မမလေး၏ မင်္ဂလာရှိသော စကားလေးများ
Vol. 63 Ch. 874
" တတိယအဆင့် ဂြိုဟ်တွေကိုတော့ သာမန်ကျင့်ကြံသူတွေ ရနိုင်မှာ မဟုတ်ဘူး။ အဲဒီဂြိုဟ်တွေကို... အင်မော်တယ်ဂြိုဟ်တွေလို့ ခေါ်တယ်။ အဲဒီ ဂြိုဟ်တွေက ဝိညာဉ်ချီတွေ အများကြီး စုစည်းသွားပြီးတော့ သန္ဓေပြောင်းသွားရာကနေ ပေါ်ပေါက်လာကြတာ။ နောက်ဆုံး အဲဒီ ဂြိုဟ်တွေထဲမှာရှိတဲ့ အရာအားလုံးက ခြေဖျက်ခံလိုက်ရပြီး စနေဂြိုဟ်လိုမျိုး ဓာတ်ငွေ့ဂြိုဟ်တစ်လုံးအဖြစ်ကို ရောက်သွားကြတာလေ "
" အဲဒီဂြိုဟ်တွေပေါ်မှာ အားကောင်းတဲ့ ဖိနှိပ်အားတွေအောက် ရောက်နေတဲ့ ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေကြတာ။ နှမြောစရာကောင်းတဲ့အချက်က စနေဂြိုဟ်ကလည်း ဓာတ်ငွေ့ဂြိုဟ်တစ်လုံး ဖြစ်နေပေမဲ့ အဲဒီ ဓာတ်ငွေ့တွေက ဝိညာဉ်ချီတွေ မဟုတ်ဘူး... လူတွေက ဒီလို ဂြိုဟ်တွေမျိုးကို ဖန်တီးနိုင်စွမ်း ရှိတာမလို့ အင်အားကြီးအဖွဲ့အစည်းတွေနဲ့ မိသားစုမျိုးနွယ်စုတွေက သူတို့ရဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ အဲဒီဂြိုဟ်တွေကို အသုံးပြုလေ့ရှိကြတယ် "
" အင်မော်တယ်ဂြိုဟ်တစ်လုံးနဲ့ ပေါင်းစည်းပြီး ဂြိုဟ်အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် အင်မော်တယ်ဂြိုဟ်နဲ့ ပေါင်းစည်းခွင့်မရတဲ့ တခြား ဂြိုဟ်အဆင့်ကျင့်ကြံသူတွေထက် ပိုပြီးသာလွန်တဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေကို ပိုင်ဆိုင်သွားမှာ။ ပြီးရင် အနာဂတ်မှာလည်း သူတို့က ဝိညာဉ်ဂြိုဟ်တွေနဲ့ ပေါင်းစည်းခဲ့တဲ့ ကျင့်ကြံသူတွေထက် ထာဝရကြယ်အဆင့်ကို တက်လှမ်းနိုင်ခြေပိုရှိတယ် "
" အဲတာကြောင့်မလို့လည်း အဲဒီ ပါရမီရှင်တွေက တခြားသူတွေကို ချေမှုန်းနိုင်စွမ်းရှိနေတာ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှာ အဆင့်မြင့် ပုဂ္ဂိုလ်တွေကို သဘောထားဆက်ဆံတဲ့ပုံက ကမ္ဘာဂြိုဟ်နဲ့ တူတူပဲ။ ရာထူးအဆင့်အတန်း ပိုမြင့်မားလေလေ ကိုယ့်ရဲ့သားသမီးတွေက တခြားလူတွေ စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ အကူအညီ အထောက်အပံ့တွေ ပိုရနိုင်လေလေပဲ။ အဲတာကြောင့်မလို့လည်း သူတို့က ထိပ်သီးအဆင့် ကျင့်ကြံသူတွေ ဖြစ်လာနိုင်ခြေ ပိုများကြတာပေါ့ "
ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ သူမသည် ထိုအချက်အလက်များကို ပထမဆုံးအကြိမ်အဖြစ် သိရှိခဲ့ရစဉ်တုန်းက စနေဂြိုဟ်အား အင်မော်တယ်ဂြိုဟ်တစ်လုံးဟု အထင်မှားသွားခဲ့ပြီး နောက်ဆုံးတွင် စိတ်ပျက်သွားခဲ့ရသည်ကို မှတ်မိနေဆဲပင်။
" အင်မော်တယ်ဂြိုဟ်ပြီးရင် နောက်တစ်ဆင့်က ဘာလဲ " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ ထူးဆန်းစွာ အရောင်တောက်ပသွားပြီး ချက်ချင်း ထပ်မေးလိုက်၏။
" အင်မော်တယ်ဂြိုဟ်တွေပြီးရင်... စောစောတုန်းက ငါပြောခဲ့တဲ့ ကြယ်သုဿာန်ထဲက အထူးဂြိုဟ်တွေပဲ " ကျောက်ယမုန့်မှာ သံသယစိတ်များ ရောယှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူမသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
" ငါ့အထင်တော့ ငါတို့ရဲ့ ကမ္ဘာဂြိုဟ်ပေါ်က လူမှုအဖွဲ့အစည်းက နည်းနည်းလေး ထူးဆန်းနေသလိုပဲ။ ငါတို့ လူမှုအဖွဲ့အစည်းထဲက ဂြိုဟ်ငါးလုံးကို ဓာတ်ကြီးငါးပါးရဲ့ နာမည်အတိုင်း ပေးထားတာလေ။ အထူးဂြိုဟ်တွေက လူသားတွေ ဖန်တီးနိုင်စွမ်းမရှိတဲ့ အရာတွေကို ကိုယ်စားပြုပြီးတော့ ဥပဒေသစွမ်းအားတွေကို ပိုင်ဆိုင်ထားကြတာ။ ဥပမာပြရရင် ဓာတ်ကြီးငါးပါးဖြစ်တဲ့ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးတို့က ဥပဒေသစွမ်းအားတွေရဲ့ အစိတ်အပိုင်းတစ်ခုပဲ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာသွားခဲ့ကြသည့် ကျင့်ကြံသူများ ရှိနိုင်ပေသည်ဟု ကောင်းကင်တာအိုကျောင်း ခေါင်းဆောင်ကြီး ပြောခဲ့သော စကားများကို ပြန်၍ မှတ်မိသွားသည်။
" အထူးဂြိုဟ်တွေထဲက ဥပဒေသစွမ်းအားတွေကို ကျင့်ကြံသူတစ်ယောက်နဲ့ ပေါင်းစည်းလိုက်တာနဲ့ အဲဒီ ကျင့်ကြံသူက အနာဂတ်မှာ ထာဝရကြယ်အဆင့်အထိ တက်လှမ်းနိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းတိတိ ရှိသွားမှာ.. " ကျောက်ယမုန့်မှာ အသာအယာ ခေါင်းယမ်းကာ ကမ္ဘာဂြိုဟ်နှင့် ပတ်သတ်သည့် သူမ၏ သံသယစိတ်များကို မေ့ပျောက်ထားလိုက်ပြီးနောက် စကားဆက်ပြောလိုက်၏။
" အဲဒီလို ဂြိုဟ်တွေက အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲမှာတောင် အရမ်းရှားတာ။ ကြယ်သုသာန်ထဲမှာပဲ ရှိကြတာများတယ်။ အဲဒီလို ဂြိုဟ်တွေကို ရှာတွေ့လိုက်တဲ့ လူတိုင်းက အသက်အသေခံပြီးတော့ ဝိုင်းလုကြမှာ သေချာတယ် "
" ဥပဒေသစွမ်းအားတွေ ကိန်းအောင်နေတဲ့ အထူးဂြိုဟ်တွေ... " ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်ရင်း အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ အကယ်၍ သူသာ ထိုအချက်အလက်များကို သိရှိထားခြင်းမရှိပါက ကိစ္စမရှိပါသော်လည်း ယခုတွင် သူသည် အရာအားလုံးကို သိရှိနားလည်သွားပြီဖြစ်ရာ သာမန်ဂြိုဟ်တစ်လုံး သို့မဟုတ် ဝိညာဉ်ဂြိုဟ်တစ်လုံးလောက်နှင့် ရောင့်ရဲနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။ အကယ်၍ သူသည် အထူးဂြိုဟ်တစ်လုံးအား ရှာမတွေ့နိုင်လျှင်တောင် အင်မော်တယ်ဂြိုဟ်တစ်လုံးအား မရရအောင် လိုက်ရှာမည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ကျောက်ယမုန့်အား လှမ်းကြည့်လိုက်သောအခါ သူမသည် စကားပြောရန် ပြင်လိုက်ပြီးမှ တစ်ခဏမျှ ရပ်တန့်သွားသည်ကို သတိထားမိလိုက်၏။
ထို့ကြောင့် သူသည် အထူးတဆန်းဖြစ်နေသည့် အမူအရာနှင့် မေးလိုက်တော့သည်။ " ဘာဖြစ်လို့လဲ။ အထူးဂြိုဟ်ထက် ပိုပြီးတော့ကောင်းတဲ့ ဂြိုဟ်တွေ ရှိနေသေးလို့လား "
ကျောက်ယမုန့်မှာ သူ၏မေးခွန်းကို ကြားလိုက်ရသောအခါ ရှုံ့မဲ့မဲ့နှင့် ပြုံးမိသွား၏။
" ဒဏ္ဍာရီတွေ အရဆိုရင်တော့ ပဉ္စမအဆင့်ဂြိုဟ်က တကယ်ရှိတယ်။ အဲဒီဂြိုဟ်က တမူထူးခြားတဲ့ ဥပဒေသစွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ အထူးဂြိုဟ်တစ်လုံးပဲ။ သာမန် အထူးဂြိုဟ်တစ်လုံးထဲမှာ ရှိနေတဲ့ ဥပဒေသအများစုက တခြား အထူးဂြိုဟ်တွေထဲမှာလည်း ရှိနေနိုင်တယ်။ ဒါပေမဲ့ ဘာနဲ့မှ မတူလောက်အောင် တမူထူးခြားတဲ့ ဥပဒေသတွေကို ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်အမျိုးအစားတစ်ခုလည်း ရှိသေးတယ်။ အဲဒီလို ဂြိုဟ်တစ်လုံး သက်တမ်းကုန်သွားတဲ့ အချိန်မှသာ စကြဝဠာကြီးထဲမှာ နောက်ထပ်တစ်လုံး ပြန်လည်ပေါ်ပေါက်လာနိုင်တာ။ အဲဒီလို ဂြိုဟ်မျိုးကို... တာအိုဂြိုဟ်လို့ ခေါ်ကြတယ် "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် ချောင်းဟန့်ကာ သူ၏ ခန္ဓာကိုယ်အစစ်အား အသုံးပြု၍ သူ၏ နတ်ဘုရားအာရုံများကို ပျံ့လွင့်သွားစေလိုက်ပြီး အနက်ရောင်မျက်နှာဖုံးထဲမှ မမလေးအား စကားလှမ်းပြောလိုက်တော့သည်။
" မမလေးရေ။ မမလေး နိုးနေတာ ကျွန်တော်သိပါတယ်။ ကျွန်တော် အဲဒီ တာအိုဂြိုဟ်နဲ့ ပေါင်းစည်းနိုင်လိမ့်မယ်လို့ မမလေးထင်လား "
" စိတ်ကူးယဥ်မနေနဲ့။ နင်သာ တာအိုဂြိုဟ်နဲ့ ပေါင်းစည်းနိုင်မယ်ဆိုရင် ငါ... " မမလေးမှာ နှာမှုတ်ကာ ချက်ချင်းဆိုသလိုပင် ပြန်ပြောလိုက်ပါသော်လည်း စကားမဆုံးနိုင်ခင်မှာပင် ရပ်တန့်သွားရ၏။
" မမလေးရဲ့ မင်္ဂလာရှိတဲ့ စကားလေးတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဟဲဟဲ။ အခု ကျွန်တော် စိတ်အေးသွားရပါပြီ " ဝမ်ပေါင်လဲ့မှာ သူမ၏ စကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် ပျော်ရွှင်ကျေနပ်သွား၏။ သူသည် မမလေး သူ လုပ်နိုင်လိမ့်မည်မဟုတ်ဟု ပြောခဲ့သည့် အရာတိုင်းကို လုပ်နိုင်စွမ်းရှိခဲ့သည်သာ ဖြစ်ကြောင်း ရိပ်မိထားပြီးသား ဖြစ်သည်။
ထို့ကြောင့် မမလေးမှာ ဆွံ့အသွားရတော့သည်။
" မမလေး ဘာပြောလိုက်တယ် " ဝမ်ပေါင်လဲ့မှာ မမလေး၏ နှုတ်မှ စကားသံတစ်သံ ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရပါသော်လည်း ရှင်းရှင်းလင်းလင်း မကြားလိုက်ရသဖြင့် ပြန်မေးလိုက်၏။
" သွားတော့ဟာ။ ငါ ပင်ပန်းနေပြီ။ အိပ်တော့မယ် " မမလေးမှာမူ အားအင်နုံးချည့်နေသည့် လေသံဖြင့် ပြန်ပြောလိုက်၏။ သူမသည် စိတ်အနှောင့်အယှက်ဖြစ်နေရပြီ ဖြစ်သည်။ တစ်ဖက်တွင် ဝမ်ပေါင်လဲ့၏ စကားများမှာ စိတ်ရှုပ်စရာကောင်းလွန်းနေသလို အခြားတစ်ဖက်တွင်လည်း သူမသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက အမှတ်တရများကို ပြန်၍ တွေးမိသွားသောကြောင့် မျက်နှာအမူအရာ သုန်မှုန်သွားရ၏။
ဝမ်ပေါင်လဲ့မှာမူ ကျောက်ယမုန့် ရှေ့၌ သူမ မသိအောင် စိတ်ထဲတွင် မမလေးအား ကျီစားနေရင်း ကျောက်ယမုန့်၏ မျက်ဝန်းများထဲမှ သံသယဖြစ်နေသည့် အရိပ်အယောင်များကို သတိထားမိလိုက်သဖြင့် ချောင်းဟန့်လိုက်၏။
" ငါ့ရဲ့ စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ ငါ တာအိုဂြိုဟ်နဲ့ မရရအောင် ပေါင်းစည်းပြမယ်။ ကြယ်သုသာန်ထဲကို ရောက်သွားတာနဲ့ အဲဒီဂြိုဟ်ကို ရအောင်ယူပြမယ် " ဝမ်ပေါင်လဲ့မှာ မျက်စိ ပေကလပ်ပေကလပ်နှင့် ကြိမ်းဝါးလိုက်၏။ သူသည် စိတ်ထဲတွင် ထိုကဲ့သို့ ယုံကြည်ထားခြင်း မရှိသည့်တိုင်အောင် သူ့ကိုယ်သူ မြှောက်ပင့်ပြောဆိုနေဆဲပင်။
ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အကြောင်း ကောင်းကောင်းကြီး နားလည်ထားသောကြောင့် ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းယမ်းမိသွား၏။ သူမသည် ဝမ်ပေါင်လဲ့မှာ ဒဏ္ဍာရီလာ တာအိုဂြိုဟ်အား လုံးဝ ရရှိနိုင်လိမ့်မည်မဟုတ်ဟု တထစ်ချ မှတ်ယူထားခြင်း မရှိပါသော်လည်း သူမ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ရှိနေခဲ့စဥ်တုန်းက အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးနှင့် ပတ်သက်၍ သူမ စုဆောင်းမိခဲ့သမျှ သတင်းအချက်အလက်များအားလုံးကို ဝမ်ပေါင်လဲ့အား ပြောပြထားရန် လိုအပ်ပေသည်။
" ပေါင်လဲ့။ ကြယ်သုသာန် ပွင့်တဲ့အချိန်တိုင်း ဝင်ခွင့်ရတဲ့ လူအရေတွက်က တစ်ကြိမ်နဲ့တစ်ကြိမ် တူကြတာမဟုတ်ဘူး။ တစ်ခါတလေကျရင် အများကြီးရှိပေမဲ့ တစ်ခါတကျရင်က နည်းနည်းလေးပဲ ရှိတာ။ အရေးအကြီးဆုံးအချက်က နင် ဝင်ခွင့်ရဖို့ပဲ။ အဆုံးမဲ့တာအိုနယ်မြေထဲက အင်အားကြီးအဖွဲ့အစည်းတွေနဲ့ မိသားစုမျိုးနွယ်စုတွေအတွက် အဲလို ဝင်ခွင့်ရဖို့က မခက်ပေမယ့် ငါတို့လိုလူတွေအတွက်က လုံးဝမဖြစ်နိုင်ဘူးဟ " ကျောက်ယမုန့်မှာ သက်ပြင်းချကာ ဆိုလိုက်၏။ သူမသည် အမှောင်ပျံလွှားစစ်ဆင်ရေးအား ဆောင်ရွက်နေရင်း အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးအကြောင်း ပို၍ သိရှိနားလည်လာရသောကြောင့် ကမ္ဘာဂြိုဟ်မှာ အလွန်အင်မတန်မှ အားနည်းနေသေးသည်ဖြစ်ကြောင်း သိခဲ့ရ၏။ ထို့ကြောင့် သူမသည် ထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်း မကျေမချမ်း ဖြစ်သွားရသည်သာ ဖြစ်သည်။
သူမသည် သူမကိုယ်သူမ မကျေမချမ်း ဖြစ်နေခြင်းမဟုတ်ဘဲ သူမ၏ လူမှုအဖွဲ့အစည်းအတွက် အားမလိုအားမရ ဖြစ်နေရခြင်း ဖြစ်ပေသည်။ သူမသည် ကမ္ဘာဂြိုဟ် အင်အားကြီးထွားလာရန် မျှော်လင့်ထားသလို ထိုသို့ဖြစ်လာနိုင်ရန် အစွမ်းကုန်ကြိုးစားမည် ဖြစ်သည်။
" မဟာလက်ဝဲတာအို နယ်မြေရဲ့ နယ်မြေဆယ့်ကိုးထဲက အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းတောင်မှ ဝင်ခွင့်ရတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီ နတ်မျက်လုံးလူမှုအဖွဲ့အစည်းကတော့ ဝင်ခွင့်ရှိတယ်လို့ လူတွေပြောကြတာပဲ။ အဲတာမလို့ ဝင်ခွင့်တစ်နေရာစာ ရဖို့အတွက် အစွမ်းထက်နေဖို့လိုသလို ကံကောင်းဖို့လည်းလိုတယ် "
" အဲတာမလို့လည်း ကြယ်သုသာန် ပွင့်တဲ့အချိန်တိုင်း အင်အားကြီး အဖွဲ့အစည်းတွေနဲ့ မိသားစုမျိုးနွယ်စုတွေက အဲဒီနေရာမှာ စုဝေးကြပြီးတော့ သွေးချောင်းစီးလောက်အောင် ယှဉ်ပြိုင်တိုက်ခိုက်ကြတာပဲ။ သူတို့က ကြယ်သုသာန်ကို သူတို့ရဲ့ သားသမီးတွေနဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးနိုင်မယ့် နေရာတစ်ခုလို့ သတ်မှတ်ထားကြတာလေ။ တချို့ ပါရမီရှင်တွေဆိုရင် ဂြိုဟ်အဆင့်ကို ဖောက်ထွက်သွားမှာစိုးလို့ သူတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ဖိနှိပ်ချုပ်တည်းထားကြတာ။ သူတို့က ကြယ်သုသာန် ပွင့်တဲ့အချိန်အထိ စောင့်ပြီးမှ အဲဒီနယ်မြေထဲက အထူးအခွင့်အလမ်းတွေကို ရယူနိုင်ဖို့ ကြံရွယ်ထားကြတာလေ။ အဲဒီလို ကျင့်ကြံသူတွေဆိုရင် ဂြိုဟ်အဆင့်မှာ ရှိမနေကြပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်တွေက အားကောင်းလွန်းနေတာမလို့ ဂြိုဟ်အဆင့် ကျင့်ကြံသူတွေကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ် " ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏ နှလုံးသားထဲမှ မကျေနပ်ချက်များကို မျိုသိပ်ထားလိုက်တော့သည်။ သူမသည် ဝမ်ပေါင်လဲ့မှာ တမူထူးခြားသည့် လူတစ်ယောက်ဖြစ်ကြောင်း သိထားသည့်တိုင်အောင် သူ့အား စိုက်ကြည့်လိုက် သောအခါ မျက်ဝန်းများထဲ၌ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားရဆဲပင်။
ဝမ်ပေါင်လဲ့တစ်ယောက် သူမ ပြောခဲ့သည့် စကားများအား စဉ်းစားသုံးသပ်နေစဉ် ကျောက်ယမုန့်မှာ စကားဆက်ပြောလိုက်၏။
" ငါ သိထားသလောက်ဆိုရင် ကြယ်သုသာန်က နှစ်ပေါင်း နှစ်ရာသုံးရာလောက်နေမှ တစ်ကြိမ်ပွင့်တာ။ မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းကတော့... အဲဒီ နယ်မြေက နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ ပွင့်လိမ့်မယ်လို့ သုံးသပ်ထားတာပဲ။ ဒါပေမဲ့ အချိန်အတိအကျကိုတော့ ဘယ်သူမှမသိဘူး။ အဲတာမလို့လဲ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက နတ်မျက်လုံးလူမှုအဖွဲ့အစည်း ပိုင်ဆိုင်ထားတဲ့ ဝင်ခွင့်နေရာတွေကို မျက်စိကျနေတာ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်လိုက်ပြီးနောက် မနေနိုင်တော့သဖြင့် မေးမိလိုက်၏။
" ယမုန့်။ နင်က မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းထဲမှာ ဘယ်လိုရာထူးမျိုးကို ပိုင်ဆိုင်ထားတာလဲ။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုသတင်းအချက်အလက်တွေ အကုန်လုံးကို သိထားရတာလဲ " ဝမ်ပေါင်လဲ့မှာ သိချင်စိတ်များ ပြင်းပြနေတော့သည်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထက် အများကြီးပို၍ အဆင့်မြင့်သည့်တိုင်အောင် သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင် မဟုတ်ပါလော။ သို့ဖြစ်ရာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ သူ ရှာဖွေစုဆောင်းနိုင်စွမ်းမရှိသော သတင်းအချက်အလက်များမှာ အခြား လူမှုအဖွဲ့အစည်းများထဲ၌ လူတိုင်းသိထားသည့် သတင်းအချက်အလက်များ ဖြစ်နေစရာ အကြောင်းမရှိပေ။
ထို့အပြင် ကျောက်ယမုန့်မှာ သူ့အား သတင်းအချက်အလက် အမြောက်အမြား ပြောပြခဲ့သည် မဟုတ်ပါလော။ သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုပါက ထိုကဲ့သို့သော သတင်းအချက်အလက်များအားလုံးကို ရှာဖွေစုဆောင်းထားနိုင်ရန်မှာ လွယ်ကူနေမည် မဟုတ်ပေ။
" ငါ့ရဲ့ဆရာက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ တတိယမြောက် အကြီးအကဲကြီးလေ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်မှာ ရှိနေပြီ။ ငါ သူ့ရဲ့ တစ်ဦးတည်းသောတပည့် ဖြစ်နေတာ နှစ်တွေအများကြီး ရှိနေပြီ။ အခု သူက တံခါးပိတ်ကျင့်ကြံပြီးတော့ ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေတာမလို့ ဒီနေရာကို ရောက်မလာခဲ့တာ " ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့မသိအောင် မည်သည့်လျှို့ဝှက်ချက်ကိုမှ ထိမ်ချန်ထားနိုင်မည် မဟုတ်သောကြောင့် သူ၏ မျက်ဝန်းများထဲမှ သံသယစိတ်များကို မြင်လိုက်ရသောအခါ အသေးစိတ် ရှင်းပြလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်ပြန်သည်။
" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက နတ်မျက်လုံးတော်ဝင်မိသားစုရဲ့ ဝင်ခွင့်နေရာတွေကို မျက်စိကျနေတယ်လို့ နင် ပြောခဲ့တာနော်။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် စဉ်းစားကြည့်မယ်ဆိုရင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ အင်အားနဲ့ဆို သူတို့က အဲဒီ ဝင်ခွင့်နေရာတွေကို ဒီအတိုင်း အပိုင်သိမ်းလိုက်လို့ရတာပဲ။ ဘာလို့ ဒုက္ခခံပြီးတော့ သူတို့နဲ့ မဟာမိတ်ဖွဲ့နေရတာလဲ။ အဲဒီ ဝင်ခွင့်နေရာတွေကို ရိုးရိုးတန်းတန်း ယူလို့မရလို့လား "
ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ ကျောက်ယမုန့်မှာ မျက်ဝန်းများ အရောင်လက်သွားပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်တော့သည်။