← Chapters

ပင်မတံဆိပ်၏စွမ်းအား

Vol. 17 Ch. 229

ပင်မတံဆိပ်၏စွမ်းအား

Vol. 17 Ch. 229

"အဖေ ကျွန်တော်က ဒီပင်မတံ​ဆိပ်ကို လိုချင်ရတဲ့အကြောင်းကို မသိချင်ဘူးလား"

ယဲ့ချန်သည် ယဲ့ကျန့်ထန်းက အကြောင်းအရင်းကိုမေးမည်ဟု တွက်ဆထားသည်။

"မင်းမှာ မင်းအကြောင်းနဲ့မင်းရှိလိမ့်မယ်လို့ အဖေ ထင်ပါတယ်။ မင်းက ကြီးပြင်းလာပြီလေ"

ယဲ့ကျန့်ထန်းသည် ယဲ့ချန်ကို လုံးဝဥဿုံယုံကြည်ထားသည်။ မျက်တောင်တစ်ခတ်အတွင်း သူ၏သားလူငယ်လေးက အရွယ်ရောက်ယောကျ်ားတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့လေပြီ။

"ချန်အာ မင်းက ဘာကြောင့် ပင်မတံဆိပ်ကို လိုချင်ရတာလဲ။ ဒါက ဘာမှအသုံးမဝင်ဘူး မဟုတ်လား"

ယဲ့ချိန်ရွှမ်းက ပင်မတံဆိပ်အား ယဲ့ချန်ယူမည်ကို မကန့်ကွက်သော်လည်း စပ်စုလိုက်သည်။ ကောင်းကင်ကြယ်တာရာတံဆိပ်ကို အထူးသတ္တုတစ်မျိုး​ဖြင့် ပြုလုပ်ထားသည်။ ယဲ့မျိုးနွယ်၏ဘိုးဘေးအဆက်ဆက်က ၎င်းကို လက်ဆင့်ကမ်းလာပြီး လေ့လာခဲ့ကြသော်လည်း ရည်ရွယ်ချက်နှင့်ဆန်းကျယ်မှုကို အဖြေမရှာနိုင်ခဲ့ပေ။ ယဲ့ချိန်ရွှမ်းခေါင်းဆောင်ဖြစ်စဥ်က ကြိုးစားဖူးသော်လည်း ကျရှုံးခဲ့ရသည်။

"ကျွန်တော်လည်း ကောင်းကင်ကြယ်တာရာတံဆိပ်ရဲ့ အသုံးဝင်ပုံကို သေချာမသိသေးပါဘူး"

ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် သူ၏ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ဝါးပေါ်တွင် လက်ထောက်တံဆိပ်၏ဆေးမင်ရှိနေပြီး ကောင်းကင်ချီကို လည်ပတ်လိုက်သည်နှင့်တပြိုင်နက် ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက လေပေါ်တွင် လှပစွာလွင့်မျောနေသည်။

ယဲ့ချန်သည် လက်ထောက်တံဆိပ်အတွင်း ခြင်္သေ့ကြီးကို ချုပ်နှောင်ထားခြင်းအား မပြောပြခဲ့ပေ။ ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းက သူ့အတွက် စိုးရိမ်လွန်းသဖြင့် အသက်ထွက်သွားနိုင်သည်။

ယဲ့ချန်၏ဘယ်လက်ဝါးပေါ်တွင် မျောလွင့်နေသော ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်က ခရမ်းရောင်မီးများ လောင်ကျွမ်းလာသည်။ ၎င်း၏အရာအားလုံးကို ဝါးမျိုနိုင်သော အပူရှိန်ကြောင့် ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းက တုန်လှုပ်သွားကြသည်။

"ယဲ့မျိုးနွယ် မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့ တံဆိပ်တော်က ဒီလောက်ဆန်းကျယ်နေမယ် မထင်ထားဘူး"

ယဲ့ကျန့်ထန်းရော ယဲ့ချိန်ရွှမ်းပါ ဤဖြစ်ရပ်မျိုးကို မမြင်ဖူးမကြားဖူးကြပေ။

"ကြည့်ရတာ ချန်အာတစ်ယောက်ပဲ တံဆိပ်တော်ကို အသက်သွင်းနိုင်မယ်ထင်တယ်။ ပင်မတံဆိပ်တော်ကို အခုချက်ချင်းသွားယူလိုက်မယ်"

ယဲ့ကျန့်ထန်းက အလျင်အမြန်ထွက်ခွာသွားခဲ့သည်။ ကောင်းကင်ကြယ်တာရာတံဆိပ်က အလွန်အစွမ်းထက်သည်ဟု သူက ခံယူထားသည်။ သို့မဟုတ်လျှင် ယဲ့မျိုးနွယ်၏ဘိုးဘေးများက ၎င်းကိုသေချာထိန်းသိမ်းရမည်ဟု မှာကြားခဲ့မည် မဟုတ်ပေ။

အကယ်၍ ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံဆိပ်ကို အသုံးချနိုင်လျှင် သိမ်းဆည်းထားခြင်းထက် ပို၍ကောင်းမွန်ပေသည်။ ယဲ့ချန်က လက်သီးကိုဆုပ်လိုက်သောအခါ လက်ထောက်တံဆိပ်က ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် ယဲ့ကျန့်ထန်းက ပင်မတံဆိပ်ဖြင့် ပြန်ရောက်လာခဲ့သည်။

"ဒါက ကောင်းကင်ကြယ်တာရာပင်မတံဆိပ်ပဲ"

ယဲ့ကျန့်ထန်းက ကောင်းကင်ကြယ်တာရာတံဆိပ်ကို ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။

ယဲ့ချန်သည် ပင်မတံ​ဆိပ်ကို ယဲ့ကျန့်ထန်းထံမှ လွှဲယူလိုက်သည်။ ၎င်းက လက်ထောက်တံဆိပ်ထက် လေးငါးဆပိုကြီးပြီး ပို၍လေးလံလေသည်။ သို့သော် ပုံသဏ္ဍာန်ချင်း အတူတူဖြစ်သည်။ လက်ထောက်တံဆိပ်က ပင်မတံဆိပ်၏ပုံစံငယ်ဖြစ်သည်။ လက်ထောက်တံဆိပ်အတွင်း ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို ဖမ်းချုပ်ထားသည်။ ပင်မတံဆိပ်အတွင်း၌ အစွမ်းထက်သားရဲတစ်ကောင် သို့မဟုတ် မည်သည့်အရာများ ရှိနေမည်နည်း။

ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းသည် ပင်မတံဆိပ်ကို ကိုင်ထားသော ယဲ့ချန်ကို စိုက်ကြည့်နေကြသည်။ ယဲ့ချန်အတွက် ပင်မတံဆိပ်က အသုံးဝင်ပါစေဟု မျှော်လင့်ထားကြ၏။ ကျင့်ကြံခြင်း၌ ကူညီကောင်းကူညီနိုင်ပေလိမ့်မည်။

ယဲ့ချန်သည် ယဲ့ကျန့်ထန်းနှင့် ယဲ့ချိန်ရွှမ်း၏သိလိုစိတ်ကို နားလည်ပေသည်။ သူတို့က တံဆိပ်နှစ်ခုကို နှစ်ပေါင်းများစွာထိန်းသိမ်းခဲ့သော်လည်း မည်သည့်လျှို့ဝှက်ချက်ကိုမှ ရှာမတွေ့နိုင်ခဲ့ကြပေ။

"အဖေ ဘိုးဘိုးကြီး ဘာဖြစ်ဖြစ်မစိုးရိမ်ကြပါနဲ့။ ကျွန်တော်က ပင်မတံဆိပ်ကို အရင်ဆုံးစစ်ဆေးလိုက်ဦးမယ်"

ယဲ့ချန်က ညာလက်ဝါးဖြင့် ပင်မတံဆိပ်ကို အုပ်မိုးကိုင်လိုက်၏။

"ကောင်းပြီ"

ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းက အချင်းချင်းတစ်ချက်ကြည့်ကာ အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားကြသည်။ သူတို့က လက်ထောက်တံဆိပ်၏ ခရမ်းရောင်မီးတောက်အစွမ်းကို သိရှိပြီးဖြစ်၍ မဆင်မခြင်မနေရဲပေ။

ယဲ့ချန်၏မျက်လုံးများက ပင်မတံဆိပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ ပြင်ပတွင် ၎င်းက သာမန်ဟုထင်ရသော်လည်း ထွင်းထုထားသော ရုန်းများက အလွန့်အလွန်ဆန်းကျယ်လှသည်။ ပင်မတံဆိပ်ကြောင့် သူ၏ကိုယ်တွင်းချီများ စတင်လည်ပတ်လာကြသည်။ ယဲ့ချန်က ဆက်လက်စိုက်ကြည့်နေသောအခါ အချိန်နှင့်အာကာသကိုဖြတ်သန်းပြီး ကြယ်ကောင်းကင်တစ်ခုထံ ရောက်သွားခဲ့သည်။ ထိုနေရာတွင် ကြယ်တစ်လုံးစီက ကိုယ်ပိုင်စည်းမျဥ်းများနှင့် လင်းလက်နေကြသဖြင့် အလွန်ဆန်းကျယ်လေသည်။

ယဲ့ချန်က သူ၏စိတ်အတွေးကို ရပ်တန့်လိုက်သောအခါ မူလနေရာ၌ပင် ရပ်နေဆဲဖြစ်ကြောင်း သိလိုက်သည်။ သူ၏လက်ထဲရှိ ပင်မတံဆိပ်က သာမန်ကျောက်တုံးတစ်ခုပမာ တည်ငြိမ်နေသည်။

လက်ထောက်တံဆိပ်ကဲ့သို့ ပင်မတံဆိပ်သည်လည်း ဆန်းကျယ်နေခဲ့သည်။ ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ကို အပ်တစ်ချောင်းပမာစုစည်း၍ ပင်မတံဆိပ်ကို ဖြည်းဖြည်းချင်းထိုးသွင်းလိုက်သည်။

ထို့နောက် ယဲ့ချန်၏မျက်လုံးများ လင်းလက်နေပြီး သူက အမှောင်ထုတစ်ခုအတွင်း ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် မမျှော်လင့်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့​လေသည်ဓ

ခပ်တိုးတိုးဟိန်းသံတစ်ခုက ယဲ့ချန်၏နားအတွင်း ဝင်ရောက်လာသည်။ ထိုအသံက တိုးညှင်းသော်လည်း ယဲ့ချန်၏နားစည်အတွင်း မိုးချုန်းသံကဲ့သို့ မြည်ဟီးနေခဲ့သည်။

"အား"

ယဲ့ချန်မှာ ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် နာကျင်စွာခံစားလိုက်ရသည်။ နှလုံးကို မြှားအစင်းပေါင်းသောင်းချီစိုက်ဝင်နေသော နာကျင်မှုမျိုးက ဝိညာဥ်အသိစိတ်မှတဆင့် သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသည်။ ထို့နောက် ပင်မတံဆိပ်ထံမှ စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

ယဲ့ချန်က ရှောင်တိမ်းလိုသော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ ပင်မတံဆိပ်၏စွမ်းအားက သူ၏ရင်ဘတ်ကို အနီးကပ်ဝင်ဆောင့်လိုက်သဖြင့် ကျွမ်းထိုးမှောက်ခုံ လွင့်ထွက်သွား၏။

"ဘုန်း ဘုန်း ဘုန်း"

သစ်တောအတွင်းရှိ သစ်ပင်များမှာလည်း ယဲ့ချန်နှင့်ဝင်တိုက်မိသဖြင့် တစ်ပင်ပြီးတစ်ပင် လဲကျကုန်သည်။ ယဲ့ချန်မှာ မူလနေရာနှင့် မီတာရာချီအကွာတွင် သွေးများအန်ထွက်ပြီး လဲကျနေသည်။ မြေဝိဇ္ဇာအလယ်အဆင့်တစ်ယောက်၏ခန္ဓာကိုယ်က ဤတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ခြင်းမရှိချေ။

"ခေါင်းဆောင်"

ဤမြင််ကွင်းကြောင့် အဝေးမှ ယဲ့မျိုးနွယ်ဝင်များ ချက်ချင်း​ပြေးလာကြသည်။

ကျန်တစ်ဖက်တွင် ယဲ့ချိန်ရွှမ်းနှင့်ယဲ့ကျန့်ထန်းသည် ယဲ့ချန်နှင့် အဝေးတွင်ရှိနေသော်လည်း ပင်မတံဆိပ်၏စွမ်းအားနှင့် အဖျားခတ်ခံလိုက်ရသဖြင့် ရေကန်အတွင်း လွင့်ကျသွားကြသည်။ နှစ်ယောက်လုံး သေလားရှင်လားမသိရသောကြောင့် ယဲ့မျိုးနွယ်ဝင်များက ချက်ချင်းကယ်ဆယ်လိုက်ကြသည်။

ကောင်းကင်ကြယ်တာရာပင်မတံဆိပ်ကမူ မြေပြင်ထက်တွင် တည်ငြိမ်စွာပြုတ်ကျနေသည်။ ၎င်းက လုံးဝပြောင်းလဲခြင်း မရှိပေ။

ယဲ့မျိုးနွယ်ဝင်အားလုံးမှာ ယဲ့ချန်က အပြင်းအထန်ဒဏ်ရာရထားပြီး သေခြင်းကမ်းပါးပေါ် ရောက်နေသောကြောင့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကြသည်။ ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းကလည်း အတွင်းဒဏ်ရာများရထားပြီး သတိလစ်နေကြသည်။ ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရွှမ်း၏အမိန့်ဖြင့် ယဲ့မျိုးနွယ်ဝင်များက ယဲ့ချန်တို့သုံးယောက်ကို သက်ဆိုင်ရာအခန်းများသို့ ဂရုတစိုက်သယ်ဆောင်သွားကြ၏။

ယဲ့ချန်၊ ယဲ့ကျန့်ထန်းနှင့် ယဲ့ချိန်ရွှမ်းတို့ သုံးယောက်လုံး သတိလစ်သွားကြသဖြင့် ယဲ့မျိုးနွယ်၏ပင်မထောက်တိုင်ကြီးများ ပြိုလဲသွားသယောင် ခံစားနေရသည်။ ယဲ့မျိုးနွယ်ဝင်များက အခန်းသုံးခုရှေ့တွင် စိုးရိမ်တကြီးစုဝေးနေကာ အချို့က ဘိုးဘေးခန်းမအတွင်းသွားရောက်၍ ဆုတောင်းပေးခဲ့ကြသည်။

"အစ်ကိုနှစ် အစ်ကိုကြီး၊ ဦးလေးခြောက်နဲ့ ချန်အာက အဆင်ပြေပါ့မလား"

ယဲ့ကျန့်ရှုံးက စိုးရိမ်တကြီးမေးလိုက်ခြင်းဖြစ်သည်။

"အစ်ကိုကြီးနဲ့ဦးလေးရဲ့ ဒဏ်ရာတွေက မပြင်းထန်တော့ ခရမ်းရွှေနတ်ဆေးနဲ့ ကုသနိုင်လောက်တယ်။ ချန်အာက ဆိုးဆိုးရွားရွားဒဏ်ရာရထားတယ်။ သူ့သွေးကြောတွေအားလုံး ပျက်စီးတုန်းကထက် အခြေအနေပိုဆိုးတယ်။ သူက အသက်အန္တရာယ်ရှိနေနိုင်တယ်"

ယဲ့ကျန့်လုံ၏မျက်နှာက အခြေအနေကြောင့် လေးနက်ကာ မည်းမှောင်နေသည်။

"မဖြစ်နိုင်ဘူး။ ကောင်းကင်က ချန်အာလိုပါရမီရှင်တစ်ယောက်ကို သေချာပေါက်ကာကွယ်ပေးလိမ့်မယ်"

ယဲ့ကျန့်ရှုံးက မျက်နှာပျက်သွားပြီး အချိန်အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက လေးလေးနက်နက်ပြောလိုက်သည်။

ယဲ့ကျန့်လုံ၏စကားကြောင့် ယဲ့မုန့်၊ ယဲ့ရွှမ်နှင့် လူငယ်မျိုးဆက်များမှာ မျက်ရည်ဝဲကုန်သည်။

"ခေါင်းဆောင်က သေချာပေါက်အဆင်ပြေလိမ့်မယ်"

လောကဓံကို အတူတကွဖြတ်ကျော်ပြီးနောက် ယဲ့မျိုးနွယ်ကို ခေါင်းဆောင်ခဲ့သော ယဲ့ချန်ကို လူတိုင်းက ချစ်ခင်လေးစားကြသည်။ သွေးကရေထက်ပျစ်သည်ဟူသည့်အတိုင်း ယဲ့ချန်၏အသက်ကို သူတို့၏အသက်နှင့်လဲနိုင်လျှင် လဲကြမည့်သူများချည်းသာ ဖြစ်သည်။

ငါးရက်ကြာမြင့်သွားပြီး ရိုးရှင်းစွာပြင်ဆင်ထားသော ယဲ့ချန်၏အခန်းအတွင်း ဖြစ်သည်။ ဤနေရာတွင် ကုတင်တစ်လုံးနှင့် ဗီရိုနှစ်ခုသာရှိသည်။ ယဲ့မျိုးနွယ်က ကြွယ်ဝချမ်းသာလာသော်လည်း ယဲ့ကျန့်ထန်းက လူတိုင်းကို ရိုးရိုးရှင်းရှင်းသာ နေထိုင်စေသည်။ ချမ်းသာရန်လွယ်ကူသော်လည်း ချမ်းသာမှုကြောင့် မပျက်စီးရန်က အဆများစွာပို၍ခက်ခဲသည်။

ယဲ့ချန်ကို မနှောင့်ယှက်မိစေရန်အတွက် ယဲ့မျိုးနွယ်ဝင်များက အခန်းအပြင်၌သာ စောင့်ဆိုင်းရ၏။ အခန်းတွင်း၌ ယဲ့ရွှမ်၊ အမွေးပွလေးနှင့် ရှောင်ရိသာ ယဲ့ချန်အနီးရှိနေကြသည်။

ရှောင်ရိသည် အခန်းထောင့်တွင်ထိုင်၍ မျက်ရ​ည်များ စီးကျနေခဲ့သည်။ သူက အစ်ကိုကြီး၏ဘေးတွင် ရှိနေမပေးမိသည့်အတွက် နောင်တရနေသည်။ ယဲ့ချန်သာ တစ်ခုခုဖြစ်သွားလျှင် သူ့ကိုယ်သူ အပြစ်တင်၍ ဆုံးမည်မဟုတ်ပေ။

ယဲ့ရွှမ်သည်လည်း သုံးရက်သုံးညတိုင်တိုင်မအိပ်ဘဲ ယဲ့ချန်ကို ပြုစုစောင့်ရှောက်ပေးနေသည်။ သူမ၏ကျင့်ကြံဆင့်က အဆင့်ကိုးတွင်ရှိသော်လည်း အချိန်ကြာကြာအနားမယူလျှင် ပင်ပန်းမှုကို ခံစားရဆဲပင်ဖြစ်သည်။

အမွေးပွးလေးသည် ပုံရိပ်​ယောင်ပုလဲကို ထွေးထုတ်ပြီး ယဲ့ချန်ကိုကုသရန် အဖြူရောင်အလင်းများ ထုတ်ဖော်နေသည်။ သူမက ပင်ပန်းလာလျှင် ပုလဲကိုပြန်သိမ်း၍ ကျင့်ကြံလိုက်သည်။ သူမသည် ယဲ့ချန်၏လက်ရှိအခြေအနေကြောင့် အလွန်ဝမ်းနည်းနေမိသည်။ လက်ရှိတွင် သူမတတ်နိုင်သော တစ်ခုတည်းသောအရာက ကောင်းကင်ချီများဖြင့် ယဲ့ချန်၏အသက်ကို ထိန်းထားရန်သာဖြစ်သည်။

ကံကောင်းစွာဖြင့် ယဲ့ချန်၏ကိုယ်တွင်းရှိ အသက်စွမ်းအင်က လျော့နည်းမလာခြင်းဖြစ်သည်။ ၎င်းက ပိုမိုပြည့်ဝလာပြီး ဒဏ်ရာများကလည်း စတင်သက်သာလာခဲ့သည်။ ပြင်းထန်လွန်းသော ဒဏ်ရာများ ပျောက်ကင်းစပြုလာခြင်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။

အချိန်တစ်ခုကြာကျင့်ကြံပြီးနောက် အမွေးပွလေး၏မျက်လုံးများ ပွင့်လာကာ ပုံရိပ်ယောင်ပုလဲ ထပ်မံထွက်ပေါ်လာခဲ့သည်။ အဖြူရောင်အလင်းများက ယဲ့ချန်၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားကာ ဒဏ်ရာများက ပို၍လျင်မြန်စွာပျောက်ကင်းလာနေသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤဒဏ်ရာမျိုးရပါက သေရုံမှလွဲ၍မရှိပေ။ ယဲ့ချန်၏ခန္ဓာကိုယ်က အလွန်ထူးဆန်းနေပြီး သူ၏ခေါင်းမှ ထွက်ပေါ်လာသော ကောင်းကင်ချီစွမ်းအင်သည် အသက်ကို ဆွဲဆန့်ပေးထားနိုင်ခဲ့သည်။ ၎င်းက အားနည်းသော်လည်း ယဲ့ချန်၏ပျောက်ကင်းနှုန်းက အလွန်မြန်ဆန်လာသည်။ ဤအချက်က ယဲ့မျိုးနွယ်ဝင်တိုင်းကို မျှော်လင့်ချက်များ ပေါက်ဖွားလာစေသည်။

ထို့နောက် အမွေးပွလေးက ပင်ပန်းကြီးစွာဖြင့် လှဲလျောင်းနေခဲ့သည်။ ယဲ့ရွှမ်သည် အမွေးပွလေးက ယဲ့ချန်၏အသက်ကိုကယ်တင်ရန် အစွမ်းကုန်ကြိုးစားနေကြောင်း သိထားသည်။ ယခုအချိန်အထိ ယဲ့ချန်ရှင်သန်နိုင်ခဲ့သည်မှာ အမွေးပွလေး၏ကျေးဇူးကြောင့်ပင်။

"အမွေးပွလေး ပင်ပန်းနေရင် အနားယူလိုက်ပါလားဟင်။ အစ်ကိုကြီးက ဒဏ်ရာတွေသက်သာလာပါပြီ။ တစ်လနှစ်လအတွင်း ပြန်ကောင်းသွားမှာပါ။ သွေးကြောတွေပျက်စီးနေတာတောင် အလျော့မပေးခဲ့တဲ့ အစ်ကိုကြီးကို ဘာကမှတားနိုင်မှာမဟုတ်ဘူး။ မင်းကိုယ်မင်း အရမ်းဖိအားမပေးပါနဲ့"

ယဲ့ရွှမ်က စိုးရိမ်စွာပြောလိုက်သည်။ သူက အမွေးပွလေးကို မှော်သားရဲတစ်ကောင်အစား လူတစ်ယောက်ပမာသတ်မှတ်၍ ပြောဆိုခဲ့သည်။

ယဲ့ရွှမ်စကားပြောနေစဥ် ယဲ့ချန်၏ကိုယ်တွင်း၌ ကောင်းကင်ချီများ ရုတ်တရက်တိုးပွားလာသည်။

ယဲ့ရွှမ်က ယဲ့ချန်ကို ကြည့်လိုက်မိသကဲ့သို့ အမွေးပွလေး၏ မျက်လုံးဝိုင်းလေးများကလည်း ယဲ့ချန်ထံ ကျရောက်နေသည်။ သူမက ယဲ့ချန်၏ကိုယ်တွင်း၌ ပြောင်းလဲမှုတစ်ခုကို အာရုံခံမိလိုက်လေသည်။

All Chapters