ကောင်းကင်တောင်ကြား
Vol. 17 Ch. 231
ဓားပျံ၏ကောင်းကင်ချီများနှင့် လေးငါးရက်ခန့် ဆက်တိုက်ကုသခံရပြီးနောက် ယဲ့ကျန့်ထန်းနှင့် ယဲ့ချိန်ရွှမ်းသည်လည်း လမ်းပြန်လျှောက်နိုင်လာသည်။ သူတို့၏ကျင့်ကြံခြင်းက အပြည့်အဝမကောင်းမွန်သေးသော်လည်း စိုးရိမ်စရာအခြေအနေ မဟုတ်ပေ။
ယဲ့မျိုးနွယ်၏ခန်းမအတွင်း၌ အစည်းအဝေးတစ်ခု ကျင်းပနေသည်။ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထန်းနှင့် ယဲ့ချန်တို့က ဒဏ်ရာများမှ ပြန်လည်သက်သာလာသောကြောင့် ယဲ့မျိုးနွယ်အတွင်းရှိ ပူပန်နေသော အခြေအနေက ပြန်လည်ပျောက်ကွယ်သွားကာ ပုံမှန်ဖြစ်လာခဲ့သည်။
ခန်းမအတွင်း၌ ယဲ့မျိုးနွယ်၏အကြီးအကဲ ဆယ်ယောက်ကျော် စုဝေးနေသည်။ ခန်းမ၏အလယ်တွင် စားပွဲတစ်ခုရှိပြီး ၎င်းအပေါ်တွင် ကောင်းကင်ကြယ်တာရာပင်မတံဆိပ်ကို တင်ထားသည်။
လက်ရှိတွင် ပင်မတံဆိပ်က ရုန်းများရေးထွင်းထားသော သာမန်ကျောက်တုံးတံဆိပ်တစ်ခုကဲ့သို့ တည်ငြိမ်နေသည်။ သို့သော် လူတိုင်းက ၎င်း၏ကြောက်မက်ဖွယ်စွမ်းအားကို မြင်တွေ့ပြီးဖြစ်သောကြောင့် သာမန်တံဆိပ်ဟု အထင်မသေးရဲကြပေ။
ပင်မတံဆိပ်နှင့် လက်ထောက်တံဆိပ်ကို ယဲ့မျိုးနွယ်က နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သည်။ ဘိုးဘေးများ၏အမိန့်ပေးမှုဖြင့် ယဲ့မျိုးနွယ်ခေါင်းဆောင်တိုင်းက ဤတံဆိပ်နှစ်ခုကို မပျောက်ဆုံးသွားအောင် သေချာထိန်းသိမ်းခဲ့ရသည်။
"ချန်အာ ပင်မတံဆိပ်ရဲ့စွမ်းအားကို သတိပြုမိပြီလား"
ယဲ့ချိန်ရွှမ်းက ယဲ့ချန်ကိုကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ ပင်မတံဆိပ်၏စွမ်းအားကို ပြန်တွေးမိလိုက်သောအခါ လူတိုင်းက တုန်လှုပ်သွားကြသည်။ အကယ်၍ ပင်မတံဆိပ်ကြောင့် ယဲ့ချန်၊ ယဲ့ကျန့်ထန်းနှင့် ယဲ့ချိန်ရွှမ်းတို့သုံးယောက် သေဆုံးသွားလျှင် ယဲ့မျိုးနွယ်က သေချာပေါက် ကံဆိုးမိုးမှောင်ကျပေလိမ့်မည်။
"ဘိုးဘိုးကြီး အဖေ ကျွန်တော်က လက်ထောက်တံဆိပ်ကို ပိုင်ရှင်အဖြစ်အသိအမှတ်ပြုစေဖို့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တယ်။ ပင်မတံဆိပ်ကလည်း လက်ထောက်တံဆိပ်နဲ့အတူတူလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ပင်မတံဆိပ်ရဲ့စွမ်းအားက ကျွန်တော်ထင်ထားတာထက် အများကြီးပိုနေတယ်။ လူတိုင်းကို စိုးရိမ်စေမိတဲ့အတွက် နောင်တရမိပါတယ်"
ယဲ့ချန်က ခေါင်းကိုညွှတ်၍ တောင်းပန်လိုက်သည်။ ပင်မတံဆိပ်အတွင်း အစွမ်းထက်တည်ရှိမှုတစ်ခုရှိနေကြောင်းကိုမူ သူက မပြောပြရဲခဲ့ပေ။
"ငါ နားလည်ပြီ။ ချန်အာ မင်းကိုယ်မင်း အပြစ်တင်စရာမလိုပါဘူး။ ငါတို့လည်း မင်းနေရာမှာဆိုရင် ပင်မတံဆိပ်ကို စပ်စုမိမှာပဲ"
ယဲ့ကျန့်ထန်းက နှစ်သိမ့်လိုက်သည်။
ခန်းမအလယ်တွင်ရှိနေသော ပင်မတံဆိပ်ကို ယဲ့ချန်က ထိတ်လန့်စွာစိုက်ကြည့်နေခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်က ပင်မတံဆိပ်အတွင်း ရောက်သွားသောအခါ ဟိန်းသံတစ်ချက်နှင့် သားရဲသဏ္ဍာန်တည်ရှိမှုတစ်ခုကို အာရုံခံမိခဲ့သည်။ သူ့ကို ဦးတည်တိုက်ခိုက်လာသော စွမ်းအားက ကြီးမားလွန်းနေသဖြင့် မခုခံနိုင်ခဲ့ပေ။ ယဲ့ချန်သည် ပင်မတံဆိပ်ရှိသားရဲက မည်မျှအစွမ်းထက်ကြောင်း သေချာမသိသော်လည်း ခရမ်းမီးတောက်ကြယ်ခြင်္သေ့ထက် ပို၍အစွမ်းထက်ကြောင်း သေချာနေခဲ့သည်။
ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကပင် ထန်တိုက်လင်ထက် ပို၍အစွမ်းထက်နေပြီးဖြစ်သည်။ ပင်မတံဆိပ်အတွင်း၌ မည်သို့သော သားရဲကြီး တည်ရှိနေသနည်း။ အလွန်အန္တရာယ်များသော အခြေအနေကြောင့် ယဲ့ချန်သည် ပင်မတံဆိပ်အတွင်း သူ၏ဝိညာဥ်အသိစိတ်ဖြင့် နောက်တစ်ကြိမ်ဝင်ရောက်ရန် သတ္တိမရှိခဲ့ပေ။ သူအနေဖြင့် ဤဆန်းကျယ်မှုကိုဖြေရှင်းရန် အချိန်ယူရမည်ဖြစ်သည်။
"ချန်အာ ပင်မတံဆိပ်ကို အသက်သွင်းဖို့ ဘယ်လိုနည်းလမ်းမျိုး အသုံးပြုခဲ့တာလဲ"
ယဲ့ကျန့်ထန်းက မေးလိုက်သည်။ ပင်မတံဆိပ်၏စွမ်းအားက ပြင်းထန်လွန်းသဖြင့် သူက မစပ်စုဘဲမနေနိုင်ခဲ့ပေ။
"ကျွန်တော့်ရဲ့ ကောင်းကင်ချီကြောင့်ပါ"
ယဲ့ချန်က တစ်ချက်စဥ်းစား၍ ဖြေလိုက်သည်။ သူက ဝိညာဥ်အသိစိတ်ကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားလိုက်သည်။ သူက ဖခင် ၊အဘိုးနှင့် ယဲ့မျိုးနွယ်ဝင်များကို မယုံကြည်သောကြောင့် မဟုတ်ပေ။ ဤလောကတွင် ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်နိုင်သည်မှာ ကောင်းကင်သားရဲများသာဖြစ်သောကြောင့် သူ့ကို မျိုးနွယ်တူများက သားရဲတစ်ကောင်အဖြစ်ထင်မည်ကို စိုးရိမ်နေခဲ့သည်။
ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထန်းက ခေါင်းညိတ်လိုက်သည်။ သူတို့က ယဲ့ချန်၏ကောင်းကင်ချီ ထူးဆန်းကြောင်းကို သိရှိထားပြီးဖြစ်သည်။
ယဲ့မျိုးနွယ်ဝင်အကြီးအကဲများကလည်း တီးတိုးဆွေးနေကြသည်။
"အစ်ကိုကြီး ဦးလေး ဒီပင်မတံဆိပ်ကို ဘယ်လိုကိုင်တွယ်ကြမလဲ"
ယဲ့ကျန့်လုံက အကြံတောင်းလိုက်သည်။
"ဒါကို ချိတ်ပိတ်ထားကြမလား"
ယဲ့ကျန့်ရင်က အကြံပေးလိုက်၏။
"ဟုတ်တယ်။ ဒါက အမှန်တကယ် အန္တရာယ်များလွန်းတယ်။ ပင်မတံဆိပ် နောက်တစ်ကြိမ်အသက်ဝင်လာရင် ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားလိမ့်မယ်"
ယဲ့မျိုးနွယ်ဝင်များက ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သူတို့က ပင်မတံဆိပ်၏အစွမ်းကို ကြောက်လန့်နေပြီဖြစ်သည်။
"ချန်အာ မင်း ဘယ်လိုသဘောရလဲ"
ယဲ့ချိန်ရွှမ်းက ယဲ့ချန်၏အမြင်ကို မေးလိုက်သည်။ ကောင်းကင်ကြယ်တာရာတံဆိပ်များနှင့် ပတ်သက်လျှင် ယဲ့ချန်က သူတို့ထက် ပို၍နားလည်သောကြောင့်ဖြစ်သည်။
"အဖေ ဘိုးဘိုးကြီး ဦးလေးတို့ ကျွန်တော့်ကို ယုံကြည်ရင် ပင်မတံဆိပ်ပေးလိုက်ပါ။ ဒါကို သေချာထိန်းသိမ်းပေးပါမယ်"
ယဲ့ချန်က ပြတ်သားစွာဆုံးဖြတ်၍ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ အလွန်အန္တရာယ်များသော အရာတစ်ခုကို ထိန်းသိမ်းထားသည့် ပင်မတံဆိပ်ကို ယဲ့အိမ်တော်၌ မထားရစ်နိုင်ခဲ့ပေ။ အကယ်၍ သားရဲကြီးသာ လွတ်မြောက်လာလျှင် ယဲ့မျိုးနွယ်အတွက် ကပ်စိုက်သွားပေလိမ့်မည်။
"ဒါပေမယ့် ပင်မတံဆိပ်က အရမ်းအန္တရာယ်များလွန်းတယ်။ တကယ်လို့......."
ယဲ့ချိန်ရွှမ်းက စိုးရိမ်စွာဖြင့် စောဒကတက်လိုက်၏။
"ဟုတ်တယ် ချန်အာ။ ဒါက အန္တရာယ်များလွန်းတယ်"
ယဲ့ကျန့်ထန်းကလည်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သူက ပင်မတံဆိပ်ကိုမပေးချင်၍ မဟုတ်ပေ။ ၎င်းက သားဖြစ်သူကိုအန္တရာယ်ပေးခဲ့လျှင် သူက ယူကျုံးမရဖြစ်ရပေလိမ့်မည်။
"အဖေ ကောင်းကင်ကြယ်တာရာတံဆိပ်ထဲမှာ တစ်ခုခုရှိနေတယ်။ ကျွန်တော်က ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်တယ်။ ခွန်အား လုံလုံလောက်မရှိသေးရင် နောက်တစ်ကြိမ် အဆင်အခြင်မဲ့ အသက်မသွင်းပါဘူး"
ယဲ့ချန်က အလျင်အမြန်ကတိပေးလိုက်၏။
"မဟုတ်သေးဘူး"
လူတိုင်းက ပြိုင်တူငြင်းဆန်လိုက်ကြသည်။ အကယ်၍ ပင်မတံဆိပ်ကသာ ယဲ့ချန်ကို အန္တရာယ်ပေးခဲ့လျှင် ယဲ့မျိုးနွယ်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
"ပင်မတံဆိပ်ရဲ့အသုံးဝင်ပုံကို လေ့လာဖို့ ဘိုးဘေးကြီးက ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။ တကယ်လို့ အဖေတို့က ဒီပစ္စည်းကို ချိတ်ပိတ်ထားလိုက်ရင် ကျွန်တော်က ဘိုးဘေးကြီးကို ဘယ်လိုရှင်းပြရမလဲမသိဘူး"
ယဲ့ချန်က ယဲ့ကျန့်ထန်းနှင့် ယဲ့ချိန်ရွှမ်းကို မည်သို့ရှင်းပြရမည်နည်းဟု အတွေးနက်နေခဲ့သည်။ ထို့နောက် သူ၏ခေါင်းအတွင်း အတွေးတစ်ချက်လက်သွားပြီး ချက်ချင်းအကြံရလိုက်၏။ သူက တစ်ချက်ပြုံး၍ လိမ်ပြောလိုက်သည်။
"ဘိုးဘေးကြီးကလား"
လူတိုင်းက ချက်ချင်းတိတ်ဆိတ်သွားကြသည်။
"ချန်အာ ဘိုးဘေးကြီးက တကယ် ဒီလိုတာဝန်ပေးထားတာလား"
ယဲ့ကျန့်ထန်းက မယုံသင်္ကါဖြင့် မေးလာခဲ့သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်၍ မျက်နှာသေသေထားကာ မင်သေသေလိမ်လည်လိုက်၏။
"ဒီတာဝန်ကို ဘိုးဘေးကြီးကပေးခဲ့တယ်ဆိုရင် ယဲ့မျိုးနွယ်ဝင်တစ်ယောက်အနေနဲ့ အသက်ကိုရင်းပြီး ထမ်းဆောင်သင့်တယ်။ ဘိုးဘေးကြီးက သားကို ဒီတာဝန်အတွက် ယုံကြည်ရတဲ့အကြောင်းပြချက်ရှိမှာ သေချာတယ်။ ပင်မတံဆိပ်ရဲ့လျှို့ဝှက်ချက်က အလွန်ကြီးမားတယ်။ မဟုတ်ရင် ငါတို့ယဲ့မျိုးနွယ်က ဒီရတနာကို မျိုးရိုးစဥ်ဆက် ထိန်းသိမ်းလာမှာမဟုတ်ဘူး"
ယဲ့ကျန့်ထန်းက ခဏတာတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
"ဒါ....ဒါက....."
ယဲ့ချိန်ရွှမ်းက သံသယဝင်နေဆဲဖြစ်သည်။
"ချန်အာ ငါတို့က မင်းကိုယုံကြည်ပေမယ့် သေချာပေါက်သတိထားရမယ်။ မင်း လုံလုံလောက်မသန်မာရင် ပင်မတံဆိပ်ကို အသက်သွင်းလို့မဖြစ်ဘူး။ မင်းအနေနဲ့ ငါတို့ကို အရင်ဆုံးအသိပေးပြီးမှ တံဆိပ်ကို အသက်သွင်းရမယ်"
ယဲ့ကျန့်ထန်းက ယဲ့ချန်၏လုံခြုံရေးကို စိုးရိမ်စွာဖြင့် မှာကြားလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ။ နောက်တစ်ခေါက် မဆင်မခြင်မစွန့်စားတော့ပါဘူး"
ယဲ့ချန်က ခေါင်းညိတ်၍ ကတိပေးလိုက်သည်။ သူက လူတိုင်းမှ သူ့အပေါ်ထားသော စိုးရိမ်စိတ်ကို ခံစားမိလေသည်။
ထို့နောက် ယဲ့ကျန့်ထန်းသည် စားပွဲပေါ်တွင်တင်ထားသော ပင်မတံဆိပ်ကို ကောက်ယူလိုက်သည်။ ထို့နောက် သူက ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ ယဲ့ချန်သည်လည်း ၎င်းကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေလက်ခံ၍ လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။
ယဲ့မျိုးနွယ်အကြီးအကဲများမှာ ပင်မတံဆိပ်အကြောင်း ဝိုင်းဝန်းဆွေးနွေးနေကြသည်။
"ကျွန်တော်က အဘိုး၊ အဖေနဲ့ ဦးလေးတို့အားလုံးကို နှုတ်ဆက်ရတော့မယ်။ ကျွန်တော် သွားချိန်တန်ပြီ"
ယဲ့ချန်က ပတ်ဝန်းကျင်ကို ခေါင်းညွှတ်ကာ အရိုအသေပေးလိုက်၏။ သူက မင်ဝူနှင့်အတူ ကန့်သတ်ဒေသတိုက်ပွဲသို့လိုက်ရန် ကတိပေးထားသည် ။ကံကောင်းစွာဖြင့် အချိန်ရနေဆဲပင် ဖြစ်သည်။
"ခေါင်းဆောင်က တော်ဝင်မြို့တော်ကို ပြန်သွားမှာလား"
"နောက်ထပ်ရက်နည်းနည်းလောက် အနားယူပါဦး"
အကြီးအကဲများက တောင်းဆိုလိုက်ကြသည်။
"အရွယ်ရောက်တဲ့ ယောက်ျားတစ်ယောက်မှာ ကိုယ်ပိုင်တာဝန်တွေရှိရမယ်။ ချန်အာက သွားချင်တယ်ဆိုရင် သွားခွင့်ပေးလိုက်ပါ"
ယဲ့ကျန့်ထန်းက လေးနက်စွာပြောလိုက်သည်။
"ချန်အာ ဒီပစ္စည်းတွေက မင်းအဖေနဲ့ငါ ပြင်ဆင်ပေးထားတာ ဖြစ်တယ်။ ချီပြိုကွဲဆေးလုံး၊ အဆင့်သုံးဝိညာဥ်လက်နက်တွေနဲ့ ပစ္စည်းလေးတွေ ပါတယ်"
ယဲ့ချိန်ရွှမ်းက သိုလှောင်အိတ်အချို့ကို ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ အိတ်တစ်ခုချင်းစီက ပြည့်တင်းနေအောင် ထည့်ထားသဖြင့် ဖောင်းကားနေသည်။
"ကျွန်တော်က ဝိညာဥ်လက်နက်တွေ မလိုတော့ပါဘူး။ တိုက်ခိုက်ရေးအတွက် ငရဲဖြိုခွဲဓားရှိတယ်။ ကာကွယ်ရေးရတနာတွေလည်း မလိုအပ်ပါဘူး။ ချီပြိုကွဲဆေးလုံးတွေနည်းနည်းပဲ ယူသွားတော့မယ်"
ယဲ့ချန်က ဆေးလုံးသုံးသောင်းကို လက်ခံလိုက်ပြီး လက်မောင်းကာအတွင်း ထည့်သိမ်းလိုက်သည်။ လက်ရှိတွင် သူ၏ပိုင်ဆိုင်မှု၌ ဆေးလုံးရှစ်သောင်းရှိသောကြောင့် လေလံပွဲများတွင် ဝင်ရောက်ဆင်နွှဲခြင်းမရှိလျှင် လုံလောက်ပေလိမ့်မည်။
"ကာကွယ်ရေးရတနာတွေ တကယ်မလိုတာ သေချာရဲ့လား။ ဒါတွေက မင်းကို အပြင်မှာ ကူညီပေးနိုင်ပါတယ်"
ယဲ့ချိန်ရွှမ်းက စိုးရိမ်စွာတိုက်တွန်းလိုက်သည်။ ယဲ့ချန်တွင် ဝိညာဥ်လက်နက် ဓားရှည်တစ်ချောင်းရှိနေ၍ မိုးကြိုးဓားကိုမလိုအပ်ဟု ဆိုနိုင်သည်။ သို့သော် ကာကွယ်ရေးရတနာများကို ဆောင်ထားခြင်းက ပိုသည်ဟူ၍ မရှိချေ။
"ဘိုးဘိုးကြီး ကျွန်တော့်မှာ အဆင့်ငါးအထက် ကာကွယ်ရေးရတနာတစ်ခု ရှိပါတယ်။ ပြီးတော့ လေလံပွဲကနေ အဆင့်လေးဝိညာဥ်လက်နက်တစ်ခု ဝယ်နိုင်ခဲ့တယ်။ အဲ့တာကိုလည်း မျိုးနွယ်အတွက် ထားပေးခဲ့ပါမယ်။ ကျွန်တော်ရဲ့ငရဲဖြိုခွဲဓားက အဆင့်လေးမိုးကြိုးမီးတောက်ဓားထက် ပိုပြီးအဆင့်မြင့်တယ်"
ယဲ့ချန်က ရှင်းပြလိုက်သည်။
လူတိုင်းက ယဲ့ချန်ကို တအံ့တသြဝိုင်းကြည့်လိုက်ကြသည်။ ယဲ့ချန်ထံတွင် အဆင့်ငါးနှင့်အထက် အဆင့်မြင့်သော ဝိညာဥ်ရတနာများရှိနေမည်ဟု မည်သူမှမထင်ထားခဲ့ပေ။ ထို့အတွက် သူတို့၏အဆင့်သုံး ဝိညာဥ်လက်နက်များက အသုံးဝင်တော့မည်မဟုတ်ပေ။
"ဒါဆိုရင် ထားလိုက်ပါတော့"
ယဲ့မျိုးနွယ်ဝင်များက ယဲ့ချန်ကို ထပ်မံတိုက်တွန်းခြင်းမရှိတော့ပေ။
အစားအစာအချို့ကို သုံးဆောင်ပြီးနောက် ယဲ့ချန်၊ အမွေးပွလေး၊ ရှောင်ရိနှင့် ဝူစီတို့သည် နေလင်းယုန်ကိုစီးနင်းကာ တောင်ကြားမှ ထွက်ခွာလာကြသည်။
ယဲ့ချန်သည် မူလက နေလင်းယုန်ကို တောင်ကြားတွင်ထားရစ်ခဲ့ချင်သော်လည်း ယဲ့ကျန့်ထန်းတို့လူစုက အသည်းအသန်ငြင်းဆန်ခဲ့ကြသည်။ ထို့ကြောင့် ယဲ့ချန်က နေလင်းယုန်ကို အတူခေါ်ဆောင်ခဲ့ရပေသည်။
နေလင်းယုန်က ကောင်းကင်ထက်တွင် အတောင်များဖြန့်၍ ပျံသန်းလိုက်သည်။ ယဲ့ချန်က အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူ့ကိုလက်ပြနှုတ်ဆက်နေသော ယဲ့မျိုးနွယ်ဝင်များကို တွေ့နေရသည်။ သူတို့၏ပုံရိပ်များက ဖြည်းဖြည်းချင်း သေးငယ်သွားသောကြောင့် ယဲ့ချန်မှာ ဝမ်းနည်းမှုကို ခံစားနေရသည်။
"အစ်ကိုကြီး ကျွန်တော်တို့ ဒီနေရာကို ဘယ်အချိန်ပြန်လာကြမလဲ"
ရှောင်ရိသည်လည်း စိတ်ဓာတ်ကျစွာဖြင့် မေးနေခဲ့သည်။ သူက ယဲ့တောင်ကြားရှိ ကလေးအဖော်များနှင့် ခွဲခွာခဲ့ရသောကြောင့် ဝမ်းနည်းနေသည်။ ဝူစီသည်လည်း ရှောင်ရိ၏စကားကို ထောက်ခံဟန်ဖြင့် အဆက်မပြတ်ခေါင်းညိတ်နေသည်။
"ရှောင်ရိ မင်းက ဒီမှာနေရတာ ကြိုက်လို့လား"
ယဲ့ချန်က ရှောင်ရိသည် ယဲ့တောင်ကြားကို မည်မျှနှစ်သက်ကြောင်း သိလိုက်ရသည်။
"ဟုတ်ကဲဲ့။ ဒီနေရာမှာ သူငယ်ချင်းတွေအများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်က အစ်ကိုကြီးနဲ့အမနောက်ကို လိုက်မှာပါ"
ရှောင်ရိက ခေါင်းညိတ်၍ ဖြေလိုက်သည်။
"အချိန်တစ်ခုကြာရင် ပြန်လာရမှာပေါ့ကွာ"
ယဲ့ချန်က အမွေးပွလေးကို ရင်ခွင်ထဲ၌ဖက်ထားရင်း အဝေးကိုကြည့်ကာ ဖြေလိုက်သည်။
ရွှေလင်းယုန်က လေကိုခွင်း၍ လျင်မြန်စွာပျံသန်းနေသောကြောင့် လေခွင်းသံများ ထွက်ပေါ်နေသည်။ သူတို့၏အောက်တွင် မြေရိုင်းလွင်ပြင်များ၊ တောင်တန်းများနှင့် ရေစီးသန်သောမြစ်များ တည်ရှိနေခဲ့သည်။ ဤတောတောင်များထံမှ သားရဲဟိန်းသံများလည်း ကြားနေရသည်။
ရှီဝူအင်ပါယာ၏ပိုင်နက်က အလွန်ကျယ်ဝန်းသော်လည်း လူသားများက အစိတ်အပိုင်းငယ်တစ်ခုကိုသာ ပိုင်ဆိုင်နိုင်ခဲ့သည်။ ကျန်မြေနေရာများကိုမူ နတ်ဘုရင်များက အသီးသီးခွဲဝေ အုပ်ချုပ်နေကြသည်။
ရွှေလင်းယုန်၏အလျင်ဖြင့် နေပြည်တော်သို့ရောက်ရန် အချိန်သုံးရက်သာ လိုပေသည်။ လက်ရှိတွင် ယဲ့ချန်သည် တစ်ရက်ကြာအောင် ခရီးနှင်ပြီးဖြစ်သည်။
ထိုအချိန်၌ ယဲ့ချန်တို့အဖွဲ့သည် တိမ်များကိုဖြတ်သန်းခရီးနှင်နေစဥ် တောင်ကြီးတစ်လုံးထံ ရောက်လာခဲ့သည်။ တောင်ပေါ်တွင် ထူထပ်သော သစ်တောကြီးများရှိပြီး ထူးဆန်းသော ပုံသဏ္ဍာန်နှင့် ကျောက်စိုင်ကျောက်ခဲများ ပျံ့နှံ့နေသည်။
"ဒါက အဖေတို့ပြောပြဖူးတဲ့ ကောင်းကင်တောင်ကြား ဖြစ်မယ်ထင်တယ်။ ဒီနေရာက သာမန်လူသားတွေခြေမချရဲတဲ့ ကန့်သတ်နယ်မြေလို့ ကျော်ကြားတယ်"
ယဲ့ချန်က နေလင်းယုန်၏ကျောပေါ်မှ အောက်ကို ငုံ့ကြည့်လိုက်သည်။ သူ၏အမြင်တွင် သားရဲများစွာကျက်စားနေသော သစ်တောကြီးများ ဝင်ရောက်လာလေသည်။