အမွေးပွလေး လူအသွင်ပြောင်းပြီ
Vol. 17 Ch. 237
"ဝူစီကို ပင်လယ်ထဲ ကစားခွင့်ပေးလိုက်ပါ"
ယဲ့ချန်သည် ရှောင်ရိ၏စကားကို ကြားသောအခါ တစ်ချက်တွေးဆလိုက်သည်။ ဝူစီက သူ၏ဝိညာဥ်အသိစိတ်အောက်တွင် ထိန်းချုပ်ခံထားရသဖြင့် ဆယ်မိုင်အကွာအဝေးအတွင်း၌ ရှိနေလျှင် ပျောက်ဆုံးမသွားနိုင်ပေ။ လှေကိုလည်း အရှိန်လျှော့ရန်မလိုသောကြောင့် သူက တစ်ချက်ပြုံး၍ ပြောလိုက်သည်။
ရှောင်ရိက ဝူစီကိုပိုက်၍ ကုန်းပတ်၏အစွန်းသို့ လျှောက်သွားလိုက်သည်။
"ဝူစီ ငါ မင်းကို ပင်လယ်ထဲချလိုက်တော့မယ်"
ရှောင်ရိက ပြောပြောဆိုဆိုနှင့် ဝူစီကို ပစ်ချလိုက်သည်။ ဝူစီက ပင်လယ်အတွင်း ရေပွက်တစ်ခုနှင့်အတူ ပြုတ်ကျသွားခဲ့သည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ဝူစီကို ထောက်လှမ်းလိုက်သည်။ သူက ပင်လယ်ရေထဲသို့ရောက်သောအခါ လျှပ်ပြက်သည့်အလျင်မျိုးနှင့် ကူးခတ်နေသည်။ ဝူစီက လှေထက်ပင် မြန်ဆန်နေပြီး ငါးလိုက်ဖမ်းနေခဲ့သည်။
ဤမြင်ကွင်းကြောင့် ယဲ့ချန်နှင့် အမွေးပွလေးက ရယ်မောလိုက်ကြသည်။ ဝူစီက နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော်လည်း အမှောင်ရေဘဝဲများ၏သက်တမ်းအရ ကလေးတစ်ယောက် ဖြစ်နေဆဲပင်။
ပင်လယ်အတွင်း လှိုင်းထန်နေပြီး ရှီဝူအင်ပါယာ၏လှေကြီးက ဆက်လက်ခရီးဆက်နေသည်။ ယဲ့ချန်က ဤအချိန်၌ပင် ကျင့်ကြံရန် မမေ့လျော့ခဲ့ပေ။ သူ့ကို တာဝန်များစွာက ဖိအားပေးနေသဖြင့် ခွန်အားတိုးတက်လာရေးက ပထမဦးစားပေးဖြစ်နေခဲ့သည်။
ပင်လယ်အတွင်း ရေချီများက ပမာဏများပြားစွာ တည်ရှိနေသည်။ ယဲ့ချန်က ရေနတ်ဘုရားကျင့်စဥ်ကို ကျင့်ကြံလိုက်လျှင် တစ်မိုင်အတွင်းရှိ ရေချီအားလုံးကို စုစည်းနိုင်သည်။ သို့သော် ဤမြင်ကွင်းက လူတိုင်းကို အုတ်အော်သောင်းတင်းဖြစ်သွားစေလိမ့်မည်။
လှေပေါ်တွင် သိုင်းပညာကျင့်ကြံရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက တင်ပျဥ်ခွေထိုင်၍ ဓားပျံကိုအသက်သွင်းကာ ကောင်းကင်ချီများကို ကျင့်ကြံနေရသည်။ ယဲ့ချန်၏ကိုယ်တွင်းမှ စိမ့်ထွက်လာသော ကောင်းကင်ချီများကို အမွေးပွလေးက စုပ်ယူနေသဖြင့် အလေအလွင့်မရှိတော့ပေ။
လှေဝမ်းအတွင်းရှိ အခန်းတံခါးများက တင်းကျပ်စွာပိတ်ထားကြသည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ လူတိုင်းက အခန်းထဲတွင် တိုက်ပွဲအတွက် ကြိုတင်ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။
အချို့လူများအတွက် တိုင်းပြည်နှစ်ခု၏အရေးကိစ္စကို မစိုးရိမ်ကြသော်လည်း ကန့်သတ်ဒေသတိုက်ပွဲက သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု ဖြစ်နေသည်။ နန်မန်တိုင်းပြည်မှပို့လွှတ်မည့် အင်အားကိုလည်း မသိရသောကြောင့် လူတိုင်း ဖိအားများခံစားနေရသည်။ တိုက်ပွဲအတွက်စိုးရိမ်ခြင်းမရှိဘဲ အေးအေးသက်သာဖြစ်နေသည်မှာ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်သာ ဖြစ်သည်။ သူတို့၏စိတ်ထဲတွင် ယဲ့ချန်နှင့်ရှောင်ရိကို နတ်ဘုရင်များဟု တွေးထင်ထားကြသည်။ နတ်ဘုရင်နှစ်ယောက်၏ စွမ်းအားဖြင့်ဆိုလျှင် နန်မန်တိုင်းပြည်က မည်မျှအစွမ်းထက်ပါစေ ရှုံးနိမ့်သွားရလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ယောက်လုံးက ကြိုးကြိုးစားစားကျင့်ကြံနေကြသည်။ သူတို့က နတ်ဘုရင်အတွက် အလုပ်လုပ်နေသည်ဖြစ်ရာ အစွမ်းအချို့ ရှိရပေလိမ့်မည်။ သူတို့က အလွန်အားနည်းနေလျှင် နတ်ဘုရင်ဆရာသခင်က ကျေနပ်မည်မဟုတ်ပေ။
ကောင်းကင်က စတင်မည်းမှောင်လာသည်။ လှေကြီးက ညအမှောင်အောက်တွင် တည်ငြိမ်စွာရွေ့လျားနေသည်။ ကြယ်ရောင်များဖြာကျနေသဖြင့် ပင်လယ်ရေမျက်နှာပြင်က တဖိတ်ဖိတ်တောက်နေသည်။ အလွန်ကျယ်ပြောသော မြောက်ပင်လယ်အတွင်း၌ ခရီးဆက်နေသော ဧရာမလှေကြီးက အစက်အပြောက်လေးတစ်ခုပမာ သေးငယ်သယောင် ထင်မှတ်ရလေသည်။
ယဲ့ချန်နှင့်အမွေးပွလေးက အတူထိုင်၍ကျင့်ကြံနေစဥ် မျက်စိကျိန်းစပ်လောက်သော အဖြူရောင်အလင်းများ ရုတ်တရက်ထွက်ပေါ်လာသည်။ အမွေးပွလေး၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အလင်းကြောင့် အခန်းတစ်ခုလုံး တောက်ပသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ယဲ့ချန်သည် ကျင့်ကြံရာမှနိုးထလာပြီး အမွေးပွလေးကို ပူပန်စွာကြည့်လိုက်မိသည်။ သူက အမွေးပွလေးမှာ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ အမှားအယွင်းဖြစ်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် အဖြုရောင်အလင်းများထံမှ နွေးထွေးသောစွမ်းအင်တစ်ခုကို ခံစားရသောအခါ အတွေးများ ပြောင်းလဲသွားခဲ့သည်။ အမွေးပွလေးက အဆင့်တက်ခါနီးအခြေအနေသို့ ရောက်နေပုံပေါ်သည်။
အဖြူရောင်အလင်းများအောက်တွင် သူမက ပုံရိပ်ယောင်ပုလဲကို ထွေးထုတ်လိုက်သည်ကို ယဲ့ချန်က မြင်နေရသည်။ ထို့နောက် ပုလဲက လေပေါ်သို့မြင့်တက်လာပြီး အမွေးပွလေးထံ အလင်းတန်းများ ဖြာကျလာသည်။ သူမက ထိုအလင်းတန်းများကို ခန္ဓာကိုယ်အတွင်း စုပ်ယူဝါးမျိုလိုက်သည်။
ဝိညာဥ်အသိစိတ်ဖြင့် အကဲခတ်နေသော ယဲ့ချန်သည် သူမ၏ဝိညာဥ်ခန္ဓာကိုယ် ကြီးထွားစပြုလာသည်ကို သတိပြုလိုက်မိသည်။ သူမ၏ခွန်အားက ကောင်းကင်အဆင့်သို့ရောက်ရန် ဆံချည်တစ်မျှင်စာသာ လိုအပ်သည်။ ဝိညာဥ်အသိစိတ်က ဤနှုန်းဖြင့် ကြီးထွားနေမည်ဆိုလျှင် ခဏအတွင်း ကောင်းကင်အဆင့်သို့ ရောက်ပေလိမ့်မည်။ အမွေးပွလေးကပါ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်သွားသောအခါယဲ့ ချန်အနေဖြင့် ပိုမိုကြိုးစားရတော့မည်ဖြစ်သည်။
ထို့နောက် အမွေးပွလေး၏ခန္ဓာကိုယ်က ထူးဆန်းစွာပြောင်းလဲလာသည်။ အရွယ်အစားက လျင်မြန်စွာကြီးထွားလာ၍ ဖြည်းညှင်းစွာ အသွင်ပြောင်းသွားခဲ့သည်။ သူမ၏ခန္ဓာကိုယ်ထက်တွင် ကျောက်စိမ်းရောင်လူ့အရေပြား ထွက်ပေါ်လာသကဲ့သို့ အပြစ်ကင်းစင်သော မျက်နှာလေးတစ်ခုလည်း ဖြစ်တည်လာသည်။
"အမွေးပွလေးက အသွင်ပြောင်းနိုင်ပြီလား"
ဤမြင်ကွင်းကြောင့် ယဲ့ချန်က အလွန်အံ့သြနေခဲ့သည်။ သူက အမွေးပွလေး၏မျက်နှာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူမ၏မျက်နှာက လူသားမိန်းမပျိုလေး၏မျက်နှာအဖြစ် ပြောင်းလဲသွားသောအခါ ယဲ့ချန်က နှလုံးခုန်ရပ်တန့်သွားသည့်ပမာ ခံစားလိုက်ရသည်။
"အရမ်း.....အရမ်းလှတယ်"
ယဲ့ချန်က ဤအလှကိုတင်ပြရန် စကားလုံး ရှာမတွေ့ပေ။ အမွေးပွလေးက အိပ်မက်တစ်ခုပမာ လှပပေသည်။ ကောင်းကင်ဘုံမှနတ်သမီးများပင် သူမကိုမြင်လျှင် အရှက်ရသွားကြပေလိမ့်မည်။
အမွေးပွလေး၏မျက်လုံးများက ပိတ်ထားသော်လည်း မျက်တောင်မွေးများက ရှည်လျားကော့ညွှတ်နေသည်။ ပိတုန်းရောင်ဆံကေသာက မျက်နှာပေါ်သို့ ကျက်သရေရှိစွာဖြာကျနေသည်။ ဖြောင့်စင်းသောနှာတံလေးနှင့် တောက်ပနီရဲသော နှုတ်ခမ်းပါးလေးက အလှကိုယ်စီနှင့်တည်ရှိနေကြသည်။ သူမ၏ပါးပြင်လေးက ချောမွတ်နေသည်။ ထို့အပြင် မျက်နှာဝိုင်းဝိုင်းလေးနှင့် သေးသွယ်သောမျက်ခုံးများက သူမကို အလှပဆုံးရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ပမာ ထင်မှတ်နိုင်စေသည်။
ယဲ့ချန်က အမွေးပွလေးကို ဆက်ကြည့်နေသဖြင့် သေရမည်ဆိုလျှင်တောင် ပျော်ပျော်ကြီးကြည့်နေဦးမည်ဖြစ်သည်။
ထိုအချိန်၌ အမွေးပွလေးက ရုတ်တရက်ညည်းညူ၍ နိုးထမည့်ပုံပေါ်လာသည်။
ယဲ့ချန်က ကြောက်လန့်သွားခဲ့သည်။ အကယ်၍ သူက အမွေးပွလေး၏ကိုယ်လုံးတီးခန္ဓာကို ကြည့်နေကြောင်း သိသွားလျှင် သူမက မုန်းတီးသွားနိုင်သည်။ သို့သော် အမွေးပွလေး၏မျက်လုံးများ ပွင့်လာ၍ ယဲ့ချန်အနေဖြင့် နောက်ကျသွားပြီဖြစ်သည်။
အမွေးပွလေး၏ ကျောက်မျက်ရတနာကဲ့သို့ တောက်ပလင်းလက်နေသော မျက်ဝန်းအစုံက ယဲ့ချန်နှင့် အကြည့်ချင်းဆုံသွားသည်။
"အမွေးပွလေး မင်း....မင်း..."
ယဲ့ချန်က စိတ်လှုပ်ရှားလွန်းသဖြင့် စကားများပင် ထစ်အကုန်သည်။
"ဘာဖြစ်လို့လဲဟင်"
သူမက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။ သူမ၏အသံက မိုးဦးရာသီတွင်ကျတတ်သော မိုးဖွဲလေးများကဲ့သို့ စိတ်နှလုံးကို ဆွဲဆောင်နိုင်သည်။
"အမွေးပွလေး မင်း လူသားဘာသာစကား ပြောနိုင်ပြီ"
ယဲ့ချန်က ထူးခြားချက်ကို ချက်ချင်းသတိထားမိလိုက်သည်။
"စကားပြောနိုင်တာလားဟင်"
အမွေးပွလေးက ဇဝေဇဝါရေရွတ်ပြီး သူမ၏ခန္ဓာကိုယ်ကို ပြန်လည်ကြည့်ရှုလိုက်၏။ သူမက အလွန်ပျော်ရွှင်စိတ်လှုပ်ရှားနေသဖြင့် မြေခွေးနားရွက်လေးများပင် ထောင်နေခဲ့သည်။ သူမ၏လက်ရှိအသက်အရွယ်တွင် မြေခွေးများက လူအသွင်မပြောင်းနိုင်သကဲ့ စကားလည်း မပြောနိုင်ကြပေ။
တစ်ခုတည်းသော အကြောင်းအရင်းက ပုံရိပ်ယောင်ပုလဲကြောင့် ဖြစ်နိုင်သည်။ အမွေးပွလေးသည် သူမ၏လှပသော လက်ချောင်းလေးများကို စပ်စုနေသည်။ ၎င်းတို့က ကော့ညွှတ်သွယ်လျကာ အပြစ်တစ်စက်မရှိပေ။
အမွေးပွလေးသည် သူမက ယဲ့ချန်၏ရှေ့တွင် ကိုယ်လုံးတီးအနေအထားဖြင့် ရှိနေသည်ကို သတိမပြုမိပေ။ သူမ၏လူသားခန္ဓာကိုယ်ကို စပ်စုရင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။
ဤသို့စိုက်ကြည့်နေခြင်းက ရိုင်းစိုင်းသဖြင့် ယဲ့ချန်က အကြည့်လွှဲချင်ခဲ့သည်။ သို့သော် ဦးနှောက်၏သတိပေးချက်ကို နှလုံးသားမှ မလိုက်နာသောအခါ ဆက်ကြည့်နေမိသည်။
"အစ်ကိုကြီး ရှင့်မျက်နှာက ဘာလို့နီနေတာလဲဟင်"
အမွေးပွလေးက ယဲ့ချန်ကို စပ်စုလိုသောအကြည့်ဖြင့် မေးလိုက်သည်။
"ဒါ...ဒါ..."
ယဲ့ချန်က ဘာပြောရမှန်းမသိသဖြင့် ဆွံ့သွားသည်။ အပြစ်ကင်းစင်သော အမွေးပွလေးကို သူတွေးနေသော အရာများက ရှက်စရာပင်ဖြစ်သည်။ သူ၏ခေါင်းထဲ၌ ရမ္မက်စိတ်ရိုင်းများ အဘယ်ကြောင့်ပြည့်နှက်နေရပါသနည်း။ အမွေးပွလေးမှာ ယဲ့ချန်၏မျက်နှာကို အနီးကပ်ကြည့်နေသဖြင့် ကိုယ်သင်းရနံ့လေးက သူ၏နှာခေါင်းကို လာရောက်ကျီစယ်နေခဲ့သည်။
"အစ်ကိုကြီး ငါလှလားဟင်"
အမွေးပွလေး ကပြည်ပျက်လောက်သော အပြုံးမျိုး ပြုံးပြလိုက်သည်။
"လှတာပေါ့။ အမွေးပွလေး မင်း အဝတ်အစားနည်းနည်းဝတ်ထားရင် ကောင်းမယ်"
ယဲ့ချန်သည် သူ၏စိတ်ရိုင်းများ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ အမွေးပွးလေးက ဆွဲဆောင်အားပြင်းသကဲ့သို့ အလွန်လှပလေသည်။ ထို့ကြောင့် လူသားများက အလှတရားကိုဖော်ကျူးရာတွင်မြေခွေးနတ်ဘုရားမကို အသုံးပြုခြင်း ဖြစ်ပေလိမ့်မည်။
"ဘာလို့လဲ"
အမွေးပွလေးက ယဲ့ချန်၏စကားကို နားမလည်ဟန်ဖြင့် ပြန်မေးသည်။
"အခု ငါက အရာအားလုံးကို မြင်နေရတယ်လေ"
ယဲ့ချန်၏မျက်နှာက မီးတွင်းထဲရောက်နေသကဲ့သို့ ရဲရဲတောက်နေသည်။
"ကြည့်လို့ ဘာမှမဖြစ်ပါဘူး"
အမွေးပွလေးက လှပစွာပြုံးလိုက်ပြန်သည်။ သူမ၏မျိုးနွယ်တူညီအစ်မများကလည်း ဤအတိုင်းသာ နေထိုင်ကြသည်။ ထိခွင့်မရှိသော်လည်း ကြည့်ခြင်းက ပြဿနာမဟုတ်ပေ။ သို့သော် ယဲ့ချန်က သူမ၏မြေခွေးခန္ဓာကိုယ်ကို ထိတွေ့ဖူးကြောင်း သတိရသွားသောအခါ ပါးပြင်နှစ်ဖက်၌ နှင်းဆီရောင်ရှက်သွေးလေးများ သမ်းလာခဲ့သည်။
အမွေးပွလေး၏မိခင်သည် သူမကို လူအသွင်ပြောင်းပြီးလျှင် အချစ်ရဆုံးသူကိုသာ အပျိုစင်ဘဝပေးအပ်ရမည်ဟု သင်ကြားပေးထားခဲ့သည်။ ထို့အပြင် မြေခွေးမများသည် တစ်သက်တွင် တစ်ယောက်တည်းကိုသာသေသည်အထိ စွဲစွဲမြဲမြဲချစ်တတ်ကြသည်။ အမွေးပွလေး၏စိတ်ထဲတွင် ယဲ့ချန်၏ပုံရိပ်က နေရာယူထားပြီးဖြစ်သည်။
အမွေးပွလေးက ရှက်ရွံ့သွားဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။ ဤအပြုအမူလေးက ယဲ့ချန်၏နှလုံးသားကို ကစုန်ပေါက်သွားစေပြန်သည်။
မြေခွေးမျိုးနွယ်၏မိန်းမပျိုများက ကိုယ်လုံးတီးခန္ဓာကို ပြသခြင်းအတွက် စိတ်မရှိကြပေ။ အကယ်၍ အမွေးပွလေးသာ အခြားလူများရှေ့တွင် လူအသွင်ပြောင်းလိုက်ပါက ယဲ့ချန်အနေဖြင့် သည်းမခံနိုင်စရာပင်။
"အမွေးပွလေး အနာဂတ်မှာ သူများတွေရှေ့ကျရင် ဒီပုံစံနဲ့ အသွင်မပြောင်းရဘူးနော်။ လူအသွင်ပြောင်းပြီးရင် အရင်ဆုံး အဝတ်အစားဝတ်ရမယ်"
ယဲ့ချန်က အလျင်စလို မှာကြားလိုက်လေသည်။