ကောင်းကင်ကြယ်တာရာပင်မတံဆိပ်
Vol. 17 Ch. 228
သစ်ပင်ကြီးက ထီးတစ်လက်ဖွင့်ထားသည့်ပမာ အကိုင်းအခက်များ ဝေဆာစွာနှင့်တည်ရှိနေသည်။ သစ်ရွက်များပေါ်တွင် ရေကြောများ ထင်ရှားစွာထွက်ပေါ်နေသည်။ ထို့နောက် ပန်းဖူးများ ဖြစ်ပေါ်လာ၍ ပွင့်လန်းလာသောအခါ ခဏအတွင်း ပတ်ဝန်းကျင်၌ ပန်းရနံ့များ သင်းပျံ့လာလေသည်။
ယဲ့ချန်သည် ဝိညာဥ်သစ်ပင်မှ ပန်းများပွင့်လာသောအခါ ရုတ်တရက်ထိတ်လန့်သွားမိသည်။ သူက သတိကြီးစွာဖြင့် အသက်ရှူအောင့်လိုက်သည်။
"လူတိုင်း နောက်ဆုတ်ကြ"
ယဲ့ချန်က သူ၏မျိုးနွယ်ဝင်များကို အော်ဟစ်အမိန့်ပေးကာ အမွေးပွလေးကိုပိုက်၍ ချက်ချင်းခုန်ထွက်လိုက်သည်။
ယဲ့မျိုးနွယ်ဝင်များကလည်း သူ၏စကားအတိုင်း တသဝေမတိမ်းလိုက်နာခဲ့ကြသည်။
"ခေါင်းဆောင် ဘာမှားနေလို့လဲ"
သူတို့က ပြိုင်တူမေးလိုက်ကြသည်။
လက်မောင်းကာပိုင်ရှင်၏ မှတ်တမ်းများကြောင့် ယဲ့ချန်အနေဖြင့် မပေါ့ဆရဲပေ။ အချို့သစ်ပင်များက ပန်းပွင့်လာလျှင် ၎င်းတို့၏ရနံ့က အလွန်အဆိပ်ပြင်းသည်။ သတိထားခြင်းက ပိုသည်ဟုမရှိသောကြောင့် အမျိုးအမည်မသိရသော ဤသစ်ပင်ကို သူက အထင်မသေးရဲပေ။
"လူတိုင်း သစ်ပင်ဆီကနေ ဝေးဝေးသွားကြ"
ယဲ့ချန်က ထပ်မံအမိန့်ပေးလိုက်ပြီး နေရာတွင်ထိုင်ချလိုက်သည်။
အစောပိုင်းတွင် သူက ပန်းရနံ့အချို့ကို ရှူလိုက်မိသောကြောင့် အန္တရာယ်ရှိမရှိ စစ်ဆေးလိုက်သည်။ ယဲ့ချန်သည် ကောင်းကင်ချီကို တစ်ကိုယ်လုံးလှည့်ပတ်ပြီး အဆိပ်လက္ခဏာရပ်များကို ရှာဖွေလိုက်သည်။ ကောင်းကင်ချီများက ချောချောမွေ့မွေ့စီးဆင်းနေပြီး ပြဿနာတစ်စုံတစ်ရာမရှိသောကြောင့် သူက စိတ်အေးသွားရသည်။
"လေ့လာရသလောက်ဆိုရင် ပန်းရနံ့က ပြဿနာမရှိဘူး။ ငါ့သွေးကြောတွေနဲ့ အဆုတ်က ပုံမှန်အတိုင်း အလုပ်လုပ်တယ်ဆိုတော့ အဆိပ်မရှိနိုင်ဘူး"
ယဲ့ချန်က လက်မောင်းကာပိုင်ရှင်၏ မှတ်တမ်းများအတိုင်း စစ်ဆေးနည်းပေါင်းစုံဖြင့် ကိုယ့်ကိုကိုယ်စမ်းသပ်လိုက်သည်။ သူက ချက်အထက်တွင်ရှိသော ထျန်းတုအကြောဆုံကိုပင် ငွေအပ်ဖြင့်စိုက်ကာ စစ်ဆေးခဲ့လေသည်။
ထူးခြားသော တုံ့ပြန်မှုမရှိကြောင်း သိရသောအခါတွင်မှ ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဤသစ်ပင်က အဆိပ်ပင်အမျိုးအစားမဟုတ်ဘဲ အမှန်တကယ် ဝိညာဥ်သစ်ပင်အမျိုးအစားတစ်ခု ဖြစ်နေပုံပေါ်သည်။ ယဲ့ချန်အနေဖြင့် ၎င်း၏အသုံးဝင်ပုံကို သိရရန်အတွက် ပန်းပွင့်နှင့်သစ်ရွက်များကိုယူကာ စစ်ဆေးစမ်းသပ်ရပေလိမ့်မည်။
"အဆင်ပြေပြီ"
ယဲ့ချန်က လက်ဝှေ့ယမ်းပြလိုက်သောအခါတွင်မှ ယဲ့မျိုးနွယ်ဝင်များ စိတ်အေးသွားကြသည်။
ဝိညာဥ်သစ်ပင်သည် ယဲ့မျိုးနွယ်တွင် ဆွေးနွေးစရာခေါင်းစဥ်တစ်ခု ဖြစ်လာသည်။ သစ်ပင်ပေါက်ချိန်က မမြင်လိုက်ရသော မျိုးနွယ်ဝင်များပင် အပြေးအလွှားလာရောက်ကြည့်ရှုခဲ့ကြသည်။ လူတိုင်းက ဝိညာဥ်သစ်ပင်၏သရုပ်မှန်ကို စပ်စုလိုနေကြသည်။
ယဲ့ချန်သည် လက်မောင်းကာပိုင်ရှင်၏ မှတ်တမ်းများအတွင်း လှန်လှောရှာဖွေခဲ့သော်လည်း သစ်ပင်အကြောင်း ရှာမတွေ့ခဲ့ပေ။ ယဲ့မျိုးနွယ်ပိုင်ဆိုင်သမျှ စာအုပ်များတွင်ရှာဖွေခဲ့ကြသော ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းလည်း ထိုနည်းတူပင်ဖြစ်သည်။ ဤသစ်ပင်၏ သရုပ်မှန်နှင့် အမျိုးအစားက ဆန်းကျယ်မှုဖြစ်လာခဲ့သည်။
တောင်ကြားတစ်ခုလုံး မွှေးပျံ့သောရနံ့တစ်ခု သင်းပျံ့နေသည်။ ၎င်းက ယဲ့ချန်စိုးရိမ်ထားသကဲ့သို့ ဆိုးကျိုးလုံးဝမရှိဘဲ ရှူမိသူအပေါင်းကို ရွှင်လန်းတက်ကြွစေသည်။ ပင်ပန်းနေသူတစ်ယောက်က ဤရနံ့ကို ခပ်ပြင်းပြင်းရှူလိုက်လျှင် မောပန်းမှုများယူပစ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်။ ၎င်းက စိတ်ကိုလည်း ရှင်းလင်းစေသည်။
လက်ရှိတွင် ဝိညာဥ်သစ်ပင်သည် ယဲ့မျိုးနွယ်အတွက် ကောင်းကျိုးများကိုသာ ပေးစွမ်းနေခဲ့သည်။
ယဲ့ချန်သည် ဝိညာဥ်သစ်ပင်၏ပွင့်ချပ်နှင့် သစ်ရွက်များကို ယူကာ အခန်းတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူက ရှေးဟောင်းဆေးပညာ၏နည်းလမ်းများနှင့် ၎င်း၏ဆေးဖက်ဝင်ပုံကို ဖော်ထုတ်လိုခဲ့သည်။ ရှေးဟောင်းဆေးပညာတွင် ယဲ့ချန်၏အဆင့်က အငယ်တန်းဆေးဆရာတစ်ယောက်အောက် မနိမ့်သောကြောင့် ဆေးပင်များ၏ဂုဏ်သတ္တိကို လေ့လာနိုင်လေသည်။
ရက်အနည်းငယ် ကြာမြင့်လာသော်လည်း ယဲ့ချန်က ဝိညာဥ်သစ်ပင်၏ဆေးဖက်ဝင်ပုံကို ရှာမတွေ့ခဲ့ပေ။ ဝိညာဥ်သစ်ပင်၏ အရွက်များတွင်ရှိနေသော ကောင်းကင်ချီပမာဏက ချီစုစည်းဆေးလုံးနှင့် ချီပြိုကွဲဆေးလုံးကဲ့သို့ အခြေခံဆေးလုံးများ ဖြစ်လာရန်ပင် မလုံလောက်ပေ။ ၎င်း၏အစိတ်အပိုင်းများက သာမန်ဆန်၍ အဆိပ်မရှိဟူသော အချက်မှလွဲလျှင် မည်သည်ကိုမှ ယဲ့ချန်က မဖော်ထုတ်နိုင်ခဲ့ပေ။
သို့သော် ဤမျှအသက်အားပြင်းထန်သော ဝိညာဥ်သစ်ပင်က သေချာပေါက် အသုံးဝင်မည်ဟု ယဲ့ချန်က ယုံကြည်ထားသည်။ ၎င်း၏ကြောက်မက်ဖွယ်ကြီးထွားနှုန်းကို သူကိုယ်တိုင်မြင်ထားသဖြင့် အသုံးမဝင်ဟု လက်မခံနိုင်ပေ။
ထို့နောက် ယဲ့ချန်သည် အသေအချာစဥ်းစားပြီးနောက် သစ်သားစိမ်းကျင့်စဥ်၏အဆင့်သုံးဆင့်ကို သူ၏မျိုးနွယ်ဝင်များထံ လက်ဆင့်ကမ်းရန် ဆုံးဖြတ်လိုက်သည်။ သူက ဖခင်နှင့်အဘိုးကို ဖွင့်ဟတိုင်ပင်ပြီး သစ်သားချီကျင့်ကြံသူများကို သစ်သားစိမ်းကျင့်စဥ် သင်ကြားပေးခဲ့သည်။ ဝိညာဥ်သစ်ပင်၏ဘေးတွင် စုစည်းနေသော သစ်သားချီများက သစ်သားစိမ်းကျင့်စဥ်ကျင့်ကြံရာတွင် သေချာပေါက်ကူညီနိုင်ပေလိမ့်မည်။
ယဲ့ချန်သည် လောကအမျက်၊ တောင်ခွဲခွန်းလွန်နှင့် နေမင်းဖြိုခွင်းသိုင်းပညာသုံးခုကို အနည်းငယ်ပြင်ဆင်မွမ်းမံကာ ယဲ့မျိုးနွယ်အတွက် ထုတ်ပေးလိုက်သည်။
ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ပိုမိုနားလည်လာသည်နှင့်အမျှ ယဲ့ချန်သည် သိုင်းပညာရပ်များကို လွယ်ကူစွာပြောင်းလဲ ပြင်ဆင်နိုင်စွမ်းရှိလာသည်။ ကြယ်တာရာကျင့်စဥ်သည် ဤလောကရှိကျင့်စဥ်အားလုံး၏ အခြေခံကဲ့သို့ ဖြစ်တည်နေသည်။ မည်မျှခက်ခဲရှုပ်ထွေးသော ကျင့်စဥ်ဖြစ်ပါစေ ယဲ့ချန်က အနည်းငယ်မျှအားထုတ်ရုံနှင့် တတ်မြောက်နိုင်ခဲ့သည်။ ဥပမာ စကြဝဠာလက်ဝါးကဲ့သို့ သိုင်းပညာရပ်များဖြစ်သည်။
စကြဝဠာလက်ဝါးသိုင်းနှင့်အတူ မှတ်တမ်းတင်ထားသော သိုင်းပညာများက အဆင့်ခြောက်အထက်ကျင့်စဥ်များဖြစ်၍ သာမန်လူများနားလည်ရန် ခက်ခဲပေသည်။ သို့သော် ယဲ့ချန်က ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကြောင့် ဤအခက်အခဲကို လျစ်လျူရှုနိုင်ခဲ့သည်။
ယဲ့ချန်၏စိတ်အတွင်းရှိနေသော ဓားပျံကလည်း အကြီးအကဲထျန်းယွမ်ကဲ့သို့ အစွမ်းထက်သူမျိုးကိုပင် အံ့သြစေသည်။
ယဲ့ချန်အနေဖြင့် ကြယ်တာရာကျင့်စဥ်၏တီထွင်သူကို သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ ထိုလူ၏သိုင်းပညာရပ်များအပေါ် နားလည်မှုက ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေသည်။ နားလည်မှုအဆင့်က သာမန်လူများ တွေးပင်မတွေးနိုင်လောက်သော အဆင့်ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ယဲ့မျိုးနွယ်ဝင်များက သိမ်းငှက်ဖြူဆယ့်ခြောက်ကောင်အတွက် အစီအစဥ်များ ဆွဲလိုက်သည်။ အချို့ကို ကျန်းတပ်ဖွဲ့နှင့် လေ့ကျင်စေသည်။ ယဲ့ချိန်ရွှမ်းနှင့်ယဲ့ကျန့်ထန်းက ဤသားရဲများကို အမြော်အမြင်ရှိရှိ ကိုင်တွယ်ခဲ့သည်။ သူတို့က အုပ်စုဖွဲ့တိုက်ပွဲပုံစံများကိုပင် အထူးစီမံထားကြသည်။
ယဲ့မျိုးနွယ်သည် ရှီဝူအင်ပါယာတွင် ပထမဆုံးမိုးပျံတပ်ဖွဲ့ ပိုင်ဆိုင်သော မျိုးနွယ်ဖြစ်လာခဲ့သည်။
ယဲ့ချန်သည် ယဲ့မျိုးနွယ်တစ်ခုလုံးကို လိုက်လံစစ်ဆေးလိုက်သည်။ အမွေးပွလေးက ချီစုစည်းအစီအရင်၏ အစွန်းတွင်ထိုင်ကာ ကျင့်ကြံနေသည်။ သူက ရေကန်နံဘေးမှတဆင့် သစ်တောထံ ရောက်ရှိလာခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များတွင် အချို့က မျောက်ဝံဖြူခုတ်လာသော လသစ်ပင်ကို ဖြေရှင်းနေကြသည်။ အချို့က လင်ဇီးများခူးဆွတ်နေကြကာ အချို့က သစ်တောဧရိယာကိုတိုးချဲ့ရန် သစ်ပင်များ စိုက်ပျိုးနေခဲ့သည်။
အချိန်အတန်ကြာဆွေးနွေးပြီးနောက် ယဲ့မျိုးနွယ်တစ်ခုလုံးသည် လင်ဇီးများစိုက်ပျိုးသည့် ဧရိယာကိုတိုးချဲ့ရန် သစ်တောကိုတိုးချဲ့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ အစားအသောက်အတွက် အသီးအနှံများကိုမစိုက်ပျိုးဘဲ ယဲ့ကျန့်ထန်းအကူအညီဖြင့် ပြင်ပမှတင်သွင်းသည်။ မိုးပျံမှော်သားရဲများနှင့် သိုလှောင်အိတ်များရှိသောကြောင့် ဤကိစ္စက အလွယ်တကူပင်။
ယဲ့မျိုးနွယ်တောင်ကြားအတွင်း သစ်တောဧရိယာက တစ်နှစ်အတွင်း နှစ်ဆဖြစ်ရမည်ဟု ဆုံးဖြတ်ထားကြသည်။ ထို့နောက် လင်ဇီးထုတ်လုပ်မှုပမာဏက နောက်တစ်ဆင့်သို့ ခုန်ပေါက်တိုးတက်သွားပေမည်။
"ချန်အာ မင်းရောက်လာပြီလား"
ယဲ့ချိန်ရွှမ်းသည် ယဲ့ချန်ကိုမြင်သောအခါ ကြိုဆိုလိုက်သည်။ သူက ဤနေရာရှိ ကုန်ထုတ်လုပ်မှုကိုစစ်ဆေးရန် ယဲ့ကျန့်ထန်းနှင့်အတူ ရောက်ရှိနေခြင်းဖြစ်သည်။
"ဟုတ်ကဲ့ ဘိုးဘိုးကြီး ကျွန်တော်က တစ်ချက်လောက်ပတ်ကြည့်နေတာပါ"
ယဲ့ချန်က အလုပ်ရှုပ်နေသော ယဲ့မျိုးနွယ်ဝင်များကို ဝေ့ကြည့်လိုက်သည်။
"ယဲ့မျိုးနွယ်က ဒီလိုအခြေအနေအထိ တိုးတက်လာတာ အိပ်မက်ဆန်လွန်းတယ်"
ယဲ့ချိန်ရွှမ်းက အဝေးသို့မျှော်ကြည့်၍ တွေးတွေးဆဆပြောလိုက်သည်။ ခြောက်လအကြာက ယဲ့မျိုးနွယ်သည် ဤမျှတိုးတက်လာမည်ဟု မည်သူမှမထင်ထားခဲ့ပေ။
"ချန်အာ မင်းယူလာတဲ့ ဝိညာဥ်သစ်ပင်က မဆိုးဘူး။ တောင်ကြားတစ်ခုလုံးကို ပန်းရနံ့တွေ လွှမ်းခြုံထားနိုင်တယ်"
လက်ထဲတွင် လင်ဇီးရိုးတံငါးခုခြောက်ခုကို ကိုင်ထားသော ယဲ့ကျန့်ထန်းက ပြောလိုက်ခြင်းဖြစ်သည်။
"ပြီးတော့ မိုးပျံမှော်သားရဲတွေကလည်း ဝိညာဥ်သစ်ပင်ကို အတော်ကြိုက်ကြတယ်။ သူတို့က အဲ့သစ်ပင်ကို မကြာခဏလာကြတယ်"
သိမ်းငှက်ဖြူများကို လေ့ကျင့်ပေးရန် တာဝန်ယူထားသော ယဲ့ကျန့်ထန်းက ၎င်းတို့၏အပြုအမူကို အမြဲဂရုစိုက်နေသဖြင့် ဤအချက်ကို သတိထားမိခဲ့သည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သောအခါ ဝိညာဥ်သစ်ပင်၏ပတ်ဝန်းကျင်တွင် စုဝေးနေကြသော မိုးပျံမှော်သားရဲများကို တွေ့ခဲ့သည်။ ဤသစ်ပင်က အဘယ်ကြောင့် မိုးပျံမှော်သားရဲများကို ဆွဲဆောင်နိုင်သနည်းဟူသော အတွေးက သူ၏စိတ်ကို ရှုပ်ထွေးစေခဲ့သည်။
"ကျွန်တော်က သစ်ကိုင်း၊ သစ်ရွက်နဲ့ ပန်းပွင့်တွေကိုယူပြီး ဆရာ့ဆီမှာ မေးကြည့်ထားမယ်"
ယဲ့ချန်က တစ်ချက်တွေးဆ၍ အကြားအမြင်ဗဟုသုတများသော ဆေးဆရာရွှမ်းယီကို သတိရမိလိုက်သည်။
"မင်း ထွက်သွားဦးမလို့လား"
ယဲ့ကျန့်ထန်းက တိတ်ဆိတ်သွားခဲ့သည်။ ယဲ့ချန်ပြန်ရောက်လာသည်မှာ မကြာသေးပေ။
"ဟုတ်ကဲ့"
ယဲ့ချန်က ဤနေရာကိုနှစ်သက်သော်လည်း အရေးကြီးအလုပ်များက သူ့ကို စောင့်ကြိုနေကြသည်။
အချိန်ခဏတာစဥ်းစားပြီးနောက် ယဲ့ကျန့်ထန်းက ဤအချက်ကို လက်ခံနိုင်ခဲ့သည်။ သူ၏သားက ကောင်းကင်တွင်ဝဲပျံမည့် နဂါးတစ်ကောင်ဖြစ်နေသောအခါ ဤတောင်ကြားလေးတွင် ထာဝရမနေသင့်ချေ။
"မင်း ဘယ်အချိန်သွားမလဲ"
ယဲ့ချိန်ရွှမ်းက မေးလိုက်သည်။ သူကလည်း ယဲ့ချန်ကို မြေးအရင်းပမာ ချစ်ခင်သောကြောင့် ဝမ်းနည်းနေသည်။
"ရက်အနည်းငယ်အတွင်း"
ယဲ့ချန်က ဤတောင်ကြားသို့ရောက်နေသည်မှာ ငါးရက်ခန့် ရှိနေပြီဖြစ်သည်။
"ငါ မင်းခရီးသွားဖို့ လိုတာတွေပြင်ဆင်ပေးမယ်"
ယဲ့ကျန့်ထန်းက ခဏတာတိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"ဟုတ်ကဲ့"
သူခရီးသွားချိန်တိုင်း ဖခင်နှင့်အဘိုးက နေ့စဥ်သုံးပစ္စည်းများကို ထုပ်ပိုးပေးတတ်သည်။ ၎င်းတို့က များစွာအသုံးမဝင်သော်လည်း ချစ်ခြင်းမေတ္တာ၏ ပြယုဂ်ဖြစ်သောကြောင့် ယဲ့ချန်က မငြင်းခဲ့ပေ။
"အဘိုး အဖေ ကျွန်တော် အတင့်ရဲစွာနဲ့ တစ်ခုလောက်တောင်းဆိုပါရစေ"
ယဲ့ချန်က တစ်စုံတစ်ခုကို လေးနက်စွာတွေးတောပြီး ပြောလိုက်သည်။
"ပြောပါ"
ယဲ့ချိန်ရွှမ်းက ရယ်ရယ်မောမောပြောလိုက်၏။
"ကျွန်တော့်ကို ကောင်းကင်ကြယ်တာရာပင်မတံဆိပ်တော် ပေးပါ"
ကောင်းကင်ကြယ်တာရာတံဆိပ်က နှစ်ခုရှိ၍ အကြီးနှင့်အသေးခွဲခြားထားသည်။ ယဲ့ချန်၏လက်ထဲရှိ တံဆိပ်က သေးငယ်သောကြောင့် လက်ထောက်တံဆိပ်ဖြစ်သည်။ ပင်မတံဆိပ်ကိုမူ ယဲ့ကျန့်ထန်းက ထိန်းသိမ်းထားသည်။
လက်ထောက်တံဆိပ်အတွင်း၌ အစွမ်းထက် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ရှိနေသည်။ ထို့ကြောင့် ပင်မတံဆိပ်အတွင်း၌ ပို၍ကြောက်စရာကောင်းသော သားရဲတစ်ကောင်ရှိနေနိုင်သည်။ သို့ဖြစ်လျှင် ယဲ့ကျန့်ထန်းအတွက် မလုံခြုံပေ။ ထို့ကြောင့် ယဲ့ချန်သည် ပင်မတံဆိပ်အတွင်းစစ်ဆေးပြီး သားရဲတစ်ကောင်ရှိနေလျှင် မလွတ်မြောက်နိုင်စေရန် အစီအစဥ်ဆွဲရပေမည်။
ယဲ့ကျန့်ထန်းက အနည်းငယ်တုံ့ဆိုင်းသွားသည်။ ကောင်းကင်ကြယ်တာရာတံဆိပ်က အသုံးမဝင်သော်လည်း ယဲ့မျိုးနွယ်၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။ ယဲ့ချန်သာ ကောင်းကင်ကြယ်တာရာတံဆိပ်နှစ်ခုလုံးကို ပျောက်ဆုံးသွားလျှင် သူက ဘိုးဘေးများကို မျက်နှာမပြဝံ့ချေ။ သို့သော် ယဲ့ချန်က လက်ရှိမျိုးနွယ်ခေါင်းဆောင်ဖြစ်နေသောကြောင့် ယဲ့ကျန့်ထန်းက ငြင်းရန်အကြောင်းလည်း မရှိပေ။
"မင်းက ယဲ့မျိုးနွယ်ရဲ့ လက်ရှိခေါင်းဆောင်ဆိုတော့ ပင်မတံဆိပ်ကို ယူခွင့်ရှိပါတယ်။ အဖေ သွားယူပေးမယ်"
ယဲ့ကျန့်ထန်းက ယဲ့ချန်၏တောင်းဆိုချက်ကို သဘောတူလိုက်လေသည်။