မရဏနန်းတော်
Vol. 17 Ch. 232
နေလင်းယုန်က ကောင်းကင်တောင်ကြားအထက်မှ ရှီဝူနေပြည်တော်သို့ ဦးတည်ပျံသန်းနေသည်။ ယဲ့ချန်က အောက်မှပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနေသည်။
"ဂီး"
ထိုအချိန်တွင် နေလင်းယုန်သည် တစ်စုံတစ်ခုကို ကြောက်လန့်နေဟန်ဖြင့် အနည်းငယ်တုန်ယင်သွားသည်။ ၎င်းက ရှေ့တည့်တည့်တွင် အန္တရာယ်ရှိနေသဖြင့် ဘေးမှပတ်သွားရန် သတိပေးနေခဲ့သည်။ ရှေ့တွင် နေလင်းယုန်ကို ကြောက်လန့်စေသော တစ်စုံတစ်ရာရှိနေပုံပေါ်သည်။
"အစ်ကိုကြီး ဟိုရှေ့မှာ တစ်ခုခုရှိနေတယ်"
ရှောင်ရိက တောင်ပေါ်ရှိနေရာတစ်ခုကို ညွှန်ပြလိုက်သည်။
ယဲ့ချန်နှင့်အမွေးပွလေးက ရှောင်ရိပြောသောနေရာသို့ အာရုံစိုက်ကြည့်လိုက်သည်။ တောင်တန်းပေါ်တွင် အဆောက်အအုံတစ်ခု၏ ပုံသဏ္ဍာန်က ခပ်ရေးရေးထွက်ပေါ်နေသည်။ ၎င်းက ကြီးကျယ်ခမ်းနားပုံပေါ်ပြီး သစ်တောများအကြားမှ သေးငယ်သောအပိုင်းတစ်ခုသာ ထွက်ပေါ်နေသည်။ အနီးကပ်မကြည့်လျှင် ၎င်းက မည်မျှကြီးမားကြောင်း သိရှိနိုင်မည်မဟုတ်ပေ။
ရှောင်ရိ၏အမြင်အားက ယဲ့ချန်နှင့်အမွေးပွလေးထက် ပို၍သာလွန်နေသည်။ နေလင်းယုန်၏ကြောက်စိတ်ကြောင့် ယဲ့ချန်မှာ သိလိုစိတ်ဖြစ်ပေါ်လာသည်။
"အမွေးပွလေး ငါတို့ တစ်ချက်လောက် သွားကြည့်မလား"
ယဲ့ချန်က အကြံတောင်းလိုက်သည်။
အမွေးပွလေးသည်လည်း ဝေခွဲမရဟန်ဖြင့် ယဲ့ချန်ကို ပြန်ကြည့်နေခဲ့သည်။ သူမက ထိုနေရာကို စပ်စုချင်သော်လည်း မကိုင်တွယ်နိုင်သော အန္တရာယ်များရှိနေမည်ကို စိုးရိမ်နေခဲ့သည်။
ရှောင်ရိကမူ အလွန်သိလိုစိတ်ပြင်းသော အကြည့်ဖြင့် ထိုနေရာကို စိုက်ကြည့်နေခဲ့သည်။ ဝူစီသည်လည်း ရှောင်ရိနှင့် စိတ်တူကိုယ်တူဖြစ်သောကြောင့် လက်တံလေးများကိုယမ်းကာ အားပေးအားမြှောက်လုပ်နေသည်။
"သွားကြစို့။ ငါတို့က ဂရုတစိုက်သွားရင် ပြဿနာမရှိလောက်ပါဘူး"
ယဲ့ချန်က မှော်သားရဲလေးနှစ်ကောင်၏ အမူအရာကိုကြည့်ကာ စိတ်ဆုံးဖြတ်လိုက်သည်။ သူ့ထံတွင် ပတ်ဝန်းကျင်ကိုထောက်လှမ်းနိုင်သော ဝိညာဥ်အသိစိတ် ပိုင်ဆိုင်ထားသဖြင့် တစ်စုံတစ်ခုဖြစ်ပျက်လာလျှင် ချက်ချင်းထွက်ပြေးနိုင်သည်။
နေလင်းယုန်က ကြောက်လန့်နေသော်လည်း ယဲ့ချန်၏အမိန့်ကြောင့် အဆောက်အအုံထံ ဦးတည်ပျံသန်းခဲ့ရသည်။ ထိုနေရာအနီး ကောင်းကင်သို့ရောက်သောအခါ ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။ ထိုအခိုက်တွင် အဆောက်အအုံက မည်မျှကြီးမားကြောင်း သိလိုက်ရသည်။ အဆောက်အအုံ၏အောက်ပိုင်းက တောင်ကိုထွင်းဖောက်၍ တည်ဆောက်ထားပြီး မီတာထောင်ချီသော မြေအနက်အထိ တူးဖော်ထားသည်။ ဤမျှကြီးမားသော အဆောက်အအုံကို ဆောက်လုပ်ရန် လိုအပ်သောအင်အားကို သူအနေဖြင့် မခန့်မှန်းနိုင်ပေ။
ယဲ့ချန်သည် အဆောက်အအုံ၏ပြင်ပကို စစ်ဆေးလိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က အတွင်းပိုင်းသို့ ထိုးဖောက်မဝင်နိုင်သဖြင့် ကာကွယ်ရေးအစီအရင်တစ်ခု ရှိနေပုံပေါ်သည်။ ယဲ့ချန်အနေဖြင့် ထိုနေရာကို မစစ်ဆေးနိုင်ချေ။
အဆောက်အအုံ၏အတွင်းပိုင်းက သီးသန့်ဖြစ်တည်နေပြီး အပြင်မှကျင့်ကြံသူများ မထောက်လှမ်းနိုင်စေရန် တင်းတင်းကြပ်ကြပ်ကာကွယ်ထားသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အပြင်ပိုင်းရှိ လမ်းများတလျှောက်တွင် စစ်ဆေးလိုက်ပြီး အခန်းများစွာ တွေ့ခဲ့ရသည်။ အချို့အခန်းများတွင် ဖုန်ထူထပ်စွာတင်နေသော ခရားများစွာ ရှိနေသည်။ ၎င်းတို့က ဝိညာဥ်လက်နက်များမဟုတ်သော်လည်း ပြုလုပ်ရန်သုံးထားသော ကုန်ကြမ်းက အဆင့်သုံးလက်နက်များအောက် မနိမ့်ပေ။ ခရားများက နှစ်ပေါင်းများစွာထိန်းသိမ်းခံထားရပြီး အဖုံးကို တင်းကျပ်စွာပိတ်ထားသည်။ ထို့ကြောင့် သာမန်လူများဆိုလျှင် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ထူးခြားမှုကိုမှ တွေ့မည်မဟုတ်ပေ။ အချို့အခန်းများတွင် အဆင့်နှစ်နှင့် အဆင့်သုံးဓားရှည်များ ပြန့်ကြဲနေသည်။ သို့သော် အများစုက ဆိုးဆိုးရွားရွားထိခိုက်နေပြီး အချို့က အလယ်မှပင် တိတိရိရိပြတ်တောက်နေသည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ကြောင့် အပြင်ပိုင်းတွင် ထောင်ချောက်များစွာကို ဝင်္ကပါတစ်ခုကဲ့သို့ ခင်းကျင်းထားကြောင်း သိလိုက်ရ၏။ အတွင်းပိုင်းတွင် ကာကွယ်ရေးအစီအရင်တစ်ခုက ဖုံးကွယ်ထားသည်။ သို့သော် ပြင်းထန်သောအရှိန်အဝါတစ်ခုက ထိုနေရာမှ စိမ့်ထွက်နေခဲ့သည်။ ၎င်းက ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏ အရှိန်အဝါထက် အနည်းငယ်ပို၍ သာလွန်နေသည်။
ဤအဆောက်အအုံအတွင်း၌ အစွမ်းထက်အရာတစ်ခုကို ဖမ်းဆီးချုပ်နှောင်ထားလေသည်။
အတွင်းပိုင်းသို့ခြေချရန် ယဲ့ချန်၌ အကြောင်းလုံးဝမရှိပေ။ ခရားများက လမ်းလွှဲများကို ညွှန်ပြထားသည်။ ယဲ့ချန်သည် အကျိုးများစွာမရှိလျှင် မလိုအပ်သောစွန့်စားမှုများကို လုပ်မည်မဟုတ်ပေ။ အဆင့်နှစ်နှင့်အဆင့်သုံး ဝိညာဥ်လက်နက်များကို သူက အလွယ်တကူဝယ်ယူနိုင်သည်။
ယဲ့ချန်က လေးနက်စွာတွေးတောလိုက်သည်။ ထို့နောက် သူက နေလင်းယုန်ကို အဆောက်အအုံ၏ဝင်ပေါက်ရှေ့ရှိ မြေကွက်လပ်တွင် ဆင်းသက်စေသည်။
ဝင်ပေါက်က ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကြီးကျယ်ခမ်းနားသည့် တံခါးကြီးတစ်ခုဖြစ်သည်။ ၎င်းက တစ်ဝက်ပိတ်ခံထားရပြီး ဘေးတွင်လည်း ဆယ့်ငါးမီတာမြင့်သော ကျောက်တိုင်ကြီးများရှိသည်။ ဤကျောက်တုံးများက အချိန်ကာလ၏တိုက်စားမှုကို ခံခဲ့ရသဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းနေကာ သစ်ပင်နွယ်ပင်များ ကပ်ညှိနေသည်။
ကျောက်တိုင်များ၏ဘေးတွင် ကျောက်ပြားတစ်ချပ်ရှိနေသဖြင့် ယဲ့ချန်က ၎င်းကို ရှင်းလိုက်သည်။
"မရဏနန်းတော်"
ဤစကားလုံးများက ယဲ့ချန်၏အမြင်သို့ ဝင်ရောက်လာသည်။ ဝင်ပေါက်ထံမှ အရိုးစိမ့်လောက်အောင် စူးရှသော အအေးဓာတ်တစ်ခု ထွက်ပေါ်လာသဖြင့် အားလုံး မသက်မသာခံစားလိုက်ရသည်။ ဤတံခါး၏နောက်တွင် ကြောက်မက်ဖွယ်ကမ္ဘာတစ်ခု တည်ရှိနေသကဲ့သို့ပင်။
"အမွေးပွလေး ငါတို့အပြင်ပိုင်းကို ခဏဝင်ကြည့်ပြီး ပြန်ထွက်လာကြမယ်။ အတွင်းပိုင်းကို မသွားဘူး"
ယဲ့ချန်က ပြောလိုက်သည်။ ဤကမ္ဘာတွင် မထိသင့်သော အရာများစွာရှိနေသည်။ ထို့ကြောင့် သူက အသက်ကိုရင်း၍ ပေါ့ပေါ့ဆဆမစွန့်စားဝံ့ချေ။
အမွေးပွလေးက ခေါင်းညိတ်လိုက်ပြီး ရှေ့မှဦးဆောင်လိုက်သည်။
"အမွေးပွလေး ထောင်ချောက်တွေကို သတိထားနော်"
ယဲ့ချန်က သတိပေးလိုက်သည်။ သို့သော် သူမသည်လည်း ဝိညာဥ်အသိစိတ်ကို ပိုင်ဆိုင်ထားသဖြင့် ထောင်ချောက်များကို ရှောင်နိုင်လိမ့်မည်။
ယဲ့ချန်၊ရှောင်ရိနှင့်ဝူစီက သူမ၏နောက်မှ ကပ်လျက်လိုက်ပါသွားကာ မရဏနန်းတော်အတွင်း ဝင်ရောက်သွားကြသည်။ နန်းတော်အတွင်းရောက်သောအခါ အပူချိန်က ထိုးကျသွားသည်။ လမ်းမက ကျယ်ဝန်းသဖြင့် ခြောက်မီတာကျော်အရပ်ရှည်သော ဧရာမလူကြီးများပင် အလွယ်တကူသွားလာနိုင်သည်။ ဘေးနှစ်ဖက်ရှိနံရံများတွင် ပုလဲအချို့ တပ်ဆင်ထားသဖြင့် အဖြူရောင်ခပ်ဖျော့ဖျော့ လင်းနေသည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ထားသဖြင့် သူ၏စိတ်အတွင်း စူးရှသော အော်မြည်သံများ ဝင်ရောက်လာကြသည်။ ယဲ့ချန်က အသက်ကိုပြင်းပြင်းရှူ၍ သူ၏ရင်ထဲမှ လေးလံစိတ်ကို ထိန်းချုပ်လိုက်သည်။ သူက အမွေးပွလေး၏နောက်မှ အနီးကပ်လိုက်နေခဲ့သည်။
"ရှောင်ရိ အစ်ကိုကြီးနောက်က လိုက်ခဲ့။ ထောင်ချောက်တွေကို သတိထား။ ငါ့ခြေလှမ်းအတိုင်းလိုက်လာရင် လုံခြုံတယ်"
ယဲ့ချန်က ခပ်တိုးတိုးသတိပေးလိုက်၏။
ရှောင်ရိနှင့်ဝူစီက သူတို့၏ထူးခြားသော ရုပ်ခန္ဓာများကြောင့် သာမန်ထောင်ချောက်များကို ကြောက်စရာမလိုပေ။ သို့သော် ရှောင်ရိက ယဲ့ချန်၏စကားအတိုင်း တသဝေမတိမ်း လိုက်နာခဲ့သည်။
အမှောင်အတွင်း အချိန်အနည်းငယ် ရှေ့ဆက်သွားပြီးနောက် အစိမ်းရောင်အလင်းအချို့ ထွက်ပေါ်လာကြသည်။ ၎င်းတို့က ပုံပြင်များတွင်ပါဝင်သော အလင်းသရဲများဖြစ်ကြသည်။ လူသားများ၏အရေပြားက အလင်းသရဲများကိုထိတွေ့မိလျှင် လောင်ကျွမ်းသွားတတ်သည်။ ယဲ့ချန်က ကောင်းကင်ချီကိုထုတ်ဖော်၍ အလင်းသရဲများကို ရိုက်ခွဲဖျက်ဆီးလိုက်သည်။
ထို့နောက် ယဲ့ချန်တို့သည် ကျဥ်းမြောင်းသော လမ်းကလေးတစ်ခုကို ဖြတ်သန်းကာ ခန်းမကျယ်ကြီးတစ်ခုထံ ရောက်လာခဲ့ကြသည်။ ယဲ့ချန်သည် ထိုနေရာကို ဝိညာဥ်အသိစိတ်ဖြင့် တွေ့မြင်ပြီးဖြစ်သော်လည်း လူကိုယ်တိုင်မြင်ရချိန်တွင် အံ့သြနေဆဲပင်ဖြစ်သည်။ ခန်းမကြီးက မီတာရာချီကျယ်ဝန်းပြီး အမြင့်က မီတာသုံးဆယ်ကျော်သည်။ ခန်းမအတွင်း၌ စားပွဲနှင့်ထိုင်ခုံများရှိနေသောကြောင့် အစည်းအဝေးခန်းမ ဖြစ်ဟန်တူသည်။
၎င်းတို့က အလွန်ကြီးမားပြီး ထိုင်ခုံများက လေးမီတာအထိမြင့်သောကြောင့် ခြောက်မီတာကျော်မြင့်သော ဧရာမလူကြီးများထိုင်ရန် ကွက်တိဖြစ်သည်။ စားပွဲက ၁၅မီတာကျယ်ဝန်းပြီး မီတာငါးဆယ်ကျော် ရှည်လျားပေသည်။
စတုရန်းပုံတည်ဆောက်ထားသော ခန်းမ၏လေးဖက်လေးတန်တွင် နံရံဆေးရေးပန်းချီများ ရှိနေသည်။ ပန်းချီတွင် မရဏနန်းတော်တည်ဆောက်ပုံနှင့် ဧရာမလူကြီးများ၏ ဘဝအကြောင်း မှတ်တမ်းတင်ထားသည်။
လူသန်ကြီးများက သစ်တောအတွင်းနေထိုင်ကာ အသက်ရှင်ရန်အတွက် မှော်သားရဲများကို အမဲလိုက်စားသောက်ကြသည်။ အလွန်အစွမ်းထက်သော သားရဲကြီးများက သူတို့အတွက် သားကောင်ဖြစ်သည်။ လူသန်ကြီးများ ကအစာကွင်းဆက်တွင် ထိပ်ဆုံး၌ရပ်တည်ခဲ့သည်။ သို့သော် တစ်နေ့တွင် ကောင်းကင်က အညိုရောင်ပြောင်းသွားကာ ကပ်ဘေးတစ်ခု ကျဆင်းလာသည်။ အလွန်ကြီးမားသော မိစ္ဆာသားရဲတစ်ကောင်က ကောင်းကင်ထက်မှကျဆင်းလာကာ အရာအားလုံးကို ဝါးမျိုခဲ့သည်။ ၎င်းနှင့်ထိမိသမျှ သစ်တောများမှာ ခြောက်ကပ်သေဆုံးကုန်ပြီး မြစ်များ ခြောက်သွေ့ကုန်သည်။
ထို့နောက် လူသန်ကြီးများက ပြန်လည်တိုက်ခိုက်ခဲ့သည်။ အစွမ်းထက်ခေါင်းဆောင်၏ဦးဆောင်မှုဖြင့် သူတို့က မိစ္ဆာကောင်များကို တွန်းလှန်နိုင်ခဲ့သည်။ ထို့နောက် မရဏနန်းတော်ကိုတည်ဆောက်ကာ မိစ္ဆာကောင်များကို ချုပ်နှောင်ခဲ့ကြသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် လူသန်မျိုးနွယ်က သမိုင်းအတွင်းမှ ပျောက်ကွယ်သွားလေသည်။ သို့သော် မရဏနန်းတော်က ဤနေရာတွင် သက်သေတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ ယဲ့ချန်သည် ပန်းချီများကို ဝိညာဥ်အသိစိတ်ဖြင့်ကြည့်လိုက်သောအခါ ရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသည်။ သူက သားရဲကြီးများကို လက်သီးတစ်ချက်တည်းဖြင့်သတ်ပစ်လိုက်သော လူသန်ကြီးများအကြား ရောက်နေခဲ့သည်။ လူသန်ကြီးများက လေ့ကျင့်ကြပုံမပေါ်သော်လည်း မှော်သားရဲများကို အလွယ်တကူရင်ဆိုင်နေကြသည်။ နတ်ဘုရင်သားရဲတစ်ကောင်ပင် လူသန်မျိုးနွယ်ကို မယှဥ်နိုင်ချေ။
ယဲ့ချန်သည် လူသန်များနှင့် ကိုယ့်ကိုကိုယ်ယှဥ်လိုက်သောအခါ သူ၏အရပ်က လူသန်ကြီးတစ်ယောက်၏ခါးအောက် နိမ့်ကြောင်း သိလိုက်ရသည်။ ထို့နောက် သူက လျှပ်တပြက်အတွင်း ပြန်လည်နိုးထလာသည်။ ဤပန်းချီများက လူတစ်ယောက်ကို ရှေးခေတ်ဟောင်းထံ ခေါ်ဆောင်သွားနိုင်သဖြင့် သူက အလွန်အံ့သြသွားခဲ့ရသည်။ ဤပန်းချီရေးဆွဲသူမှာ အစွမ်းထက်ဆရာသခင်တစ်ယောက် ဖြစ်ပေလိမ့်မည်။
နံရံဆေးရေးပန်းချီများက နှစ်ပေါင်းသိန်းချီ ကြာမြင့်နေသည်။ အချိန်၏ဖြတ်ကျော်မှုကို ၎င်းတို့က မှတ်တမ်းတင်ထားသည်။ ယဲ့ချန်က အသက်ကိုပြင်းပြင်းရှူ၍ ဤပန်းချီများအတွင်း နစ်မြောမသွားစေရန် ထိန်းချုပ်လိုက်သည်။ ထို့နောက် သူက အမွေးပွလေးနောက်သို့ ဆက်လိုက်သွားခဲ့၏။
ထိုအချိန်တွင် ရှောင်ရိမှာ အလွန်ဝမ်းနည်းနေဟန်ဖြင့် မျက်ရည်များ တသွင်သွင်စီးကျနေသည်။
"ရှောင်ရိ ဘာဖြစ်လို့လဲ"
ယဲ့ချန်က ပြန်လှည့်ကြည့်၍ စိုးရိမ်စွာမေးလိုက်သည်။ ပန်းချီများကိုကြည့်နေသော ရှောင်ရိက ရုတ်တရက်ဝမ်းနည်းသော အကြောင်းအရင်းကို သူလည်း မတွေးတတ်ပေ။
"ကျွန်တော့်မျိုးနွယ်ဝင်တွေကို လူသန်ကြီးတွေစားနေတာ မြင်ခဲ့ရတယ်။ မူလအသွင်ပြောင်းလိုက်ရင်တောင် သူတို့ကို မနိုင်ဘူး။ အစ်ကိုကြီး တောင်ပံမြွေနဂါးမျိုးနွယ်မှာ ကျွန်တော်တစ်ယောက်တည်း ကျန်တော့တာလားဟင်"
ရှောင်ရိက မေးလိုက်ခြင်းဖြစ်သည်။
ရှောင်ရိ၏စကားမှတဆင့် ယဲ့ချန်သည် ပန်းချီများက ကြည့်သူတိုင်းကို မတူညီသောအမြင် ပေးစွမ်းကြောင်း သိလိုက်ရသည်။ ၎င်းတို့က အလွန်ဆန်းကျယ်ကာ အံ့သြစရာပင်ဖြစ်သည်။
ရှောင်ရိက ရှေးဟောင်းတောင်ပံမြွေနဂါးမျိုးနွယ်ဝင် ဖြစ်သည်။ သူက အသက်ငယ်ချိန်၌ပင် နတ်ဘုရင်တစ်ယောက် ဖြစ်လာခဲ့သည်။ အရွယ်ရောက်ပြီးလျှင် အလွန့်အလွန်အစွမ်းထက်ပေလိမ့်မည်။ သို့သော် ဤမျှအစွမ်းထက်သော မျိုးနွယ်တစ်ခုကပင် လူသန်မျိုးနွယ်၏အစာ ဖြစ်ခဲ့ရသည်။ လူသန်မျိုးနွယ်၏အစွမ်းကို ယဲ့ချန်က ပို၍နားလည်လာခဲ့ရသည်။
"ရှောင်ရိ ဒါတွေက ပုံရိပ်ယောင်သက်သက်ပါ။ အလေးအနက်မထားနဲ့။ မင်းရဲ့မျိုးနွယ်ဝင်တွေကို အစ်ကိုကြီးက လိုက်ရှာပေးမယ်"
ယဲ့ချန်က နှစ်သိမ့်လိုက်သည်။
"ဟုတ်ကဲ့"
ရှောင်ရိက မျက်ရည်များကိုသုတ်၍ လက်သီးဆုပ်ကာ ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူ၏မျိုးနွယ်ဝင်များသာ လူသန်မျိုးနွယ်၏ စားသောက်ခြင်းခံလိုက်ရလျှင် သူ့အနေဖြင့် လူသန်များကိုအနိုင်ယူနိုင်ရန် ကြိုးကြိုးစားစားလေ့ကျင့်မည် ဖြစ်လေသည်။