← Chapters

မိုးပျံသားရဲရုပ်တုများ

Vol. 17 Ch. 233

မိုးပျံသားရဲရုပ်တုများ

Vol. 17 Ch. 233

ယဲ့ချန်တို့အဖွဲ့သည် ကြီးမားသော အစည်းအဝေးခန်းမကြီးကို ကျော်ဖြတ်လာကြသည်။ အမွေးပွလေးက အရှိန်လျှော့လိုက်ပြီး တစ်ခုခုကို အာရုံခံမိဟန်ဖြင့် နှာမှုတ်နေခဲ့သည်။

"အမွေးပွလေး မင်း ဘာကိုမြင်လို့လဲ"

ယဲ့ချန်က အမွေးပွလေးမြင်ရသော မြင်ကွင်းကို သိလိုသဖြင့် စပ်စုလိုက်သည်။

"အမရော ဘာကိုမြင်တာလဲ"

ရှောင်ရိကလည်း စပ်စုလိုက်၏။

အမွေးပွလေးက တကွိကွိအော်မြည်၍ အဖြေပေးလိုက်သည်။

"အမကပြောတယ်။ အမြီးဆယ်ချောင်းမြေခွေးကြီးတစ်ကောင်က လူသန်ကြီးတွေကိုသတ်ပြီး ဒဏ်ရာတွေနဲ့ လွတ်မြောက်သွားတယ်။ အမရဲ့မျိုးနွယ်က တော်တော်အစွမ်းထက်တယ်နော်"

ရှောင်ရိက အမွေးပွလေး၏စကားကို ဘာသာပြန်ပေးပြီးနောက် သူ့ဘာသာ မှတ်ချက်ပြုလိုက်သည်။

အမွေးပွလေး၏စကားကြောင့် ယဲ့ချန်လည်း အံ့သြသွားခဲ့သည်။ သူမသည်လည်း တနေ့တွင် ထိုအဆင့်သို့ ရောက်ပေလိမ့်မည်။ သို့သော် အမြှီးဆယ်ချောင်းမြေခွေးကြီးကဲ့သို့ အစွမ်းထက်လာရန် နှစ်ပေါင်းမရေမတွက်နိုင်အောင် လိုအပ်ပေလိမ့်မည်။ အကယ်၍ အမွေးပွလေးသည်လည်း အမြီးဆယ်ချောင်း၏စွမ်းအားကို ပိုင်လိုလျှင် လေ့ကျင့်ရန် အချိန်များစွာလိုအပ်နိုင်သည်။

ခန်းမကြီးကိုကျော်ဖြတ်ပြီး သူတို့က ရှည်လျားသောလမ်းတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် ထောင်ချောက်များမရှိဘဲ အခန်းများသာ ရှိနေခဲ့သည်။

သူတို့၏ရှေ့တည့်တည့်တွင် ရေကန်တစ်ခုရှိသော အခန်းကျယ်တစ်ခုရှိသည်။ ရေကန်အတွင်း၌ ကြာပန်းနက်ငါးပွင့်ရှိပြီး ၎င်းတို့က ကျောက်စိမ်းနက်များပမာ လှပစွာပွင့်လန်းနေသည်။ အနက်ရောင်သလင်းကျောက်များကဲ့သို့ လှပနေသော ကြာပန်းနက်များက အပျိုစင်များပမာဖြစ်သည်။

"ဒီနေရာမှာ ကြာပန်းနက်တွေ ဘယ်လိုရှိနေရတာလဲ။ ဝိညာဥ်အသိစိတ်နဲ့ကြည့်တုန်းက ဘာမှမရှိပါဘူး"

ယဲ့ချန်က တအံ့တသြရေရွတ်လိုက်မိသည်။ သူ၏ခေါင်းထဲတွင် ဆေးစွမ်းထက်ပြီး အဆိပ်ပြင်းသော ကြာပန်းနက်များ၏အကြောင်းက ရောက်ရှိလာသည်။ ၎င်းတို့ကိုဆေးဖော်စပ်ရန် ကြာပန်းဖြူနှင့် အဆိပ်ဖြေပေးရသည်။ ထို့နောက် အဆင့်ရှစ်ဆေးလုံးများ ဖော်စပ်နိုင်လေသည်။

ယဲ့ချန်သည် လက်မောင်းကာအတွင်း၌ ကြာပန်းနက်အခြောက်တစ်ပွင့်ကိုသာ တွေ့ရသည်။ လက်မောင်းကာပိုင်ရှင်သည် ဆေးပင်များစွာ စုဆောင်းထားနိုင်သော်လည်း ကြာပန်းနက်က တစ်ပွင့်တည်းသာရှိသည်။ ဤအချက်က ၎င်း၏အဖိုးတန်ရှားပါးမှုကို မီးမောင်းထိုးပြနေသည်။

"အမွေးပွလေး ရှောင်ရိ မင်းတို့ ကျန်တဲ့အခန်းတွေကိုသွားပြီး အသုံးဝင်သမျှရတနာတွေကို ယူလာကြ။ ငါက ကြာပန်းနက်တွေ ခူးလိုက်မယ်"

ယဲ့ချန်သည် ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် အန္တရာယ်မရှိကြောင်း ဦးစွာအတည်ပြုလိုက်သည်။ ထို့နောက် သူက ညွှန်ကြားလိုက်သည်။

ရေကန်၏ပတ်လည်တွင် တိုင်ခြောက်ခုရှိပြီး ၎င်းတို့က ငါးမီတာမြင့်သည်။ တိုင်များ၏အလယ်တွင် မိုးပျံသားရဲရုပ်တုများ ထွင်းထုထားသည်။ ၎င်းတို့က အကျည်းတန်လွန်းပြီး လင်းနို့များနှင့်တူညီသော်လည်း ရှည်လျားသောတောင်ပံများ၊ သင်တုန်းဓားကဲ့သို့ထက်ရှသော ခြေသည်းများရှိကာ တစ်ကိုယ်လုံး အနက်ရောင်ဖြစ်သည်။

ရုပ်တုများက သက်ရှိသားရဲများကဲ့သို့ အသက်ဝင်လှသည်။ ယဲ့ချန်က ၎င်းတို့ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလို​က်ရာ မည်သည့်အသက်အားကိုမှ မတွေ့ခဲ့ရပေ။ ၎င်းတို့က ကျောက်ရုပ်များသက်သက်ဖြစ်သည်။

"ကြည့်ရတာ လူသန်တွေရဲ့လက်မှုပညာက အတော်ထူးချွန်ပုံပဲ"

ယဲ့ချန်က ဤသို့မှတ်ချက်ပြု၍ ရေကန်ထံ သွားလိုက်သည်။

အမွေးပွလေးနှင့်ရှောင်ရိက ထိုအချိန်တွင် အခြားအခန်းများသို့သွားကာ ရတနာများကို သိုလှောင်အိတ်အတွင်း ထည့်သွင်းနေကြသည်။

ယဲ့ချန်သည် ရေကန်ဘေးတွင်ထိုင်၍ ကြာပန်းနက်များကို ဂရုတစိုက်ခူးကာ လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။ ၎င်းတို့ကိုခူးယူပြီးနောက် ပြင်ဆင်မှုအချို့လုပ်ရန် လိုသော်လည်း မရဏနန်းတော်အတွင်းမှ အရင်ဆုံးထွက်ခွာရမည်ဖြစ်သည်။

မရဏနန်းတော်အတွင်းရောက်ပြီးနောက် ယဲ့ချန်သည် ဤနေရာကြီးတွင် အဖြစ်ဆိုးတစ်ခုဖြစ်လာမည်ဟု ခံစားနေရသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် မည်သည့်အန္တရာယ်ကိုမှ ရှာမတွေ့သော်လည်း စိတ်များ အလွန်လေးလံနေသည်။

ထို့အပြင် အတွင်းပိုင်း၌ဖမ်းချုပ်ခံထားရသော အရာကို သူက မသိပေ။ နန်းတော်၏အတွင်းပိုင်းမှ မိန်းမတစ်ယောက်၏ညည်းသံများတလှည့် စူးရှသောအော်သံများတလှည့် ထွက်ပေါ်လာသည်။ ထိုညည်းသံများက လူတစ်ယောက်၏ စိတ်အခြေအနေကို ဖျက်ဆီးနိုင်စွမ်းရှိနေသည်။

ယဲ့ချန်က ရုတ်တရက်သွေးဆာလာ၍ လူသတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူက ချက်ချင်းစိတ်စွမ်းအားကိုစုစည်းကာ အော်သံများကို ခုခံလိုက်ရသည်။ အကယ်၍ သူသာ အစစ်အမှန်သိုင်းလမ်းစဥ်ကို ဉာဏ်အလင်းပွင့်ထားခြင်းမရှိလျှင် ဤနေရာတွင် အရူးတစ်ယောက် ဖြစ်သွားနိုင်သည်။

မရဏနန်းတော်၏အပြင်ပိုင်းအထိ ဤအော်သံများက ကြောက်စရာကောင်းလောက်အောင် ရောက်လာသည်။ အတွင်းပိုင်း၌ဆိုလျှင် များစွာပို၍ အန္တရာယ်များပေလိမ့်မည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပင် အော်သံများကြောင့်ဖြစ်ပေါ်လာသော အတွေးကို တွန်းလှန်နိုင်ရန် ခက်ခဲပေလိမ့်မည်။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် အတွင်းပိုင်းမှ ရှေးကျထူးဆန်းသော စွမ်းအင်တစ်ခု စိမ့်ထွက်လာသည်ကို ခံစားမိလိုက်သည်။ ၎င်းက သွေးဆာရက်စက်မှုများ ပြည့်နှက်နေသဖြင့် လေထဲတွင် သွေးညှီနံ့များပင် ထွက်ပေါ်လာသည်။

"ဒီနေရာကြီးမှာ ဆက်နေလို့မဖြစ်ဘူး"

ယဲ့ချန်က အမွေးပွလေးနှင့်ရှောင်ရိကို ဝိညာဥ်အသိစိတ်ဖြင့် လှမ်းပြောလိုက်သည်။ ထိုနှစ်ယောက်ကို အော်သံများက ထိန်းချုပ်နိုင်စွမ်းမရှိသော်လည်း မျက်လုံးများက သွေးနီရောင်တောက်ပနေကြသည်။ ယဲ့ချန်၏အသံကို ကြားသောအခါတွင်မှ သတိဝင်သွားကာ အခန်းတွင်းမှ ပြေးထွက်လာကြသည်။

ယဲ့ချန်တို့က မရဏနန်းတော်အတွင်းမှ ထွက်ပြေးရန်ပြင်နေချိန်တွင် ကျောက်တုံးရုပ်တုများ၏မျက်လုံးများက ရုတ်တရက်ပွင့်လာသည်။ ၎င်းတို့က အသက်ဝင်လာဟန်ဖြင့် တောင်ပံများကိုခတ်ကာ အနီရောင်မျက်လုံးများဖြင့် ယဲ့ချန်တို့ကို စိုက်ကြည့်လာသည်။

ယဲ့ချန်သည် ကျောက်ရုပ်များက အသက်ဝင်လာသောကြောင့် အလွန်တုန်လှုပ်နေခဲ့သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ဤအရုပ်များကို စစ်ဆေးခဲ့သော်လည်း အသက်အားကို လုံးဝအာရုံမခံနိုင်ခဲ့ပေ။ သို့သော် လက်ရှိတွင် ကျောက်ရုပ်များက အသက်ဝင်လာပြီး တောင်ပံကြီးများနှင့် ဝဲပျံနေကြသည်။

ထို့နောက် ရုပ်တုများက အော်မြည်ကာ ယဲ့ချန်တို့ကိုတိုက်ခိုက်ရန် တဟုန်ထိုးဝင်ရောက်လာကြသည်။

အမွေးပွလေးက ယဲ့ချန်၏ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး ရှောင်ရိက ဝူစီကိုပိုက်ကာ လေးယောက်သား​ ခြေကုန်သုတ်ထွက်ပြေးလိုက်ကြသည်။

ထိုအချိန်တွင် ရုပ်တုနှစ်ကောင်က ကောင်းကင်ထက်မှ ထိုးဆင်းလာသည်။ ထက်ရှသောခြေသည်းများဖြင့် ယဲ့ချန်နှင့်ရှောင်ရိကို တစ်ကောင်စီက တိုက်ခိုက်လာသည်။

"ဒီလောက်မြန်နေရင် ဒီကောင်ကြီးတွေက သေချာပေါက်အစွမ်းထက်လိမ့်မယ်"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဤနေရာတွင် မပေါ့ဆရဲသောကြောင့် ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သည်။ အမွေးပွလေးက သူမ၏ဝိညာဥ်ကိုထုတ်ဖော်ပြီး ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကို ထောက်ပံ့ပေးခဲ့သည်။

ဝိညာဥ်စစ်သည်တော်က ခရမ်းရောင်မီးတောက်များ ခြံရံ၍ ဓားရှည်ကိုမြှောက်ကာ ရုပ်တုကြီးကို ရင်ဆိုင်လိုက်သည်။

"ဂီး"

ဝိညာဥ်စစ်သည်တော်နှင့် ရင်ဆိုင်ရသော်လည်း ကျောက်ရုပ်ကြီးက နောက်ဆုတ်မသွားဘဲ ကြောက်လန့်ခြင်းကင်းစွာ ရှေ့တိုးလာသည်။

"ဝေါင်း"

ဝိညာဥ်စစ်သည်တော်က ရှေးနတ်ဘုရားကြီးပမာ ဟိန်းဟောက်လိုက်သည်။ ၎င်းက စွမ်းအင်အားလုံးကို ဓားသွားပေါ်တွင်စုစည်း၍ နေမင်းဖြိုခွဲသိုင်းကွက်ကို ထုတ်ဖော်ကာ ပိုင်းချလိုက်သည်။ ဓားချက်က လေကိုခွင်း၍ ပြင်းထန်စွာထွက်ပေါ်လာသည်။

"ဘုန်း"

ဝိညာဥ်စစ်သည်တော်၏ဓားက ကျောက်ရုပ်ကြီးကို ထိမှန်သွားသည်။

သို့သော် ယဲ့ချန်မှာ ကိုယ့်မျက်လုံးကို မယုံနိုင်ဖြစ်နေခဲ့သည်။ ဝိညာဥ်စစ်သည်တော်၏ဓားချက်က ကျောက်ရုပ်တုကို အနည်းငယ်မျှပင် မဖျက်ဆီးနိုင်ခဲ့ပေ။ ၎င်းက နောက်သို့မီတာအနည်းငယ်သာ လွင့်ထွက်သွားလေသည်။

မိုးပျံသားရဲရုပ်တုများတွင် အလွန်ကောင်းမွန်သော ကန်အားတစ်ခု ရှိနေသည်။

၎င်းတို့က အသက်အားမရှိသကဲ့သို့ ဤကန်အားမျိုးကို ပိုင်ဆိုင်ထားသောအခါ မသေမျိုးများပမာ ထင်မှတ်ရသည်။

နောက်ထပ်ကျောက်ရုပ်တစ်ခုက ရှောင်ရိ၏လမ်းကို ပိတ်ထားသည်။ ထို့ကြောင့် ရှောင်ရိက ဝူစီကို ကျောတွင်ပိုးလိုက်ပြီး ညာလက်သီးဖြင့် ထိုးချလိုက်သည်။

"ဒုန်း"

ရှောင်ရိ၏လက်သီးကြောင့် ကျောက်ရုပ်ကြီးက ခြောက်မီတာအထိ လွင့်သွားသော်လည်း လုံးဝထိခိုက်မှုမရှိချေ။ ၎င်းက တဂီးဂီးအော်မြည်၍ ပြန်လည်တိုးဝင်လာခဲ့သည်။

ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပင် ရှောင်ရိ၏လက်သီးချက်ကို မခုခံနိုင်ပေ။ အလွန်မာကျောသော ကျောက်တုံးများပင် ဤလက်သီးချက်ကြောင့် အမှုန့်ဖြစ်သွားနိုင်သော်လည်း ကျောက်ရုပ်ကြီးက မီတာအနည်းငယ် လွင့်ထွက်သွားခဲ့ရုံမှအပ ထိခိုက်မှုမရှိချေ။

"အစ်ကိုကြီး ဒီသားရဲတွေက သန်မာလွန်းတယ်။ သူတို့ကို ကျွန်တော် မသတ်နိုင်ဘူး"

ရှောင်ရိက အော်ပြောလိုက်သည်။

"ငါတို့က အပြင်ရောက်တဲ့အထိ ထွက်ပြေးကြမယ်"

ယဲ့ချန်က ထွက်ပြေးရင်း လှမ်းအော်လိုက်သည်။ ထိုအချိန်တွင် သူ့ထံသို့ ကျောက်ရုပ်တုတစ်ကောင် ထိုးဆင်းလာသဖြင့် ရှောင်တိမ်းလိုသော်လည်း နောက်ကျသွားခဲ့သည်။

ကျောက်ရုပ်ကြီး၏ခြေသည်းများက ယဲ့ချန်၏ကျောပေါ်ရှိ အဝတ်အစားများကို စုတ်ပြတ်သွားစေသည်။ ကံကောင်းစွာဖြင့် ၎င်းတို့က ပိုးဝတ်စုံကို မထိုးဖောက်နိုင်ခဲ့ပေ။ သို့သော် ကုတ်အားက ပြင်းထန်လွန်းသောကြောင့် ယဲ့ချန်မှာ အတွင်းဒဏ်ရာအနည်းငယ် ရရှိသွားသည်။

ရှောင်ရိက ယဲ့ချန်၏နောက်မှ ထပ်ကြပ်မကွာပြေးလိုက်လာသည်။ ဝူစီက သူ၏လက်တံလေးများဖြင့် ရှောင်ရိကို တင်းကျပ်စွာဖက်ထားသည်။

ယဲ့ချန်နှင့်ရှောင်ရိသည် လေးညှို့မှပစ်လိုက်သော မြှားများကဲ့သို့ အစွမ်းကုန်ထွက်ပြေးနေကြသည်။ သို့သော် ကျောက်ရုပ်ကြီးများက လျင်မြန်လွန်းသဖြင့် သူတို့နောက်မှ အနီးကပ်လိုက်ပါနိုင်ခဲ့သည်။

ယဲ့ချန်က ခေါင်းကို မရပ်မနားအလုပ်ပေးနေပြီး ကျောက်ရုပ်ကြီးများကို အနိုင်ယူရမည့်နည်းလမ်းကို စဥ်းစားနေသည်။ ဝိညာဥ်စစ်သည်တော်၏ဓားချက်နှင့် ရှောင်ရိ၏လက်သီးချက်ကပင် ဤအရာများကို မဖျက်ဆီးနိုင်သောကြောင့် ငရဲဖြိုခွဲဓားကလည်း အလုပ်မဖြစ်နိုင်ပေ။

သေရေးရှင်ရေးတွင် သူက ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ဝင်ပုန်းနိုင်သော်လည်း ရှောင်ရိနှင့်ဝူစီက မဝင်နိုင်ချေ။ သူက ဤသားရဲလေးနှစ်ကောင်ကို အကြင်နာကင်းမဲ့စွာဖြင့် မထားရစ်နိုင်ပေ။

ထိုအခိုက် သူ၏ခေါင်းထဲတွင် ဓားပျံကို အမှတ်ရလိုက်သည်။ ဓားပျံက ဤမိုးပျံသားရဲရုပ်တုကြီးများကို ဖြေရှင်းနိုင်စွမ်း ရှိနိုင်သည်။

ယဲ့ချန်က အတွေးနက်နေစဥ် လေတိုးသံတစ်ချက်ကို ခံစားမိလိုက်သည်။

ကျောက်ရုပ်တစ်ကောင်က ကောင်းကင်ထက်မှ တဟုန်ထိုးဆင်းသက်လာပြီး သူ၏ခေါင်းကို ခြေသည်းများဖြင့် ထိုးသုတ်လာခြင်းဖြစ်သည်။

"မြန်လိုက်တာ"

ယဲ့ချန်က ခေါင်းနားပန်းကြီးသွားပြီး ခေါင်းကို ချက်ချင်းယိမ်းလိုက်သည်။ သင်တုန်းဓားပမာထက်ရှသော ခြေသည်းကြီးများက သူ၏ပါးပြင်ကို ပိုင်းဖြတ်သွားခဲ့သည်။

မိုးပျံသားရဲရုပ်တုတစ်ကောင်၏ လက်ချက်ဖြင့် ယဲ့ချန် ဒဏ်ရာရသွားပြီဖြစ်သည်။ အကယ်၍ သူသာ တုံ့ဆိုင်းနေလျှင် ၎င်း၏ခြေသည်းများကြား ခေါင်းပြတ်သွားပေလိမ့်မည်။

All Chapters