သတိပြန်ရလာခြင်း
Vol. 17 Ch. 230
လဲလျောင်းနေသော ယဲ့ချန်ထံမှ မပီမပြင် ဝိုးတဝါးရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။ ရက်ပေါင်းများစွာ သတိလစ်ပြီးနောက် သူက သတိအနည်းငယ်ဝင်လာသော်လည်း အပြည့်အဝအသိမဝင်သေးပေ။ သူက ယဲ့ရွှမ်နှင့်အမွေးပွလေး၏စကားသံများကို မသဲမကွဲကြားနေရသည်။ ပြင်းထန်သော နာကျင်မှုက သူ၏စိတ်မှတဆင့် တစ်ကိုယ်လုံးကို နှိပ်စက်နေသည်။
အတွေးများကို ဖြည်းညှင်းစွာစုစည်းပြီးနောက် ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာပင်မတံဆိပ်အတွင်း ဖြစ်ပျက်သမျှကို ပြန်လည်စဥ်းစားနေခဲ့သည်။ ပင်မတံဆိပ်က သူ့ကို စွမ်းအားတစ်ခုဖြင့်တိုက်ခိုက်ပြီးနောက် ယဲ့ချန်၏အသိစိတ်က လုံးဝဗလာဖြစ်သွားခဲ့၏။
ယဲ့ချန်က သူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ သွေးကြောများအားလုံး ပျက်စီးနေပြီး အတွင်းအင်္ဂါများအားလုံး ထိခိုက်ထားသည်။ ဒန်တန်အတွင်းရှိ ချီစက်ဝိုင်းကိုးခုသည်လည်း အားနည်းနေပြီး နေရာအနှံ့ဖရိုဖရဲ ပြန့်ကြဲနေကြသည်။ သူ၏ကောင်းကင်ချီများလည်း လုံးဝကုန်ခမ်းနေသည်။
"အစွမ်းထက်လှချည်လား။ တကယ်လို့ သားရဲတစ်ကောင်ကို ဖမ်းချုပ်ထားတာဆိုရင် ခရမ်းမီးတောပ်ကြယ်ခြင်္သေ့ထက် အများကြီးပိုသန်မာတယ်"
ယဲ့ချန်က နာကျင်မှုကိုသည်းခံ၍ ဓားပျံကို အသက်သွင်းလိုက်သည်။ နွေးထွေးသော ခံစားချက်နှင့်အတူ ကောင်းကင်ချီများက ၎င်းထံမှစီးထွက်လာ၍ ယဲ့ချန်၏ခန္ဓာကိုယ်နှင့် သွေးကြောများကို ကုသပေးခဲ့သည်။
အချိန်တစ်ခုအကြာတွင် ကောင်းကင်ချီများကြောင့် ယဲ့ချန်၏နာကျင်မှုက အနည်းငယ်သက်သာသွားခဲ့သည်။ သူက မျက်လုံးများကို အားယူဖွင့်လိုက်သောအခါ မျက်ရည်ဝိုင်းနေသော အမွေးပွလေးကို မြင်လိုက်ရသည်။ သူမ၏နောက်တွင် ငိုထားသဖြင့် မျက်လုံးများ နီရဲမို့အစ်နေသော ယဲ့ရွှမ် ရှိနေခဲ့သည်။
"အမွေးပွလေး ရွှမ်အာ ငါ အဆင်ပြေတယ်"
ယဲ့ချန်က ခက်ခက်ခဲခဲပြောလိုက်သည်။
အမွေးပွလေးက ယဲ့ချန်၏ပါးပြင်ကို ခေါင်းလေးနှင့် တိုးဝှေ့လိုက်သည်။ နူးညံ့နွေးထွေးသော ခံစားချက်တစ်ခုကို ယဲ့ချန်က ရလိုက်သည်။
"အစ်ကိုကြီး နောက်ဆုံးတော့နိုးလာပြီလား။ ကျေးဇူးပြုပြီး အနားယူလိုက်ပါဦး"
ယဲ့ရွှမ်က ပျော်ရွှင်စွာဖြင့် သူမ၏မျက်ရည်များကို သုတ်လိုက်သည်။
"အဖေနဲ့ဘိုးဘိုးကြီးရော ဘယ်လိုနေသေးလဲ"
ယဲ့ချန်၏အခြေအနေက မကောင်းသော်လည်း ဖခင်နှင့်အဘိုးအတွက် အလွန်စိုးရိမ်ပူပန်နေခဲ့သည်။
"ဦးလေးတစ်နဲ့ဘိုးဘိုးကြီးက အဆင်ပြေပါတယ်။ သူတို့က ဒဏ်ရာရခဲ့ပေမယ့် အစ်ကိုကြီးလောက်မဆိုးဘူး။ စကားမပြောဘဲ အနားယူပါဦးနော်"
ယဲ့ရွှမ်က နှစ်သိမ့်လိုက်သည်။ ဒဏ်ရာအပြင်းထန်ဆုံးမှာ ယဲ့ချန်ဖြစ်ပြီး တစ်ကိုယ်လုံးရှိ သွေးကြောများပျက်စီး၍ ဒဏ်ရာမရသောနေရာဟူ၍ မရှိပေ။ ယဲ့မျိုးနွယ်ဝင်များမှာ ခန်းမအတွင်း၌ ယဲ့ချန်ကို မည်သို့ကုသရမည့်အကြောင်း ဆွေးနွေးနေကြသည်။ ယဲ့ချန်နိုးထလာသော သတင်းက ကောင်းကင်၏လက်ဆောင်ဖြစ်သည်။ လူတိုင်းက ယဲ့ချန် ပြန်လည်နိုးထမလာမည်ကို စိုးရိမ်ခဲ့ကြသည်။
"ရွှမ်အာ ငါ အဆင်ပြေပါတယ်"
ယဲ့ချန်က ပြုံးပြလိုက်သည်။ သို့သော် သူ၏ဒဏ်ရာများကို ဆွဲဆန့်လိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် နာကျင်စွာနှင့် စုတ်သပ်လိုက်မိသည်။
"အစ်ကိုကြီး စကားမပြောနဲ့နော်"
ယဲ့ရွှမ်က တားမြစ်လိုက်သည်။
ယဲ့ရွှမ်နှင့်အမွေးပွလေးကို ကြည့်၍ ယဲ့ချန်က ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ သူ၏ဒဏ်ရာများက ဘဝတွင် အဆိုးဆုံးဖြစ်သည်။ သူ့အနေဖြင့် အလျင်အမြန်နေကောင်းရန် လိုအပ်သောကြောင့် ဓားပျံကို အတင်းအကြပ်လှုံ့ဆော်လိုက်၏။ ကောင်းကင်ချီများက ပျက်စီးနေသော သွေးကြောများအတွင်း စီးဝင်သွားကာ ဒဏ်ရာများ စတင်သက်သာလာသည်။
ချီစက်ဝိုင်းကိုးခုကလည်း သက်ဆိုင်ရာနေရာများသို့ အတည်တကျ ပြန်လည်ရောက်ရှိသွားကာ စတင်လည်ပတ်နေကြပြီဖြစ်သည်။
ယဲ့ချန်၏ကိုယ်ပေါ်ရှိ ဒဏ်ရာများက အလွန့်အလွန်ပြင်းထန်သော်လည်း ငါးရက်အကြာတွင် အများစုက စတင်သက်သာလာသောကြောင့် ယဲ့ရွှမ်က အလွန်အံ့သြသွားသည်။ ယဲ့ချန်၏ဒဏ်ရာများ သက်သာလာသော သတင်းကိုပြောရန် သူမက ဝမ်းသာမျက်ရည်များနှင့် ပြေးထွက်သွားခဲ့သည်။
ယဲ့ရွှမ်ထံမှ ယဲ့ချန် ပြန်လည်ကောင်းမွန်လာသော သတင်းကိုရသောအခါ စောင့်ဆိုင်းနေကြသော ယဲ့မျိုးနွယ်ဝင်အားလုံး ပျော်ရွှင်သွားကြ၏။
"ခေါင်းဆောင် အဆင်ပြေမယ်ဆိုတာ ငါ ယုံတယ်"
"ခေါင်းဆောင်ကို ကောင်းကင်က ကောင်းချီးပေးထားတယ်"
"အသက်ဘေးကို ကျော်ဖြတ်နိုင်ရင် တစ်ဘဝလုံး ကံကောင်းမှုတွေအများကြီး ကြုံတွေ့ရနိုင်တယ်"
ယဲ့မျိုးနွယ်ဝင်များက ဝမ်းသာစွာအော်ဟစ်လိုက်ကြသည်။ အချို့က မိုးနှင့်မြေကိုယဇ်ပူဇော်ရန် သိုးများနှင့်ဝက်များကိုပင် သတ်ဖြတ်နေကြပြီဖြစ်သည်။
ယဲ့ချန်က သူ၏ညာလက်ကို အားတင်း၍ ရွှေ့လိုက်သည်။ သူက အံကိုတင်းတင်းကြိတ်၍ ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ အက်ကွဲသံများနှင့် အတူနေရာလွဲနေသော အရိုးများက မူလနေရာသို့ ပြန်ရောက်သွားကြသည်။
"ငါမသေတာ အတော်ကံကောင်းတယ်"
ယဲ့ချန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"အမွေးပွလေး ငါက အသက်ပြင်းပါတယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ မျက်ရည်ဝဲနေသော အမွေးပွလေးကို ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။
အမွေးပွလေးက ပို၍ဝမ်းနည်းသွားဟန်ဖြင့် မျက်ရည်များ ဆက်တိုက်ကျဆင်းလာသည်။ ယဲ့ချန်သာ တစ်ခုခုဖြစ်သွားလျှင် သူမအနေဖြင့် မည်သို့ဆက်လက်ရှင်သန်ရမည်ကို မသိပေ။
"အစ်ကိုကြီး ကျွန်တော့်အမှားပါ။ ကျွန်တော်က အစ်ကိုကြီးဘေးမှာ တစ်ချိန်လုံးနေသင့်တယ်"
ရှောင်ရိက အိပ်ရာဘေးသို့လာရောက်၍ ငိုယိုတောင်းပန်လိုက်သည်။ ဝူစီက အခြေအနေကိုနားလည်နိုင်သော အသိဉာဏ်မရှိသဖြင့် ငိုနေသည့် ရှောင်ရိကို စိတ်ရှုပ်စွာကြည့်နေခဲ့သည်။
"မင်း အမှားမဟုတ်ဘူး ရှောင်ရိ။ ဝမ်းမနည်းပါနဲ့။ အစ်ကိုကြီးအဆင်ပြေနေတာကို မြင်တယ်မလား"
ယဲ့ချန်က ရယ်မောပြီး နှစ်သိမ့်လိုက်သည်။ ကောင်းကင်ကြယ်တာရာပင်မတံဆိပ်၏စွမ်းအားက ပြင်းထန်လွန်းသည်။ ကိစ္စများက လျင်မြန်စွာဖြစ်ပျက်သွားသောကြောင့် ယဲ့ချန်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ မလုပ်နိုင်ခဲ့ပေ။ အကယ်၍ ရှောင်ရိရှိနေလျှင်လည်း ယဲ့ချန်ကို အချိန်မီကယ်တင်နိုင်မည် မဟုတ်ချေ။
နောက်တစ်ပတ်တိုင်တိုင် ယဲ့ရွှမ်က ယဲ့ချန်၏ဘေးတွင်နေပြီး ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ ရှောင်ရိနှင့် အမွေးပွလေးကလည်း သူ့အနားမှမခွာချေ။ ယဲ့ကျန့်လုံ၊ ယဲ့ကျန့်ရှုံးနှင့် ယဲ့မျိုးနွယ်ဝင်များကလည်း အချိန်တိုင်းလာရောက်ပြီး ယဲ့ချန်၏အခြေအနေကို စစ်ဆေးခဲ့ကြသည်။ သူ၏ဒဏ်ရာများ သက်သာလာသောကြောင့် လူတိုင်း သက်ပြင်းချနိုင်ခဲ့သည်။
ဓားပျံ၏ကောင်းကင်ချီများက ဒဏ်ရာကုသရာတွင် အစွမ်းထက်သဖြင့် သွေးကြောများက လျင်မြန်စွာကောင်းမွန်လာ၏။ ခုနစ်ရက်မြောက်နေ့တွင် ယဲ့ချန်က လမ်းလျှောက်နိုင်လာသည်။
ယဲ့မျိုးနွယ်ဝင်များက ထိုသတင်းကို ကြားသောအခါ တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန်ရောက်ရှိလာကြသည်။ ယဲ့ချန်က အိပ်ရာရှေ့တွင် လမ်းလျှောက်နေသည်ကို မြင်သောအခါ ဝမ်းမြောက်ဝမ်းသာနှင့် အံ့သြကုန်သည်။
"ချန်အာ မင်း လမ်းလျှောက်နိုင်ပြီလား။ ဘယ်လိုခံစားရလဲ"
ယဲ့ကျန့်လုံက မေးလိုက်ခြင်းဖြစ်သည်။
"ဦးလေး ကျွန်တော် အဆင်ပြေပါတယ်"
ယဲ့ချန်က လှုပ်ရှားရန်ခက်ခဲသော်လည်း ခေါင်းကိုမော့၍ အပြုံးနှင့်ဖြေလိုက်သည်။
"ကောင်းတယ်။ ငါတို့အားလုံး ထင်နေတာက.."
ယဲ့ကျန့်လုံသည် အဖြစ်ဆိုးကြီး၏ ပထမနေ့ရှိ ယဲ့ချန်၏ဒဏ်ရာပြင်းထန်ပုံကို တွေးမိလိုက်သည်။
"အဖေနဲ့ဘိုးဘိုးကြီး အဆင်ပြေလား"
ယဲ့ချန်ကမေးလိုက်သည်။ သူက ပေါ့ဆလွန်းသွားသည်။ ပင်မတံဆိပ်ကို အလောတကြီးစမ်းသပ်လိုက်ခြင်းက ဤအဖြစ်အပျက်ကို ဦးတည်သွားခဲ့လေသည်။
"အစ်ကိုကြီးနဲ့ဦးလေးက ဒဏ်ရာရထားပေမယ့် မင်းလောက်မပြင်းထန်ဘူး။ သူတို့က ပြန်ပြီးနေကောင်းလာကြပါပြီ။ တစ်လနှစ်လအတွင်း အပြည့်အဝပြန်ကောင်းလာမယ်လို့ ငါ ထင်တယ်"
ယဲ့ကျန့်လုံက ဖြေလိုက်သည်။ သူတို့က ဒဏ်ရာအပြင်းအထန်ဆုံးဖြစ်သော ယဲ့ချန်သည် ယဲ့ကျန့်ထန်းနှင့် ယဲ့ချိန်ရွှမ်းထက် အရင်လမ်းလျှောက်နိုင်မည်ဟု ထင်မထားကြပေ။
ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းက ယဲ့ချန်၏အခြေအနေကို မေးရာတွင် မည်သူမှ အမှန်အတိုင်းမပြောရဲဘဲ မရေမရာပြောပြထားခဲ့သည်။ ယဲ့ချန်ကို လာတွေ့မည်လုပ်နေသော ဖခင်နှင့်အဘိုးကို တားမြစ်ထားရသည်။ ယဲ့ချန်၏ဒဏ်ရာပျောက်ကင်းနှုန်းက ဤမျှလျင်မြန်မည်ဟု လူတိုင်း မထင်ထားကြပေ။
ယဲ့ချန်သည် ထိုနေ့မှအဖြစ်အပျက်ကို ပြန်လည်တွေးတောနေခဲ့သည်။ သူက ပင်မတံဆိပ်ကို စစ်ဆေးလိုက်ချိန်တွင် ၎င်း၏စွမ်းအားက သူ့ကို ဦးတည်တိုက်ခိုက်လာခဲ့သည်။ ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းမှာ စက်ကွင်းမလွတ်သောကြောင့် ထိခိုက်သွားခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ ထိုစွမ်းအင်၏ပစ်မှတ်ထားခြင်းခံရလျှင် အခြေအနေများ အလွန်ဆိုးရွားသွားနိုင်သည်။
"ဦးလေးနှစ် ဦးလေးသုံး ကျွန်တော့်ကို အဖေ့ဆီခေါ်သွားပေးပါ"
ယဲ့ချန်က တောင်းဆိုလိုက်သည်။
"ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်က...."
ယဲ့ကျန့်လုံက တုံ့ဆိုင်းနေခဲ့သည်။
"ကျွန်တော် အဆင်ပြေပါတယ်။ ကောင်းကင်ချီတွေကြောင့် ကျွန်တော့်ခွန်အားရဲ့ ဆယ်ပုံတစ်ပုံရနေပါပြီ"
ယဲ့ချန်ကအားတင်း၍ ခြေလှမ်းအနည်းငယ် လှမ်းပြလိုက်သည်။ သူက အမှန်တကယ် ဆယ်ရာခိုင်နှုန်းအထိ မသက်သာသေးသော်လည်း စွမ်းအားအချို့ရှိနေဆဲပင် ဖြစ်သည်။
ယဲ့ချန်သည် ယဲ့ကျန့်ထန်းနှင့်ယဲ့ချိန်ရွှမ်းကို မတွေ့ရလျှင် ရပ်တန့်မည်မဟုတ်သောကြောင့် ယဲ့ကျန့်လုံက ခေါင်းညိတ်လိုက်ရသည်။ သူ၏ကောင်းကင်ချီများက တစ်မျိုးတဖုံထူးဆန်းနေပြီး ပြင်းထန်သော ဒဏ်ရာများကို ခဏအတွင်း ကုသပေးနိုင်ခဲ့သည်။ ယဲ့ချန်သာ လမ်းလျှောက်နိုင်လျှင် ဤအချက်က အဆင်ပြေပေသည်။
ယဲ့မျိုးနွယ်ဝင်များ၏ဖေးမမှုဖြင့် ယဲ့ချန်က ယဲ့ကျန့်ထန်း၏အခန်းသို့ ရောက်လာခဲ့သည်။
ယဲ့ကျန့်ထန်းသည် ပင်မတံဆိပ်၏စွမ်းအားကို တိုက်ရိုက်မခံခဲ့ရသော်လည်း သူ၏ဒဏ်ရာများက အခြေအနေဆိုးပေသည်။ နံရိုးသုံးချောင်းကျိုးသွားပြီး ရင်ဘတ်ဘယ်ခြမ်းရှိ သွေးကြောများအားလုံး ပျက်စီးကုန်သည်။ ကံကောင်းစွာဖြင့် နံရိုးများက နှလုံးကို စိုက်ဝင်မသွားခဲ့ပေ။ ခရမ်းရွှေနတ်ဆေး၏အာနိသင်ကြောင့် ဒဏ်ရာများက ဖြည်းဖြည်းချင်းကောင်းမွန်လာနေ၏။
အိပ်ရာပေါ်တွင် ဒဏ်ရာပြင်းထန်စွာ အိပ်ပျော်နေသော ယဲ့ကျန့်ထန်းကိုကြည့်၍ ယဲ့ချန်က သူ့အပြစ်ဟု ခံစားနေရသည်။ သူသာမပေါ့ဆခဲ့လျှင် ဖခင်ဖြစ်သူက ဤသို့ဒဏ်ရာများရရန် အကြောင်းမရှိပေ။
ယဲ့ချန်သည် ယဲ့ကျန့်ထန်း၏ လက်ကောက်ဝတ်ကိုကိုင်၍ သူ၏ကောင်းကင်ချီများကို ထည့်သွင်းပေးလိုက်သည်။ ကောင်းကင်ချီများကြောင့် ယဲ့ကျန့်ထန်း၏ ဒဏ်ရာပျောက်ကင်းနှုန်းက ပိုမိုမြန်ဆန်လာခဲ့သည်။
ယဲ့ကျန့်ထန်းသည် မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို ကျင့်ကြံထားသောကြောင့် သူ၏ရုပ်ခန္ဓာက သန်မာလာခဲ့သည်။ ဤအချက်ကြောင့် ယဲ့ကျန့်ထန်း၏ ဒဏ်ရာ ပျောက်ကင်းနှုန်းက သာမန်လူများထက် မြန်နေပြီးဖြစ်သည်။
ကောင်းကင်ချီက ယဲ့ကျန့်ထန်း၏ခေါင်းသို့ ရောက်သောအခါ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ထူးဆန်းမှုတစ်ခုကို တွေ့လိုက်ရသည်။
ယဲ့ကျန့်ထန်း၏ဝိညာဥ်က သာမန်လူများနှင့်မတူ ကွဲပြားနေပြီး လေးငါးဆခန့်ပိုကြီးနေသည်။ စွမ်းအင်တစ်မျိုးလည်း ရှိနေသောကြောင့် မိုးကြိုးဧကရာဇ်ကျင့်စဥ်နှင့် သက်ဆိုင်နေပုံရသည်။
သူက ယဲ့ချန်ကဲ့သို့ ဝိညာဥ်အသိစိတ်ကို မထုတ်လွှတ်နိုင်သော်လည်း အာရုံငါးပါးက အလွန်ထက်ရှနေသည်။ ဤပြောင်းလဲမှုက ကောင်းမကောင်းမသေချာသော်လည်း စွမ်းအင်က ဖျက်ဆီးရေးအမျိုးအစားမဟုတ်သောကြောင့် ပြဿနာမရှိပေ။
တစ်နာရီအကြာတွင် ယဲ့ကျန့်ထန်းက နိုးထလာခဲ့သည်။
"ချန်အာ မင်း ဘယ်လိုရောက်လာတာလဲ။ မင်း ဒဏ်ရာအများကြီးမရဘူးမလား။ ကောင်းတယ်။ ကောင်းတယ်"
ယဲ့ကျန့်ထန်းက အလွန်ဝမ်းသာစွာဖြင့် ထထိုင်ရန် ကြိုးစားလိုက်သည်။ သူက ယဲ့ချန်၏အကြောင်းကို မေးသော်လည်း မည်သူမှ ရေရေရာရာမဖြေခဲ့ကြပေ။ ထို့ကြောင့် တစ်စုံတစ်ခုဖြစ်ပျက်သွားမည်ကို အလွန်စိုးရိမ်နေခဲ့သည်။
"မစိုးရိမ်ပါနဲ့ အဖေ။ ကျွန်တော် အဆင်ပြေပါတယ်။ အဖေက အနားယူဖို့ ပိုပြီးလိုအပ်ပါတယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"ဘုရားမလို့ မင်း ဘာမှမဖြစ်တာပဲ။ ဘုရားမပေလို့"
ယဲ့ကျန့်ထန်း၏စိတ်ထဲမှ အလုံးကြီးပြုတ်ကျသွားခဲ့သည်။ သူက အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။ မူလတွင် သူက ယဲ့ချန်အတွက် စိုးရိမ်ကြီးနေသော်လည်း ယဲ့မျိုးနွယ်ဝင်များက အခြေအနေကိုမပြောခဲ့သောကြောင့် အဆိုးဆုံးကို တွေးမိလိုက်သည်။ သို့သော် ယဲ့ချန်က သူ၏ရှေ့တွင် ကျန်းကျန်းမာမာရောက်လာသောအခါ ယောကျ်ားရင့်မာကြီးတစ်ယောက်ဖြစ်လင့်ကစား ဝမ်းသာမျက်ရည်များ ဝေ့သီလာသည်။
"ကျွန်တော့်ဒဏ်ရာတွေက ပျောက်ကင်းနေပါပြီ။ အဖေ အနားယူလိုက်ပါဦး။ ကျွန်တော် ဘိုးဘိုးကြီးကို သွားတွေ့လိုက်ဦးမယ်"
ယဲ့ချန်က ခွင့်တောင်းလိုက်သည်။
"ကောင်းပြီ"
ယဲ့ကျန့်ထန်းသည် သူနှင့်အတူ ယဲ့ချိန်ရွှမ်းလည်း ဒဏ်ရာရခဲ့ကြောင်း အမှတ်ရသွားသည်။ သို့သော် သူက ယဲ့ချန်ကိုသာ တစ်ချိန်လုံးစိုးရိမ်နေမိသဖြင့် ယဲ့ချိန်ရွှမ်းကို မေ့လျောနေမိသည်။ ထို့ကြောင့် သူက အားတုံ့အားနာ ဖြစ်လိုက်မိသည်။
ယဲ့ချန်က ယဲ့ချိန်ရွှမ်း၏အခန်းသို့ ရောက်သောအခါ သူက အိပ်ပျော်နေခဲ့သည်။ ယဲ့ချန်က ကောင်းကင်ချီဖြင့်ကုသပေးခဲ့ပြီး ယဲ့ကျန့်ထန်း၏ဝိညာဥ်နည်းတူ ပြောင်းလဲမှုများကို တွေ့ရှိခဲ့သည်။ ယဲ့ချန်အနေဖြင့် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ လျှို့ဝှက်ချက်ကို နားမလည်ခဲ့ပေ။ ထို့ကြောင့် ဤဖြစ်ရပ်အကြောင်းကိုလည်း သူကိုယ်တိုင်ပင် ရှင်းမပြတတ်ချေ။