လူသားရုပ်သေးပညာ
Vol. 17 Ch. 239
ကျွန်းအနီးသို့ ရောက်သောအခါ ယဲ့ချန်၏စိတ်က အကြောင်းအရင်းမရှိဘဲ လေးလံလာသည်။ ၎င်းက အလွန်သိမ်မွေ့သော ခံစားချက်တစ်ခု ဖြစ်သည်။ ကန့်သတ်ဒေသတွင် မည်သို့သော အန္တရာယ်များ စောင့်ကြိုနေသနည်း။
ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်က ဤအတွေးကို အစိုးရိမ်လွန်နေခြင်းဟု သတ်မှတ်လိုက်သည်။ ကန့်သတ်ဒေသ၏ သမိုင်းကြောင်းက နှစ်ပေါင်းသောင်းချီ၍ တိုင်းပြည်နှစ်ခုကြား ပြဿနာတက်လျှင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလေသည်။ ကြောက်မက်ဖွယ်အရာတစ်ခုသာ အမှန်တကယ်တည်ရှိနေလျှင် ထိုကျင့်ကြံသူများက ရှာတွေ့ပြီးဖြစ်ပေလိမ့်မည်။
ယဲ့ချန်သည် ဤစီးချင်းတိုက်ပွဲ၏ စည်းမျဥ်းကို ချမှတ်ခဲ့သူ၏အတွေးကို နားမလည်နိုင်ပေ။ ထိုလူက စစ်ပွဲကြောင့် ပြည်သူများဒုက္ခမရောက်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်သော်လည်း အကျိုးဆက်များရှိသည်။ စစ်ပွဲတစ်ခုဖြစ်ပွားလျှင် သေခြင်းတရားကို မရှောင်လွှဲနိုင်ပေ။ အကယ်၍ ရှီဝူအင်ပါယာရှုံးနိမ့်သွားပြီး နန်မန်တိုင်းပြည်က တရားဝင်ကျူးကျော်ခွင့်ရသွားလျှင်လည်း ရှီဝူအင်ပါယာ၏ပြည်သူများက သုံ့ပန်းအဖြစ် ရက်ရက်စက်စက် သတ်ဖြတ်ခံရမည်ပင်ဖြစ်သည်။
လက်ရှိတွင် ယဲ့ချန်တတ်နိုင်သည်မှာ ရှီဝူအင်ပါယာအနိုင်ရရေးအတွက် ကူညီရန်ဖြစ်သည်။ သို့မှသာ ပြည်သူများက စစ်ပွဲ၏ဘေးရန်ကို ရှောင်ရှားနိုင်ပေမည်။
"ငါတို့က ကန့်သတ်ဒေသအရှေ့ဘက်က ဝင်ရောက်ရမယ်။ နန်မန်တွေက အနောက်ဘက်က ဝင်လာမှာဖြစ်တယ်။ ဒါက ကန့်သတ်ဒေသရဲ့မြေပုံ။ ကန့်သတ်ဒေသက မိုင်တစ်ရာကျော် ကျယ်ဝန်းပြီး တောင်သုံးလုံးနဲ့ သစ်တောတွေရှိတယ်။ ပုန်းအောင်းဖို့လွယ်ကူလို့ ချုံခိုတိုက်ခိုက်ခံရမှာကို သတိထားကြ။ ငါတို့ကလူစုမကွဲဘဲ စုစုစည်းစည်းနေကြရင် အကောင်းဆုံးပဲ"
မင်ဝူက လေးလေးနက်နက်သတိပေး၍ လူတိုင်းအတွက် မြေပုံတစ်ခုစီ ထုတ်ပေးလိုက်သည်။
"အရှင်မင်းကြီး ခေါင်းဆောင်တစ်ယောက်ရှိရင် ပိုကောင်းပါမယ်"
မြေဝိဇ္ဇာတစ်ယောက်က အကြံပေးလိုက်သည်။
"အရှင်မင်းကြီး ဦးဆောင်လိုက်ပါ"
ယဲ့ချန်က မင်ဝူကို အကြုံပြုသည်။ မြေဝိဇ္ဇာများအားလုံးသည် မင်ဝူ၏လက်အောက်ခံများဖြစ်သောကြောင့် သူ၏အမိန့်ကို နာခံချင်စိတ် မရှိနိုင်ပေ။
"ယဲ့ချန်ကို ခေါင်းဆောင်အဖြစ်ရွေးမယ်။ ဘယ်သူမှ သူ့အမိန့်ကို ကလန်ကဆန်မလုပ်ရဘူး"
မင်ဝူက ခဏတာစဥ်းစားပြီးနောက် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
"ဒါပေမယ့် အရှင်..."
မြေဝိဇ္ဇာများအားလုံးက စောဒကတက်ရန် ပြင်ဆင်လိုက်သည်။
"မင်းတို့က ငါ့ကို ပုန်ကန်ချင်တာလား"
မင်ဝူက အေးစက်စက်ငေါက်လိုက်သည်။
"မလုပ်ဝံ့ပါဘူး အရှင်"
လက်အောက်ခံများက ခေါင်းကိုညွှတ်၍ ပြိုင်တူအော်ဟစ်လိုက်ကြသည်။
"ကြည့်ရတာ ကျုပ်ကို ဘယ်သူမှမယုံကြဘူးထင်တယ်"
ယဲ့ချန်က ခေါင်းကုတ်လိုက်သည်။
ထိုအချိန်တွင် နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ယဲ့ချန်ကို ခေါင်းဆောင်ဖြစ်စေချင်ကြသည်။ သူတို့၏အရှင်က မင်ဝူကို ဖော်ဖော်ရွေရွေဆက်ဆံနေသော အကြောင်းအရင်းကို မစဥ်းစားနိုင်ခဲ့ကြပေ။ မင်ဝူသည် နတ်ဘုရင်တစ်ပါးအတွက် လက်ချောင်းတစ်ခုတည်းဖြင့်သတ်နိုင်သော လူတစ်ယောက်ဖြစ်သည်။ သို့သော် သူတို့ကယဲ့ ချန်ကို မေးခွန်းပြန်မထုတ်ရဲကြပေ။
လူသားများအကြား လာရောက်နေထိုင်သော နတ်ဘုရင်များသည် အဆင့်တက်ရန်အတွက် ဉာဏ်အလင်းပွင့်မှုကို လာရောက်ရှာဖွေခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဘုရင်အဆင့်အထွတ်အထိပ် သားရဲများသာ လူသားကမ္ဘာသို့ အဆင့်တက်ရန် လာရောက်တတ်ကြသည်။ သူတို့က အောင်မြင်သွားလျှင် နတ်ဘုရားများကဲ့သို့ဖြစ်သော မဟာသားရဲအဆင့်သို့ တက်ရောက်သွားကြပေမည်။ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ဤအကြောင်းကိုသိထားသဖြင့် ယဲ့ချန်အပေါ် အလွန်တရာရိုသေလေးစားခဲ့ကြသည်။
"မငြင်းပါနဲ့။ ဂိုဏ်းချုပ်နင်နဲ့ ဒီအကြီးအကဲကို ငါက တိုက်ရိုက်အမိန့်ပေးနိုင်စွမ်း မရှိဘူး။ ပြီးတော့ မင်းက ပင်လယ်ထဲမှာ ရေဘဝဲရဲ့တိုက်ခိုက်မှုကို ပထမဆုံးသိတဲ့သူဖြစ်တယ်။ ငါက မင်းနဲ့ယှဥ်ရင် အန္တရာယ်ကြိုမြင်နိုင်စွမ်းမှာ အများကြီးနိမ့်ကျတယ်"
မင်ဝူက ခေါင်းယမ်း၍ ပြောလိုက်သည်။
သူ၏စကားကို ကြားသောအခါတွင်မှ မြေဝိဇ္ဇာများက ထိုအကြောင်းကို တွေးမိလိုက်ကြသည်။ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်က ယဲ့ချန်ကို အလွန်ရိုသေလေးစားကြသည်။ ထို့အပြင် သူက ထူးဆန်းသောနည်းလမ်းတစ်ခုဖြင့် ပင်လယ်သားရဲကြီးကို အညံ့ခံစေခဲ့သည်။ ထို့ကြောင့် ယဲ့ချန် ခေါင်းဆောင်ဖြစ်လာမည်ကို အားလုံး သဘောတူလက်ခံသွားလေသည်။
"ဒါဆိုရင် ကျုပ် မငြင်းတော့ဘူး"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူ့ထံတွင် ဝိညာဥ်အသိစိတ်ရှိနေသဖြင့် ပတ်ဝန်းကျင်ကို လူတိုင်းထက်အရင် ထောက်လှမ်းပေးနိုင်သည်။
ယဲ့ချန်က အဝေးရှိကျွန်းကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေခဲ့သည်။ ကျန်လူများအားလုံးက ကုန်းပတ်ပေါ်တွင် တင်ပျဥ်ခွေထိုင်ချ၍ ကောင်းကင်ချီများ ဖြည့်တင်းနေကြသည်။ အမွေးပွလေးက ယဲ့ချန်၏ပခုံးပေါ်တွင် နေရာယူထားသည်။ သူက အမွေးပွလေးထံမှ စိုးရိမ်စိတ်ကိုခံစားမိသဖြင့် ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ကန့်သတ်ဒေသတွင် နန်မန်တိုင်းပြည်မှလွဲ၍ ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။ မင်ဝူသည် ကန့်သတ်ဒေသအကြောင်းကို သေချာစွာသိထားသည်။ နှစ်ပေါင်းများစွာတိုင်အောင် ကန့်သတ်ဒေသတွင် ကျင့်ကြံသူများ တိုက်ခိုက်ခဲ့သော်လည်း ကြောက်မက်ဖွယ်ဖြစ်တည်မှုမျိုး လုံးဝထွက်ပေါ်မလာခဲ့ချေ။
ယဲ့ချန်သည် မရဏနန်းတော်မှ အဖြစ်အပျက်ကြောင့် နေရာသစ်တစ်ခုအပေါ် အစိုးရိမ်ကြီးနေခြင်းဖြစ်သည်ဟု ထင်လိုက်သည်။
ရှောင်ရိကမူ ကုန်းပတ်ပေါ်တွင် အပူအပင်ကင်းစွာဖြင့် ပြေးလွှားဆော့ကစားနေသည်။ သူက ပင်လယ်ထဲရှိဝူစီထံ လက်ဝှေ့ယမ်းပြရင်း အလွန်ပျော်ရွှင်နေခဲ့သည်။
ရှီဝူအင်ပါယာ၏လှေက ကျွန်းစပ်ရှိဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်လိုက်သည်။ ဤဆိပ်ကမ်းကို ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး အပေါ်ယံတွင် သစ်ပင်များပေါက်ရောက်နေကြသည်။ ကျောက်တုံးများပေါ်တွင် ရေညှိများလည်းကပ်တွယ်နေကာ အချို့ကခြောက်ကပ်နေပြီး အချို့က စိမ်းလန်းလတ်ဆတ်နေသည်။ ကျောက်တုံးဆိပ်ကမ်းက အကြိမ်ပေါင်းများစွာ အသုံးပြုခံရကြောင်းကို မြင်သူတိုင်း ပြောနိုင်သည်။
ရှီဝူအင်ပါယာနှင့် နန်မန်တိုင်းပြည်ကဲ့သို့ အခြားတိုင်းပြည်များကလည်း ပြဿနာတက်လျှင် ကန့်သတ်ဒေသတွင် ဖြေရှင်းကြသည်ချည်းသာ ဖြစ်သည်။
"အားလုံး လှေပေါ်ကဆင်းကြမယ်။ ဝူစီကိုတော့ ပင်လယ်ထဲမှာ ထားခဲ့လိုက်မယ်"
ယဲ့ချန်က တစ်ချက်တွေးတော၍ အမိန့်ပေးလိုက်သည်။ ဝူစီက ကုန်းပေါ်တွင် အသုံးဝင်သောစွမ်းရည်မရှိသဖြင့် သူက ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
လူတိုင်းက လှေပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြသည်။ ထို့နောက် ကျောက်တုံးများခင်းထားသော ကမ်းခြေမှတဆင့် ကျွန်းထံ ဦးတည်လိုက်ကြသည်။ ဤကျောက်တုံးများ မည်သို့တည်ရှိနေသည်ကို မည်သူမှမသိပေ။ တစ်ခုချင်းစီက ကီလိုဂရမ်ထောင်ချီလေးသော်လည်း မြေပြင်တွင် နက်ရှိုင်းစွာမြုပ်ဝင်နေ၍ လမ်းတစ်ခု ဖြစ်ပေါ်နေသည်။
လမ်း၏အဆုံးတွင် အခုံးသဏ္ဍာန် မုခ်ဝတစ်ခု တည်ရှိနေသည်။ ၎င်းက ဆယ်မီတာကျော်မြင့်ပြီး ကျောက်သားများဖြင့်သာ ဆောက်လုပ်ထားသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် ကန့်သတ်ဒေသဟူသော စကားလုံးကို အားမာန်ပါသောစုတ်ချက်များနှင့် ထွင်းထုထားသည်။ သို့သော် ကျောက်စိမ်းနန်းတော်၏အမည်နှင့်ယှဥ်လျှင် ၎င်းက အနည်းငယ်လစ်ဟာနေခဲ့သည်။
မုခ်၏ရှေ့တွင် မီတာတစ်ရာကျယ်ဝန်းသော မြေပြန့်လွင်ပြင်တစ်ခုရှိကာ စခန်းချရန် သင့်တော်သည်။ မုခ်၏အောက်တည့်တည့်တွင် ဝတ်ရုံနက်ကိုယ်စီလွှမ်းခြုံထားသော လူနှစ်ယောက်က ခံစားချက်မဲ့စွာ မတ်တပ်ရပ်နေကြသည်။
ကန့်သတ်ဒေသတွင် လူသားအစောင့်များရှိနေခြင်းက ထူးဆန်းလှသည်။ ဤတောကြီးမျက်မည်းကျွန်းပေါ်တွင် သူတို့က စားသောက်၍ အိပ်စက်ရမည်ဖြစ်သည်။ အကျိုးအမြတ်လုံးဝမရနိုင်သော ဤနေရာတွင် အစောင့်လုပ်နေခြင်းက အလွန်ထူးဆန်းနေခဲ့သည်။
ရှီဝူအင်ပါယာအဖွဲ့က လွင်ပြင်သို့ ရောက်လာကြသည်။
"ကန့်သတ်ဒေသပွင့်ဖို့ ငါးရက်လိုသေးတယ်။ ငါတို့က ဒီနေရာမှာ စောင့်ကြရလိမ့်မယ်။ အစောင့်နှစ်ယောက်က သမာဓိကောင်စီရဲ့ လက်အောက်ငယ်သားတွေဖြစ်တယ်။ နှစ်ယောက်လုံးက ဆန်းကျယ်ဝိဇ္ဇာတွေဖြစ်ကြတယ်။ နှစ်ပေါင်းသောင်းချီကြာအောင် သူတို့က ဒီနေရာမှာ အစောင့်ချထားတယ်။ အချိန်တစ်ခုကြာရင် လူလဲမယ်လို့တော့ ထင်ရတာပဲ။ ပြီးတော့ သူတို့က ဝတ်ရုံရှည်ကြီးကို အမြဲခြုံထားပြီး မျက်နှာကို လုံးဝမပြဘူး။ သူတို့ရဲ့အဝတ်အစားကလည်း ဘယ်တော့မှမပြောင်းလဲဘူး"
မင်ဝူက ယဲ့ချန်ကို အကြောင်းစုံရှင်းပြလိုက်သည်။
"သမာဓိကောင်စီ ဟုတ်လား။ သူတို့က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ"
ယဲ့ချန်က ဤအမည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ပြီး မင်သက်သွားခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့် နှစ်ယောက်ကို ကျွန်းပေါ်တွင် အစောင့်ချထားနိုင်သော စွမ်းအားက နှယ်နှယ်ရရမဖြစ်နိုင်ပေ။ သမာဓိကောင်စီက ဤကျွန်းတွင် အစောင့်ချထားခြင်းဖြင့် မည်သည့်အကျိုးအမြတ်များ ရရှိနိုင်မည်နည်း။ ဤအချက်ကလည်း အလွန်ထူးဆန်းနေပြန်သည်။
"ငါလည်း သေချာမသိဘူး။ သူတို့ကိုယ်သူတို့တော့ နတ်ဘုရားရဲ့ငယ်သားလို့ ခေါ်ကြတယ်။ အရှေ့ပိုင်းတိုက်ကြီးရဲ့ ကိစ္စအားလုံးကို သူတို့က ဆုံးဖြတ်ပေးတယ်။ သမိုင်းမှာ ဂိုဏ်းတွေအများကြီးနဲ့ တိုင်းပြည်တွေစုပေါင်းပြီး သမာဓိကောင်စီကို တော်လှန်ခဲ့ကြဖူးတယ်။ ဒါပေမယ့် နှိမ်နင်းခံလိုက်ရတယ်။ သမာဓိကောင်စီက ဆန်းကျယ်တဲ့ အင်အားကြီးအဖွဲ့တစ်ခုဖြစ်တယ်"
မင်ဝူ၏မျက်နှာထားက ဤအကြောင်းပြောနေချိန်တွင် အလွန်လေးနက်နေသည်။
ယဲ့ချန်သည် နတ်ဘုရင်များက လူသားပိုင်နက်တွင် လာရောက်မသောင်းကျန်းရဲသည်မှာ အစွမ်းထက်အင်အားစုတစ်ခုက တားဆီးထားသောကြောင့်ဟု ထင်မြင်ခဲ့ဖူးသည်။ မင်ဝူ၏စကားအရ သူ၏အထင်က မှန်ကန်နိုင်လေသည်။
"မင်းတို့ရဲ့ မျက်နှာအစစ်အမှန်ကို မပြချင်ဘူးပေါ့ ဟုတ်လား။ ငါက ရအောင်ကြည့်မယ်"
ယဲ့ချန်က ခံစားချက်မဲ့စွာရပ်နေသော အစောင့်နှစ်ယောက်ထံ ဝိညာဥ်အသိစိတ်ကို စေလွှတ်လိုက်သည်။ သူက ထိုလူများ၏ကျင့်ကြံခြင်းနှင့် သရုပ်မှန်ကို အလွန်စိတ်ဝင်စားနေခဲ့သည်။
အစောင့်နှစ်ယောက်က ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းခံနေရသည်ကို မသိကြပေ။ ကြွက်သားတစ်ခုပင် မလှုပ်ရှားဘဲ ကျောက်တိုင်ကြီးများပမာ မားမားမတ်မတ်ရပ်နေကြသည်။ မည်သည့်အရာကမှ သူတို့ကို မနှောင့်ယှက်နိုင်ဟူသော အချက်ကို ထုတ်ဖော်ထားသည်။
"ဒါတွေက လူ မဟုတ်ဘူး"
ဝိညာဥ်အသိစိတ်က အစောင့်များထံ ရောက်သွားချိန်တွင် ယဲ့ချန်၏ရင်ထဲတွင် စိမ့်ခနဲဖြစ်သွားသည်။
သူက အသေအချာစစ်ဆေးလိုက်သောအခါ ရုပ်ခန္ဓာကို သတ္တုများဖြင့်တည်ဆောက်ထားပြီး လူအရေပြားဟူ၍ မရှိချေ။ အနက်ရောင်ဝတ်ရုံအောက်တွင် မျက်နှာဖုံးများက မျက်နှာအမှန်ကို ဖုံးကွယ်ထားသော်လည်း ဤနှစ်ယောက်က သတ္တုရုပ်များသာ ဖြစ်သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က သတ္တုရုပ်တစ်ခုအတွင်း နက်ရှိုင်းစွာဝင်ရောက်လိုက်သည်။ လူသားတစ်ယောက်၏ဝိညာဥ်က အတွင်း၌စည်းခတ်ခံထားရပြီး ဆန်းကျယ်ဝိဇ္ဇာ၏ဝိညာဥ် ဖြစ်နိုင်ပေသည်။ ၎င်းက အသိစိတ်တစ်ခုကိုလည်း ပိုင်ဆိုင်သည်။
အစောင့်များက ဤနေရာတွင် နေပူမရှောင်မိုးရွာမရှောင် စောင့်ကြပ်နိုင်ခြင်းက မထူးဆန်းတော့ပေ။ သူတို့က လူသားများမဟုတ်ကြပေ။ သတ္တုရုပ်များဖြစ်သောကြောင့် သက်တမ်းက အလွန်ကြာရှည်ပြီး ဤနေရာတွင် နှစ်ပေါင်းသောင်းချီ မတ်တပ်ရပ်နေခဲ့ပုံပေါ်သည်။
ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်ကို ရုတ်သိမ်းလိုက်ချိန်တွင် အဖွဲ့သားများက လွင်ပြင်တွင် စခန်းချရန် ရွက်ဖျင်တဲများ တည်ဆောက်နေကြသည်။ ထို့နောက် ကန့်သတ်ဒေသတိုက်ပွဲအတွက် ပြင်ဆင်စရာများကို ပြင်ဆင်လိုက်ကြသည်။
"မင်းကြီး လူသားတစ်ယောက်ရဲ့ဝိညာဥ်ကို သတ္တုနဲ့လုပ်ထားတဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးနိုင်တဲ့ ကျင့်စဥ်မျိုး ပညာရပ်မျိုး ရှိလား"
ယဲ့ချန်က စပ်စုလိုစိတ်ကို မထိန်းနိုင်သဖြင့် အကြားအမြင်များသော မင်ဝူကို မေးမြန်းလိုက်သည်။
"ဒီလိုပညာရပ်မျိုး တကယ်ရှိတယ်။ လူသားရုပ်သေးပညာလို့ခေါ်တဲ့ လျှို့ဝှက်ပညာရပ် ဖြစ်တယ်"
မင်ဝူက အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ဖြေလိုက်သည်။ ယဲ့ချန်က ထိုပညာရပ်အကြောင်း ရုတ်တရက်မေးလာသော အကြောင်းအရင်းကို သူက မသိပေ။
"လူသားရုပ်သေးပညာ ဒါက ဘယ်လိုပညာရပ်မျိုးလဲ"
ယဲ့ချန်ကဆက်၍ မေးမြန်းလိုက်သည်။
"ဒိပညာက အလွန်တရာကို ရက်စက်ကြမ်းကြုတ်တယ်။ ပထမဆုံးအနေနဲ့ အသိစိတ်မရှိတဲ့ သတ္တုရုပ်သေးတစ်ခုကို တည်ဆောက်ရမယ်။ ပြီးရင် လူတစ်ယောက်ကိုဖမ်းပြီး ဦးခေါင်းခွံကို အရှင်လတ်လတ်ခွာတယ်။ ထူးခြားတဲ့ ဝိညာဥ်စုပ်ကိရိယာနဲ့ ဝိညာဥ်ကို ဖြည်းဖြည်းချင်းထုတ်ယူတယ်။ ဒီဖြစ်စဥ်တစ်ခုလုံးက ၄၉ရက်ကြာမြင့်ပြီး ဝိညာဥ်ထုတ်ခံရသူက နာကျင်လွန်းလို့ သေဖို့ကို ဆုတောင်းနေရတယ်။ သေဆုံးသွားတဲ့အချိန်မှာ နာကျင်မှုများရင်များသလောက် ထုတ်ယူခံရတဲ့ဝိညာဥ်က အစွမ်းထက်တယ်။ ပြီးတော့ ဝိညာဥ်က နှစ်ပေါင်းသောင်းချီအောင် မပျက်မစီးတည်ရှိနိုင်တယ်။ ဒါကြောင့် အမုန်းဝိညာဥ်တွေက လွယ်လွယ်နဲ့ မပျောက်ကွယ်သွားကြတာ ဖြစ်တယ်။ ၄၉ရက်အကြာမှာ လူသားရုပ်သေးပညာကို အသုံးချလို့ ဝိညာဥ်နဲ့သတ္တုရုပ်ကို ပေါင်းစပ်တယ်။ သတ္တုရုပ်ရဲ့တိုက်ခိုက်ရေးစွမ်းအားက ဝိညာဥ်ပိုင်ရှင်အတိုင်း တူညီပြီး နှစ်ပေါင်းများစွာမသေတော့ဘူး။ အချို့လူသားရုပ်သေးတွေဆိုရင် ပိုပြီးအစွမ်းထက်လာအောင် ကျင့်ကြံနိုင်ကြတယ်"
မင်ဝူက အညှာအတာမဲ့ရက်စက်သော ပညာရပ်အကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်လေသည်။