← Chapters

ထူးကဲသော ဝိညာဉ်ရေခဲရေ

Vol. 63 Ch. 873

ထူးကဲသော ဝိညာဉ်ရေခဲရေ

Vol. 63 Ch. 873

ဝမ်ပေါင်လဲ့မှာ ထို ဝေါဟာရနှစ်ခုကို ကြားလိုက်ရသောအခါ သူသည် အဆုံးမဲ့မျိုးနွယ်စုအကြောင်း အများကြီး နားလည်ထားသည်ဟု သူ့ကိုယ်သူ မှတ်ယူထားသည့်တိုင်အောင် တစ်ခဏမျှ ဆွံ့အသွားရဆဲပင်။ သူသည် မဟာလက်ဝဲတာအိုနယ်မြေအကြောင်းအား ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်၏။ သို့သော် နယ်မြေဆယ့်ကိုး ‌အကြောင်းကိုမူ.... သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ၌ တိုက်ခိုက်ခဲ့စဉ်တုန်းက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး ထိုနာမည်အား ‌တစ်ကြိမ် ရေရွတ်မိခဲ့သည်ကို ကြားဖူးထားပြီးသားဖြစ်သည်။ ယခုတွင် သူသည် ကျောက်ယမုန့်ဆီမှ ထိုနယ်မြေအကြောင်းကို ထပ်ကြားလိုက်ရသည်ဖြစ်ရာ စိတ်ဝင်စားသွားရပြီး အသေးစိတ်မေးမြန်းလိုက်၏။

" ငါလည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက မိုးကောင်းကင်ဝိညာဉ်‌ဂိုဏ်းထဲကို ရောက်ပြီးတော့မှ အဲဒီအကြောင်းတွေကို သိခဲ့ရတာ။ ငါတို့ အခုရောက်နေတဲ့ စကြဝဠာကြီးရဲ့ အစိတ်အပိုင်းကို အဆုံးမဲ့တာအိုနယ်မြေလို့ ခေါ်တယ်။ ငါတို့‌တွေ ရှေးဟောင်း အစိမ်းရောင် ကြေးဓားကြီးပေါ်မှာ ရှိနေခဲ့တုန်းက အဲဒီအကြောင်းကို ကြားဖူးထားပြီးသားပါ "

" အဆုံးမဲ့တာအိုနယ်မြေကို သုံးပိုင်းခွဲထားတယ်။ အဲဒီသုံးပိုင်းကို မဟာထိပ်သီးတန်ခိုးရှင်နယ်မြေ၊ မဟာလက်ဝဲတာအိုနယ်မြေနဲ့ မဟာဒိဋ္ဌိနယ်မြေလို့ ခေါ်ကြတယ်။ အဲဒီ မဟာနယ်‌မြေသုံးခုက အဆုံးအစ မရှိလောက်အောင်ကို ကျယ်ပြောတယ်။ ဥပမာပြရရင် မဟာလက်ဝဲတာအိုနယ်မြေထဲမှာ နယ်မြေသုံးထောင်တိတိ ရှိတယ်... နယ်မြေ တစ်ခုချင်းစီတိုင်းထဲမှာလည်း လူမှုအဖွဲ့အစည်းတွေ မရေမတွက်နိုင်လောက်အောင်ကို ရှိတယ်... အဲဒီ နယ်မြေတွေအကုန်လုံးကို အဆုံးမဲ့မျိုးနွယ်စုက အုပ်ချုပ်ထားတာ "

" ကမ္ဘာဂြိုဟ်ရယ် အဲဒီဂြိုဟ်တစ်ဝိုက်မှာ ရှိနေတဲ့ စကြဝဠာကြီးရယ်က မဟာလက်ဝဲတာအိုနယ်မြေထဲမှာ ရှိတဲ့ နယ်မြေဆယ့်ကိုးထဲမှာ ရှိနေတာ။ မဟာလက်ဝဲတာအိုနယ်မြေရဲ့ နယ်မြေဆယ့်ကိုးထဲမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာ အင်အားအကြီးဆုံးက... ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းပဲ "

" သူတို့က ထာဝရကြယ်အဆင့် ကျင့်ကြံသူ သုံးယောက်ပဲရှိတာတောင် မဟာလက်ဝဲတာအိုနယ်မြေရဲ့ နယ်မြေဆယ့်ကိုးထဲမှာ အစွမ်းအထက်ဆုံး လူမှုအဖွဲ့အစည်း ဖြစ်နေတာလား " ဝမ်ပေါင်လဲ့မှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံး၏ အင်အားကြောင့် အံ့ဩမှင်တက်သွားရပြီး ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရပါသော်လည်း လေသံတိုးတိုးဖြင့် ရေရွတ်မိလိုက်ဆဲပင်။ သူသည် ထာဝရကြယ်အဆင့် ကျင့်ကြံသူများကို မြင်ဖူးထားသည် မဟုတ်ပါလော။ သူတို့မှာ အစွမ်းထက်ကြပါသော်လည်း သူ၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူ ချန်ရှင်း၏ နာမည်အား ကြားလိုက်ရရုံနှင့် ရိုသေကျိုးနွံသွားခဲ့ကြသည်သာ ဖြစ်သည်။

သို့သော် သူသည် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြန်လည်တည်ကြည်သွား၏။ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ အင်အားကြောင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်း တိုက်ပွဲကြီးမှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်ကြောင်း တွေးမိသွားခြင်းဖြစ်သည်။

" အဲတာဆိုရင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ဒီတိုက်ပွဲကြီးအတွက် အစီအစဉ်တွေ ရေးဆွဲထားပြီးသား ဖြစ်မှာပေါ့ "

" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက နတ်မျက်လုံးတော်ဝင်မိသားစုနဲ့ ပေါင်းစည်းခဲ့ပြီးတော့ ဒီ လူမှုအဖွဲ့အစည်းကို သိမ်းပိုက်ဖို့ ကြံစည်နေကြတာ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက ပထမဆုံးအသုတ်ပဲ ရှိသေးတယ်။ ဒုတိယအသုတ်နဲ့ တတိယအသုတ် ထပ်ပြီးတော့ ရောက်လာကြဦးမှာ။ တကယ်လို့ လိုအပ်လာမယ်ဆိုရင် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးတွေပါ တံခါးပိတ်ကျင့်စဉ်ထဲကနေ ထွက်လာပြီးတော့ ဒီနေရာကို ရောက်လာကြမှာ။ ပေါင်လဲ့... နင် ဒီနေရာကနေ အမြန်ဆုံး ထွက်သွားဖို့လိုတယ် " ကျောက်ယမုန့်မှာ အသက်ပြင်းပြင်းရှူကာ အလျင်အမြန် ရှင်ပြလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ကျောက်ယမုန့်၏ စကားများကိုကြားလိုက်ရပြီးနောက် သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်နေကြောင်း သိလိုက်ရသဖြင့် အနည်းငယ်ခန့် စိတ်ကသိကအောက်ဖြစ်သွားရ၏။

" ငါက နတ်မျက်လုံး လူမှုအဖွဲ့အစည်းကို မျက်စိကျနေတာ။ အစတုန်းက ငါက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး သင်ပေးခဲ့တဲ့ ပညာရပ်နဲ့ ဒီ လူမှုအဖွဲ့အစည်းကို ကမ္ဘာဂြိုဟ်ဆီ ဆွဲခေါ်လာဖို့ တွေးထားတာလေ။ ပြီးရင် ငါက ထာဝရကြယ်တွေကို ပေါင်းစည်းသွားအောင် လုပ်ပြီးတော့ ငါတို့ လူမှုအဖွဲ့အစည်းရဲ့ အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ ကြံရွယ်ထားတာ " ဝမ်ပေါင်လဲ့မှာ စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာဖြင့် ကျောက်ယမုန့်အား ကြည့်ကာ မေးလိုက်၏။

" ယမုန့်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းက သေးသေးလေးပါ။ အဲတာကို ဘာလို့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ဒီလူမှုအဖွဲ့အစည်းထဲက တော်ဝင်မိသားစုနဲ့ မဟာမိတ်ဖွဲ့ခဲ့ရတာလဲဆိုတာကို နင် သိလား "

" နင် မသိဘူးလား " ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ မှင်တက်သွား၏။ သို့သော် သူမသည် သူတို့နှစ်ယောက် သိရှိထားသည့် သတင်းအချက်လက်များမှာ မတူနိုင်ကြောင်း တွေးမိလိုက်သဖြင့် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

" တကယ် ဟုတ်မဟုတ်တော့ ငါလည်းမသိဘူး။ ငါ သိထားသလောက်ဆိုရင်တော့... နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှာ အမှတ်အသားတစ်ခုရှိတယ်။ အဲဒီအမှတ်အသားက ကြယ်သုသာန်လို့ ခေါ်တဲ့ နေရာတစ်ခုဆီကို ခေါ်သွားပေးနိုင်စွမ်းရှိတယ်တဲ့ "

" ကြယ်သုသာန် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် ထိုနာမည်အား ဒုတိယအကြိမ်အဖြစ် ကြားလိုက်ရခြင်း ဖြစ်၏။ နတ်မျက်လုံး ဝိညာဉ်အဘိုးကြီးမှာ သူ၏ အသက်ကို ချမ်းသာပေးရန် တောင်းဆိုခဲ့စဉ်တုန်းက ထိုနာမည်အား ပထမဆုံးအကြိမ်အဖြစ် ပြောခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်တစ်ယောက် အဖွဲ့အစည်းသုံးခုဆီနှင့် အပေးအယူ လုပ်နေခဲ့သည့် အကြောင်းအရင်းအား နားလည်သွားတော့သည်။ ၎င်းမှာ ထို ကြယ်သုသာန်ဟုခေါ်သည့် နေရာနှင့် ဆက်နွယ်နေရပေမည်။

သို့သော် သူသည် ထို ကြယ်သုသာန်ဆိုသည့် နယ်မြေအကြောင်းအား လုံးဝမသိထားသောကြောင့် မည်သူ့ကိုမှ အသေးစိတ်မေးမြန်းနိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ယခုတွင် သူသည် ကျောက်ယမုန့် ထိုနာမည်အား ထုတ်ပြောလိုက်သောအခါ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားရခြင်း ဖြစ်သည်။

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သဖြင့် သေသေ‌ချာချာမှတ်မိအောင် ပြန်လည်စဉ်းစားလိုက်ပြီးမှ သူမ သိရှိထားသမျှ အရာအားလုံးကို ပြောပြလိုက်တော့သည်။

" ငါ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းထဲမှာ ရှိနေခဲ့တုန်းက အဲဒီ ကြယ်သုသာန်က အဆုံးမဲ့ကြယ်နယ်မြေရဲ့ မှော်ဝင်နယ်မြေငါးခုထဲက တစ်ခုဖြစ်တယ်လို့ လူတွေပြောတာ ကြားဖူးတယ်။ အဲဒီနယ်မြေက မဟာလက်ဝဲတာအိုနယ်မြေထဲမှာပဲ ရှိပေမဲ့ သူ့ရဲ့ တည်နေရာက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်ဟ။ ကြယ်နယ်မြေအဆင့်မှာရှိတဲ့ အစွမ်းထက်ကျင့်ကြံသူကြီးတွေတောင်မှ အဲဒီနယ်မြေရဲ့ တည်နေရာအတိအကျကို ရှာဖွေနိုင်စွမ်း မရှိဘူး။ အဲဒီနယ်မြေထဲကို ရောက်သွားခဲ့ပြီးတော့ ပြန်ရောက်လာခဲ့တဲ့ လူတွေဆီကတစ်ဆင့် သိရတဲ့ သတင်းအချက်အလက်တွေပဲ ရှိတာ... "

" သူတို့ရဲ့ ပြောစကားတွေ အရဆိုရင်... ကြယ်သုသာန်က စိတ်ကူးနဲ့ မမှန်းဆနိုင်လောက်အောင်ကို ကြီးတယ်တဲ့။ ပြီးရင် အဲဒီ နယ်မြေထဲမှာ သက်ရှိတွေ လုံးဝမနေတဲ့ ဂြိုဟ်တွေလည်း မရေမတွက်နိုင်လောက်အောင်ကို ရှိတယ်။ အဲဒီ ဂြိုဟ်တွေက သက်တမ်းမကုန်ကြသေးဘူး။ သူတို့က အိပ်မောကျနေသလိုမျိုး ဖြစ်နေကြတာ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက အဲဒီလို အိပ်မောကျနေတဲ့ ဂြိုဟ်တွေကို အသုံးချပြီးတော့ သူတို့ရဲ့ လူမူအဖွဲ့အစည်းထဲက ဂြိုဟ်အဆင့် ရောက်ခါနီး ကျင့်ကြံသူတွေကို ဂြိုဟ်အဆင့်ဆီ ရောက်နိုင်အောင် အဆင့်မြှင့်တင်ပေးဖို့ ကြံစည်နေကြတာ " ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အားကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ ထို့နောက် သူမသည် မျက်ဝန်းများ အရောင်တောက်ပသွားသည်။

" ပေါင်လဲ့။ နင့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့သာဆို အဲဒီနယ်မြေထဲကို ဝင်နိုင်ရင် ‌သေချာပေါက် ဂြိုဟ်အဆင့်ကို တက်လှမ်းနိုင်သွားမှာ "

" ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတွေက ဂြိုဟ်အဆင့်ကိုရောက်အောင် ဖောက်ထွက်နိုင်ဖို့အတွက် ဂြိုဟ်တစ်လုံးနဲ့ တစ်သားတည်း ပေါင်းစည်းနိုင်ဖို့ လိုတယ်လေ။ အဲဒီလို ပေါင်းစည်းရမယ့် ဂြိုဟ်တွေကလည်း သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ ပြည့်စုံနေဖို့လိုတယ်။ အရေးအကြီးဆုံး အချက်ကတော့ ကိုယ်နဲ့ ပေါင်းစည်းမယ့်ဂြိုဟ်က ကို့ယ်ကို မငြင်းဖို့နဲ့ သက်တမ်းမကုန်သေးဘဲ ရှိနေဖို့ပဲ။ ပြီးရင် အဲဒီဂြိုဟ်က ကိုယ်ပိုင် စိတ်ဆန္ဒတစ်ခု ရှိနေဖို့လည်း လိုသေးတယ်။ အဲတာကြောင့်မလို့လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ မှတ်တမ်းတွေထဲမှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖောက်ထွက်နိုင်ဖို့အတွက် နှစ်ပေါင်းရာနဲ့ချီပြီးတော့ လိုတယ်လို့ ဖော်ပြထားတာ။ ဒါပေမဲ့ အဲဒီလို ဖောက်ထွက်နိုင်ဖို့က အန္တရာယ်အရမ်းများတာ။ ဂြိုဟ်နဲ့ ပေါင်းစည်းနေတုန်း အမှားလေးတစ်ခုခု လုပ်မိတာနဲ့ ဇီဝိန်ချုပ်သွားနိုင်တယ် "

" ဒါပေမဲ့ ကြယ်သုသာန်ထဲမှာဆိုရင် အဲဒီအချက်တွေကို ထည့်တွက်နေစရာမလိုဘူး။ ဘယ်ဂြိုဟ်နဲ့မဆို ပေါင်းစည်းလို့ရသလို မအောင်မြင်ဘဲ ကျရှုံးသွားမှာကိုလည်း စိတ်ပူနေစရာမလိုဘူးလေ " ကျောက်ယမုန့်မှာ ထိုသို့ရှင်းပြလိုက်ပြီးနောက် မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်နှင့် အဝေကြီးတွင် ရှိနေသေးသည့်တိုင်အောင် သူမသည်လည်း ထို ဒဏ္ဍာရီလာ ကြယ်သုသာန်ဆီသို့ သွားနိုင်ရန် ဆန္ဒပြင်းပြနေဆဲပင်။

" ဒါပေမဲ့ အဲဒီအချက်တွေကြောင့် လူအများစုက အခုလို အရူးအမူးဖြစ်နေကြတာ မဟုတ်ဘူး။ လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ အဓိကအချက်က... အဲဒီ ကြယ်သုသာန်ထဲမှာ အထူးဂြိုဟ်တွေလိုမျိုး အဆင့်မြင့်တဲ့ ဂြိုဟ်တွေ ရှိနေတဲ့အချက်ပဲ " ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူမသည်လည်း ထိုသတင်းအချက်အလက်အား ပထမဆုံးအကြိမ်အဖြစ် ကြားသိခဲ့ရစဉ်တုန်းက အံ့ဩမှင်တက်သွားခဲ့ရခြင်း ဖြစ်ရပေမည်။

" အထူးဂြိုဟ်တွေ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ တအံ့တဩ ရေရွတ်မိလိုက်၏။ သူသည် ထာဝရဝိညာဉ်အဆင့်မှ ဖောက်ထွက်လိုပါက ဂြိုဟ်တစ်လုံးအား မိမိ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းရန် လိုအပ်ကြောင်း သိထားပါသော်လည်း ထိုမျှလောက်သာ သိရှိထားခြင်းဖြစ်သည်။ အမှောင်အိပ်မက်ထဲတွင် ဂြိုဟ်အမျိုးအစားများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များ ရှိမနေခဲ့သလို ချန်ရှင်းမှာလည်း သူ့အား ထိုအကြောင်းများ ရှင်းပြရန် အချိန်မရခဲ့ပေ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင်ပင် ထိုအကြောင်းနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များမှာ မရှိသလောက်နည်းပါးပေသည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံး အဖွဲ့အစည်းထဲ၌ ယခုမှ တန်ခိုးအာဏာ ကြီးထွားလာခဲ့သည်ဖြစ်ရာ ထိုကဲ့သို့သော အကြောင်းအရာများကို လိုက်လံစုံစမ်းထားခြင်း မရှိသေးပေ။

ထို့ကြောင့်လည်း သူသည် ကျောက်ယမုန့်၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်အား အရင်ဆုံး ပြန်တွေးမိသွား၏။ သူသည် ၎င်းအပေါ် အခြေခံ၍ ဆက်စပ်တွေးတောကြည့်လိုက်သောအခါ ထို အထူးဂြိုဟ်များဟု ခေါ်သည့် အရာများအား ခပ်ရေးရေးမျှ နားလည်သွားတော့သည်။

" ဟုတ်တယ် အထူးဂြိုဟ်တွေ " ကျောက်ယမုန့်၏ မျက်ဝန်းများမှာ ပို၍ပင် တောက်ပလာ၏။ သူမသည် ထိုနေရာသို့ သွားနိုင်ရန်မျှော်လင့်နေသလို ၎င်းမှာ ဝမ်ပေါင်လဲ့အတွက် တစ်ဘဝလျှင် တစ်ကြိမ်သာရနိုင်မည့် အခွင့်အရေးကြီးတစ်ခု ဖြစ်သည်ဟုလည်း ယုံကြည်နေတော့သည်။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနှင့် ထိုကဲ့သို့သော နေရာမျိုးအား ပြိုင်လုရသည်မှာ ကျားပါးစပ်မှ အစာကို ခိုးယူနေသကဲ့သို့ ဖြစ်နေမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးအား ရရှိသွားရုံနှင့် သူ၏ အနာဂတ်မှာ အဆုံးအစမရှိသော အခွင့်အလမ်းများနှင့် ပြည့်နှက်သွားမည်သာ ဖြစ်သည်။ ကျောက်ယမုန့်မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် အလောတကြီးဖြစ်နေသည့် အမူအရာဖြင့် ဆိုလိုက်၏။

" ပေါင်လဲ့၊ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဂြိုဟ်အဆင့်ကို ဖောက်ထွက်တဲ့အခါ သူ့ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်တွေကို နင် သိထားမလားတော့ မသိဘူး။ ဒါပေမဲ့ ငါ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှာ လေ့လာသိရှိထားသလောက်ဆိုရင် အချက်တစ်ချက်ကို နားလည်ထားတယ်... "

" ကိုယ်နဲ့ပေါင်းစည်းတဲ့ ဂြိုဟ်ရဲ့ အဆင့်က ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားနဲ့ အနာဂတ် အခွင့်အလမ်းတွေကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိတယ် " ကျောက်ယမုန့်မှာ ပြတ်သားမှု အပြည့်ရှိသော‌ လေသံဖြင့် ဆိုလိုက်ပြီး မျှော်လင့်တကြီးဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း မျက်ဝန်းများ ဖျတ်ခနဲ အရောင်လက်သွားရသည်။

" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှာ ကျင့်ကြံသူတွေနဲ့ ပေါင်းစည်းနိုင်တဲ့ ဂြိုဟ်တွေကို အဆင့် လေးဆင့်ခွဲထားတယ်။ ပထမအဆင့်ကို သာမန်ဂြိုဟ်လို့ ခေါ်တယ်။ အဲလို ဂြိုဟ်တွေက ဘာမှ ထူးခြားနေတာမျိုးမရှိဘူး။ ဥပမာပြရရင် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး ရောက်မလာခဲ့ခင်တုန်းကဆိုရင် အင်္ဂါဂြိုဟ်က သာမန်ဂြိုဟ်အဆင့်မှာပဲ ရှိခဲ့တာ "

" ကမ္ဘာဂြိုဟ်ကိုတော့ ငါ အတိအကျ အဆင့်သတ်မှတ်နိုင်စွမ်း မရှိပေမဲ့ အဲဒီဂြိုဟ်က သာမန်ဂြိုဟ်အဆင့်ထက် ပိုပြီး အဆင့်မြင့်တာတော့ သေချာတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ ဝိညာဉ်ဂြိုဟ်အဆင့်အထိ ရောက်နေလောက်ပြီ "

" ဝိညာဉ်ဂြိုဟ်တွေရဲ့ အဆင့်ကို ဆုံးဖြတ်ပေးတဲ့အရာတွေက အဲဒီဂြိုဟ်တွေထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်စီးဆင်းမှု လမ်းကြောင်းတွေနဲ့ ဝိညာဉ်ချီ‌တွေပဲ... ဝိညာဉ်ချီတွေ ပိုပြီးတော့ သိပ်သည်းဆများလေလေ ဝိညာဉ်ဂြိုဟ်တစ်လုံးက ပိုပြီးတော့ အဆင့်မြင့်လေလေပဲ " ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရပ်တန့်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ရေခဲရေဘူးတစ်ဘူးအား ထုတ်ယူကာ သူမဆီသို့ လှမ်းပေးလိုက်သည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် ၎င်းမှာ သူ၏ သက်စောင့်စွမ်းအင်များဖြင့် ဖန်တီးထားသည့် ဝိညာဉ်ရေခဲရေများ ဖြစ်နေကြောင်း ချက်ခြင်းပြန်၍ သတိရသွား၏... ထို့ကြောင့် သူသည် ချီတုံချတုံ ဖြစ်သွားရပါသော်လည်း ၎င်းအား ပြန်ယူရန်မှာ နောက်ကျသွားပြီ ဖြစ်သည်။ ကျောက်ယမုန့်မှာ စကားအများကြီး ပြောခဲ့ရသောကြောင့် ရေငတ်နေပြီဖြစ်ရာ ထို ဝိညာဉ်ရေခဲရေများကို မော့သောက်လိုက်၏။ ထို့နောက် သူမသည် စကားဆက်ပြောလိုက်ပြန်သည်။

" ကျင့်ကြံသူတွေက ဒီအဆင့်နှစ်ဆင့်မှာရှိတဲ့ ဂြိုဟ်တွေနဲ့ ပေါင်းစည်းပြီးတော့ ဂြိုဟ်အဆင့်ကို ဖောက်ထွက်လို့ရယ်။ ဒါပေမဲ့ သာမန်ဂြိုဟ်တစ်လုံးနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်က တစ်ဘဝလုံး ဂြိုဟ်အဆင့်မှာပဲ ရပ်နေတော့မှာ။ ဆက်ပြီးတော့ဖောက်ထွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခဲယဉ်းသွားပြီ "

" အဲတာမလို့ ဘယ်သူကမှ သာမန်ဂြိုဟ်‌တွေနဲ့ မပေါင်းစည်းချင်ကြဘူး။ အများစုက ဝိညာဉ်ဂြိုဟ်တွေကိုပဲ စိတ်ဝင်စားကြတာ။ ဝိညာဉ်ဂြိုဟ်တစ်လုံးနဲ့ ပေါင်းစည်းတာက အကောင်ဆုံး နည်းလမ်းမဟုတ်သလို သာမန် တိုက်ရည်ခိုက်ရည်စွမ်းအားတွေကိုပဲ ပေးစွမ်းနိုင်ပေမဲ့ အနာဂတ်မှာ ဂြိုဟ်အဆင့်ကနေ ဖောက်ထွက်လို့ ရနိုင်သေးတယ်လေ။ ရှိသမျှ ဂြိုဟ်အဆင့်ကျင့်ကြံသူတွေ အားလုံးထဲက ကိုးဆယ်ရာခိုင်နှုန်းလောက်က အဲဒီလို ဝိညာဉ်ဂြိုဟ်တွေနဲ့ ပေါင်းစည်းထားကြတာ " ကျောက်ယမုန့်မှာ ထိုသို့ဆိုကာ ဝိညာဉ်ရေခဲရေအား နောက်ထပ်တစ်ငုံ ထပ်၍ မော့သောက်လိုက်ပြန်သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလပ်ပေကလပ်နှင့် ချောင်းဟန့်ကာ မမြင်ချင်ယောင်ဆောင်လိုက်၏။ သူသည် ကျောက်ယမုန့်ပြောနေသည့် ဂြိုဟ်အကြောင်းအား အလွန်အင်မတန်မှ စိတ်ဝင်စားနေပြီ ဖြစ်သည်။

All Chapters