းပြည်၏စစ်ပွဲထက် ပိုမိုကြမ်းတမ်းပြီး အံ့သြဖွယ်ကောင်းပေသည်။

ယဲ့ချန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ၏ရင်ထဲတွင် တာဝန်များစွာထမ်းထားရပြီး မျှဝေမည့်သူလည်း မရှိချေ။ ယဲ့မျိုးနွယ်ကိုကာကွယ်ရန် ခေါင်းဆောင်ဖြစ်သော သူ့ထံတွင် တာဝန်အပြည့်ရှိသည်။

ယဲ့မျိုးနွယ်ဝင်များက တောင်စောင်းတွင် သိမ်းငှက်ဖြူများနေထိုင်ရန် အသိုက်များဆောက်လုပ်ပေးခဲ့သည်။ လက်သမားများက သံသတ္တုများကိုအသုံးပြု၍ အခိုင်အမာဆောက်နေကြသဖြင့် ယဲ့မျိုးနွယ်က အလုပ်ရှုပ်ရပြန်သည်။

ယဲ့တောင်ကြားသို့ ပြန်ရောက်ပြီးနောက် ယဲ့ချန်သည် ငြိမ်းချမ်းမှုနှင့် အိမ်၏အရသာကို ခံစားလိုက်မိသည်။ သူက ဆွေမျိုးများနှင့် စကားစမြည်ပြောခဲ့သည်။

အမွေးပွလေးသည်လည်း သူမ၏ဆွေမျိုးများ အသက်ရှင်ကြောင်း သိလိုက်ရသဖြင့် ဝမ်းနည်းမနေတော့ပေ။

ဝူစီနှင့်ရှောင်ရိကမူ အပျော်ဆုံးဖြစ်ဟန် တူလေသည်။ သူတို့နှင့် သက်တူရွယ်တူကလေးများစွာ ယဲ့မျိုးနွယ်တွင်ရှိသောကြောင့် ကစားနိုင်ခဲ့သည်။ ယဲ့မျိုးနွယ်ကလေးများနှင့် ရှောင်ရိက ဘောလုံးကစားခဲ့လေသည်။

တောင်ကြား၏ ထောင့်တစ်နေရာတွင် ရေကန်တစ်ခုနှင့် လွင်ပြင်တစ်ခုရှိသည်။

ယဲ့ချန်က အမွေးပွလေးကို ခေါ်ဆောင်ပြီး ထိုနေရာသို့ သွားရောက်ခဲ့သည်။ သူက လက်မောင်းကာအတွင်းမှ သစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်း၏အထက်တွင် အစိမ်းရောင်သန်းနေပြီး ယဲ့ချန်အနေဖြင့် ၎င်းက မည်သည့်အမျိုးအစားဖြစ်မည်ကို သိချင်နေခဲ့သည်။

သစ်တုံးကိုစိုက်ပျိုးရန် သစ်သားချီများကို အသုံးပြုရသည်။ ယဲ့ချန်သည် သစ်သားစိမ်းကျင့်စဥ်ကိုလည်ပတ်၍ ပတ်ဝန်းကျင်မှသစ်သားချီများကို စုစည်းလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်း သစ်သားချီများ ပြည့်နှက်ကုန်သည်။ အမွေးပွလေးက ယဲ့ချန်၏ပခုံးပေါ်တွင်ရပ်၍ သစ်တုံးကို စိုက်ကြည့်နေခဲ့သည်။

ယဲ့ချန်က သစ်သားချီများကို သစ်တုံးထံ ပို့လွှတ်လိုက်သည်။ သစ်တုံးက အသက်ဝင်လာဟန်ဖြင့် သစ်သားချီများကို အရှိန်ပြင်းပြင်းစုပ်ယူလိုက်သောအခါ ဝဲတစ်ခုပင် ဖြစ်ပေါ်လာသည်။

ယဲ့ချန်သည် သူ၏ကိုယ်တွင်းရှိ သစ်သားချီများ ကုန်ခမ်းစပြုလာသဖြင့် ဓားပျံကို ဆက်တိုက်လှုံ့ဆော်နေရသည်။

ဓာတ်ကြီးငါးပါးက အချင်းချင်းဆက်စပ်နေ၍ ရေက သစ်သားကို မွေးဖွားစေသည်။

ယဲ့ချန်က ရေနတ်ဘုရားကျင့်စဥ်ကို သစ်သားစိမ်းကျင့်စဥ်နှင့်အတူ ပူးပေါင်းလည်ပတ်လိုက်သည်။ ရေချီများက ရေကန်အတွင်းမှထွက်ပေါ်လာပြီး သစ်သားချီနှင့်ပေါင်းစပ်သွားကာ သစ်တုံးထံ စီးဝင်သွားခဲ့သည်။

နာရီဝ​က်အကြာတွင် သစ်သားချီများကြောင့် သစ်တုံးက စိမ်းလန်းလာပြီး အဖူးတစ်ခုနှင့် အရွက်သုံးရွက်ကို ထုတ်လုပ်ပေးခဲ့သည်။

ယဲ့မျိုးနွယ်ဝင်များသည် ကောင်းကင်ချီစုစည်းမှုကို သတိထားမိသဖြင့် ရေကန်ထံ အပြေးအလွှားရောက်လာကြသည်။ သို့သော် သူတို့သည် ကောင်းကင်ချီများရစ်သိုင်းနေသည့် ယဲ့ချန်က တစ်စုံတစ်ခုကိုကိုင်ထားသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ သူတို့က ရှေ့မတက်ရဲသဖြင့် အဝေးမှသာ စောင့်ကြည့်နေခဲ့ကြသည်။

"ခေါင်းဆောင်က ဘာလုပ်နေတာလဲ"

လူတိုင်းက ယဲ့ချန်၏လုပ်ရပ်ကို စပ်စုနေကြသည်။

ထိုအချိန်တွင် ကောင်းကင်မှ နေရောင်ခြည်များက သစ်တုံးအပေါ် ကျရောက်သွားသည်။

"ဝုန်း"

ထို့နောက် ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာလေသည်။ သေဆုံးနေဟန်တူသော သစ်တုံးထံမှ အစိမ်းရောင်အကိုင်းအခက်များနှင့် သစ်ရွက်များ လျင်မြန်စွာထွက်ပေါ်လာကြသည်။ သစ်တုံး၏အောက်ခြေမှ အမြစ်များလည်း ထွက်ပေါ်လာသည်။ ယဲ့ချန်သည် ရုတ်တရက်ကြီးထွားလာသော သစ်တုံးကို ဆက်မကိုင်ထားတော့ဘဲ မြေပြင်ပေါ်သို့ လျင်မြန်စွာပစ်ချလိုက်သည်။

"ဒီသစ်ပင်က တကယ်အသက်ဝင်လာပြီ"

သစ်ပင်၏ကြီးထွားနှုန်းက မြန်ဆန်လွန်းသဖြင့် ယဲ့ချန်မှာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေရသည်။ မူလတွင် သစ်တုံး၌ အဖူးတစ်ခုသာ ထွက်ပေါ်လာသောကြောင့် သူက ၎င်းကို မြေဆီလွှာအတွင်းစိုက်ပျိုးကာ နေ့စဥ်ဂရုစိုက်ပြုစုရမည်ဟု ထင်ထားခဲ့သည်။ ၎င်းက မျက်တောင်တစ်ခတ်အတွင်း လေးငါးမီတာမြင့်သော သစ်ပင်ငယ်တစ်ခုအဖြစ် ကြီးထွားလာမည်ဟု မမျှော်လင့်ထားပေ။ သစ်မြစ်များကလည်း ချက်ချင်းရှည်ထွက်လာကြသည်။

မြေပြင်တွင် သစ်တုံးက အမြစ်တွယ်သွားပြီး ၎င်း၏အမြစ်များက ကျောက်စိုင်ကျောက်သားများကိုပင် ထိုးဖောက်သွားခဲ့သည်။ ထို့နောက် သစ်မြစ်များက ပိုမိုကြီးထွားလာသည်။ ရေသောက်မြစ်တစ်ခုက ဆယ်မီတာအကွာတွင်ရှိသော ရေကန်ထံ တဟုန်ထိုးဝင်ရောက်သွားသည်။ ခဏအတွင်း ရေကန်၏ရေမျက်နှာပြင်က စုပ်ယူခံနေရသဖြင့် ဝုန်းခနဲနိမ့်ဆင်းသွားခဲ့သည်။

ကြီးထွားနှုန်းတွင် မြန်ဆန်နေသည်မှာ သစ်မြစ်များတင်မဟုတ်ဘဲ အကိုင်းအခက်၊ အရွက်နှင့် ပင်စည်လည်း ပါဝင်သည်။ သစ်ပင်၏ပင်စည်က လက်မောင်းအရွယ်အစားမှတဆင့် လူတစ်ယောက်၏ပေါင်လုံးခန့်၊ ထို့နောက် လူသုံးယောက်ဖက်စာခန့်အထိ ကြီးထွားလာသည်။ မိနစ်ပိုင်းအတွင်း ၎င်း၏အမြင့်ကလည်း မီတာဒါဇင်ကျော်သွားခဲ့သည်။ အချိန်ခဏအတွင်း ဤသစ်ပင်က ဧရာမကြီးထွားလာခဲ့သည်။

"ဘုရားရေ"

ယဲ့မျိုးနွယ်ဝင်များမှာ မျက်တောင်တခတ်အတွင်း ကြီးထွားလာသော သစ်ပင်ကို မျက်မြင်တွေ့လိုက်ရသဖြင့် အိပ်မက်ပမာ ခံစားနေရသည်။

ယဲ့ချန်သည်လည်း ဤသစ်ပင်ကြောင့် အံ့သြနေခဲ့သည်။ သူက ၎င်းကို သံသယဖြင့်စစ်ဆေးရန် ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းက မိစ္ဆာအမျိုးအစားတစ်ခုခုဖြစ်နေလျှင် ချက်ချင်းဖျက်ဆီးနိုင်ရန် မီးချီများကိုပင် အသင့်ပြင်ထားခဲ့သည်။ သို့သော် သစ်ပင်ထံတွင် ပြင်းထန်အားကောင်းလွန်းသော အသက်အားမှလွဲ၍ မည်သည့်ထူးဆန်းမှုကိုမှ မတွေ့ခဲ့ချေ။

ထို့နောက် သစ်ပင်၏အမြင့်က မီတာသုံးဆယ်သို့ရောက်သောအခါ ချက်ချင်းတည်ငြိမ်သွားခဲ့သည်။

ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤသစ်ပင်သာ ဆက်လက်ကြီးထွားနေလျှင် ယဲ့တောင်ကြားရှိ အဆောက်အအုံများ ပျက်စီးသွားနိုင်သည်။

"ခေါင်းဆောင် ဒါက ဘယ်လိုသစ်ပင်မျိုးလဲ"

ယဲ့မျိုးဝင်များက ပြိုင်တူစပ်စုလိုက်ကြသည်။

"ငါလည်းမသိဘူး"

ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။ သစ်ပင်၏ကြီးထွားနှုန်းက သူတွေးနိုင်သည်ထက်ပင် ကျော်လွန်နေသည်။ ထို့ကြောင့် သစ်ပင်၏အမျိုးအစားကို မခွဲနိုင်ခင် ၎င်းက ဤအခြေအနေအထိ ကြီးမားသွားခဲ့သည်။

သစ်ပင်၏ပတ်ဝန်းကျင်တွင် သစ်သားချီများ ထူထပ်သိပ်သည်းနေသည်။ ၎င်းက သစ်သားချီကျင့်ကြံသူများအတွက် အသုံးဝင်သော်လည်း မိုးကြိုးချီကိုကျင့်ကြံသော ယဲ့မျိုးနွယ်ဝင်များအတွက် အကျိုးမရှိပေ။

"ခေါင်းဆောင်ဟောင်း ရောက်လာပြီ"

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထန်းသည်လည်း ဧရာမသစ်ပင်ကြီးကြောင့် ရောက်ရှိလာကြသည်။

"ချန်အာ ဘာတွေဖြစ်နေတာလဲ"

ယဲ့ကျန့်ထန်းက အခြေအနေကိုစုံစမ်းသည်။

"အဖေ ကျွန်တော်က ကျောက်စိမ်းမြို့ကနေ သစ်တုံးတစ်ခုကိုဝယ်ခဲ့တယ်။ အဲ့တာက သေနေတယ်လို့ထင်ရပေမယ့် အသက်အားတစ်ခုရှိနေတယ်။ ဒါကြောင့် ဒီနေရာမှာယူလာပြီး သစ်သားချီနဲ့ ထောက်ပံ့စိုက်ပျိုးလိုက်တယ်။ သစ်ပင်က ကောင်းကင်ချီတွေကြောင့် ဒီလောက်မြန်မြန်ကြီးလာမယ်လို့ မထင်ထားဘူး။ ခဏလေးအတွင်း ဒါက သစ်ပင်ကြီးတစ်ပင်ဖြစ်လာတယ်"

ယဲ့ချန်က ရှင်းပြလိုက်သည်။

"အချိန်ခဏလေးအတွင်း ကြီးမားလာတယ်။ ဒီလိုသစ်ပင်မျိုးကို မကြားဖူးဘူး။ ဝိညာဥ်သစ်ပင် အမျိုးအစားတစ်ခုများ ဖြစ်နေမလား"

ယဲ့ချိန်ရွှမ်းက တွေးတွေးဆဆပြောလိုက်သည်။

"ကြည့်ရတာ စွယ်စုံကျမ်းကနေ အဖြေရှာရမယ့်ပုံပဲ"

ယဲ့ကျန့်ထန်းက အကြံပေးလိုက်သည်။

အကယ်၍ ဤသစ်ပင်ကသာ ရတနာတစ်ခုဖြစ်နေလျှင် ၎င်းကို မျိုးနွယ်အကျိုးအတွက် အသုံးချရပေမည်။

ယဲ့မျိုးနွယ်ဝင်များကလည်း သစ်ပင်အနီးတွင်ဝိုင်း၍ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။

"ဒီအပင်က ထပ်ကြီးဦးမှာလား"

"ဖြစ်နိုင်တယ်"

"ဒီသစ်ပင်ရဲ့အမည်ကို ရှာမတွေ့ခင် ဝိညာဥ်သစ်ပင်လို့ ခေါ်ကြမယ်"

ယဲ့ချန်က ဘေးတွင်တိတ်တဆိတ်ရပ်နေပြီး သစ်ပင်၏ပုံသဏ္ဍာန်ကို လက်မောင်းကာ၏ပိုင်ရှင် ထားခဲ့သော စာအုပ်များတွင် ရှာဖွေနေသည်။ လက်မောင်းကာ၏ပိုင်ရှင်က သစ်ပေါင်းသောင်းချီ၏အသွင်သဏ္ဍာန်နှင့် အသုံးပြုပုံများကို မှတ်တမ်းတင်ထားခဲ့သည်။ အချို့က ဆေးလုံးများအဖြစ်သန့်စင်နိုင်ပြီး အချို့ကို အဆိပ်ဖြေရာတွင် သုံးနိုင်သည်။ အချို့က အလွန်အဆိပ်ပြင်းလေသည်။

တစ်နာရီကြာ ရှာဖွေသည့်တိုင်အောင် ယဲ့ချန်သည် သစ်ပင်၏အမျိုးအစားကို မတွေ့ခဲ့ပေ။ သူ၏ဝိညာဥ်အသိစိတ်ဖြင့် အနီးကပ်ကြည့်ရှုလိုက်သောအခါ သစ်ရွက်များက ထူးဆန်းသော ကြယ်တစ်လုံးသဏ္ဍာန်ရှိကြောင်း သိခဲ့ရသည်။ နေရောင်အောက်တွင် ၎င်းတို့က အစိမ်းရောင်ကြယ်များကဲ့သို့ တောက်ပလင်းလက်နေလေသည်။

All Chapters