ဝိညာဥ်ပုလဲ
Vol. 17 Ch. 240
"လောကကြီးမှာ ဒီလိုရက်စက်တဲ့ ပညာမျိုး ရှိနေတာလား"
ယဲ့ချန်က စိတ်မသက်မသာ ခံစားလိုက်ရသည်။ လူသားများက တစ်ကိုယ်ကောင်းဆန်စွာဖြင့် မျိုးနွယ်တူချင်းကို ရုပ်သေးများအဖြစ် သန့်စင်ကြသည်။ အလွန်ကို လူမဆန်သော လုပ်ရပ်ပင်။
"လူသားရုပ်သေးပညာက လောကမှာ အရက်စက်ဆုံး မဟုတ်သေးဘူး"
မင်ဝူက မျက်မှောင်ကြုတ်၍ ခေါင်းယမ်းလိုက်သည်။ ဤလောကတွင် ကိုယ်ပိုင်ခွန်အား တိုးတက်ရန်အတွက် အသက်ပေါင်းထောင်သောင်းချီကို စတေးကြသူများရှိကြောင်းကိုမူ သူက ဤလူငယ်လေးအား မပြောခဲ့ပေ။
"လူသားရုပ်သေးတွေ ဖန်တီးဖို့ဆိုရင် ခုနကအချက်တွေအပြင် တစ်ခု လိုအပ်သေးတယ်။ ဖန်တီးသူဟာ ဖန်တီးခံရသူထက် ကျင့်ကြံဆင့်ပိုမြင့်ပြီး သန်မာနေရမယ်။ ဒါမှသာ ပညာရပ်က အလုပ်လုပ်တယ်"
မင်ဝူက ဆက်ပြောလိုက်သည်။
"ဒါဆိုရင် ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့် လူသားရုပ်သေးကို ပြုလုပ်ချင်ရင် ဖန်တီးသူက ဘယ်အဆင့်ကိုရောက်နေရမှာလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ဒဏ္ဍာရီထဲမှာသာ ကြားဖူးတဲ့ ပြိုင်ဘက်ကင်းစွမ်းအားပိုင်ရှင် နတ်ဝိဇ္ဇာတစ်ယောက် ဖြစ်နေရမယ်"
မင်ဝူက ယဲ့ချန်ကို အဖြေပေးလိုက်ပြီး တစ်ခုခုကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။
"မင်းပြောချင်တာက ဒီအစောင့်နှစ်ယောက်က လူသားရုပ်သေးတွေ ဖြစ်နေတာလား"
မင်ဝူ၏မျက်နှာထက်တွင် အလွန်အံ့သြသော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။ သူက ယဲ့ချန်ကို လေးနက်စွာမေးလိုက်သည်။
ယဲ့ချန်က စိတ်လေးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါကြောင့် ဒီအစောင့်တွေက ဘယ်လိုအခြေအနေဖြစ်ဖြစ် မုခ်ဝကို စောင့်ဆိုင်းနိုင်ကြတာကိုး။ သမာဓိကောင်စီက အစောင့်တွေကိုလဲတယ်လို့ ထင်ထားမိတာ မှားသွားပြီ။ ဒါတွေက လူသားရုပ်သေးတွေလို့တော့ လုံးဝမစဥ်းစားမိဘူး"
မင်ဝူ၏စိတ်ထဲတွင် နှစ်ပေါင်းများစွာရှိနေသော ပဟေဠိက အဖြေထွက်သွားသည်။ ဒဏ္ဍာရီများက မှန်ကန်နေသည် ။ဤလောကတွင် လူသားရုပ်သေးပညာ အမှန်တကယ်တည်ရှိနေပြီး ယဲ့ချန်က မည်သို့ရှာတွေ့နိုင်ကြောင်းကို သူ မသိခဲ့ပေ။
လူသားရုပ်သေးပညာအကြောင်း ပြောပြီးနောက် ယဲ့ချန်ရောမင်ဝူပါ တိတ်ဆိတ်သွားကြသည်။ အလွန်ရက်စက်ကြမ်းကြုတ်သော လူမျိုးသာလျှင် လူသားရုပ်သေးများကို ပြုလုပ်နိုင်ပေလိမ့်မည်။ သမာဓိကောင်စီသည် ရှေးနတ်ဘုရား၏နောက်လိုက်များဖြစ်ကာ ဥပဒေများကို ချမှတ်သူများ ဖြစ်ကြသည်။ သူတို့၏အမှောင်ခြမ်းကို ယခုအချိန်ထိ မည်သူမှရှာတွေ့ခဲ့ပုံ မပေါ်ချေ။
"ဒီသတင်းက လုံးဝပြန့်သွားလို့ မဖြစ်ဘူး"
မင်ဝူက သက်ပြင်းတစ်ချက်ချ၍ ခပ်တိုးတိုးသတိပေးလိုက်သည်။
"ကောင်းပြီ"
သူ၏သဘောထားကို ယဲ့ချန်က နားလည်ပေသည်။ သမာဓိကောင်စီက မည်မျှလက်တံရှည်ကြောင်းကို နှစ်ယောက်လုံး မသိကြပေ။ အကယ်၍ သူတို့ကြောင့် လူသားရုပ်သေးများအကြောင်း ပေါက်ကြားသွားလျှင် မည်သို့တုံ့ပြန်လာမည်ကို မသိနိုင်ပေ။ အကယ်၍ သမာဓိကောင်စီကသာ အမှောင်ဘက်ခြမ်းကိုဖုံးကွယ်လိုလျှင် အန္တရာယ်ရှိနိုင်သဖြင့် ယဲ့ချန်ရောမင်ဝူပါ နှုတ်ဆိတ်နေခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
သမာဓိကောင်စီက လူသားရုပ်သေးများဖြင့် ဤကျွန်းကို စောင့်ကြပ်ထားခြင်းက မေးခွန်းထုတ်စရာဖြစ်သည်။ ယဲ့ချန်သည် ကျွန်းပေါ်သို့ရောက်ချိန်မှစ၍ စိတ်များ အလွန်လေးလံနေသည်။
ကျွန်းက အလွန်ကျယ်ဝန်းသည်။ ၎င်းကိုဖုံးအုပ်ထားသော ကာကွယ်ရေးအစီအရင်က အသိစိတ်ဝိညာဥ်အပေါ် အကျိုးသက်ရောက်မှုမရှိပေ။ ယဲ့ချန်သည် သူ၏ဝိညာဥ်ဖြင့် ကျွန်းတစ်ခုလုံးကို လိုက်လံစစ်ဆေးခဲ့သည်။ သစ်တောများအတွင်း၌ မှော်သားရဲများပင်မရှိဘဲ ငှက်များနှင့် သာမန်တိရိစ္ဆာန်များသာ ကျက်စားနေကြသည်။ ဤနေရာက တိုင်းပြည်နှစ်ခု၏ကျင့်ကြံသူများ အသေအကြေတိုက်ခိုက်ရသော စီးချင်းတိုက်ပွဲ ကွင်းပြင်တစ်ခုမဟုတ်လျှင် ကောင်းကင်ဘုံတစ်ခုပမာ သာယာလှပနေမည်ဖြစ်သည်။
ယဲ့ချန်က မည်သည့်မူမမှန်မှုကိုမှ ရှာမတွေ့ခဲ့ပေ။
"ဒီနေရာမှာ ငါးရက်စခန်းချပြီးရင် ကန့်သတ်ဒေသ ပွင့်လိမ့်မယ်။ အထဲကိုဝင်ပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ်တာပေါ့"
ယဲ့ချန်က ဤသို့တွေးတော၍ စခန်းချနေသူများကို ကူညီလုပ်ကိုင်ပေးခဲ့သည်။
ရှီဝူအင်ပါယာ၏အဖွဲ့သည် ကန့်သတ်ဒေသ အရှေ့ဘက်လွင်ပြင်တွင် စခန်းချခဲ့ကြသည်။ ကျန်တစ်ဖက်တွင် နန်မန်တိုင်းပြည်အဖွဲ့ ရောက်မရောက်ကိုမူ မသိနိုင်ခဲ့ပေ။
လူတိုင်းက တိုက်ပွဲအတွက် တိတ်ဆိတ်စွာကျင့်ကြံနေသည်။ မင်ဝူပင်လျှင် မြေဝိဇ္ဇာများအတွက် အဖိုးတန် ခရမ်းရွှေနတ်ဆေးတစ်လုံးစီ ထုတ်ပေးလိုက်သည်။
ကန့်သတ်ဒေသကျွန်းက အလွန်တရာတိတ်ဆိတ်နေသည်။ ဆန်းကျယ်ဝိဇ္ဇာအဆင့် ရုပ်သေးနှစ်ခုကလည်း နေရာတွင် ကျောက်တိုင်ကြီးများပမာ မလှုပ်မယှက်ရပ်နေကြသည်။
ယဲ့ချန်သည်လည်း တင်ပျဥ်ခွေထိုင်၍ ကောင်းကင်ချီများကို လည်ပတ်နေခဲ့သည်။
ကန့်သတ်ဒေသ၏ ကာကွယ်ရေးအစီအရင်က တစ်မျိုးတစ်ဖုံထူးဆန်းနေသည်။ အများအားဖြင့် တားမြစ်အစီအရင်များသည် ကောင်းကင်ချီစီဆင်းမှုကို နှောင့်ယှက်တတ်ကြသည်။ သို့သော် ဤကျွန်းပေါ်ရှိ အစီအရင်က ကောင်းကင်ချီများအပေါ် မသက်ရောက်ပေ။ ကောင်းကင်ချီစီးဆင်းမှု နည်းပါးသော ညအချိန်တွင် အနည်းငယ်နှောင့်ယှက်သော်လည်း မဆိုစလောက်ပမာဏသာ ဖြစ်သည်။
အချိန်သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဤကျွန်းနှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုတည်းကိုသာ ယဲ့ချန်က တွေ့ရှိခဲ့၏။ နေ့အချိန်တွင် ငှက်များက အစာရှာရန် အုပ်စုလိုက်ရောက်လာတတ်သော်လည်း နေဝင်သည်နှင့်တပြိုင်နက် ၎င်းတို့က ကျွန်းကို စွန့်ခွာသွားကြသည်။ ငှက်များက ဤကျွန်းပေါ်တွင် အိပ်တန်းမတက်ကြောင်း ယဲ့ချန်ကတွေ့ရှိခဲ့ပြီး ထူးခြားမှုတစ်ခုအဖြစ် တွေးမှတ်လိုက်သည်။
ညအချိန်တွင်လည်း ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ကျွန်းကို စစ်ဆေးခဲ့သည်။ သစ်တောများက အလွန်အမင်းတိတ်ဆိတ်နေသည်မှအပ မည်သည့်ထူးခြားချက်ကိုမှ မတွေ့ခဲ့ချေ။
ယဲ့ချန်သည် ဤကျွန်းက တစ်ခုခုဖြစ်ကြောင်း ခံစားနေရသော်လည်း ထိုအချက်ကို လုံးဝမရှာနိုင်ဖြစ်နေခဲ့သည်။
ညအချိန်တွင် ယဲ့ချန်သည် သူ၏တဲအတွင်း၌ ကျင့်ကြံနေသည်။ လေတိုက်ခတ်သံများနှင့် ကမ်းစပ်ကို လာရောက်ရိုက်ပုတ်သော ရေလှိုင်းသံများက တိတ်ဆိတ်မှုကို တခါတရံဖောက်ထွက်လာသည်။ အမွေးပွလေးက ပုံရိပ်ယောင်ပုလဲကို ထွေးထုတ်လိုက် ဝါးမျိုလိုက်ဖြင့် ကျင့်ကြံရင်း အလုပ်ရှုပ်နေသည်။
ယဲ့ချန်က ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်၍ ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် ဝိညာဥ်စစ်သည်တော်ကို အဆက်မပြတ် လေ့ကျင့်ပေးနေသည်။
ပင်မတံဆိပ်အကြောင်း တွေးမိသောအခါ ယဲ့ချန်၏ရင်ထဲမှ စိုးရိမ်စိတ်တစ်ခု မွေးဖွားလာသည်။
သူက ပင်မတံဆိပ်ကို ပင်လယ်ကြမ်းပြင်သို့ ပစ်ချလိုက်လျှင် ဘေးဒုက္ခကို ထာဝရရှောင်ရှားနိုင်သည်။ သို့သော် ပင်မတံဆိပ်သည် ယဲ့မျိုးနွယ်၏သင်္ကေတဖြစ်ကာ အလွန်အရေးကြီးသည်။ ထို့အပြင် ယဲ့ချန်သည် သူရဲဘောကြောင်သူတစ်ယောက် မဟုတ်ပေ။ ပင်မတံဆိပ်အတွင်း မည်သည့်သားရဲမျိုးကို ချုပ်နှောင်ထားသည်ဖြစ်စေ သူက တုံးတိုက်တိုက်ကျားကိုက်ကိုက် ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။ လက်ရှိတွင် ထိုအကြောင်းကို စိုးရိမ်နေရန် မလိုပေ။
အချိန်အတန်ကြာကျင့်ကြံပြီးနောက် ယဲ့ချန်၏ ကောင်းကင်ချီပမာဏက တိုးမလာတော့ပေ။ သူ၏ကျင့်ကြံဆင့်က တစ်ဆို့သွားပြီဖြစ်သည်။ ထို့ကြောင့် သူက အနားယူလိုက်ပြီး ဆေးလုံးအချို့ ဖော်စပ်လိုက်၏။
ထို့နောက် လက်မောင်းကာအတွင်းမှ အဖြေမထုတ်နိုင်သော ရတနာများဖြစ်သည့် ပုလဲနက်၊ သားရဲသွားနှင့် ဆေးအိုးငယ်ကို ထုတ်ယူလိုက်သည်။
ရတနာသုံးခုကို ကြမ်းပြင်ပေါ်တွင်ချထားပြီး ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သောအခါ ပုလဲက စတင်တုန်ခါလာသည်။ ၎င်းက အနက်ရောင်အလင်းတစ်ခု တောက်ပနေပြီး ညအမှောင်အောက်၌ပင် ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။
ပုလဲနက်၏အရောင်က ညအမှောင်နှင့်ကွာခြားပြီး တောက်ပမှုနှင့်သိပ်သည်းမှုတွင် အဆင့်ချင်းကွာ၍ တဖိတ်ဖိတ်လက်နေသည်။
ယဲ့ချန်သည် ဤပုလဲကို ကျောက်စိမ်းနန်းတော်မှ ရှာတွေ့ခဲ့ချိန်မှစ၍ ၎င်း၏လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ခဲ့ပေ။ ထူးဆန်းသောဖြစ်ရပ်ကြောင့် ယဲ့ချန်က စိတ်ရှုပ်သွားသည်။ အတိတ်တွင် ပုလဲနက်ကို သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးခဲ့သော်လည်း ထူးခြားမှုမရှိချေ။ ယနေ့တွင် ပုလဲနက်က ထူးဆန်းစွာတုံ့ပြန်လာခဲ့သည်။
"ဒါကို အသက်သွင်းဖို့ အထူးအခြေအနေတစ်ခု လိုတာများလား။ ကန့်သတ်ဒေသမှာရှိတဲ့ တစ်စုံတစ်ခုက ဒီပုလဲကို အသက်ဝင်လာစေတာလား"
ယဲ့ချန်က လေးနက်စွာ တွေးတောလိုက်သည်။
ထို့နောက် သူက ဝိညာဥ်အသိစိတ်ဖြင့် ၎င်းအတွင်းဖောက်ဝင်ရန် ကြိုးစားလိုက်သည်။ ထိုအခါ အနက်ရောင်ပုလဲ၏ အလင်းများနှင့်အတွေ့တွင် သူ၏ဝိညာဥ်အသိစိတ်ကို ဝိညာဥ်စွမ်းအင်လှိုင်းများက တိုက်ခိုက်လာသည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ထိုစွမ်းအင်များကြောင့် ပျက်စီးလုနီးပါးဖြစ်နေသော်လည်း သူက အံကြိတ်ပြီး ရှေ့ဆက်တိုးခဲ့သည်။ အကယ်၍ ဤနေရာတွင်ရပ်လိုက်လျှင် သူက ပုလဲနက်၏လျှို့ဝှက်ချက်ကို သိရတော့မည် မဟုတ်ပေ။
"ဘုန်း"
ယဲ့ချန်က ပုလဲနက်အတွင်း ဝိညာဥ်ပုလဲဟူသော စကားလုံးများကို တွေ့လိုက်ရသည်။ ထို့နောက် ဤစကားလုံးများက ဝိညာဥ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ သူ၏ဝိညာဥ်အသိစိတ်ကို ဝင်ဆောင့်လိုက်ကြသည်။
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ ယဲ့ချန်မှာ အရှိုက်ကို အားပြင်းပြင်းထိုးခံလိုက်ရသော ခံစားချက်နှင့် ခေါင်းပေါက်မတတ်နာကျင်မှုကို တပြိုင်နက် ခံစားလိုက်ရသည်။
သူ၏စိတ်အတွင်း ရှိနေသော ဓားပျံက ချက်ချင်းတုန်ခါလာ၍ အလင်းရောင်များ ထုတ်လွှတ်လိုက်သည်။ ဓားပျံ၏အလင်းနှင့် တွေ့သောအခါ ဝိညာဥ်ပုလဲ၏အလင်းရောင်က လမင်းကိုတွေ့သော ပိုးစုန်းကြူးပမာ မှိန်ဖျော့သွားရသည်။ ထို့နောက် ၎င်းက ကြောက်လန့်နေဟန်ဖြင့် တဆတ်ဆတ်တုန်ခါသွားကာ သာမန်ပုလဲတစ်လုံးပမာ ငြိမ်သက်သွားလေ၏။
ယဲ့ချန်သည် ဓားပျံ၏ကောင်းကင်ချီများကို အဆက်မပြတ်စုပ်ယူလိုက်သည်။ ၎င်းအတွင်းပါဝင်သော ဝိညာဥ်စွမ်းအင်က သူ၏ဝိညာဥ်အသိစိတ်ကို ဖြည်းညှင်းစွာ ပြန်လည်တည်ဆောက်ပေးခဲ့သည်။ ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ သူ၏ဝိညာဥ်အသိစိတ်ကို ဖျက်ဆီးနိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားသည့် ပုလဲနက်ကို တစ်ချက်ကြည့်လိုက်သည်။
သူက ၎င်းကို ကောက်ယူလိုက်သောအခါ မည်သည့်ဝိညာဥ်စွမ်းအင်မှ ထွက်ပေါ်မနေသဖြင့် သာမန်ပုလဲဟု ထင်မှတ်ရသည်။ ယဲ့ချန်က ၎င်း၏လျှို့ဝှက်ချက်ကို မထုတ်ဖော်နိုင်ခဲ့ပေ။
အမွေးပွလေးသည် ယဲ့ချန်နှင့် ဝိညာဥ်ချင်းဆက်သွယ်ထားသဖြင့် ဖြစ်ပျက်သွားသည်ကို အာရုံခံနိုင်ခဲ့သည်။ သူမက ပုံရိပ်ယောင်ပုလဲကိုမျိုချ၍ ယဲ့ချန်အား ကြည့်လိုက်သည်။ သူမ၏မူလပုံစံတွင် အသံကြိုးကြောင့် လူသားဘာသာစကားကို မပြောနိုင်ပေ။ ထို့ကြောင့် သူမက ယဲ့ချန်ကို ဝိညာဥ်အသိစိတ်ဖြင့်ဆက်သွယ်ကာ မေးမြန်းလိုက်သည်။
"အမွေးပွလေး ဝိညာဥ်ပုလဲဆိုတာ ဘာလဲ"
ယဲ့ချန်က မေးလိုက်သည်။ သူက ပုလဲနက်ကို အမှန်တကယ်စိတ်ဝင်စားနေခဲ့သည်။
အမွေးပွလေးကလည်း မသိသောကြောင့် ခေါင်းယမ်းပြလိုက်သည်။ ထို့နောက် သူမက ပုံရိပ်ယောင်ပုလဲနှင့် ဆက်သွယ်ကာ မြေခွေးမျိုးနွယ်၏ ခေါင်းဆောင်ဟောင်းများထံ ပုလဲနက်အကြောင်းကို စုံစမ်းပေးခဲ့သည်။
အချိန်တစ်ခုအကြာတွင် အမွေးပွလေးက ပုံရိပ်ယောင်ပုလဲကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူမက ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချန်က ရှောင်ရိကိုခေါ်ပြီး အမွေးပွလေးပြောသမျှကို ဘာသာပြန်စေခဲ့လေသည်။
"ဒဏ္ဍာရီအရ ရှေးခေတ်က အရှေ့ကုန်းမြေတိုက်ကြီးမှာ လိပ်ပြာလက်နက်တွေ ရှိကြတယ်။ ဒါတွေက သာမန်ဝိညာဥ်လက်နက်တွေနဲ့ မတူကွဲပြားကြတယ်။ အဆင့်မြင့်ဝိညာဥ်လက်နက်တွေမှာ လက်နက်ဝိညာဥ်ရှိပေမယ့် အသုံးပြုသူက စွမ်းအင်လွှဲပြောင်းပေးမှ ဒါက တိုက်ခိုက်နိုင်တယ်။ လိပ်ပြာလက်နက်တွေကတော့ ကိုယ်ပိုင်အသိစိတ်ရှိတယ်။ အစွမ်းထက်ကျင့်ကြံသူအချို့ဆိုရင် သူတို့ရဲ့အသိစိတ်ကို အဆင့်မြင့်ဝိညာဥ်လက်နက်တွေနဲ့ ပေါင်းစပ်ပြီး လိပ်ပြာလက်နက်တွေကို ဖန်တီးတတ်ကြတယ်။ သူတို့က လိပ်ပြာလက်နက်တွေထဲမှာ ဆက်လက်ရှင်သန်ပြီး ကျင့်ကြံနိုင်ကြတယ်။ ဒါကြောင့် လိပ်ပြာလက်နက်တွေမှာ သန်မာတဲ့အသိစိတ်ရှိလို့ လူသားတွေကို တိုက်ခိုက်နိုင်တယ်။ ဥပမာပြောရရင် ပုံရိပ်ယောင်ပုလဲနဲ့ ဝိညာဥ်ပုလဲက လိပ်ပြာလက်နက်တွေဖြစ်ကြတယ်။ လိပ်ပြာလက်နက်ကို ထိန်းချုပ်ချင်ရင် အဲ့တာရဲ့ အသိစိတ်သန်မာမှုအပေါ် မူတည်တယ်"
(မှတ်ချက်။ ။ ဤနေရာတွင် သုံးထားသည့် လိပ်ပြာဟူသော စကားလုံးက သားရဲကို ဆိုလိုခြင်းမဟုတ်ပါ။ လူတစ်ယောက်၏ဝိညာဥ်ကို ဆိုလိုခြင်းသာ ဖြစ်သည်)