← Chapters

အဖွဲ့ခေါင်းဆောင် ပြန်လာပြီ

Vol. 4 Ch. 49

အဖွဲ့ခေါင်းဆောင် ပြန်လာပြီ

Vol. 4 Ch. 49

အခန်း (၄၉) အဖွဲ့ခေါင်းဆောင် ပြန်လာပြီ

အတွေ့အကြုံအမှတ် ၁၈၀,၀၀၀ - ပင့်ကူနက်မစ်ရှင်မှ ၄၅,၀၀၀ နှင့် ကျန်အမှတ်များမှာ ဟန်ရှောင်းတစ်ယောက် ပြန်သိမ်းနိုင်တဲ့ဓါးနှင့် ပေါက်ကွဲအားပြင်းယမ်းမှုန့်ကို မမော‌မပန်းတမ်း ပြုလုပ်ရာမှ စုဆောင်းရရှိထားခြင်းဖြစ်သည်။ လက်ရှိတွင် ထိုဒီဇိုင်းပုံစံ ၂မျိုးလုံးမှာ အဆင့် ၂နှင့် ၃သို့ပင် အဆင့်တက်သွားလေပြီ။ ထိုပစ္စည်းများသည် ဈေးသက်သာပြီး ပြုလုပ်ရန်လည်း လွယ်ကူသောကြောင့် အခြားဒီဇိုင်းပုံစံများဖြစ်သည့် အပေါ့စားယန္တရားလက်နှင့် ရိုဗာတို့ထက်စာလျှင် အဆင့်တက်ရန် ပို၍လွယ်ကူသည်။

ဟန်ရှောင်း အနောက်ပိုင်းမြို့တော်သို့ ရောက်နေသည်မှာ တစ်လရှိသွားပြီ။ ထိုအချိန်မှစ၍၊ ဟန်ရှောင်းက အတွေ့အကြုံအမှတ် စုစုပေါင်း၂၀၀,၀၀၀ စုဆောင်းနိုင်ခဲ့ပြီး ဤသည်မှာ ဂျာမီနယ်အဖွဲ့အစည်းတွင် ရရှိခဲ့သည်၏ သုံးပုံတစ်ပုံရှိနေသည်။ ယခု၊ သူ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁,၅၀၀,၀၀၀ ရှိနေပြီး ငွေရေးကြေးရေးမှာ စိတ်ပူစရာ သိပ်မလိုတော့ပေ။

Energy Attribute (EA) စွမ်းအင်အခြေခံ ပင်ကိုယ်အရည်အသွေးတစ်ခု ပေးနိုင်သဖြင့် ပထမဆုံး အမျိုးအစား အဆင့်တက်ခြင်းသည် ကစားသမားတစ်ယောက်အတွက် အကြီးမားဆုံး အဖြစ်အပျက်တစ်ခု ဖြစ်သည်။

ဟန်ရှောင်းက သူ၏ လက်မနှင့် လက်ညှိုးကို ဖွဖွလေး ထိလိုက်သည်။ ထိုသို့ လုပ်လုပ်ချင်း၊ သူ၏ လက်ညှိုးတွင် မမြင်ရသော လေထုတစ်ခုက ရစ်သိုင်းလာ၏။ ထိုအရာက အားနည်းသော ရေစီးကြောင်းတစ်ခုနှင့် ဆင်တူသည်။ ဟန်ရှောင်းက ထိုအရာမှာ သံလိုက်ဓါတ်ဖြစ်ကြောင်း ရိပ်စားမိသည်။ သံလိုက်ဓာတ်သည် ယန္တရားပညာရှင်တစ်ယောက် အထူးပြုနိုင်သည့် ပင်ကိုယ်အရည်အသွေးများထဲမှ တစ်ခုဖြစ်သည်။ တိုက်ခိုက်မှုပိုင်းဆိုင်ရာအရ၊ မီးနှင့် လျပ်စီးများကဲ့သို့ ဖျက်စီးနိုင်စွမ်း မပြင်းထန်ပေ။ ထိုအစား ယန္တရားပညာရှင်တစ်ယောက်၏ စက်ယန္တရားရင်းနှီးမှုကို တိုးတက်စေနိုင်သည်။ နောက်ဆုံးတွင် အလိုအလျောက် ပြုလုပ်နိုင်စွမ်းကိုပင် ရရှိစေနိုင်၏။

EA သည် သဘာဝဒြပ်စင်များကဲ့သို့ ကန့်သတ်ချက်များ မရှိပေ။ ထိုအစား၊ အမျိုးအစား တစ်ခုချင်းစီက မည်ကဲ့သို့ အသုံးပြုမည်ဟူသော အယူအဆအပေါ်သာ မူတည်သည်။ ဥပမာအားဖြင့်၊ စိတ်စွမ်းအားရှင်တစ်ယောက်၏ EA မှာ [Spirit] [စိတ်ဝိညာဉ်] ဖြစ်သည်။ ထို့အပြင် EA ကို ပြုစုပျိုးထောင်ပြီး ပြောင်းလဲနိုင်သည်။ ဥပမာအားဖြင့်၊ နည်းစနစ်အမျိုးမျိုးကို လေ့ကျင့်သည့် တိုက်ခိုက်သူတစ်ယောက်သည် လေ၏ အမြန်နှုန်း၊ မီး၏ စွမ်းအား၊ သို့မဟုတ် သံ၏ မာကျောမှုတို့ကို နားလည်သဘောပေါက်နိုင်၏။

[Abstract Thinking] နှင့် [အလယ်အလတ်အဆင့် စက်ယန္တရားရင်းနှီးမှု] တို့သည် နားလည်ရလွယ်ကူပြီး၊ [Strafe] မှာ ဖွင့်သုံးရသော ကာကွယ်ရေး စွမ်းရည်ဖြစ်သည်။

{TL Note : Strafe ဆိုတာ ဗုံး (သို့) စက်သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်နိုင်တာကို ဆိုလိုတယ်}

အကယ်၍ ဟန်ရှောင်းက အမြောက်မာစတာ လမ်းကြောင်းကို ရွေးချယ်ခဲ့ပါက၊ ကျွမ်းကျင်မှုစွမ်းရည် အသစ် ၃မျိုး ရရှိနိုင်သည်။ ယခုတော့ ကာကွယ်ရေးစွမ်းရည် [Strafe] ၁ခုသာ ရရှိထားသည်။ ဟန်ရှောင်းသည် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲသည့် သူရဲဘောကြောင်သူ မဟုတ်ပေ။ သူက အထင်ကြီးစရာကောင်းသည့် ထိခိုက်နိုင်မှုပြင်းထန်သော စွမ်းရည်များထက်၊ ထိုးစစ်ရော ခံစစ်ပါ နှစ်မျိုးအသုံးပြုနိုင်စေမည့် ကျွမ်းကျင်မှုစွမ်းရည်ကို ပို၍နှစ်သက်သည်။ ထို့အပြင်၊ ကျည်ဆံများ ကန့်သတ်ချက်မရှိ ရရှိခြင်းက အချိန်ခဏမျှပင်ဖြစ်သော်လည်း အသုံးဝင်လှသည်။

[စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] သည် ပထမအဆင့်တင်ပြီးနောက် ပုံမှန်အတိုင်းရရှိသည့် စွမ်းရည် ဖြစ်သည်။

ထိုအရာက အဆင့်သတ်မှတ်ခြင်းစနစ် မပါရှိဘဲ အထူး ‘တိုးပွားမှု’စွမ်းရည် တစ်မျိုးဖြစ်သည်။ ထိုစွမ်းရည်၏ အကျိုးထိရောက်မှုကို ထပ်ခါထပ်ခါ အသုံးပြုခြင်း/ လေ့ကျင့်ခြင်းဖြင့် တိုးတက်စေနိုင်သည်။ ထိုကဲ့သို့ အသုံးပြုရာ၌ အတွေ့အကြုံအမှတ်များ ကုန်ကျမှုတော့ရှိသည်။ အသုံးပြုသည့် အကြိမ်တိုင်းတွင် ဇာတ်ကောင်၏ စွမ်းအင်ကို တိုးတက်စေသည်။ အသုံးပြုသူ၏ EA ကလည်း ‌လေ့ကျင့်ရေး၏ အကျိုးထိရောက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

စွမ်းအင်နှင့် ဆက်စပ်နေသော လေ့ကျင့်ရေးနည်းစနစ်များသည် ထိုကဲ့သို့ ‘တိုးပွားမှု’စနစ်ကို အသုံးပြုထားကြသည်။

စွမ်းအင်သည် စူပါလူသားများအတွက် တစ်သားတည်ဖြစ်နေသည့် အစိတ်အပိုင်းဖြစ်သည်။ ဇာတ်ကောင်၏ အဆင့်အတန်း (grade) နှင့် ပါဝါအဆင့် (power level)ကို အဓိကအားဖြင့် ဆုံးဖြတ်ပေးနိုင်သည်။ အစောပိုင်း စွမ်းအင်အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

Lv. 1 -10

Lv. 2 – 50

Lv. 3 – 100

Lv. 4 – 200

Lv. 5 – 400

Lv. 6 – 1000

…

စွမ်းအင်အဆင့် နောက်တစ်ဆင့်သို့ ရောက်ရှိခြင်းသည် ကစားသမားတစ်ယောက်ကို အပိုအမှတ်များ ပေးသည်သာမက၊ အချို့အဆင့်များရောက်လျှင် အပို အကျိုးအမြတ်များကို ဖွင့်လှစ်နိုင်ကြသည်။

အဆင့် ၁ သည် သာမန်စံနှုန်း တစ်ခုသာဖြစ်ပြီး၊ ဟီလာက အဆင့် ၃၀ တွင်ဖြစ်သည်။ သူမ၏ စွမ်းအင်အဆင့်က ၅၀၀ အုန်နာသို့ ရောက်ရှိပြီး ဖြစ်နေသည်။ ထိုအရာက ဟန်ရှောင်းထက် ၅ဆခန့် ပို၍များနေသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းတစ်ရပ်မှာ စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်ကြောင့်ပင် ဖြစ်ပေသည်။

ပလက်တီနမ်အလွိုင်းသည် [အဆင့်မြင့်ကုန်ကြမ်းပေါင်းစပ်ခြင်း] မှ ရရှိနိုင်သည့် ကုန်ကြမ်းအသစ် တစ်ခုဖြစ်သည်။ အလွိုင်းသည် အစိမ်းရောင်ရှိပြီး တောင့်တင်းခိုင်မာမှုကြောင့် ချပ်ဝတ်များပြုလုပ်ရန် အလွန်သင့်တော်သည်။ ပြုလုပ်ရန် လိုအပ်ချက်မှာ အဆင့် ၅ အခြေခံသန့်စင်ခြင်း ဖြစ်သည်။

လက်ထဲရှိသည့် အတွေ့အကြုံအမှတ် ၁၈၀,၀၀၀မှ ၂၅,၀၀၀ကို အေးဂျင့် အဆင့် ၁၀ သို့ ရောက်ရှိဖို့ သုံးလိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာက သူ့ကို ( ခွန်အား +၂ ၊ လက်စွမ်း +၂၊ ခံနိုင်ရည် +၃ ၊ ကျက်သရေ +၁ ) အပါအဝင် အရည်အချင်းအမှတ် ၁မှတ်နှင့် မသတ်မှတ်သေးသော အမှတ် ၁မှတ်ကိုလည်း ပေးလိုက်၏။

____________________

အဆင့်တက်ခြင်းကို တွေ့ရှိရပါသည်။ [အရပ်သား] အမျိုးအစားကို ဖျက်မည် ?

Y/N

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

[အရပ်သား] အမျိုးအစားသည် ဇာတ်ကောင်အသစ်အတွက် ပုံမှန်ပေးထားသည့် အမျိုးအစားတစ်ခုဖြစ်သည်။ ထိုအမျိုးအစားက အနီးကပ်သင်တန်းတစ်ခုကဲ့သို့ လုပ်ဆောင်ပြီး ပထမအဆင့်တက်သည့်အခါ ဖျက်ပစ်နိုင်သည်။ [အရပ်သား] အမျိုးအစားသို့ ထည့်သွင်းထားသည့် အတွေ့အကြုံအမှတ်များကို ဖျက်ပြီးသည့်အခါ ပြန်လည်ပေးအပ်လေ့ရှိသည်။

"ဖျက်ရမှာပေါ့" ဟန်ရှောင်းက သူ့ကိုယ်သူ ပြောလိုက်သည်။ ဒါဖျက်လိုက်လို့ ဘာမှ ဆုံးရှုံးစရာမှ မရှိတာ။

[အရပ်သား] အမျိုးအစားက အချက်အလက်များမှ ကွယ်ပျောက်သွားပြီး အမြင့်ဆုံး အဆင့်သို့ရောက်နေသည့် [အေးဂျင့်] နှင့် ဟန်ရှောင်း၏ အဆင့် ၂၁ ကိုသာ ပြသနေသည်။

ထို့နောက် ဟန်ရှောင်းက အတွေ့အကြုံအမှတ် ၄၅,၀၀၀ ကိုသုံး၍ [အခြေခံ ပစ်ခတ်နည်း] ကို အဆင့် ၁၀ သို့ တင်လိုက်သည်။ ထိုအရာက သူ့ကို တိကျမှု ၁၀% ၊ လက်စွမ်း +၂ နှင့် အရည်အချင်းအမှတ် ၁မှတ်ကို ပေး၏။

အတိုချုပ်ပြောရလျှင်၊ ဟန်ရှောင်းက အတွေ့အကြုံအမှတ် ၇၀,၀၀၀ ကို သုံးစွဲခဲ့ပြီး ၆၄,၀၀၀ ကို [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] အတွက် ချန်ထားလိုက်သည်။ သူ့မှာကျန်တာဆို၍... ခဏနေပါဦး

အတွေ့အကြုံအမှတ် ၄၇,၀၀၀

"ဒါကို သိမ်းထားလိုက်ဦးမယ်။" ဟန်ရှောင်းက ရေရွတ်လိုက်ပြီး၊ အတွေ့အကြုံအမှတ်များ အလျှင်အမြန်ကုန်ဆုံးသွားသည်ကို ဝမ်းနည်းပူဆွေးနေသည်။

သူ့အတွက် ကံကောင်းသည်က၊ သူသိုလှောင်ထားသည့် ပေါက်ကွဲအားပြင်းယမ်းမှုန့်လည်း ရှိသေးသည်။ ဤသည်က သူ့အတွက် ပုံမှန် အတွေ့အကြုံအမှတ်များ ရနေစေမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

...

အချိန်စေ့သွားသောအခါ၊ ကူဟွေ့က မဆိုင်းမတွပင် ဟန်ရှောင်းကို ဖုန်းကျွင်းစောင့်နေသည့် လှေကားဆီသို့ ပြန်ခေါ်သွားသည်။

ရုတ်တရက်၊ ဟန်ရှောင်းက တစ်ခုကို သတိရသွား၏။

"အိုး ဟုတ်သားပဲ၊ ကိုရက်လို့ခေါ်တဲ့လူက ဒီကိစ္စတွေ ဖြစ်စေခဲ့တာလို့ ကြားတယ်။ ငါသူ့ကို ဘာမှမရောင်းဘူးဆိုတာ လူတွေသိအောင် ပြောပြပေးပါ။"

ဖုန်းကျွင်းက လှောင်ရယ်ရယ်လိုက်သည်။

"ငါ့ကို သတင်းပေးတဲ့သူ ထင်နေတာလား။"

"မဟုတ်ဘူးလား။

ဖုန်းကျွင်းက ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာတော့ပေ။

"ကောင်းပြီ။" သူက အံကြိတ်ရင်း ပြောလိုက်သည်။

...

"သူက ငါ့ကို နာမည်ပျက်စာရင်း သွင်းမယ်ပေါ့။"

ကိုရက်က အေးစက်စက် ရယ်မောလိုက်၏။ ကြည့်ရတာ မဖြုံသည့်ပုံပင်။

အစကတည်းက သူ၏ အကျိုးအမြတ်ကိုသာ စိတ်ဝင်စားခဲ့ပြီး၊ ဟန်ရှောင်းက သူ့ကို ဘာမှ ခြိမ်းခြောက်နိုင်ဟန်လည်း မရှိပေ။

...

ကိစ္စများ ပြေလည်သွားသောအခါ၊ ဟန်ရှောင်းက ဝပ်ရှော့သို့ ပြန်လာသည်။ ၃ရက်က အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားသည်။

အဆင့်တက်ခါစလည်းဖြစ်၍ ဟန်ရှောင်းက သူ၏ အဆင့်မြှင့်တင်ထားသော ခန္ဓာကိုယ်ကို အသားကျအောင် အချိန်ယူနေသည်။ သူ၏ အတိတ်ဘဝက အတွေ့အကြုံများကြောင့် အလျှင်အမြန်ပင် အသားကျသွားပြီး [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်]ကို စတင်လေ့ကျင့်တော့သည်။ လေ့ကျင့်ရေးတိုင်းက အအတွေ့အကြုံအမှတ်များနှင့် သက်လုံအမှတ်များ ကုန်ကျစေ၏။ သက်လုံပြန်လည်ရရှိသည့်နှုန်းကလည်း အကန့်အသတ်နှင့်ရှိပြီး ထုတ်လုပ်ရေးကိုလည်း ဆက်လက်လုပ်ဆောင်ရန် လိုအပ်သေးရာ၊ ဟန်ရှောင်းက တစ်ရက်တွင် ၂ကြိမ်သာ လေ့ကျင့်နိုင်၏။

____________________

သင် [စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ကို တစ်ကြိမ် လေ့ကျင့်ခဲ့ပါသည်။

ကျွမ်းကျင်မှု - ၈၁%

သက်လုံ - +၃

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

လေ့ကျင့်ရေး၏ အကျိုးထိရောက်မှုသည် လူတစ်ယောက်၏ အဓိကအချက်အလက်များပေါ်တွင် မူတည်နေသည်။ ယန္တရားပညာရှင်တစ်ယောက်၏ အဓိကအချက်အလက်မှာ ဉာဏ်ရည်အမှတ်ဖြစ်သည်။ ထို့ကြောင့် သူ၏ မသတ်မှတ်ရသေးသော အမှတ် ၄မှတ်ကို ဉာဏ်ရည်အမှတ်သို့ ပေါင်းထည့်လိုက်ပြီး စုစုပေါင်း ၃၆မှတ် ဖြစ်သွားစေသည်။ အရင်က ဂျာမီနယ်အဖွဲ့အစည်းမှ လွတ်မြောက်ရန် ရည်ရွယ်၍ အမှတ်တစ်ချို့ကို ခွန်အားနှင့် ခံနိုင်ရည်တို့တွင် ထည့်ပေးခဲ့ရသည်။ ယခုအချိန်မှစ၍ ဉာဏ်ရည်အမှတ်တွင်သာ အာရုံစိုက်ရန်လိုတော့သည်။

[စွမ်းအင်လေ့ကျင့်ရေးနည်းစနစ်] ၏ အကျိုးထိရောက်မှုကို အဆင့် ၃ဆင့် ခွဲခြားထားသည်။

- ၄၀% အောက် ကျွမ်းကျင်မှု - +၁ သက်လုံ

- ၄၀% - ၈၀% ကြား ကျွမ်းကျင်မှု - +၂ သက်လုံ

- ၈၀% နှင့်အထက် ကျွမ်းကျင်မှု - +၃ သက်လုံ

ဟန်ရှောင်းက ယခု အဆင့် ၃ တွင် ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီး‌ေနာက်၊ ဟန်ရှောင်းက ပြန်သိမ်းနိုင်တဲ့ဓါးကိုလည်း မရောင်းရတော့သည့်အတွက် ပေါက်ကွဲအားပြင်းယမ်းမှုန့်ကို စတင်ရောင်းချရန် အချိန်ကျပြီဟု သူခံစားမိသည်။ အခုလောလောဆယ်၊ သူက ကျည်ဆံထောင်နှင့်ချီ၍ ထုတ်လုပ်ပြီးသွားလေပြီ။

သူက လီယာလင်းကို ဖုန်းဆက်တော့မည့်အချိန်တွင် သူမ၏ ဖုန်းဝင်လာ၏။

"ခေါင်းဆောင် ဆေးရုံကဆင်းပြီ။ သူငါတို့ကို လူစုခိုင်းထားတယ်။"

...

လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့ စည်းဝေးခန်းသို့ ဟန်ရှောင်းက နောက်ဆုံးမှ ရောက်ရှိသွားသည်။ အခန်းထဲတွင် အဖွဲ့သား ၃ယောက်နှင့် အခြားယောက်ျားတစ်ယောက်လည်း ထိုင်နေသည်။ ထိုလူ၏ မျက်နှာမှာ လေးထောင်ဆန်ဆန်ရှိပြီး တရားမျှတကာ ခက်ထန်သည်ဟု ထင်ရသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် မှီခိုအားထား၍ရပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

"ဒါဆို မင်းက ဟန်ရှောင်းပေါ့။"

အဖွဲ့ခေါင်းဆောင်က ဟန်ရှောင်းကို စစ်ဆေးသလိုကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် မပျော်ရွှင်မှုနှင့် သတိထားမှုများ ပြည့်နှက်နေသည်။

ဟန်ရှောင်းက အံ့အားသင့်သွားသည်။ ရုတ်တရက် လီယောင်က သူ၏ အင်္ကျီလက်ကိုဆွဲပြီး တိုးတိုးပြောလိုက်သည်။ "အဖွဲ့ကို ဝင်ဖို့ဆိုရင် သူကနောက်ဆုံး ‌ဆုံးဖြတ်ရတဲ့သူ၊ ဒါပေမယ့် မင်းကိစ္စက ထူးခြားတော့ အထက်လူကြီးတွေက သူ့ကိုမပြောဘဲ ခွင့်ပြုပေးလိုက်တာ။ သူက နည်းနည်းတော့ မပျော်ဘူး ဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်မပူပါနဲ့။ ခေါင်းဆောင်က တင်းကြပ်ပေမယ့် မကောင်းတဲ့လူတော့ မဟုတ်ပါဘူး။"

ဒါက ဒီလို ဖြစ်တာကိုး။

ဟန်ရှောင်းက နောက်တစ်ခါ အံ့အားသင့်သွားပြန်သည်။ သူက လီယောင်ကို လှည့်ကြည့်လိုက်ရာ လီယောင်၏တစ်ကိုယ်လုံး ပတ်တီးစည်းထားရသည်ကို တွေ့ရသည်။ သူက ကြီးမားလှသော ဆန်ပေါက်စီကြီးနှင့် တူနေသည်။ မျက်လုံးနှင့် ပါးစပ်သာ ဖော်ထားပြီး အတော်ပင် သနားစရာကောင်းသော အခြေအနေဖြစ်သည်။

"မင်းကို ဘယ်သူရိုက်လိုက်တာလဲ။" တွေဝေနေသည့် ဟန်ရှောင်းက မေးလိုက်သည်။

ရုတ်တရက် လီယာလင်းက ချောင်းဆိုးလိုက်သည်။

လီယောင်က တစ်ခုခု ပြောလိုက်မည် ကြံသော်လည်း ချက်ချင်းပင် စကားလုံးများကို ပြောင်းလဲလိုက်ပြီး "ငါ-ငါချော်လဲကျတာ။"

ဟန်ရှောင်းက သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။ သူ့ဒဏ်ရာများက အတော်ပင် ပြင်းထန်လှရာ သူလဲကျသည်ဆိုပါက 'မင်းယောက်ျားဆို အခါတစ်ရာ ချော်လဲကျ' စိန်ခေါ်ပွဲကို ပြုလုပ်ထားသည့်ပုံပင်။

"ငါ့ကိုယ်ငါ မိတ်ဆက်ခွင့်ပြုပါ။" ခေါင်းဆောင်က ဖြတ်ပြောလိုက်သည်။

"ငါက အဖွဲ့ခေါင်းဆောင် ကျန်းဝေ" သူက မိတ်ဆက်ပေးလိုက်ရာ ဟန်ရှောင်း တတိယအကြိမ်မြောက် အံ့အားသင့်သွားသည်။

"မင်းမိဘတွေက နာမည်ပေးတာ ဘယ်လို ပေါ့ပေါ့ပါးပါး ပေးနိုင်တာလဲ။ ငါတွေးနိုင်တာ ယဲ့ချိုး ဒါမှမဟုတ် ယဲ့ဖန်း ကပဲ ပိုဆိုးဖို့ရှိတယ်။"

ဟန်ရှောင်း၏ စကားက ကျန်းဝေကို တွေဝေသွားစေသည်။

"မင်း ဟိုင်ရှားက ယဲ့ဖန်းကို သိတာလား။ အလယ် - အဟွတ် အဟွတ် - ငါဆိုလိုတာက၊ ငါသူနဲ့ အဆောင်မှာ အတူတူ အလုပ်လုပ်ခဲ့ဖူးတယ်။"

မိုးကောင်းကင်ရေ။ ဒီလိုနာမည်မျိုးနဲ့ လူက တကယ်ရှိနေတယ်လား။

"ဘာပဲဖြစ်ဖြစ်" ကျန်းဝေက တင်းတင်းကြပ်ကြပ် ဆက်ပြောသည်။ "မင်းပါလာတဲ့အတွက်၊ ငါတို့အဖွဲက ၅ယောက်အဖွဲ့ ဖြစ်သွားပြီ။ မင်းရဲ့နေရာက နောက်တန်းမှာ ဆိုပေမယ့်လည်း ငါမင်းကို ဒါကိုတော့ ပြောမှရမယ်။ မင်းရဲ့နောက်ခံက လုံးဝကို လျှို့ဝှက်နေတော့၊ မင်းရဲ့စွမ်းရည်ကို မယုံကြည်နိုင်သေးဘူး။ ငါမင်းကို အခုကစပြီး လေ့လာမယ်။ မင်းကို အထက်လူကြီးတွေက ဒီမှာ နေရာချထားလည်း ဂရုမစိုက်ဘူး။ မင်းက ငါမျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာရင် မင်းကို အဖွဲ့ထဲက ကန်ထုတ်မယ်။"

အခန်း (၄၉) ပြီး၏။

လင်းဆက်

All Chapters