← Chapters

အန္တရာယ်မှလွတ်​မြောက်ခြင်း

Vol. 17 Ch. 234

အန္တရာယ်မှလွတ်​မြောက်ခြင်း

Vol. 17 Ch. 234

ယဲ့ချန်၏မျက်နှာပေါ်ရှိ လက်သည်းကုတ်ရာက သွေးများနီရဲနေရာမှ ချက်ချင်းမည်းနက်လာသည်။ ၎င်းက တိုက်စားတတ်သော ပုံသဏ္ဍာန်မျိုးဖြင့် အဖြူရောင်မီးခိုးများ ဒဏ်ရာအတွင်းမှ ထွက်ပေါ်လာသည်။

"ဒီကျောက်ရုပ်ရဲ့ခြေသည်းက အဆိပ်ရှိတာလား"

ယဲ့ချန်က အလန့်တကြားဖြစ်သွားသည်။ သူက ဓားပျံ၏ကောင်းကင်ချီကို ချက်ချင်းလည်ပတ်၍ သူ၏ပါးပြင်ထံ ပို့ဆောင်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ ဒဏ်ရာက အဆိပ်မိ၍မဟုတ်ဘဲ လူ့အသားကိုတိုက်စားနိုင်သော ရှေးဟောင်းစွမ်းအင်တစ်မျိုးဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။

ကောင်းကင်ချီများက ရှေးဟောင်းစွမ်းအင်များကို လျင်မြန်စွာဝါးမျိုလိုက်သည်။ ကံကောင်းစွာဖြင့် ယဲ့ချန်၏ကောင်းကင်ချီများက အထူးအမျိုးအစားဖြစ်နေခဲ့သည်။ သာမန်ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဆိုလျှင် ဤတိုက်စားစွမ်းအင်များက သေစေနိုင်စွမ်းရှိသည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ နောက်ထပ်ကျောက်ရုပ်တစ်ကောင် ထိုးစိုက်လာပြန်သည်။

"ဒေါင် ဒေါင် ဒေါင်"

ရှောင်ရိ၏လက်သီးချက်များက ကျောက်ရုပ်ကို ထိုးချလိုက်သဖြင့် ၎င်းက လွင့်ထွက်သွားသည်။ ရှောင်ရိသည် ကျောက်ရုပ်များကို ရင်ဆိုင်နိုင်စွမ်းရှိသော်လည်း ၎င်းတို့ကို မဖျက်ဆီးနိုင်ပေ။ လွင့်ထွက်သွားစေရုံသာ တတ်နိုင်လေသည်။

"အစ်ကိုကြီး ထွက်သွားကြစို့"

ရှောင်ရိက ကျောက်ရုပ်များကို ထိုးနှက်နေရင်း အော်ပြောလိုက်သည်။ သူ၏ရုပ်ခန္ဓာက သန်မာလွန်းသဖြင့် ကျောက်ရုပ်များ၏တိုက်ခိုက်မှုကို စိုးရိမ်နေရန် မလိုချေ။

ယဲ့ချန်သည် သူ့ထံသို့ နောက်ထပ်ကျောက်ရုပ်တစ်ကောင် ဝင်ရောက်လာကြောင်း တွေ့လိုက်ရ၏။ သူ၏ညာလက်ကို ယမ်းလိုက်သောအခါ ကောင်းကင်ဓားပျံတစ်ခု ဖြစ်ပေါ်လာသည်။

"ဝှစ်"

ကောင်းကင်ဓားပျံက လျှပ်ပြက်သည့်အလျင်မျိုးနှင့် ကျောက်ရုပ်ထံ ဝင်ရောက်သွားသည်။ ကျောက်ရုပ်က ကောင်းကင်ဓားပျံကိုမရှောင်ဘဲ သူ၏ခြေသည်းများကို ဆန့်ထုတ်၍ ကုတ်ချလိုက်သည်။

"ဘန်း"

ကောင်းကင်ဓားပျံက ၎င်း၏ခြေသည်းများမှတဆင့် ကျောက်ရုပ်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

"ဂီး"

ကျောက်ရုပ်က အော်ဟစ်လိုက်ကာ လေထဲတွင် တန့်သွားခဲ့သည်။ ထို့နောက် ကောင်းကင်ဓားပျံ ထိမှန်သွားသော နေရာမှ ကျောက်အပိုင်းအစများ မြေပြင်ပေါ်သို့ ကြွေကျသွားသည်။

ယဲ့ချန်က ရှေ့သို့ခုန်ထွက်၍ လေးငါးမီတာအကွာသို့ ရောက်သွားသည်။ နောက်ဆုံးတွင် သူက ကျောက်ရုပ်များကို ထိခိုက်အောင် လုပ်နိုင်ခဲ့သည်။ မူလတွင် ဤကျောက်ရုပ်များက မထိခိုက်နိုင်သော အရာများဖြစ်သည်ဟု တွေးထင်ထားခဲ့သည်။

သို့သော် ဒဏ်ရာရသွားသော ကျောက်ရုပ်က အော်မြည်လိုက်သည်။ ၎င်းက အခြားကျောက်ရုပ်များနှင့် ယဲ့ချန်ထံ တဟုန်ထိုးဝင်ရောက်လာခဲ့သည်။ အလွန်ထက်ရှသော ကောင်းကင်ဓားပျံက မိုးပျံကျောက်ရုပ်များကို ထိုးဖောက်နိုင်သော်လည်း ၎င်းတို့က အသက်မရှိသောကြောင့် မသေသွားခဲ့ပေ။

ရှောင်ရိကို သည်းကြီးမည်းကြီးတိုက်ခိုက်နေသော ကျောက်ရုပ်များက အဖော်ကျောက်ရုပ်၏အော်သံကြောင့် ယဲ့ချန်ထံ လှည့်လာခဲ့ကြသည်။ ကျောက်ရုပ်အားလုံးက ယဲ့ချန်တစ်ယောက်တည်းကို တိုက်ခိုက်ရန် ဝိုင်းလာကြသည်။

"ဒီကောင်တွေက အသိဉာဏ်ရှိနေတာလား။ ငါက သူတို့ကိုထိခိုက်အောင် လုပ်နိုင်တော့ ငါ့ကိုသတ်ဖို့ ဝိုင်းလာကြပြီ"

ယဲ့ချန်က မျက်လုံးပြူးသွားခဲ့သည်။ ကျောက်ရုပ်ခြောက်ခုလုံးက သူ့ကိုသတ်ဖြတ်ရန် စုဝေးလာသဖြင့် လွတ်လမ်းမရှိပေ။

ယဲ့ချန်က အချိန်မရွေးဝင်ပုန်းနိုင်ရန် ကောင်းကင်ကြယ်တာရာတံ​ဆိပ်ကို အသက်သွင်းလိုက်သည်။ သူက ဘယ်မှညာခုန်ပျံရှောင်တိမ်းနေရင်း ကောင်းကင်ဓားပျံတစ်ခုကို ဖန်တီးပစ်ထုတ်လိုက်ပြန်သည်။

ဓားပျံက ကျောက်ရုပ်တစ်ကောင်၏ခေါင်းကို ထိုးဖောက်သွားသည်။ ဘန်းခနဲမြည်သံနှင့် မိုးပျံကျောက်ရုပ်၏ခေါင်းက ပေါက်ကွဲသွားသည်။ သို့သော် ခေါင်းပြတ်ကျောက်ရုပ်က ယဲ့ချန်ကို ဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိနေပြီး သေမသွားခဲ့ချေ။

"အစ်ကိုကြီး သတိထား"

ရှောင်ရိက စိုးရိမ်တကြီး သတိပေးလိုက်သည်။ သူက မူလအသွင်ထက် ပိုမိုသေးငယ်သော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်၏။ သူက ရှည်လျားကြီးမားသော အမြှီးဖြင့် မိုးပျံကျောက်ရုပ်များကို အားကုန်ရိုက်ချလိုက်သည်။

"ဘန်း"

အခန်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ လွင့်ထွက်ကုန်သည်။ ကျောက်ရုပ်ခြောက်ခုအတွင်းမှ ငါးခုက ရှောင်ရိ၏အမြှီးရိုက်ချက်ကြောင့် လွင့်ထွက်သွားကာ ဆယ်မီတာအကွာရှိ နံရံနှင့် တိုက်မိသွားကြသည်။

ကျန်ကျောက်ရုပ်တစ်ခုက ရှောင်ရိ၏ရိုက်ချက်ကို ရှောင်ရှားကာ ယဲ့ချန်ထံ ဝင်ရောက်သွားခဲ့သည်။ ရှောင်ရိက သူ၏အမြှီးကို နောက်တစ်ကြိမ်ယမ်းလိုက်သဖြင့် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ထိုကျောက်ရုပ်မှာလည်း လွင့်ထွက်သွားပြန်၏။

သို့သော် ကျောက်ရုပ်များက မည်မျှအရိုက်ခံရပါစေ ပျက်စီးသွားခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့က ပြန်လည်ထွက်ပေါ်လာပြီး အော်မြည်ကာ ယဲ့ချန်ထံ ဝင်ရောက်လာကြပြန်သည်။

"အစ်ကိုကြီး ဒီကောင်တွေလက်က ထွက်ပြေးရမယ်"

ရှောင်ရိက အလျင်စလိုအော်ပြောလိုက်သည်။

ယဲ့ချန်ကခေါင်းညိတ်၍ ဝူစီနှင့်အမွေးပွလေးကို ပိုက်ကာ ရှောင်ရိ၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။ ရှောင်ရိက သူ၏ခန္ဓာကိုယ်ကို မူလထက် သေးငယ်ထားသည့်အပြင် ခန်းမက ကျယ်ဝန်းသောကြောင့် ပျံသန်းနိုင်ခဲ့သည်။

မိုးပျံကျောက်ရုပ် သားရဲခြောက်ကောင်က နောက်မှထပ်ကြပ်မကွာ လိုက်ပါလာသည်။ ယဲ့ချန်ကလည်း ကောင်းကင်ဓားပျံများကို ဆက်တိုက်ဖန်တီးပြီး ၎င်းတို့ကို ပစ်ထုတ်လိုက်၏။

"ဘန်း"

ယဲ့ချန်၏လက်ချက်ဖြင့် ကျောက်အပိုင်းအစများ ပဲ့ထွက်ကုန်သည်။ သို့သော် ၎င်းတို့က မသေဆုံးနိုင်ကြပေ။

ထိုအချိန်တွင် ကျောက်ရုပ်နှစ်ကောင်က လိုက်မီလာသဖြင့် ရှောင်ရိ၏အမြှီးက ထိုနှစ်ကောင်ကို မြေပြင်ပေါ်သို့ ရိုက်ချပစ်လိုက်သည်။ ထိုနှစ်ကောင်က မြေပြင်ထက်မှ အချိန်တိုအတွင်း ပြန်ထမလာနိုင်ခဲ့ပေ။

ရှောင်ရိသည် ခန်းမအတွင်း လှည့်ပတ်ပျံသန်းနေပြီး ပြတင်းပေါက်တစ်ခုကို သတိပြုမိလိုက်သည်။

"အစ်ကိုကြီး သေချာကိုင်ထား"

ရှောင်ရိက တောင်ပံများကို ပြင်းထန်စွာခတ်၍ ပြတင်းပေါက်ထံ အလွန်လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ ယဲ့ချန်သည် ရှောင်ရိ၏စကားကို နားလည်လိုက်သောကြောင့် ကောင်းကင်ချီများဖြင့် ခန္ဓာကိုယ်ပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်သည်။

"ဝုန်း"

ရှောင်ရိ၏ခေါင်းဖြင့် ထိပ်တိုက်ဝင်ဆောင့်လိုက်သောအခါ ပြတင်းပေါက်က ပြိုကျသွားခဲ့သည်။ ထိုအပေါက်မှတဆင့် သူတို့က အပြင်ကောင်းကင်သို့ ထွက်​ပြေးနိုင်ခဲ့သည်။

ယဲ့ချန်သည် ငရဲဖြိုခွဲဓားကိုဆွဲထုတ်ပြီး ပြုတ်ကျလာသော ကျောက်တုံးများကို ပိုင်းဖြတ်ဖယ်ရှားလိုက်၏။ ကျောက်ရုပ်များကလည်း ခေါင်းမာစွာဖြင့် ရှောင်ရိနောက်သို့ လိုက်ပါလာခဲ့ကြသည်။

သူတို့က မရဏနန်းတော်အတွင်းမှ ထွက်ပြေးနိုင်ခဲ့သော်လည်း ကျောက်ရုပ်များလိုက်ပါလာသဖြင့် ယဲ့ချန်က စိတ်မအေးနိုင်ပေ။

ရှောင်ရိက သူ၏ခန္ဓာကိုယ်ကို သစ်တောအတွင်းထိုးစိုက်ကာ မြေပြင်နှင့်ခပ်နိမ့်နိမ့်မှ ပျံသန်းလိုက်၏။ သစ်တောအတွင်းရှိ သစ်ပင်များက တဝုန်းဝုန်းလဲပြိုကျနေသည်။

မိုးပျံကျောက်ရုပ်များက ထူးဆန်းစွာအော်မြည်နေပြီး လက်မလျှော့ဘဲ လိုက်ပါလာကြသည်။ ထိုအချိန်တွင် သူတို့က မရဏနန်းတော်နှင့် မီတာသုံးရာအကွာသို့ ရောက်နေပြီဖြစ်သည်။ ထိုအခိုက်တွင် ရှေ့ဆုံးမှဦးဆောင်ပျံသန်းလာသော ကျောက်ရုပ်က အလန့်တကြားအော်မြည်လိုက်သည်။ ၎င်း၏ခေါင်းမှတဆင့် တစ်ကိုယ်လုံးသို့ အက်ကြောင်းများပျံ့နှံ့သွားကာ မြေပြင်ထက်သို့ အစိတ်စိတ်အပိုင်းပိုင်းများအဖြစ် ပြုတ်ကျသွားလေသည်။

ယဲ့ချန်က နောက်သို့လှည့်ကြည့်လိုက်သောအခါ ဤမြင်ကွင်းကြောင့် ရှုပ်ထွေးသွားခဲ့သည်။ ဤသားရဲများက သူ၏လက်ချက်ဖြင့် ခေါင်းပြတ်သွားသည့်တိုင်အောင် လှုပ်ရှားနိုင်ခဲ့ကြသည်။ သို့သော် လက်ရှိတွင် တစ်ကောင်က ရုတ်တရက်သေဆုံးသွားပြီး ကျန်ငါးကောင်က လေထဲတွင် မလှုပ်မယှက်ရပ်နေကြသည်။ ထို့နောက် ကျန်ကျောက်ရုပ်များက ယဲ့ချန်တို့ကို တစ်ချက်ကြည့်ကာ မရဏနန်းတော်ထံ ပြန်လှည့်သွားကြသည်။

နောက်ဆုံးတွင် ယဲ့ချန်သည် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ဤကျောက်ရုပ်များက မရဏနန်းတော်၏ ပိုင်နက်အကွာအဝေးအတွင်း၌သာ အသက်ရှင်နိုင်ပေသည်။ အကွာအဝေးကျော်လျှင် အလိုလိုပျက်စီးသွားကြသည်။ မိုးပျံကျောက်ရုပ်များ၏နောက်မှ လျှို့ဝှက်ချက်အစစ်အမှန်သည် မရဏနန်းတော်ဖြစ်သည်။ ထိုနေရာတွင် ၎င်းတို့ကိုထိန်းချုပ်နေသော တစ်စုံတစ်ခု ရှိပေလိမ့်မည်။

အဝေးရှိမရဏနန်းတော်ကို လှမ်းကြည့်ကာ ယဲ့ချန်မှာ စိတ်မသက်မသာခံစားလိုက်ရသည်။ မရဏနန်းတော်အတွင်းရှိ အရာအားလုံးက ဆန်းကျယ်ကာ အဖြေရှာရခက်သော ပုစ္ဆာများဖြစ်ကြသည်။ မိုးပျံကျောက်ရုပ်များကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ သူ့အနေဖြင့် မရဏနန်းတော်သို့ နောက်တစ်ခေါက်ပြန်ဝင်လိုလျှင် မနည်းသတ္တိမွေးရပေလိမ့်မည်။

"အမွေးပွလေး ရှောင်ရိ သွားကြစို့"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် နေလင်းယုန်ကို အချက်ပြလိုက်သည်။ ခဏအတွင်း နေလင်းယုန်ရောက်လာသဖြင့် ရှောင်ရိက လူအသွင်​ပြောင်းလဲကာ ယဲ့ချန်၊ အမွေးပွလေး ၊ဝူစီတို့နှင့်အတူ ၎င်း၏ကျောပေါ်တွင် နေရာယူလိုက်သည်။

နေလင်းယုန်ကမရဏနန်းတော်၏တည်နေရာကိုကွေ့ပတ်ပျံသန်းကာမြောက်အရပ်သို့ဦးတည်ခဲ့လေသည်။

"ရှောင်ရိ အမွေးပွလေး မင်းတို့ ဘာရတနာတွေ ရခဲ့ကြတာလဲ"

ယဲ့ချန်က သူခူးယူလာသော ကြာပန်းနက်များကို လက်မောင်းကာအတွင်းရှိ ဆေးဗီရိုတွင် နေရာချထားရင်း မေးလိုက်ခြင်းဖြစ်သည်။ လက်မောင်းကာအတွင်း၌ ဆေးပင်များကို စီစီရီရီထိန်းသိမ်းထားသည်။ သူက ဆက်တိုက်ထုတ်ယူအသုံးပြုနေပြီး ပြန်လည်ထည့်သွင်းခြင်းမရှိလျှင် တစ်နေ့တွင် လက်မောင်းကာပိုင်ရှင် စုဆောင်းထားသမျှ ပြောင်သလင်းခါသွားမည်ဖြစ်သည်။

"အမက အဆင့်သုံးနဲ့အဆင့်နှစ် လက်နက်တွေ တွေ့ခဲ့တယ်"

ရှောင်ရိကသို လှောင်အိတ်တစ်လုံးကို သွန်ချလိုက်သည်။ ၎င်းအတွင်း၌ သံချပ်ကာများ၊ လက်နက်များပါဝင်နေသည်။ စုစုပေါင်း ၁၃ခု ရှိပြီး ငါးခုက အခြေအနေကောင်းပြီး အခြားရှစ်ခုက ထိခိုက်ထားသည်။ သို့သော် ၎င်းတို့ကိုပြုလုပ်ထားသော ကုန်ကြမ်းများက အရည်အသွေးကောင်းလွန်းသောကြောင့် အဖိုးတန်နေဆဲပင် ဖြစ်သည်။

"ကျွန်တော်က ခရားအခုသုံးဆယ် ယူလာတယ်"

ရှောင်ရိက သိုလှောင်အိတ်ငါးလုံးကို ထပ်မံထုတ်ယူလာပြန်သည်။

"မင်းက ခရားတွေ ထည့်လာတာလား"

ယဲ့ချန်သည်လည်း ခရားများကို စပ်စုလိုနေသည်။

ရှောင်ရိက ခေါင်းညိတ်၍ သိုလှောင်အိတ်အတွင်းမှ ခရားတစ်ခုကို ဆွဲထုတ်လိုက်သည်။

ခရားကိုပြုလုပ်ထားသော လက်မှုပညာက အလွန်အဆင့်အတန်းမြင့်ကာ ကုန်ကြမ်းကလည်း ကောင်းမွန်သည်။ ၎င်း၏အဝကို ချိတ်ပိတ်ရာတွင် အထူးရွံ့စေးတစ်ခုကို သုံးထားပြီး ကီလိုဂရမ်နှစ်ဆယ်ကျော် လေးလံသည်။ ယဲ့ချန်က ခရားအဖုံးကို အားသုံးဖွင့်လိုက်သောအခါ ပြင်းထန်သော သေရည်ရနံ့တစ်ခု ထွက်ပေါ်လာခဲ့၏။ ယဲ့ချန်က သေရည်မသောက်တတ်သေးသော်လည်း ရနံ့က အလွန်ဆွဲဆောင်မှုရှိနေသည်။ ဤသေရည်၏သက်တမ်းကို သူက မပြောနိုင်သော်လည်း အနံ့အရ ၎င်း၏အရသာက အလွန်ကောင်းမွန်ပေလိမ့်မည်။

"အစ်ကိုကြီး ကျွန်တော် သောက်လို့ရလား"

ဘေးတွင်ရပ်နေသော ရှောင်ရိသည်ပင် သေရည်၏ရနံ့ကြောင့် တံတွေးများ စီးကျနေသည်။

"ခဏစောင့်ဦး"

ယဲ့ချန်က သေရည်တွင် အဆိပ်ရှိမရှိစစ်ဆေးလိုသဖြင့် တားမြစ်လိုက်၏။ သူ၏ကောင်းကင်ချီက အဆိပ်ဖြေပေးနိုင်သော အစွမ်းရှိသည်။ သူ၏လက်ချောင်းကို သေရည်အိုးအတွင်း နှစ်လိုက်သည်။ သေရည်များက အရည်သဏ္ဍာန်မဟုတ်ဘဲ ခပ်ပျစ်ပျစ်တည်ရှိနေခဲ့သည်။

ယဲ့ချန်က လက်ချောင်းတွင်ကပ်ပါလာသည့် သေရည်အနည်းငယ်ကို သောက်လိုက်သည်။ ထို့နောက် ဓားပျံ၏ကောင်းကင်ချီကို အစာအိမ်ထံ ချက်ချင်းပို့ဆောင်သည်။ သေရည်က ယဲ့ချန်၏အစာအိမ်အတွင်းသို့ ရောက်သောအခါ ပူလောင်သောခံစားချက်ကို ရလိုက်သည်။

"ပြင်းလိုက်တဲ့ သေရည်"

ယဲ့ချန်က ဤသို့ရေရွတ်လိုက်သော်လည်း ၎င်းကချိုမြကာ အရသာရှိကြောင်း ဝန်ခံရပေလိမ့်မည်။ ယဲ့ချန်က အနည်းငယ်မျှသာမြည်းလိုက်သော်လည်း ပါးနှစ်ဖက်က အရောင်ပြောင်းသွားပြီး ရီဝေဝေခံစားနေရသည်။ သူက မြေဝိဇ္ဇာအလယ်အဆင့်ဖြစ်သောကြောင့် သာမန်သေရည်များက အကျိုးသက်ရောက်မှု မရှိနိုင်ပေ။ သူက ကောင်းကင်ချီများကိုလည်ပတ်၍ မူးမသွားစေရန် ထိန်းချုပ်လိုက်ရသည်။

သေရည်က ကျင့်ကြံခြင်းအတွက် အကျိုးပြုနိုင်သော်လည်း ဆေးလုံးများနှင့်ယှဥ်လျှင် အနည်းငယ်မျှသာဖြစ်သည်။

"သေရည်က ပြင်းလွန်းတယ်။ အများကြီးမသောက်နဲ့"

အဆိပ်မရှိကြောင်း သေချာသွားသောအခါ ယဲ့ချန်သည် လက်မောင်းကာအတွင်းမှ ခွက်အချို့ကို ထုတ်ယူလိုက်သည်။ ထို့နောက် ခရားအတွင်းမှသေရည်များကို အားလုံးအတွက် ငှဲ့ပေး၍ ပြန်ပိတ်ထားလိုက်သည်။

အမွေးပွလေး၊ ဝူစီနှင့် ရှောင်ရိက သေရည်ကိုသောက်လိုက်ကြပြီးနောက် စတင်မူးလာကြသည်။ ရှောင်ရိက အများဆုံးသောက်သူဖြစ်၍ သူ၏ရုပ်ခန္ဓာကသာ သန်မာနေခြင်းမရှိလျှင် အမူးလွန်၍ နေလင်းယုန်ပေါ်မှ ခေါင်းငိုက်စိုက်နှင့် ထိုးကျသွားပေလိမ့်မည်။

"ဒီသေရည်က အရသာရှိလိုက်တာ"

ရှောင်ရိက ခပ်တိုးတိုးရေရွတ်၍ ယဲ့ချန်ထံ လှမ်းကြည့်သည်။

ယဲ့ချန်က သူ့ကို ထပ်မတိုက်ရဲသောကြောင့် ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် သေရည်ခရားအားလုံးက လက်မောင်းကာအတွင်း ဝင်ရောက်သွားတော့သည်။

သေရည်အမူးလွန်ခြင်းက ပြဿနာတစ်ခုမဟုတ်ဟု ရှောင်ရိက တွေးနေသဖြင့် သုန်မှုန်သွားခဲ့သည်။ သို့သော် သူက အစ်ကိုကြီး၏သဘောထားကို မလွန်ဆန်ရဲသဖြင့် သိုးခြေထောက်တစ်ချောင်းကိုသာ ကိုက်စားနေခဲ့လေသည်။

All Chapters