← Chapters

- မီးနဂါးနေကိုသတ်

Vol. 17 Ch. 235

- မီးနဂါးနေကိုသတ်

Vol. 17 Ch. 235

နေလင်းယုန်က တောင်ပံများကို ပြင်းထန်စွာခတ်၍ မရဏနန်းတော်၏အဝေးသို့ ပျံသန်းထွက်ခွာလာခဲ့သည်။

ယဲ့ချန်သည် စာရွက်တစ်ရွက်ကိုထုတ်ယူ၍ မရဏနန်းတော်၏တည်နေရာကို မြေပုံဆွဲလိုက်သည်။ ထို့အပြင် သူက ကြုံတွေ့ခဲ့ရသမျှကိုလည်း မှတ်စုချရေးထားလိုက်သည်။

နှစ်ရက်အကြာတွင် ယဲ့ချန်တို့အုပ်စုက နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည်။ သူတို့က မည်သည့်နေရာတွင်မှမရပ်နားဘဲ တော်ဝင်နန်းတော်ထံ တိုက်ရိုက်ပျံသန်းလိုက်၏။

ယဲ့ချန်က တော်ဝင်နန်းတော်သို့ရောက်ချိန်တွင် ညအချိန်ဖြစ်သော်လည်း ၎င်းက တောက်ပနေဆဲပင်ဖြစ်သည်။ နေလင်းယုန်က နန်းတော်၏မြင်းစီးကွင်းအတွင်း ဆင်းသက်လိုက်သောကြောင့် မြင်းများက အလန့်တကြားဖြင့် ထိန်းချုပ်မရဖြစ်ကုန်သည်။

အချိန်ခဏအတွင်း နန်းတော်အစောင့်ရဲမက်များ ထွက်ပေါ်လာသော်လည်း နေလင်းယုန်အနီးသို့ မကပ်ရဲကြပေ။ ယဲ့ချန်ကိုမြင်ဖူးသော ရဲမက်များက ဧကရာဇ်မင်ဝူထံ ချက်ချင်းသတင်းသွားပို့လိုက်ကြသည်။

"ဒီသားရဲက ကြီးမားလိုက်တာ။ ဘယ်အဆင့်ကို ရောက်နေပြီလဲ"

အစောင့်တစ်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်၏။

"ဒါက မြေအဆင့်ဖြစ်လောက်တယ်။ ပြီးတော့ ကောင်းကင်အဆင့်လည်း ဖြစ်နိုင်တယ်"

နောက်ထပ်ရဲမက်တစ်ယောက်က ကန့်ကွက်လိုက်သည်။

သူတို့အားလုံးက နေလင်းယုန်၏အရှိန်အဝါ​ကြောင့် ကြောက်လန့်နေကြသည်။ တော်ဝင်မြို့တော်အတွင်း ဤမျှကြီးမားသောသားရဲကြီးကို ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက် စီးနင်းလာခြင်းမှာ မယုံနိုင်စရာဖြစ်သည်။

အချိန်ခဏအကြာတွင် ဧကရာဇ်မင်ဝူ၊ ဆေးဆရာရွှမ်းယီနှင့် လီရှုတို့ ရောက်လာကြသည်။

"ဆရာ မင်းကြီး ဆရာတူအစ်ကို ကျွန်တော် ပြန်ရောက်ပါပြီ"

ယဲ့ချန်က တစ်ယောက်စီချင်းကို ဂါရဝပြု၍ ကြိုဆိုလိုက်သည်။

ဆေးဆရာရွှမ်းယီက ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။ ယဲ့ချန်ပျောက်ဆုံးနေသည်မှာ ရက်ပေါင်းများစွာကြာနေသောကြောင့် ရွှမ်းယီက စိုးရိမ်နေခဲ့သည်။ ယဲ့ချန် ပြန်ရောက်လာသောအခါတွင်မှ သူက စိတ်အေးသွားခဲ့သည်။ လီရှုကလည်း ယဲ့ချန်ကို ကောင်းကောင်းကြိုဆိုလိုက်သည်။

"ငါ့လူတွေက နေလင်းယုန်ကို ကောင်းကောင်းဂရုစိုက်ပေးလိမ့်မယ်။ ငါတို့က နန်းတော်ကို အရင်သွားကြမယ်"

မင်ဝူက ဝမ်းမြောက်ဝမ်းသာနှင့် ယဲ့ချန်တို့ကို တော်ဝင်နန်းတော်ထံ ခေါ်ဆောင်သွားခဲ့သည်။

"ယဲ့ချန် မင်းကို မဟာဆေးလမ်းစဥ်စာအုပ် ပြန်ပေးပါရစေ"

လီရှုက မဟာဆေးလမ်းစဥ်စာအုပ်ကို ယဲ့ချန်ထံ ကမ်းပေးလိုက်၏။

"ကောင်းပြီ"

ယဲ့ချန်ကခေါင်းညိတ်၍ လက်ခံလိုက်သည်။ လီရှုသည် မဟာဆေးလမ်းစဥ်စာအုပ်ကို မိတ္တူကူးယူပြီး ဖြစ်သည်။

နန်းတော်အတွင်းရောက်သောအခါ ယဲ့ချန်နေထိုင်ရန်အတွက် မင်ဝူက တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခု စီစဥ်ပေးခဲ့သည်။ ထို့အပြင် လှပသောအစေခံမိန်းမပျိုလေးများက သူတို့အတွက် လိုအပ်သမျှကို စီမံပေးခဲ့ကြသည်။ ယဲ့ချန်က သူနှင့်အတူ ကန့်သတ်ဒေသသို့ လိုက်ပါမည်ဖြစ်သောကြောင့် မင်ဝူက အလွန်ကျေးဇူးတင်နေသည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်သော်လည်း သူက အထီးကျန်ကျွန်းတစ်ခု မဟုတ်ပေ။ ကန့်သတ်ဒေသအတွင်း ဝင်ရောက်ပြီးလျှင် ယဲ့ချန်က သူ့အတွက် အလွန်အကူအညီဖြစ်ပေလိမ့်မည်။

ယဲ့ချန်ခရီးထွက်နေစဥ် နင်ချင်းယွင်နှင့် မဟာဘိုးဘေးက နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့က ယဲ့ချန်၏အမိန့်ကို တစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့ကြသည်။ နင်ချင်းယွင်၏ဘိုးဘေးကလည်း ကောင်းကင်ဝိဇ္ဇာတစ်ယောက် ဖြစ်သည်။ ရှီဝူအင်ပါယာ၏ အင်အားစုတွင် ကောင်းကင်ဝိဇ္ဇာသုံးယောက်၊ ကောင်းကင်အဆင့်သားရဲတစ်ကောင်၊ ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိတို့ ပါဝင်ကြသည်။ ထို့ကြောင့် သူတို့က နန်မန်တိုင်းပြည်ကိုအနိုင်ရရန် အခွင့်အလမ်းများပေသည်။ လက်ရှိတွင် နန်မန်တိုင်းပြည်က ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို ဆုံးရှုံးထားရသဖြင့် တိုက်ခိုက်သူများစွာစေလွှတ်ရန် ခက်ခဲလေသည်။

ရှင်းစီနှစ်၏ချမ်လ နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။

ယဲ့ချန်က အသက်၁၈နှစ်ပြည့်၍ တစ်နှစ် အသက်ကြီးလာခဲ့သည်။ မူလတွင် သူက မွေးနေ့ပေါင်းများစွာကို ယဲ့မျိုးနွယ်၌ ကုန်ဆုံးခဲ့သည်။ ဤမွေးနေ့က ပထမဆုံးအကြိမ် မျိုးနွယ်ပြင်ပ၌ ကုန်ဆုံးရခြင်းဖြစ်သည်။

ယဲ့ချန်သည် ဝိညာဥ်သစ်ပင်၏ အရွက်များနှင့်အကိုင်းအခက်များကို ရွှမ်းယီအားပြသကာ မေးမြန်းခဲ့သည်။ ရွှမ်းယီက ရှေးဟောင်းမှတ်တမ်းများတွင် ရှာဖွေပေးခဲ့သော်လည်း မတွေ့ခဲ့ပေ။ ယဲ့ချန်အနေဖြင့် လက်လျှော့ရုံသာ တတ်နိုင်ပေသည် ။ဝိညာဥ်သစ်ပင်၏ အမျိုးအစားက မရဏနန်းတော်ကဲ့သို့ ဖြေရှင်းမရသော ပဟေဠိတစ်ခုပင်ဖြစ်သည်။ အနာဂတ်တွင် သူက အချက်အလက်များပိုမိုရှာဖွေ၍ ဝိညာဥ်သစ်ပင်အကြောင်း ရှာဖွေရပေလိမ့်မည်။

နံနက်ခင်းတွင် မြူများက ထူထပ်စွာရစ်သိုင်းနေသည်။

တော်ဝင်နေပြည်တော်တွင် ရာသီဥတုက တစ်နှစ်ပတ်လုံး သာယာပေသည်။ ရာသီလေးခုကြားတွင် ခြားနားမှုက သေးငယ်ပြီး တော်ဝင်နန်းတော်အတွင်း ၌ပန်းများစွာက နေရာတိုင်းတွင် ပွင့်လန်းနေကြသည်။

ယဲ့ချန်က သူ၏ခြံဝန်းအတွင်း သိုင်းပညာလေ့ကျင့်ရန် ပြင်ဆင်နေသည်။ သူက နေမင်းဖြိုခွဲသိုင်းပြီးလျှင် နောက်တစ်ကွက်ကိုကျင့်ကြံရန် ပြင်ဆင်နေသည်။ ၎င်း၏အမည်က မိုးကုပ်စက်ဝိုင်းဒေါသဖြစ်ကာ နေမင်းဖြိုခွဲအကွက်ထက် ပို၍အစွမ်းထက်ပေသည်။

ယဲ့ချန်က တိတ်တဆိတ်ရပ်နေပြီး အင်္ကျီလက်များအတွင်း လေများဝင်ရောက်၍ ဖောင်းကားနေသည်။ သူ၏မျက်လုံးများက အရောင်များလင်းလက်နေကာ သိုင်းပညာကို အာရုံစူးစိုက်လေ့လာနေသည်။

လျှပ်တပြက်

ရေခဲလေပြင်း

လက်သီးမှ လက်သည်း

ကျားရဲ တောကိုဖြတ်သန်း

လက်သည်းမှ လက်သီး

ပင်လယ်မှ နဂါးပြာခုန်ထွက်

ကမ္ဘာမြေကို မိုးကြိုးကျဆင်း စသဖြင့် အလွန်ခက်ခဲသော အလှည့်အပြောင်း၁၅ခုနှင့် မိုးကုပ်စက်ဝိုင်းဒေါသကို ဖွဲ့စည်းထားသည်။ ယဲ့ချန်က ၎င်းတို့ကို သေချာစွာလေ့လာနေသည်။ အနီးအနားတွင် ချီစုစည်းအစီအရင်ရှိလျှင် သူ၏ကျင့်ကြံနှုန်းက ယခုထက်ပို၍ မြန်ဆန်နိုင်သည်။ ကံကောင်းစွာဖြင့် မြေဝိဇ္ဇာအဆင့်သို့ရောက်သောအခါ ယဲ့ချန်၏နားလည်နိုင်စွမ်းက များစွာတိုးတက်လာပြီး ဤသိုင်းပညာကိုနားလည်ရန် အလွန်မခက်ခဲခဲ့ပေ။

မိုးကုပ်စက်ဝိုင်းဒေါသ မြေပေါ်ငရဲဘုံ

ဤပုံစံက အလွန်ကြမ်းကြုတ်ရက်စက်ပြီး ကောင်းကင်တုန်လောက်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ချန်က တာအိုကို နားလည်ထားသဖြင့် ရက်စက်ကြမ်းကြုတ်မှုကို ကျော်လွန်နားလည်နေကာ သိုင်းပညာလေ့လာရာတွင် ရလဒ်က အလွန်ကောင်းမွန်ပေသည်။

အလှည့်အပြောင်းတိုင်းက လျှို့ဝှက်စွမ်းအားများ ပြည့်နှက်နေသည်။ ယဲ့ချန်၏လက်သီးချက်များက နားကွဲမတတ်ကျယ်လောင်သံများ ထွက်ပေါ်လာ၏။ အဝေးတွင်ရှိသော သစ်ပင်ကြီးတစ်ပင်က ယဲ့ချန်၏လက်သီးကြောင့် လဲပြိုကျသွားသည်။ မိုးကုပ်စက်ဝိုင်းဒေါသက အလွန်အစွမ်းထက်သော သိုင်းပညာဖြစ်သည်။ လက်သီး၊ လက်ဝါး၊ လက်သည်း၊ ဒူး၊ တံတောင်၊ ပခုံးစသော ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် သေစေနိုင်လောက်သော လက်နက်များ ဖြစ်လာကြသည်။

ကျင့်စဥ်တစ်ခုနှင့် ဆက်စပ်နေသော နောက်တစ်ခုကိုလေ့လာရာတွင် များစွာမခက်ခဲတော့ပေ။ တစ်နေ့လုံးကျင့်ကြံပြီးနောက် ယဲ့ချန်သည် မိုးကုပ်စက်ဝိုင်းဒေါသကို အငယ်စားအောင်မြင်မှုအထိ တတ်မြောက်သွားခဲ့သည်။ သူက ကျင့်ကြံခြင်းရပ်တန့်လိုက်သောအခါ ပတ်ဝန်းကျင်ဆယ်မီတာတွင် ကျောက်တုံးများ၊ မြက်များနှင့် သစ်ပင်များအားလုံး ပြားပြားဝပ်ကုန်သည်။

ဤသို့ဖြင့် ယဲ့ချန်သည် စကြဝဠာလက်ဝါးသိုင်း၏ အကွက်ခြောက်ကွက်တွင် ငါးကွက်ကို သင်ယူနိုင်ခဲ့သည်။ နောက်ဆုံးအကွက်ဖြစ်သော ကောင်းကင်လုယူတစ်ကွက်တည်းသာ ကျန်ရစ်လေသည်။ ယဲ့ချန်က မိုးကုပ်စက်ဝိုင်းဒေါသကို အဆင့်မြင့်အဆင့်အထိ နားလည်ပြီးမှသာလျှင် ၎င်းကို ကျင့်ကြံနိုင်ပေလိမ့်မည်။

ယဲ့ချန်က အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။ သူက သိုင်းပညာကို အံ့မခန်းလောက်သော အမြန်နှုန်းနှင့် ကျင့်ကြံနိုင်ခဲ့၏။ အကယ်၍ သူသာ ဤသိုင်းကွက်များကို ဝိညာဥ်စစ်သည်တော်ဖြင့် အသုံးပြုနိုင်လျှင် ရန်သူများကိုရင်ဆိုင်ရာတွင် တိုက်ခိုက်ရေးစွမ်းအားက ကြီးမားစွာတိုးတက်သွားမည် ဖြစ်သည်။

အတိတ်တွင် ဒေါင်မန်ယင်ရန်နှင့်ရင်ဆိုင်ရာတွင် ယဲ့ချန်သည် ရန်သူကိုသတ်ရန်အတွက် နေမင်းဖြိုခွဲသိုင်းကွက်ကို ဝိညာဥ်စစ်သည်တော်နှင့် အသုံးပြုခဲ့သည်။ ဝိညာဥ်စစ်သည်တော်က လူသားများကဲ့သို့ ဒြပ်ရှိပုံသဏ္ဍာန်ဖြစ်သည်။

ဝိညာဥ်စစ်သည်တော်သည် နေမင်းဖြိုခွဲကွဲသိုင်းကွက်ကို အသုံးချနိုင်ခဲ့သောကြောင့် ယဲ့ချန်တတ်မြောက်ထားသမျှကို အသုံးပြုနိုင်ပေမည်။ ထို့အပြင် ဝိညာဥ်စစ်သည်တော်က တိုက်ပွဲတွင် လူသားများထက် အားသာချက်တစ်ခုရှိနေသည်။ လူတစ်ယောက်၏ခန္ဓာကိုယ်တွင် သေစေနိုင်သော နေရာများရှိသည်။ တိုက်ပွဲတွင် ကျင့်ကြံသူတစ်ယောက်က ထိုနေရာများကိုကာကွယ်ပြီး တိုက်ခိုက်ရသည်။ ဝိညာဥ်အသိစိတ်မှဖြစ်ပေါ်လာသော ဝိညာဥ်စစ်သည်တော်ကမူ ထိုနေရာများကိုလျစ်လျူရှုကာ တိုက်ခိုက်နိုင်သောကြောင့် ပိုမိုအစွမ်းထက်ပေသည်။

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်မီတာတစ်ထောင်ကို စစ်ဆေးလိုက်သည်။ အနီးအနားတွင် လူတစ်ယောက်မှမရှိပေ။ မင်ဝူက ယဲ့ချန် သီးသန့်ကျင့်ကြံနိုင်ရန်အတွက် ကျယ်ဝန်းကာသီးသန့်ဆန်သော နေရာတစ်ခုကို စီမံပေးထားခြင်းဖြစ်သည်။

ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သောအခါ ဓားလွတ်ကိုင်ထားသော ပုံရိပ်ကြီးက လေထဲတွင် ထွက်ပေါ်လာ၏။

ယဲ့ချန်က တိတ်တဆိတ်ရပ်နေပြီး တိမ်နီကောင်းကင်၊ လောကအမျက်၊ တောင်ခွဲခွန်းလွန်၊ နေမင်းဖြိုခွဲနှင့် မိုးကုပ်စက်ဝိုင်းဒေါသ အကွက်ငါးခုကို တွေးတောလိုက်၏။ သိုင်းကွက်များကခြားနားသော်လည်း အချင်းချင်းဆက်စပ်နေကြသည်။ တစ်ခုပြီးတစ်ခု သုံးသပ်ပြီးနောက် သူက ဉာဏ်အလင်းတစ်ခု ဖြတ်ခနဲရလိုက်သည်။ သူက ဒေါင်မန်ယင်ရန်နှင့်တိုက်ပွဲတွင် ဝိညာဥ်စစ်သည်တော်ကို သိုင်းပညာ ထုတ်သုံးစေနိုင်ခဲ့သည်။

ယဲ့ချန်က မျက်လုံးများကိုမှိတ်၍ ဓားကိုင်ထားသကဲ့သို့ စဥ်းစားလိုက်၏။ သူက မြင်းထိုင်သဏ္ဍာန်မှစတင်၍ နေရာရွှေ့လိုက်သည်။ လေထဲရှိဝိညာဥ်စစ်သည်တော်က ယဲ့ချန်၏လှုပ်ရှားမှုကဲ့သို့ ထပ်တူညီစွာ လှုပ်ရှားလိုက်ပါနေခဲ့သည်။

မူလတွင် ဝိညာဥ်စစ်သည်တော်၏ ဓားချက်များက နှေးကွေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုမိုမြန်ဆန်လာခဲ့သည်။ ယဲ့ချန်က လှုပ်ရှားလိုက်တိုင်းတွင် သိုင်းကွက်ငါးခုကို ပေါင်းစပ်ထားသည်။

ယဲ့ချန်က ခပ်တိုးတိုးကြုံးဝါး၍ ဓားဖြင့်ခုတ်သယောင် လုပ်လိုက်သည်။ သူ၏ခေါင်းအထက်ရှိ ဝိညာဥ်စစ်သည်တော်၏ဓားကလည်း ထပ်တူကျစွာ ခုတ်ချလိုက်သောအခါ လေထုပေါက်ကွဲသွား၍ မြေပြင်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။

ယဲ့ချန်က ပေါက်ကွဲမှုကို လျစ်လျူရှုထားသည်။ ဝိညာဥ်စစ်သည်တော်က သူ၏အတွေးများအတိုင်း လှုပ်ရှားနေကာ ယဲ့ချန်က အတွေးများတွင် နစ်မြုပ်နေသည်။

ယဲ့ချန်က မိုးကုပ်စက်ဝိုင်းဒေါသကို ကျင့်ကြံလိုက်သောအခါ ခရမ်းရောင်မီးတောက်များက ပိုမိုကြမ်းတမ်းစွာ တောက်လောင်လာသည်။ ဝိညာဥ်စစ်သည်တော်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်တည်လာ၏။ ၎င်း၏ဓားထံမှ ပြိုင်ဘက်ကင်းစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

"ဘုန်း ဘုန်း ဘုန်း"

ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဓားချက်ဖြတ်သွားသမျှ နေရာတိုင်း ပေါက်ကွဲကုန်သည်။ ဤနေရာတွင် ယဲ့ချန်တစ်ယောက်တည်းရှိနေ၍သာ တော်ပေသည်။ တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကိုတွေ့လျှင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပေမည်။

ဆယ့်နှစ်နာရီတိတိ လေ့ကျင့်ပြီးချိန်တွင် ဝိညာဥ်စစ်သည်တော်၏ ဓားကွက်များက စကြဝဠာလက်ဝါးသိုင်း၏ စည်းချက်နှင့်အတူ ရွေ့လျားနိုင်ခဲ့သည်။ စကြဝဠာလက်ဝါးသိုင်းက ဓားသိုင်းတစ်ခုမဟုတ်သော်လည်း ဓားဖြင့်အသုံးချနေသောအခါ သိုင်းပညာတစ်ရပ် ပေါက်ဖွားလာသည်။

စကြဝဠာလက်ဝါးသိုင်းတွင် ခုခံရေးအကွက်များ ပါဝင်သော်လည်း ဝိညာဥ်စစ်သည်တော်က အားလုံးကို လျစ်လျူရှုထားသည်။ ၎င်း၏ဓားချက်တိုင်းက တိုက်ခိုက်ခြင်းအတွက်သာ ရည်ရွယ်လေသည်။

ဤသို့ဖြင့် ယဲ့ချန်သည် စကြဝဠာလက်ဝါးသိုင်းကို အခြေခံ၍ ဝိညာဥ်စစ်သည်တော်အတွက် ဓားသိုင်းတစ်ခု ဖန်တီးနိုင်ခဲ့သည်။ သူက အမည်ကို မီးဓားသိုင်းဟု ပေးထားသည်။ သူကသာ ဓားသိုင်းတစ်ခုလုံးကို ပြည့်စုံအောင်တီထွင်နိုင်ခဲ့လျှင် ဝိညာဥ်သိုင်းပညာဟူသော အမျိုးအစားသစ်တစ်ရပ် ပေါက်ပေါက်လာနိုင်သည်။

မီးဓားသိုင်း၏ ပထမအကွက်ကို နေမင်းဖြိုခွဲနှင့်တိမ်နီကောင်းကင် နှစ်ကွက်ကို ပူးပေါင်းတီထွင်ထားခြင်းဖြစ်သည်။ ဤအကွက်တွင် ခရမ်းရောင်မီးတောက်များက ဓားတစ်ချောင်းအဖြစ် အသွင်ပြောင်းသွားပေလိမ့်မည်။ သူက ၎င်းကို မီးနဂါးနေကိုသတ်ဟူ၍ အမည်ပေးလိုက်သည်။

ယဲ့ချန်တွင် စကြဝဠာလက်ဝါးသိုင်းတစ်ခုသာ လက်ရှိ၌ တတ်မြောက်ထားသည်။ အကယ်၍ သူက ပိုမိုအဆင့်မြင့်သော သိုင်းပညာများ ရရှိလာလျှင် မီးဓားသိုင်းအတွက် အကွက်အသစ်များ ဖန်တီးနိုင်ပေလိမ့်မည်။

ယဲ့ချန်က အမွေးပွလေးကျင့်ကြံပုံကို သိချင်နေခဲ့သည်။ သူမက အခန်းအတွင်း၌ မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်။ သူမ၏ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့ လင်းလက်တောက်ပနေသည်။ သူမအနေဖြင့် တစ်စုံတစ်ရာကို အောင်မြင်ခဲ့ပုံပေါ်သည်။

လွန်ခဲ့သောရက်အနည်းငယ်က အမွေးပွလေးသည် လရောင်အောက်တွင် ပုံရိပ်ပုလဲကို မျိုချလိုက် ထွေးထုတ်လိုက် လုပ်နေကြောင်း ယဲ့ချန်က မြင်ခဲ့သည်။ ၎င်းက ထူးခြားသော ကျင့်ကြံနည်းတစ်ခု ဖြစ်နိုင်သည်။

သူတို့အဖွဲ့တွင် အသက်သာဆုံးမှာ ရှောင်ရိသာ ဖြစ်သည်။ သူက ကျင့်ကြံစရာမလိုဘဲ စားလိုက်အိပ်လိုက်ဖြင့် ကစားရင်း ခွန်အားများ တိုးတက်နေသည်။ သူက ပျော်ပျော်ပါးပါးနေသော်လည်း စွမ်းအားတွင် ယဲ့ချန်ရော အမွေးပွလေးထက်ပါ သာလွန်နေခဲ့သည်။

ဝူစီသည်လည်း လုပ်စရာကိစ္စ များများစားစား မရှိပေ။ သူ၏အမြန်နှုန်းက ရှောင်ရိကို မယှဥ်နိုင်သော်လည်း လျင်မြန်နေဆဲပင်ဖြစ်သည်။ အဓိကအကြောင်းအရင်းမှာ ဝိညာဥ်စုစည်းဆေးနှင့် ဝိညာဥ်အခြေတည်ဆေးများကို စားသောက်ခြင်းမှလာသော ဆေးအာနိသင်များကြောင့် ဖြစ်သည်။ ထိုဆေးလုံးများက ခရမ်းရွှေနတ်ဆေးထက်ပင် ဝူစီအတွက် အကျိုးများလေသည်။ ထို့ကြောင့် ယဲ့ချန်သည် အချိန်အနည်းငယ်ယူပြီး ဝူစီ နေ့တိုင်းစားသောက်ရန်အတွက် ဆေးဖော်စပ်ပေးခဲ့ရသည်။

ယဲ့ချန်က ကျင့်ကြံခြင်းအပြင် ဆေးပညာကိုလည်း မပြတ်လေ့လာခဲ့သည်။ ထို့ကြောင့် သူ၏ဆေးပညာအသိများက ပိုမိုနက်ရှိုင်းလာသည်။

မျက်တောင်တစ်ခတ်အတွင်း၌ပင် အချိန်တစ်လက လျင်မြန်စွာကုန်ဆုံးသွားသည်။ ကန့်သတ်ဒေသ ဖွင့်လှစ်တော့မည်ဖြစ်ရာ တိုင်းပြည်နှစ်ခုကြားမှ စီးချင်းတိုက်ပွဲကြီး အချိန်ကျလာလေသည်။

All Chapters