← Chapters

လျှို့ဝှက်ချက်များ

Vol. 17 Ch. 236

လျှို့ဝှက်ချက်များ

Vol. 17 Ch. 236

ယဲ့ချန်သည် တိုင်းပြည်နှစ်ခုကြားမှပဋိပက္ခကို ကန့်သတ်ဒေသတွင်ဖြေရှင်းရန် မည်သူက စည်းကမ်းသတ်မှတ်ပေးခဲ့ကြောင်း အတွေးနက်နေမိသည်။ သို့သော် ကန့်သတ်ဒေသတည်ရှိလာသည်မှာ နှစ်ပေါင်းသောင်းချီနေသဖြင့် အကြောင်းအရင်းတစ်ခု ရှိပေလိမ့်မည်။

နင်ချင်းယွင်နှင့် နေမီးတောက်ငှက်မှ အသွင်​ပြောင်းထားသော အဘိုးအိုက တော်ဝင်မျိုးနွယ်၏ခြံဝန်းတွင် နေထိုင်ခဲ့ကြသည်။ ယဲ့ချန်၏အမိန့်ကို ရသောအခါ သူတို့က အပြေးရောက်လာသည်။

ရှီဝူအင်ပါယာအဖွဲ့က လူစုံသောအခါ စတင်ထွက်ခွာတော့မည်​ဖြစ်သည်။

မဟူရာမြစ်၏ကမ်းဘေးတွင် တော်ဝင်မျိုးနွယ်ပိုင်ဆိုင်သော ဆိပ်ကမ်းတစ်ခု ရှိသည်။ ထိုဆိပ်ကမ်းတွင် ဧရာမလှေကြီးတစ်စင်း ဆိုက်ကပ်ထား၍ ကန့်သတ်ဒေသတိုက်ပွဲတွင် ပါဝင်မည့်သူများ တဖွဲဖွဲရောက်ရှိလာကြသည်။

ယဲ့ချန်တို့အဖွဲ့အပြင် ဧကရာဇ်မင်ဝူသည် သူ၏လက်အောက်ရှိ မြေဝိဇ္ဇာ၁၂ယောက်လုံးကို ခေါ်ဆောင်လာခဲ့သည်။ ရှီဝူအင်ပါယာတွင် အစွမ်းထက်ကျင့်ကြံသူများ မရှိသလောက်နည်းပါးနေပြီ ဖြစ်သည်။ ယဲ့ချန်၏အမိန့်ဖြင့် နေလင်းယုန်ကလည်း ကောင်းကင်ထက်မှ လိုက်ပါလာမည်ဖြစ်သည်။

မင်ဝူက သူ့ကို လူများမမှတ်မိစေရန် ရုပ်ဖျက်ထားခဲ့သည်။ အကယ်၍ အရာရှိများသာ ရှီဝူအင်ပါယာ၌ ဧကရာဇ်မင်ဝူနှင့်မြေဝိဇ္ဇာများ မရှိဘဲ ကန့်သတ်ဒေသသို့ လိုက်ပါသွားကြောင်းသိလျှင် အင်ပါယာတစ်ခုလုံး ဖရိုဖရဲဖြစ်သွားနိုင်သည်။

မထွက်ခွာခင်၌ မင်ဝူသည် ကိစ္စအားလုံးကို ဆေးဆရာရွှမ်းယီထံ လွှဲအပ်ထားခဲ့သည်။ ရွှမ်းယီ၏အဆင့်အတန်းအရ ဤလူများကို ခဏတာထိန်းချုပ်ရန်က ပြဿနာမဟုတ်ပေ။

အကယ်၍ သူတို့သာ တိုက်ပွဲကိုအောင်နိုင်ခဲ့လျှင် ရှီဝူအင်ပါယာက ဆက်လက်တည်တံ့နေမည်ဖြစ်သည်။ အကယ်၍ တိုက်ပွဲတွင်ရှုံးနိမ့်ခဲ့လျှင် နှစ်ပေါင်းသောင်းချီတည်မြဲခဲ့သော အင်ပါယာကြီးက နေ့ချင်းညချင်း ပျက်စီးသွားပေလိမ့်မည်။

ဧရာမလှေကြီးက ဆိပ်ကမ်းမှ ဖြည်းညှင်းစွာထွက်ခွာလာသည်။ ၎င်းက ရေစီးကြောင်းအတိုင်း မြောက်ပင်လယ်သို့ ဦးတည်ခုတ်မောင်းနေသည်။

နန်မန်တိုင်းပြည်အတွင်းရှိ မြို့ငယ်တစ်ခုတွင် ဖြစ်သည်။ ဤမြို့တွင် ဧရာမမြစ်တစ်စင်းတည်ရှိပြီး ၎င်းအတိုင်းစုန်ဆင်းသွားလျှင် အခြားတိုင်းပြည်နှစ်ခု၏ပိုင်နက်ကို ကျော်ဖြတ်၍ မြောက်ပင်လယ်သို့ရောက်သည်။ ထိုတိုင်းပြည်နှစ်ခုမှာလည်း လက်ရှိတွင် နန်မန်တိုင်းပြည်၏ လက်အောက်ခံများ ဖြစ်နေခဲ့ကြသည်။

နန်မန်တိုင်းပြည်ဘုရင် ထို့ပါဟုန်ယဲ့က ထို့မြို့တွင် ရုတ်တရက်ထွက်ပေါ်လာသည်။ သူ၏ဘေးတွင် တော်ဝင်မျိုးနွယ်များနှင့် စစ်သူကြီးများလိုက်ပါလာပြီး အရေအတွက်က ရာချီနေသည်။

ထို့ပါဟုန်ယဲ့သည် အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားပြီး လူတိုင်း၏လေးစားခြင်းကို ခံနေရသဖြင့် လူကြားထဲတွင် ပေါ်လွင်နေသည်။ သို့သော် သူ့ထက်ပို၍ ပေါ်လွင်နေသူတစ်ဦးရှိသည်။ ထိုလူက အလွန်ပိန်သော အဘိုးအိုတစ်ဦးဖြစ်ကာ စုတ်စုတ်ပြတ်ပြတ် အဝတ်အစားများဝတ်ဆင်ထားပြီး ထို့ပါဟုန်ယဲ့နှင့် ပခုံးချင်းယှဥ်လျှောက်လာသည်။ သူက ပိန်လွန်းသဖြင့် ပါးရိုးများချိုင့်နေပြီး မျက်တွင်းများခွက်ဝင်နေသည်။ ထို့အပြင် ခေါင်းထက်တွင်လည်း ဆံပင်အနည်းငယ်သာရှိ၍ ကတုံးပြောင်အဘိုးအို၏ရုပ်သွင်ကို ဖော်ပြရလျှင် ဝါးပင်ဟူသောစကားက အကောင်းဆုံးဥပမာဖြစ်သည်။ သူ၏လက်များက ထူးထူးခြားခြားရှည်လျားကာ လက်ချောင်းများက သံချိတ်များပမာ ကောက်ကွေးနေသည်။ သူ၏လက်များကို တွဲလောင်းချထားလိုက်လျှင် ဒူးဆစ်နားအထိပင် ရောက်နေလိမ့်မည်ဖြစ်သည်။

အဘိုးအို၏ရုပ်သွင်က ရယ်စရာအလွန်ကောင်းသော်လည်း စစ်သူကြီးများနှင့် တော်ဝင်မျိုးနွယ်များက ပြုံးပင်မပြုံးရဲချေ။ သူတို့က အလွန်ရိုသေလေးစားဟန်ဖြင့် ဆက်ဆံနေကြသည်။ ထို့ပါဟုန်ယဲ့ကိုယ်တိုင်ပင်လျှင် အဘိုးအိုကို ရိုသေလေးစားစွာ ဆက်​ဆံနေခဲ့သည်။

"ဦးရီးတော် တူတော်က ခင်ဗျားကို အကူအညီတောင်းဖို့ကလွဲလို့ မရှိတော့ဘူး။ နောက်ဆုံးရသတင်းတွေပြောတာက ရှီဝူအင်ပါယာမှာ ကျင့်ကြံသူတွေ ရုတ်တရက်ပေါ်လာပြီး စစ်သူကြီးနှစ်ယောက်ကို သတ်သွားတယ်။ တူတော်က တရားခံကို မဖော်ထုတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်တွေကို ပို့ရင်တောင် စိတ်မချနိုင်ပါဘူး"

ထို့ပါဟုန်ယဲ့က အဘိုးအိုကို ပြောလိုက်ခြင်းဖြစ်သည်။ ထို့ပါဟုန်ယဲ့၏ ဦးရီးတော်အကြောင်းကို နန်မန်တိုင်းပြည်ဖြစ်စေ ရှီဝူအင်ပါယာဖြစ်စေ လူအနည်းငယ်သာ သိထားသည်။

"ငါတို့တိုင်းပြည်အတွက် ထမ်းဆောင်ရတာဟာ ငါ ထို့ပါရန်ရဲ့တာဝန်ဖြစ်တယ်။ အတိတ်တုန်းက ငါဟာ အလယ်အင်ပါယာကိုရောက်နေတယ်။ ဒီအချိန်မှာ တူတော်က တိုင်းပြည်ကို ကောင်းကောင်းဦးဆောင်နိုင်ခဲ့တယ်။ နောက်ထပ်နှစ်အနည်းငယ်အတွင်း အလယ်အင်ပါယာကိုရောက်နိုင်ဖို့ သိပ်မလိုတော့ဘူး။ ဒါကို ငါက ထို့ပါမျိုးနွယ်အတွက် ကူညီပေးတယ်လို့ မှတ်လိုက်ပါ။ ရှီဝူအင်ပါယာရဲ့မင်ဝူက ငါတို့မျိုးနွယ်ကို ယှဥ်ပြိုင်ချင်နေတယ်။ ကိုယ့်နေရာကိုယ်မသိတဲ့ကောင်"

ထို့ပါရန်၏စကားသံက အလွန်အက်ကွဲနေသဖြင့် ကြားရသူအပေါင်းကို စိတ်ဆင်းရဲစေခဲ့သည်။ သို့သော် လူတိုင်းက ရိုရိုသေသေဦးညွှတ်နေရပြီး ထို့ပါရန်၏ စွမ်းအားအစစ်အမှန်ကို စိတ်ဖြင့် ခန့်မှန်းနေကြသည်။

"ဦးရီးတော် အလယ်အင်ပါယာကို ပြန်တဲ့အချိန်ကျရင် တူတော်က လက်ဆောင်ကောင်းကောင်းပေးလိုက်ပါမယ်"

ထို့ပါဟုန်ယဲ့က ကတိပြုလိုက်သည်။

ထို့ပါရန်က စကားတစ်ခွန်းမှပြန်မပြောသော်လည်း မျက်ခုံးပင့်လိုက်မိသည်။ သူက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်သော်လည်း အလယ်အင်ပါယာ၌ အရာမဝင်ပေ။ သူက ဂိုဏ်းတစ်ခု၏ အပြင်စည်းအကြီးအကဲဖြစ်သော်လည်း လစာကနည်းပါးသည်။ ထို့ပါဟုန်ယဲ့၏ နန်မန်တိုင်းပြည်က အလယ်အင်ပါယာနှင့်ယှဥ်လျှင် အလွန်သေးငယ်သော်လည်း ဘုရင်တစ်ပါး၏လက်ဆောင်က အဖိုးနည်းမည်မဟုတ်ပေ။

"တူတော် မင်းက အားနာလွန်းနေပြီ။ ငါ အကောင်းဆုံးလုပ်ခဲ့မယ်"

ထို့ပါရန်က အဝါရောင်သွားများပေါ်အောင် ပြုံးပြလိုက်သည်။

"ဦးရီးတော်ရဲ့အောင်ပွဲကို ညစာစားပွဲနဲ့အတူ စောင့်မျှော်နေပါမယ်"

ထို့ပါဟုန်ယဲ့က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

ထို့နောက် ထို့ပါရန်သည် ကောင်းကင်ဝိဇ္ဇာနှစ်ယောက်၊ မြေဝိဇ္ဇာ၁၇ယောက်ပါဝင်သော အဖွဲ့ကိုဦးဆောင်ကာ တိုက်လှေကြီးတစ်စင်းပေါ် တက်ရောက်သွားခဲ့သည်။ စွမ်းအားအရာတွင် နန်မန်တိုင်းပြည်က ရှီဝူအင်ပါယာထက် အပြတ်အသတ်သာလွန်နေခဲ့သည်။

ထို့ပါဟုန်ယဲ့သည် ကမ်းစပ်မှထွက်ခွာသွားသော လှေကြီးကို စိုက်ကြည့်နေခဲ့သည်။ သူက မားမားမတ်မတ်ရပ်နေသဖြင့် လှံတစ်စင်း၏အရှိန်အဝါမျိုးပင် ထွက်ပေါ်နေသည်။ လေများတိုက်ခတ်နေသဖြင့် ဝတ်ရုံက တလူလူလွင့်နေပြီး တိုက်လှေကြီးက မိုးကုပ်စက်ဝိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

"သုံးနှစ်အတွင်း အရှေ့ပိုင်းတိုင်းပြည်တွေအားလုံး ငါ့အပိုင်ဖြစ်လာရမယ်။ ဆယ်နှစ်အတွင်း အလယ်အင်ပါယာကို ရောက်အောင်သွားမယ်"

ထို့ပါဟုန်ယဲ့၏မျက်လုံးများက တောက်ပနေကာ ဤဆုံးဖြတ်ချက်က ရင်ထဲမှပေါက်ဖွားလာသည်။ ဤပန်းတိုင်ကို ရောက်ရန်အတွက် သူက ယခုအချိန်အထိ များစွာကြိုးစား အားထုတ်နေရဆဲပင်ဖြစ်သည်။

ထို့ပါဟုန်ယဲ့၏ဘေးတွင် ဆယ်ကျော်သက်အရွယ် ​ယောကျ်ားပျိုတစ်ယောက် မတ်တပ်ရပ်နေသည်။ တော်ဝင်မျိုးနွယ်၏အဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်က နန်မန်တိုင်းပြည်၏အိမ်ရှေ့မင်းသား ထို့ပါရွှယ် ဖြစ်သည်။

"ခမည်းတော် ကျုပ်တို့က အရှေ့တိုင်းပြည်တွေအားလုံးကို သိမ်းပြီးပြီလို့ ပြောနိုင်တယ်။ ဘာကြောင့် အလယ်အင်ပါယာကို သွားကြဦးမှာလဲ။ အလယ်အင်ပါယာမှာဆိုရင် ကျုပ်တို့က နိမ့်နိမ့်ကျကျနဲ့ ရှင်သန်ရလိမ့်မယ်။ ဒီနေရာမှာ ဘုရင်လုပ်နေတာက ပိုမကောင်းဘူးလား"

ထို့ပါရွှယ်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"ရွှယ်အာ အခုတိုက်ပွဲမှာ ဘယ်ဘက်ကနိုင်မယ်လို့ထင်လဲ။ ရှီဝူအင်ပါယာလား။ နန်မန်တိုင်းပြည်လား"

ထို့ပါဟုန်ယဲ့က တစ်ချက်ပြုံး၍ သားဖြစ်သူကို ကြည့်လိုက်သည်။

"ဒီနှစ်တွေအတွင်းမှာ ရှီဝူအင်ပါယာကျဆင်းလာပြီး နန်မန်တိုင်းပြည်က အထွတ်အထိပ်ကိုရောက်လာပြီး ပိုင်နက်ကြီးမားလာတယ်။ ဒါကြောင့် သားတော်တို့တိုင်းပြည်က အစွမ်းထက်ကြွယ်ဝလာခဲ့တယ်။ ရှီဝူအင်ပါယာက သေချာပေါက်ရှုံးလိမ့်မယ်"

ထို့ပါရွှယ်က ခဏတာတိတ်ဆိတ်သွားပြီး အဖြေပေးလိုက်သည်။

"မင်း မှားနေပြီ။ သူတို့က နှစ်ပေါင်းသောင်းချီတည်ရှိလာတဲ့ အစွမ်းထက်အင်ပါယာတစ်ခု ဖြစ်တယ်။ လွယ်လွယ်နဲ့ ပြိုကျသွားမယ်လို့ထင်လား"

ထို့ပါဟုန်ယဲ့က ခေါင်းယမ်းလိုက်သည်။

"ရှင်းပြပေးပါ ခမည်းတော်"

ထို့ပါရွှယ်က တောင်းဆိုလိုက်၏။

"မင်းက ဒီကိစ္စကို အပေါ်ယံတင်မြင်နိုင်တာကိုး။ တကယ်တော့ မင်းလည်း အိမ်ရှေ့မင်းသားဖြစ်နေပြီဆိုတော့ သိသင့်သိထိုက်တာတွေ ပြောပြပေးမယ်။ အမှန်တကယ်တော့ နန်မန်တိုင်းပြည်ရဲ့ အုပ်ချုပ်သူအစစ်က ငါတို့ထို့ပါမျိုးနွယ် မဟုတ်ဘူး"

ထို့ပါဟုန်ယဲ့က သက်ပြင်းတစ်ချက်ချပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ထို့ပါမျိုးနွယ်က နန်မန်တိုင်းပြည်ရဲ့တော်ဝင်မျိုးနွယ်။ ခမည်းတော်ကလည်း တိုင်းပြည်ဘုရင်ဖြစ်တယ်။ ဘယ်သူကအတင့်ရဲပြီး နန်မန်တိုင်းပြည်ကို လာအုပ်ချုပ်ရဲမှာလဲ"

ထို့ပါရွှယ်က ဤစကားကိုကြားသောအခါ အကြောက်အကန် ငြင်းဆန်လိုက်သည်။

"နန်မန်တိုင်းပြည်ကို အမှန်တကယ်အုပ်ချုပ်နေတာဟာ အလယ်အင်ပါယာက နောက်ခံတစ်ခုဖြစ်တယ်။ ပြောရရင် ဦးရီးတော်ဝင်ထားတဲ့ ဂိုဏ်းဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်သုံးရာက ရှီဝူအင်ပါယာကို အုပ်ချုပ်သူဖြစ်တဲ့ဂိုဏ်းက အဆင့်နှစ်ဂိုဏ်းတစ်ခုအဖြစ် ဆုတ်ယုတ်သွားတယ်။ ငါတို့နန်မန်တိုင်းပြည်ကတော့ အခြားဂိုဏ်းရဲ့အထောက်အပံ့နဲ့ အစွမ်းထက်လာခဲ့တယ်။ ငါတို့က အခြားတိုင်းပြည်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ပေါင်းသုံးရာအကြာမှာ ရှီဝူအင်ပါယာက ဒီအခြေအနေအထိ ကျဆင်းသွားခဲ့တယ်။ အလယ်အင်ပါယာက ဂိုဏ်းတွေက ငါတို့ပိုင်နက်တွေကို အလွယ်တကူသိမ်းပိုက်နိုင်ပေမယ့် မလုပ်ခဲ့ကြဘူး။ ငါတို့က သူတို့ရဲ့အသုံးချခံ စစ်တုရင်ရုပ်တွေဖြစ်နေတယ်။ နောက်ခံဂိုဏ်းက အစွမ်းထက်နေရင် ငါတို့လည်း အေးအေးချမ်းချမ်းအိပ်စက်နိုင်မယ်။ တကယ်လို့ နောက်ခံဂိုဏ်းသာပြိုလဲသွားရင် ငါတို့လည်း အချိန်မရွေးသုတ်သင်ခံရနိုင်တယ်"

ထို့ပါဟုန်ယဲ့က ထို့ပါရွှယ်၏ခေါင်းကိုပုတ်ကာ လျှို့ဝှက်ချက်များကို ရှင်းပြလိုက်သည်။

ထို့ပါရွှယ်မှာ အံ့သြတကြီးဖြစ်သွားကာ အလယ်အင်ပါယာသို့ရောက်ချင်သော ဖခင်၏အကြောင်းအရင်းကို နားလည်သွားခဲ့သည်။

"တောင်ကုန်းတစ်ခုကိုမှီခိုရင် တောင်ပြိုသွားနိုင်တယ်။ လူတစ်ယောက်ကိုမှီခိုရင် အဲ့ဒီလူကလည်း ပြိုလဲသွားတတ်တယ်။ ကိုယ့်ကိုကိုယ်သာ အားကိုးရာ"

"ခမည်းတော်အမြဲပြောတဲ့ ဒီဆိုရိုးစကားက တကယ်မှန်နေပြီ"

ထို့ပါရွှယ်က လက်သီးနှစ်ဖက်ဆုပ်၍ ထို့ပါဟုန်ယဲ့ကို အရိုအသေပေးလိုက်သည်။

"ဟုတ်တယ်။ သူတို့က ငါ ထို့ပါဟုန်ယဲ့ကိုချုပ်ကိုင်ချင်ရင် အထင်သေးရာကျသွားပြီ။ ဒီဂိုဏ်းကြီးတွေ နှစ်ပေါင်းများစွာတည်ရှိနေတာဟာ မျိုးရိုးစဥ်ဆက် အစွမ်းထက်လာလို့ဖြစ်တယ်။ မင်းကလည်း ထို့ပါမျိုးနွယ်ကို တနေ့မှာဦးဆောင်ရလိမ့်မယ်။ ငါရောက်တဲ့ အမြင့်အထက်ကို ပိုပြီးခေါ်ဆောင်သွားပေးရမယ်"

ထို့ပါဟုန်ယဲ့က ခေါင်းညိတ်၍ တင်းတင်းကျပ်ကျပ်မှာကြားလိုက်၏။

"သားတော်က ခမည်းတော်ကို စိတ်မပျက်စေရပါဘူး။ ဒါပေမယ့် သားတော်သိချင်တာက ရှီဝူအင်ပါယာကိုသိမ်းပိုက်ပြီးလို့ထို့ ပါမျိုးနွယ်က အလယ်အင်ပါယာကိုရောက်ရင် ဘယ်လိုခြေကုပ်ယူကြမှာလဲ"

ထို့ပါရွှယ်က မေးခွန်းထုတ်လိုက်သည်။ ထို့ပါမျိုးနွယ်က ဤနေရာတွင် အစွမ်းထက်သော်လည်း အလယ်အင်ပါယာ၏ဂိုဏ်းကြီးများကြားတွင် ပုရွက်​ဆိတ်တစ်ကောင်သာ ဖြစ်သည်။

"ဒီကိစ္စကို မင်းကိုရှင်းပြရင် နားလည်နိုင်မှာမဟုတ်သေးဘူး။ အလယ်အင်ပါယာမှာ သူ့စည်းမျဥ်းနဲ့သူရှိတယ်။ လူသားလောကမှာ ဆန်းကျယ်တဲ့ သမာဓိကောင်စီဆိုတာ ရှိတယ်။ အလယ်အင်ပါယာကိုရောက်ရင် မင်း သူတို့နဲ့တွေ့ရလိမ့်မယ်။ လက်ရှိကတော့ ပြောဖို့စောလွန်းတယ်"

ထို့ပါဟုန်ယဲ့က ရှင်းပြမည်ပြုပြီးမှ တစ်ချက်တုံ့ဆိုင်းသွား၍ တိတ်ဆိတ်သွားခဲ့သည်။

"သမာဓိကောင်စီက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။ အလယ်အင်ပါယာရဲ့ စည်းမျဥ်းတွေကရော ဘာတွေလဲ"

ထို့ပါရွှယ်၏ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း ဖခင်၏အမူအရာကြောင့် တိတ်ဆိတ်စွာရပ်နေခဲ့သည်။

သူတို့၏ရှေ့တွင် ရေစီးကြမ်းသော မြစ်အတွင်း လှိုင်းများက နိမ့်တုံမြင့်တုံဖြစ်ပေါ်နေခဲ့လေသည်။

ရှီဝူအင်ပါယာ၏လှေကြီးက မြစ်ရေစီးအတိုင်း တစ်ရက်ခရီးနှင်ပြီးချိန်တွင် ကျယ်ပြောလှသော မြောက်ပင်လယ်သို့ ရောက်ခဲ့သည်။ မျက်စိမြင်ရာတဆုံးတွင် ကောင်းကင်နှင့် ရေပြင်ကသာ ကြီးစိုးထားသည်။

ပင်လယ်ရေက အလွန်သန့်စင်ပြီး ၎င်းအပေါ်မှဖြတ်တိုက်လာသော လေညှင်းလေးက လူတိုင်းကို လန်းဆန်းတက်ကြွစေသည်။

ပင်လယ်အတွင်းရောက်သောအခါ ဝူစီက အလွန်ပျော်ရွှင်စွာ ကခုန်နေခဲ့သည်။

"ဝူစီ ပင်လယ်ထဲမှာ ကစားချင်လို့လား"

ဝူစီ၏အပြုအမူကို သတိထားမိသော ရှောင်ရိက မေးလိုက်ခြင်းဖြစ်သည်။

ဝူစီက လျင်မြန်စွာခေါင်းညိတ်၍ သူ၏လက်တံရှစ်ခုကို မရပ်မနားလှိုင်းသဏ္ဍာန် လှုပ်ရှားလိုက်သည်။

"ဝူစီ မင်း ပင်လယ်ထဲကိုရောက်ရင် ပြန်မလာတော့ဘူးလား"

ရှောင်ရိက စိုးရိမ်တကြီးမေးလိုက်သည်။ သူက ဝူစီကဲ့သို့အဖော်နှင့် မခွဲခွာလိုပေ။

ဝူစီသည် ယဲ့ချန်ပေးသော ဆေးလုံးများအကြောင်းတွေး၍ ချက်ချင်းခေါင်းယမ်းပြလိုက်သည်။ ဤနေရာတွင် သူက ပုံမှန်အစားစားရပြီး ပင်လယ်အတွင်း၌ဆိုလျှင် ကိုယ်တိုင်ရှာစားရပေလိမ့်မည်။

"အစ်ကိုကြီး သူတို့ကို လှေရဲ့အရှိန်လျှော့ပေးဖို့ ​ပြောပေးပါလားဟင်။ ဝူစီကို ပင်လယ်ထဲမှာ ကစားခွင့်ပေးလိုက်ပါ"

ရှောင်ရိသည် ဝူစီခေါင်းယမ်းသည်ကို မြင်သောအခါ ပျော်ရွှင်သွားခဲ့သည်။ ထို့နောက် သူက ယဲ့ချန်ထံ ကိုယ်စားတောင်းဆိုပေးခဲ့လေသည်။

All Chapters