← Chapters

ငါ့ရဲ့ကိုယ့်ကျင့်တရားက ကောင်းမွန်တယ်

Vol. 17 Ch. 238

ငါ့ရဲ့ကိုယ့်ကျင့်တရားက ကောင်းမွန်တယ်

Vol. 17 Ch. 238

"ဘာလို့လဲ"

အမွေးပွလေးက မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ယဲ့ချန်ကို ကြည့်လိုက်သည်။ သူမက နားလည်ပုံမရချေ။

"မင်းက အရမ်းလှလွန်းတယ်။ လူတွေရှေ့မှာ အဝတ်အစားမပါဘဲပေါ်လာရင် သူတို့က မကောင်းတဲ့အတွေးတွေ ဖြစ်လာလိမ့်မယ်"

ယဲ့ချန်က မျက်နှာပူပူနှင့် ရှင်းပြလိုက်သည်။ သူသည်လည်း စိတ်စွမ်းအင်ကောင်းလွန်းသူ မဟုတ်ပေ။ သို့သော် အမွေးပွလေး၏ ကိုယ်လုံးတီးခန္ဓာကိုယ်နှင့် မျက်နှာချင်းဆိုင်ရပ်၍ စိတ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

သူမနှင့် အကြည့်ချင်းဆုံလိုက်မိသောအခါ သူ၏အတွေးများအတွက် ယဲ့ချန်က အပြစ်ရှိသယောင်ခံစားလိုက်ရ၏။

"ဟုတ် အစ်ကိုကြီးကဘာပြောပြော ငါက နားထောင်မှာပေါ့"

ဤစကားကို ကြားသောအခါ ယဲ့ချန်က နှလုံးခုန်မြန်သွားရသည်။ ဤမြေခွေးမလေးက အမှန်တကယ်ဆွဲဆောင်အား ပြင်းလွန်းသည်။ သူမက အပြစ်ကင်းစင်ပြီးရိုးသားသော်လည်း ညှို့ငင်အားပြင်းနေဆဲဖြစ်သည်။ ဤစကားမျိုးကို အခြားလူများကြားလျှင် စိတ်ကိုထိန်းထားနိုင်မည် မဟုတ်ချေ။

ယဲ့ချန်က ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။ မကောင်းသောအတွေးများကို တွေးနေသူမှာ သူက ပထမဆုံးဖြစ်သည်။ အမွေးပွလေး၏အလှက သူ့ကို ပန်းပေါင်းစုံဖူးပွင့်နေသော နတ်ဘုံနတ်နန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။

အချိန်အတန်ကြာသောအခါ ယဲ့ချန်က သတိပြန်ဝင်လာသည်။ လက်ရှိကြုံတွေ့ခဲ့ရသမျှက အိပ်မက်ဆန်လွန်းသော်လည်း အလွန်ထူးခြားသော ခံစားမှုက သူ၏တစ်ကိုယ်လုံးရှိ အကြောပေါင်းတစ်ထောင်ကို စိမ့်သွားစေသည်။

ထို့နောက် သူက မကောင်းသောအတွေးများကို ရှင်းလင်းကာ ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။ အမွေးပွလေး၏ မျက်နှာပေါ်ရှိ ရှက်သွေးလေးများက ဖြည်းညှင်းစွာပျောက်ကွယ်သွား၍ ချစ်စဖွယ်အပြုံးတစ်ခု အစားထိုးဝင်ရောက်လာသည်။ သူမ၏မိခင်က ချစ်ရသော ယောကျ်ားရှေ့တွင် မည်သည်ကိုမှမသိသော မိန်းကလေးဟန်ဆောင်ကာ အရသာတစ်ခုပေးစွမ်းရမည်ဟု သင်ကြားပေးခဲ့သည်။ သို့သော် သူမအနေဖြင့် အရာအားလုံးကို လျင်​မြန်စွာ မပေးဆပ်သင့်ပေ။ သို့မှသာ ဤ​ယောကျ်ားက သူမတစ်ယောက်တည်းကိုစွဲလန်းနေပြီး အခြားမိန်းမများထံ ခြေဦးမလှည့်တော့မည်ဖြစ်သည်။

ညက သန်းခေါင်ယံသို့ရောက်ရှိလာကာ လှေကြီးက အမှောင်အတွင်း တရွေ့ရွေ့ခရီးဆက်နေသည်။

ယဲ့ချန်က တစ်စုံတစ်ခုကို အာရုံခံလိုက်မိသဖြင့် လှေပေါ်တွင်ဖြန့်ကျက်ထားသော ဝိညာဥ်အသိစိတ်ကို ပင်လယ်ရေအောက်သို့ ပို့ဆောင်လိုက်သည်။ ရေအောက်တွင် ဧရာမရေဘဝဲကြီးတစ်ကောင်က သူတို့၏လှေထံ ချဥ်းကပ်လာနေသည်။ ၎င်း၏အရွယ်အစားက လှေကြီး၏တစ်ဝက်ကြီးမားကာ ဝူစီနှင့်မတူသဖြင့် အမှောင်ရေဘဝဲတစ်ကောင် မဟုတ်ပေ။

ယဲ့ချန်က ရေဘဝဲကို ဝိညာဥ်အသိစိတ်ဖြင့် ခြောက်လှန့်ရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ဤသားရဲက ကောင်းကင်သားရဲများနှင့် မှော်သားရဲများကဲ့သို့မတူညီဘဲ ကွဲပြားနေခဲ့သည်။ သို့သော် ရေဘဝဲ၏ခွန်အားက အစွမ်းမထက်ကြောင်း သူက သိနိုင်ခဲ့သည်။ ၎င်းက ကောင်းကင်အဆင့်သားရဲတစ်ကောင်သာဖြစ်၍ ပင်လယ်သားရဲများက နတ်ဘုရင်များကို မကြောက်ကြသောကြောင့် ဖြစ်ဟန်တူသည်။ ဥပမာ ဝိညာဥ်အသိမရှိသော ထန်တိုက်လင်က သာမန်သားရဲများနှင့် မတူသကဲ့သို့ဖြစ်သည်။

"အမွေးပွလေး ပင်လယ်သားရဲတစ်ကောင် ငါတို့ကို တိုက်ခိုက်နေပြီ။ သွားကြစို့"

ယဲ့ချန်က အမွေးပွလေးကို စိတ်ဖြင့် ဆက်သွယ်လိုက်သည်။ ထို့နောက် သူက လူတိုင်းကိုနှိုး၍ ကုန်းပတ်ပေါ်သို့ တက်သွားခဲ့သည်။ ယဲ့ချန်သည် ပင်လယ်သားရဲက ကောင်းကင်အဆင့်ဟု သိထားသော်လည်း မပေါ့ဆရဲပေ။

လူတိုင်း ကုန်းပတ်ပေါ်ရောက်လာချိန်တွင် လှေကြီးက ဝုန်းခနဲယမ်းခါသွားခဲ့သည်။ ရေအောက်မှ လက်တံကြီးများထွက်ပေါ်လာ၍ လှေကိုယ်ထည်ကို ရစ်ပတ်လာသည်။

အကယ်၍ လှေမှောက်သွားလျှင် အားလုံးဒုက္ခရောက်သွားနိုင်သည်။ ကံကောင်းစွာဖြင့် လှေကိုပြုလုပ်ထားသော သတ္တုက အလွန်မာကျောနေသောအခါ လက်တံများ၏ ရစ်ပတ်ခြင်းခံရသော်လည်း ပျက်စီးမသွားခဲ့ပေ။

ယဲ့ချန်က ငရဲဖြိုခွဲဓားကိုဆွဲထုတ်ပြီး ကောင်းကင်ချီများနှင့်ပေါင်းစပ်ကာ ခုတ်ချလိုက်သည်။

"ရွှစ်"

ယဲ့ချန်၏ဓားချက်အောက်တွင် လက်တံတစ်ခု ပြတ်ထွက်သွားပြီး လှေကုန်းပတ်ပေါ်တွင် ၎င်းက တဆတ်ဆတ်တုန်နေသည်။ နာကျင်သွားသော ရေဘဝဲကြီးက ဒေါသထွက်သွားဟန်ဖြင့် လှေကြီးကို ဆွဲယမ်းနေခဲ့သည်။ ပြတ်တောက်သွားသော လက်တံကလည်း လျင်မြန်စွာ အသစ်ဖြစ်တည်လာ၏။

မင်ဝူ၊ နင်ချင်းယွင်နှင့် ကျန်အဖွဲ့သားများကလည်း လက်နက်ကိုယ်စီဆွဲထုတ်ကာ လက်တံများကို တိုက်ခိုက်လိုက်ကြသည်။ သူတို့က ယဲ့ချန်ကဲ့သို့ တစ်ချက်တည်းပြတ်တောက်သွားစေရန် မစွမ်းနိုင်သော်လည်း ရန်သူကို ဒဏ်ရာရစေခဲ့သည်။ သို့သော် ရေဘဝဲ၏ကုသနှုန်းက အလွန်ကောင်းမွန်နေသဖြင့် ဒဏ်ရာများက လျင်မြန်စွာပျောက်ကင်းသွားကြသည်။

ဤရေဘဝဲက ကောင်းကင်အဆင့်သားရဲတစ်ကောင်သာ ဖြစ်သော်လည်း အစွမ်းထက်ကုသရေးစွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။

"ဘုန်း ဘန်း ဘန်း"

လက်တံများ၏ရိုက်ချက်ကြောင့် မြေဝိဇ္ဇာများက အလဲလဲအပြိုပြို ဖြစ်သွားကြသည်။ မင်ဝူ၊ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်သာ ထိုတိုက်ကွက်ကို မယိုင်မလဲရင်ဆိုင်နိုင်ခဲ့ကြ၏။

"ဒီကောင်ကြီးက ထူးဆန်းလွန်းတယ်။ ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် ဒဏ်ရာက မြန်မြန်ပျောက်သွားတယ်"

ရန်သူ၏ခေါင်းကို ဖြတ်နိုင်လျှင် ပွဲသိမ်းနိုင်ချေရှိသော်လည်း ရေဘဝဲက အကင်းပါးစွာဖြင့် ရေအောက်တွင် ပုန်းကွယ်နေခဲ့သည်။ ဤရေဘဝဲက လှေများကို ဖျက်ဆီးတိုက်ခိုက်ရာတွင် အတွေ့အကြုံရှိပုံပေါ်နေသည်။

မူလတွင် သူတို့၏အင်အားက ကောင်းကင်သားရဲတစ်ကောင်ကို ရင်ဆိုင်ရန် လုံလောက်သည်ထက်ပိုသည်ဟု ယဲ့ချန်က ထင်ထားသည်။ သို့သော် လက်တွေ့တွင် သူက ဝိညာဥ်စစ်သည်တော်ကို အသုံးချရကိန်းစိုက်နေခဲ့သည်။ သူက လူအများရှိနေသဖြင့် ၎င်းကိုအသုံးမပြုလိုသော်လည်း ရွေးစရာမရှိပေ။ အကယ်၍ ဆက်လက်နှောင့်နှေးနေလျှင် ရေဘဝဲက လှေကို မှောက်နိုင်တော့မည်ဖြစ်သည်။

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ရေအောက်သို့ ရောက်သွားကာ ဝိညာဥ်စစ်သည်အဖြစ် ပြောင်းလဲသွား၏။ စစ်သည်က ဓားရှည်ကို ခရမ်းရောင်မီးတောက်များ လောင်ကျွမ်းစေလိုက်သဖြင့် ပင်လယ်ရေကို ပွက်ပွက်ဆူသွားစေခဲ့သည်။

ဝိညာဥ်စစ်သည်တော်က ရေဘဝဲကို အေးစက်စက်စိုက်ကြည့်၍ သတ်ဖြတ်လိုစိတ်နှင့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ နောက်ဆုံးတွင် ပင်လယ်သားရဲသည် ဤဖိအားကြောင့် ကြောက်စိတ်ကို ခံစားလိုက်ရပုံပေါ်သည်။ လှေကိုတိုက်ခိုက်နေခြင်းအား စွန့်လွှတ်ကာ ဝိညာဥ်စစ်သည်တော်ကို ရင်ဆိုင်ရန် ၎င်းက အသင့်ပြင်လိုက်၏။

ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို တိုက်ခိုက်ရန် အမိန့်ပေးခါနီးတွင် အဝေးမှ မြှားတစ်စင်းပမာ ရေကိုထိုးခွဲ၍ ပုံရိပ်တစ်ခု ရောက်လာခဲ့သည်။ ၎င်းက ဝူစီဖြစ်ကြောင်း ဝိညာဥ်စစ်သည်တော်မှတဆင့် သူက သိလိုက်ရသည်။

လှေက ပင်လယ်အတွင်း ခရီးနှင်နေစဥ် ဝူစီက ပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းနေခဲ့သည်။

ခဏအတွင်း သူက ဝိညာဥ်စစ်သည်တော်၏ဘေးသို့ ရောက်လာခဲ့သည်။ ရေဘဝဲက ဝူစီကိုမြင်သောအခါ တစ်ကိုယ်လုံးတောင့်တင်းသွား၍ အနည်းငယ်မျှပင် မလှုပ်ခဲ့ချေ။

ဤရေဘဝဲက အဘယ်ကြောင့် ဝူစီကိုကြောက်လန့်နေသည်ကို ယဲ့ချန်က တွေးမရပေ။ ပင်လယ်သားရဲများကြားတွင် အဆင့်အတန်းခွဲခြားမှုတစ်ခု ရှိနေပုံပေါ်သည်။

ဝူစီက ရေဘဝဲထံ ကူးခတ်သွားပြီး သူ၏လက်တံသေးသေးလေးဖြင့် ၎င်း၏မျက်နှာကို ရိုက်လိုက်သည်။ ရေဘဝဲကြီးက ခေါင်းကိုငုံ့၍ ဝူစီ၏ရိုက်ချက်ကို လက်တုံ့မပြန်ဘဲ သည်းခံနေသည်။

ဝူစီသည် ရှောင်ရိနှင့်အတူ တော်ဝင်နန်းတော်အတွင်း လည်ပတ်ခဲ့သည်။ ဤနည်းလမ်းသည် မိန်းမစိုးများက အစေခံများကိုဆုံးမရာတွင် သုံးခြင်းဖြစ်သည်။ သူက ဤအရာကိုအတုယူကာ ရေဘဝဲကို ပါးရိုက်လိုက်ပုံပေါ်သည်။

ဘောလုံးတစ်လုံးအရွယ်အစားရှိသော ရေဘဝဲသေးသေးလေးတစ်ကောင်က ဧရာမရေဘဝဲကြီးကို ပါးရိုက်နေသောမြင်ကွင်းက အလွန်ရယ်စရာကောင်းနေသည်။ ဝူစီက အများဆုံးမြေအဆင့်သာ ရှိနိုင်ပြီး ရေဘဝဲကြီးက ကောင်းကင်အဆင့်ဖြစ်သည်။

ဝူစီက ရေဘဝဲကြီးကို အားရအောင်ဆုံးမပြီးနောက် အမိန့်အချို့ ပေးလိုက်သည်။ ၎င်းက လှေ၏ဘေးမှယှဥ်၍ ကူးခတ်နေပြီး တိုက်ခိုက်ခြင်းမရှိတော့ပေ။

ယဲ့ချန်သည်လည်း ဝိညာဥ်စစ်သည်တော်ကို အတွေးတစ်ချက်နှင့် ရုတ်သိမ်းလိုက်သည်။

ကုန်းပတ်ပေါ်ရှိလူတိုင်းက ရေအောက်မှမြင်ကွင်းကို မသိသောကြောင့် သတိကြီးကြီးနှင့် တိုက်ပွဲအတွက် အသင့်ပြင်ထားကြသည်။ သို့သော် ရေဘဝဲကြီးက သူတို့ကို ရန်မူခြင်းမရှိတော့ပေ။

"ဒီကိစ္စကပြီးပြီ။ အားလုံး အခန်းကိုပြန်ပြီး အနားယူနိုင်ပါပြီ"

ယဲ့ချန်က တစ်လုံးချင်းပြောလိုက်သည်။

"ရေဘဝဲက ထွက်ပြေးသွားပြီလား"

မင်ဝူက မေးလိုက်သည်။

"မဟုတ်ဘူး။ ဒါပေမယ့် မတိုက်ခိုက်တော့ပါဘူး စိတ်ချပါ"

ယဲ့ချန်က အကြောင်းအရင်းကို မရှင်းပြနိုင်ပေ။

နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ယဲ့ချန်ကို ခေါင်းညွှတ်အရိုအသေပေးပြီး ကုန်းပတ်ပေါ်မှ ပြန်ဆင်းသွားကြသည်။ သူတို့က ယဲ့ချန်၏စကားကို မျက်စိစုံမှိတ်ယုံကြည်ကြသည်။ သူတို့အရှင်နတ်ဘုရင်က ဤပင်လယ်သားရဲကို တစ်နည်းနည်းဖြင့် ထိန်းချုပ်လိုက်သည်ဟု ထင်မြင်နေကြသည်။

မင်ဝူက ထိုနှစ်ယောက်၏အပြုအမူကို ချက်ချင်းသတိထားမိခဲ့သည်။ သူက အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း ခေါင်းရှုပ်ခံ၍ မတွေးတော့ပေ။ ဤကား သားရဲသခင်များ၏နည်းစနစ် ဖြစ်နိုင်သည်။ ရှီဝူအင်ပါယာသည် အလယ်အင်ပါယာသို့ နောက်ခံရှာဖွေရန် လူများစွာလွှတ်ခဲ့သော်လည်း ဆက်တိုက်ငြင်းပယ်ခံခဲ့ရသည်။ သားရဲသခင်များကဲ့သို့ အစွမ်းထက်ဂိုဏ်းကြီးတစ်ခု၏ အထောက်အပံ့သာရလျှင် သူတို့က ဤအခြေအနေထိ ကျဆင်းလာမည်မဟုတ်ပေ။ သူ၏အတွေးတွင် ယဲ့ချန်သည် ရင်မျိုးနွယ်နှင့် သားရဲသခင်ဂိုဏ်းကြားတွင် ပေါင်းကူးတံတားတစ်ခု ဖြစ်လာနိုင်သည်။

လူတိုင်းက တီးတိုးဆွေးနွေးပြီးနောက် လှေဝမ်းအတွင်းရှိ သက်ဆိုင်ရာအခန်းများထံ ဆင်းသွားကြသည်။

ကောင်းကင်အဆင့် ပင်လယ်သားရဲတစ်ကောင်က လိုက်လံစောင့်ရှောက်နေသဖြင့် ရှီဝူအင်ပါယာ၏လှေကြီးက နောက်ထပ်အန္တရာယ်များ မကြုံရတော့ချေ။

ခြောက်ရက်ကြာ ခရီးနှင်ပြီးနောက် မြင်ကွင်းအတွင်း ကျွန်းတစ်ခု ဝင်ရောက်လာသည်။

"ကြည့်ကြစမ်း ဒါက ကန့်သတ်ဒေသဖြစ်ရမယ်"

မြေပုံကိုင်ထားသော မြေဝိဇ္ဇာတစ်ယောက်က ထိုကျွန်းကိုညွှန်ပြ၍ အော်ပြောလိုက်သည်။

"ကန့်သတ်ဒေသ"

လူတိုင်း၏စိတ်နှလုံးများ အနည်းငယ် တင်းကျပ်သွားကြသည်။

သမိုင်းကြောင်းတွင် ဤကျွန်းသည် မရဏကျွန်းကြီးဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာက တိုင်းပြည်အတွက် ဤကျွန်းပေါ်တွင် လူမသိသူမသိ အသက်စွန့်ခဲ့ကြသည်။

လူတိုင်း ကုန်းပတ်ပေါ်ရောက်လာပြီး အဝေးကို ငေးကြည့်နေကြသည်။ မိုးကုပ်စက်ဝိုင်းတွင် ကျွန်းက တစ်ခုတည်း တည်ရှိနေသည်။ ၎င်းက ပင်လယ်ကြီး၏အလယ်တွင် တည်ရှိနေကာ ပုံမှန်မဖြစ်နိုင်ပေ။

ကျွန်းက အဝေးတွင်ရှိသောကြောင့် သေးငယ်ပုံပေါ်သော်လည်း အမှန်တကယ်၌ ကြီးမားလှပေသည်။

ကျွန်းတစ်ခုလုံးကို သက်တန့်ကဲ့သို့ အရောင်စုံသော အလင်းတစ်ခုက ဖုံးအုပ်ထားသည်။ ဤအရာက တစ်စုံတစ်ယောက် ခင်းကျင်းထားသော အစီအရင်ဖြစ်ကြောင်း ယဲ့ချန်က သတ်မှတ်လိုက်သည်။ ကန့်သတ်ဒေသကို ဖုံးအုပ်ထားသော အစီအရင်က ကျောက်စိမ်းနန်းတော်ထက်ပင် ပို၍တင်းကျပ်နေလေသည်။

All Chapters