← Chapters

သံသယ

Vol. 7 Ch. Chapter 9

သံသယ

Vol. 7 Ch. Chapter 9

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 9 - သံသယ

သမ္မတဝဲလ်ဆင်က ရုံးခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေရင်း သူကြည့်ဖို့လိုတဲ့ စာရွက်စာတမ်းတွေကို ကြည့်ရှုစစ်ဆေးနေတယ်။ မြူတန့်နှိပ်ကွက်ရေးမှာ ကန့်လန့်တိုက်ပြီးတဲ့နောက် နိုင်ငံပေါင်းစုံဆီကနေ အပြစ်တင်စာတွေ တစ်ပုံတစ်သီကြီး ရောက်လို့လာနေပါတယ်။

ဒါပေမဲ့ သတင်းတိုင်းက ဝဲလ်ဆင်အတွက် သတင်းဆိုးဖြစ်မနေပါဘူး။ အစီရင်ခံစာတစ်ခုကို ​စာအိတ်ထဲကနေ ဖောက်ကြည့်လိုက်ပြီးတဲ့နောက် ဝဲလ်ဆင်က ဟက်ခနဲ ထရယ်လိုက်တယ်။

"ဟဲဟဲ.. ဒီတော့ ​မြူတန့်မဟာမိတ်ခေါင်းဆောင်သစ်က လော့ဒ်မာရှယ်မဟုတ်ဘူးပေါ့။ အရိပ်သခင်က သူ့ကို နှစ်မဲတစ်မဲနဲ့ အပြတ်သာသွားတယ်။ ဒါပေမဲ့ ကြည့်ရတာ ခေါင်းဆောင်နေရာလုပွဲက သွေးမထွက်ဘဲ ပြီးမယ့်ပုံတော့ မပေါ်ဘူး။"

မြူတန့်မဟာမိတ်အဖွဲ့ရဲ့ခေါင်းဆောင်တွေက S rank ဖြစ်နေမှကိုရမယ့် အကြောင်းအရင်းတစ်ခုရှိပါတယ်။ အားနည်းတဲ့ ခေါင်းဆောင်နောက်ကို ဘယ်သူမှ မလိုက်ချင်ကြပါဘူး။ ကြေးစားစစ်တပ်အနေနဲ့ သူတို့ဖာရာဒေးဆေးပုံတူနဲ့ S rankတွေကို ဖန်တီးနိုင်ရင်တောင် ခေါင်းဆောင်ကိုယ်တိုင်က S rank မဟုတ်ရင် ကျန်တဲ့အုပ်စုတွေကို အမိန့်ပေးနိုင်မှာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် မြူတန့်မဟာမိတ်က အားနည်းနေပါပြီ။

"နေဦး၊ ဖာရာဒေးလ်ဆေးရှိနေတာကို ဘာလို့လော့ဒ်မာရှယ်က သူ့အတွက်သူမသုံးတာလဲ။ စစ်ပွဲနှင်းဆီက နဂိုကတည်းက အဲဒီအဆင့်ဆိုတော့ မလိုပေမဲ့ ဒီကောင်ကတော့ လိုတယ်မဟုတ်လား။"

ဝဲလ်ဆင်က မြေခွေးအိုကြီးဖြစ်တာကြောင့် မူမမှန်တဲ့ အရာတစ်ခုကို ချက်ချင်းသတိထားမိသွားတယ်။ သူက ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာသေးတယ်။

"ကြည့်ရတာ သူတို့ဆေးက သူတို့ပြောသလောက် မပြီးပြည့်စုံဘူးထင်တယ်။ ရုရှားစစ်မြေပြင်မှာ ငါတို့စစ်တပ်တွေကို အမြန်ချီတက်ဖို့ အမိန့်ပေးရမယ်။ မြူတန့်မဟာမိတ်က ငါတို့ကို တားနိုင်တော့မယ်မထင်ဘူး။"

ဝဲလ်ဆင်က ချက်ချင်းပဲ ဖိုင်ပေါ်မှာ ညွန်ကြားချက်တစ်စောင်ကို တွဲပြီးရေးပေးလိုက်တယ်။ စစ်ပွဲနှင်းဆီရှိနေတုန်းက ဝဲလ်ဆင်ရဲ့တပ်တွေက ဆက်တိုက်ဆိုသလို ဆုတ်ခွာနေရတာဖြစ်ပေမဲ့ အခုတော့ သူတို့တွေ ပြန်တိုက်စစ်ဆင်ဖို့ အချိန်ကျလာပါပြီ။

ဝဲလ်ဆင်က​ နောက်ထပ်အစီရင်ခံစာတစ်ခုကို ဖတ်ကြည့်လိုက်တယ်။ ဒီတစ်ခါတော့ နောက်မဟာမိတ်တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးမဟာမိတ်နဲ့ပတ်သက်တဲ့ သတင်းတစ်ခုပါ။

"လိပ်နက်နဲ့တိုက်ပွဲဖြစ်ပြီးတဲ့နောက် ​ငြိမ်းချမ်းရေးမဟာမိတ်က တောင်ကြီးတစ်ခုရဲ့အောက်ခြေကို ဝင်စူးစမ်းကြတယ်ဆိုပါလား။ ဘာဖြစ်ခဲ့လဲ အသေးစိတ်မသိရပေမဲ့ အာရပ်နဲ့ဂျပန်က S rankတွေကို အခုထိ လူမြင်ကွင်းမှ မတွေ့ရသေးဘူး။ တစ်ခုခုဖြစ်ခဲ့တာလား။"

ဝဲလ်ဆင်က စာကြည့်မျက်မှန်ကို ထုတ်တပ်ပြီး စာကို သေချာပြန်ဖတ်ကြည့်တယ်။ ငြိမ်းချမ်းရေးမဟာမိတ်မှာ တန်ပြန်သူလျှိုစစ်ဆင်ရေးထူးချွန်တဲ့ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ရှိတာကြောင့် အမေရိကန်တောင်မှ သူလျှိုသတင်းတွေရဖို့ ခဲယဥ်းပါတယ်။ အခုရထားတဲ့ သတင်းကလည်း သတင်းဆိုတာထက် ငလျင်ခန့်မှန်းချက်တစ်ခုနဲ့ ပိုဆင်နေတယ်။

တစ်ခုခုထူးခြားနေတာ သူတို့သိတယ်၊ ဘာဖြစ်နေမှန်းတော့ သူတို့မသိဘူး။

ဝဲလ်ဆင်စိတ်ထဲလေးသွားတယ်။ "ကမ္ဘာ့အင်အားစုသုံးခုထဲက ထိပ်သီးအင်အားစုတစ်ခုက နေရာတစ်ခုကိုဝင်ပြီးတဲ့နောက် S rank သုံးယောက် ပျောက်ဆုံးသွားတယ်လို့ ဆိုလိုတာလား။ တကယ်လို့ အဲဒါသာ အမှန်ဆိုရင် ဘာဖြစ်ခဲ့တာလဲ။" ဝဲလ်ဆင်အတွက် ငြိမ်းချမ်းရေးမဟာမိတ်က ပြိုင်ဖက်အင်အားစုတစ်ခုဖြစ်ပေမဲ့ ဒီလိုထူးခြားတဲ့ အဖြစ်အပျက်မျိုးကို သူသိလိုက်ရပြီးတဲ့နောက်တော့ ဒါကို အခွင့်အရေးတစ်ခုလို့ သူမမြင်တော့ပါဘူး။ သူနဲ့အဆင့်အတူ အင်အားစုတစ်ခုကို ထိခိုက်စေနိုင်တဲ့အရာက သူ့ကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဝေခွဲမရဖြစ်နေတဲ့ ဝဲလ်ဆင်က မှတ်စုပေါ်မှာ ခပ်မြန်မြန်ပဲ မှတ်ချက်တစ်ခု ရေးချလိုက်တယ်။ "ဖြစ်စဥ်အသေးစိတ် စုံစမ်းရန်။" လက်ရှိရထားတဲ့ သတင်းအချက်အလက်လောက်နဲ့ ဆုံးဖြတ်ချက်ချဖို့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်ခဲ့လဲဆိုတာသိရဖို့ ပိုတိကျတဲ့ သတင်းအချက်အလက်တွေ ရဖို့လိုမယ်။

ဒေါက်... ဒေါက်... ဒေါက်....

အပြင်ကနေ တံခါးခေါက်သံ ထွက်ပေါ်လာတဲ့အတွက် ဝဲလ်ဆင် ခေါင်းမော့ကြည့်ပြီး ပြောလိုက်ပါတယ်။ "ဝင်ခဲ့ပါ။"

ရင်းနှီးနေတဲ့ သမ္မတရဲ့ကိုယ်ရေးလက်ထောက်က ရုံးခန်းတံခါးကို ဖွင့်ပြီးဝင်လာတယ်။ သူက ဝဲလ်ဆင်ကို ဦးညွှတ်ပြီး အရိုအသေပေးလိုက်တယ်။ "သမ္မတကြီး၊ ဒီနေ့အတွက် အစီအရင်လာခံတာပါ။"

"မင်းကို မနေ့က လုပ်ခိုင်းထားတာတွေ ဘယ်လိုလဲ၊ ဩစတေးလျမြို့တစ်ခုလုံးပျောက်သွားတဲ့သတင်းနဲ့ပတ်သက်ပြီး ဘာသိရလဲ။"

သမ္မတဝဲလ်ဆင်က နည်းနည်းကိုယ်ထင်ရာစိုင်းတတ်သူဖြစ်ပေမဲ့ ငတုံးတစ်ယောက်​တော့မဟုတ်သေးပါဘူး။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကိုကြည့်ပြီး တစ်ခုခုမူမမှန်မှန်း သတိထားမိပါတယ်။ ဒါပေမဲ့ ကိုယ်ရေးလက်ထောက်ကတော့ ပြုံးစိစိနဲ့ ရယ်မောလိုက်ရင်း...

"စိတ်မရှိပါနဲ့... သမ္မတကြီး သတင်းမကြည့်ရသေးဘူးထင်တယ်။ အခုဩစတေးလျသမ္မတကိုယ်တိုင် သူ့ပြည်သူပြည်သားတွေကို ထိတ်လန့်စေမိတဲ့အတွက် ရုပ်မြင်သံကြားကနေ တောင်းပန်တဲ့သတင်း တက်လာပါတယ်။ အားကောင်းတဲ့ လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်သွားရာကနေ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်သွားလို့ အဲဒီမြို့လေးနဲ့ သူတို့အဆက်အသွယ်ပြတ်သွားတာပါ။ လူတွေကတော့ လေဆင်နှာမောင်းရန်ကနေ တိမ်းရှောင်ဖို့ ခြောက်သွေ့တောထဲဝင်ပြေးနေလို့ ကယ်ဆယ်ရေးတွေရောက်သွားတဲ့အချိန်မှာ မတွေ့တာလို့ ပြောပါတယ်။ အခုတော့ မြို့က ပြန်လည်ပတ်နေပါပြီ။"

အမေရိကန်လိုပဲ ခြောက်သွေ့တဲ့ မိုးနည်းရပ်ဝန်းဒေသတွေရှိတဲ့ ဩစတေးလျကုန်းမြေတိုက်ဟာ နှစ်စဥ် လေဆင်နှာမောင်းတိုက်လေ့ရှိတဲ့ ဒေသတစ်ခုပါ။ မြို့ငယ်လေးတွေအဖို့ လေဆင်နှာမောင်းဒဏ်ခံရတာ ပုံမှန်ပါပဲ။ ဒီတော့ အခုလိုအလွဲအချော်မျိုးဖြစ်တာ သဘာဝကျတယ်။

"ဩစတေးလျကို နောက်ဆုံးပေါ် လေဆင်နှာမောင်းခန့်မှန်းရေးစနစ်ဆင်ပေးဖို့ ပြင်ဆင်လိုက်ကွာ။ အာရုံနောက်လို့။" ဝဲလ်ဆင်က ပြောပြောဆိုဆိုနဲ့ နိုင်ငံတော်အဆင့် စာချုပ်အလွတ်တစ်ရွက်ယူပြီး လိုအပ်တဲ့ ညွန်ကြားချက်တစ်ခုကို ရေးပေးလိုက်တယ်။

"ဒါနဲ့ လက်ထောက်ကြီး၊ ဟိုတလောက နယူးယောက်ဗီလာအိမ်ရာကို မီးရှို့တဲ့ ပိုးကောင်တွေကိစ္စကရော။"

လက်ထောက်က ဝဲလ်ဆင်ရဲ့မေးခွန်းကိုကြားတော့ ခေါင်းကုတ်လိုက်ပြီး "ခါတိုင်းလိုပဲ ပိုးကောင်ခေါင်းပုံစံ ဆိုင်ကယ်ဦးထုပ်နဲ့ အကြမ်းဖက်နေတဲ့ ဘာသာရေးအစွန်းရောက်အဖွဲ့လိုလို ဘာလိုလိုကောင်တွေဖြစ်မှာပါ။ အသေးစိတ်သိရအောင် ကျွန်တော်မှုခင်းဆေးဌာနကို အကြောင်းကြားပြီး အစီရင်ခံစာယူလိုက်မယ်လေ။"

ဝဲလ်ဆင်က ခေါင်းညိတ်လိုက်တယ်။ ဒီသတင်းက အင်တာနက်စာမျက်နှာတွေမှာ အတော်လေးခေတ်စားနေပေမဲ့ ဝဲလ်ဆင်လိုမျိုး သမ္မတတစ်ယောက်အဖို့တော့ သိပ်အရေးမကြီးလှပါဘူး။ အဲဒီကိစ္စမှာ သူ့ရဲ့ဝတ်စုံနက်ဝတ်တစ်ယောက်ကို ငွေရောင်စစ်သည်က အနိုင်ပိုင်းသွားတာကိုသာ သိပ်မကျေနပ်ဖြစ်နေတာပါ။

"ရေဂင်ရော ဘာလုပ်နေတယ်ပြောလဲ။"

"အရင်တစ်ယောက် ရှုံးခဲ့တာကြောင့် ကိုယ့်ဘာသာ အခန်းပိတ်ပြီး နည်းပညာဝတ်စုံရဲ့လက်ရှိအဆင့်ကို ချိုးဖောက်ဖို့ကြိုးစားနေပါတယ်။" ဝဲလ်ဆင်က ရေဂင်ကြိုးစားနေတယ်ဆိုတာကြားတော့ ဘာမှထပ်မမေးတော့ဘဲ ကျန်တဲ့အစီရင်ခံစာတွေကို ဆက်ဖတ်ပါတယ်။ လက်ထောက်က ဝဲလ်ဆင်ဖတ်နေတဲ့ အစီအရင်ခံစာတွေကို ကဲကြည့်ပြီး မေးလိုက်တယ်။

"ဆရာ၊ ဘာခိုင်းစရာရှိသေးလဲ။"

"ဘာမှမရှိဘူး၊ သွားတော့။" ဝဲလ်ဆင်က မောင်းထုတ်မှပဲ လက်ထောက်က ရုံးခန်းထဲကနေ ပြန်ဆုတ်ခွာလာတယ်။

....

လော့ဒ်ဟက်မာတင်ကုမ္ပဏီရှိ လျှို့ဝှက်နည်းပညာစမ်းသပ်ခန်း။

ရေဂင်က သူ့လက်ထဲမှာရှိတဲ့ အနက်ရောင်ဓားမြှောင်လေးတွေကို လက်ထဲမှာကိုင်ပြီး လေပေါ်မြှောက်တင်လိုက်တယ်။ ဓားက မြေပေါ်ကို ပုံမှန်အတိုင်းပြန်ကျမလာဘဲ လေထဲမှာတင် တန်းနေတယ်။ ဓားမြှောင်ရဲ့ကိုယ်ထည်မှာ အနီရောင်သွေးကြောလိုအရာတွေလည်းရှိနေပြီး အနီရောင်အလင်းဒြပ်စင်တွေ စိးဆင်းနေပါတယ်။

"စိတ်တော့ ဝင်စားစရာပဲ၊ ဒီကမ္ဘာပေါ်က လူတစ်ယောက်က တကယ်ပဲ စကြဝဠာစွမ်းအင်မှုန်တွေကို ဒီအဆင့်ထိ အသုံးချနိုင်တဲ့ နည်းပညာကို တီထွင်ဖန်တီးခဲ့တာလား။"

ရေဂင်တို့လို ပိုးကောင်ဗိုလ်ချုပ်တွေက ဗီဇမျိုးဆက်ဉာဏ်ပညာကို ပိုင်ဆိုင်ကြပါတယ်။ ဘိုးဘေးတစ်​​ယောက် သင်ယူခဲ့တဲ့အရာတစ်ခုက နောက်မျိုးဆက်ဆီကို သင်စရာမလိုဘဲ လက်ဆင့်ကမ်းပေးနိုင်တဲ့ အရာပါ။ ရေဂင်ကလည်း အဲဒီဗီဇစွမ်းအားကနေပြီး အကျိုးအမြတ်ရခဲ့တယ်ဆိုရမယ်။ ပိုးတောင်မာမျိုးနွယ်က အာကာသပိုးကောင်အင်ပါယာမှာ နည်းပညာအထူးပြု လေ့လာကြသူတွေပါ။ ဒီစကြဝဠာရဲ့ စွမ်းအင်အမျိုးအစားတစ်မျိုးဖြစ်တဲ့ အလင်းဒြပ်စင်အကြောင်းကို သူတို့သိကြပါတယ်။ ဒါပေမဲ့ ရေဂင်က သူ့အပြင် ဒီနည်းပညာနိမ့်ကမ္ဘာပေါ်က လူသားတချို့ကလည်း သိနားလည်နေတဲ့အတွက် အံ့အားသင့်နေမိတာပါ။

"ဒီကမ္ဘာကိုကြည့်တော့ အဆင့်သတ်မှတ်ချက် ၁ ဂြိုဟ်ကမ္ဘာအုပ်စိုးခြင်းကိုတောင် မပြီးမြောက်သေးဘူး။ ငါတို့ပိုးကောင်အင်ပါယာ မျိုးရိုးစဥ်ဆက် အောင်မြင်ဖို့ကြိုးစားနေတဲ့ အလင်းဒြပ်စင်ကို အသုံးချနိုင်တဲ့သူ ရှိနေပြီ။ ပြီးတော့ နှစ်ယောက်တောင်။"

ရေဂင်က သူ့ရှေ့က ကွန်ပျူတာမျက်နှာပြင်မှာ ပြသနေတဲ့ ပုံရိပ်တွေကိုကြည့်ရင်း စားပွဲခုံကို လက်သီးနဲ့ထုချလိုက်တယ်။ ခုံက ကျိုးမသွားပေမဲ့ သူ့ခွန်အားကြောင့် ချိုင့်ဝင်သွားတယ်။ ပြသနေတဲ့ ပုံရိပ်တွေက ငွေရောင်စစ်သည်တော်နဲ့ Archmegaတို့ရဲ့ပုံရိပ်တွေပါ။ သူတို့နှစ်ယောက်လုံး အလင်းဒြပ်စင်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးကြတယ်။

"ငါလုပ်နိုင်တာဆိုလို့ သူတို့နည်းပညာတွေကို ပုံတူကူးချတာပဲရှိတယ်။" ရေဂင်က အရူးတစ်ယောက်လိုမျိုး မျက်လုံးတွေ နီရဲနေတယ်။ သူ့ဝတ်စုံအပါအဝင် လက်ထဲက ဓားပျံက ငွေရောင်စစ်သည်တော်ဝတ်စုံက နည်းပညာတွေကို ပုံတူကူးချထားတာတွေပါ။ တစ်ခုမှ သူကိုယ်တိုင် တီထွင်ထားတာမဟုတ်ဘူး။

ငွေရောင်စစ်သည်ဝတ်စုံရဲ့အခြေခံပုံစံ ပလာဒင်ဝတ်စုံရဲ့ပုံကြမ်းက အမေရိကန်အစိုးရမှာရှိပြီးသားမလို့ သူက စွမ်းအင်စီးကြောင်းတွေကို ကြည့်ရှုပုံတူကူးရုံနဲ့တင် မပြည့်စုံသေးတဲ့ ပုံတူဝတ်စုံတစ်မျိုးကို ပြုလုပ်နိုင်ခဲ့တာပါ။

သူတစ်ယောက်တည်း ဒေါသထွက်နေတုန်း ပိုးကောင်စစ်သည်တစ်ယောက်က သူ့အနားကိုရောက်လာပြီး ဒူးထောက်ခစားတယ်။ "ဗိုလ်ချုပ်၊ သမ္မတဝဲလ်ဆင်နားကို ကျွန်တော်တို့လွှတ်ထားတဲ့သူ လာပြီးအစီအရင်ခံပါတယ်။"

"သူ့ကို ဝင်ခွင့်ပေးလိုက်။"

"ဟုတ်..."

ခနနေတော့ သမ္မတဝဲလ်ဆင်နဲ့ အစောပိုင်းလေးကမှ စကားပြောခဲ့တဲ့ လက်ထောက်က ရေဂင်ရှေ့ကိုလာပြီး ပိုးကောင်စစ်သည်နည်းတူ ဒူးထောက်ခစားတယ်။

"ဘာတွေထူးခြားလဲ။"

"ဟုတ်ကဲ့၊ ဗိုလ်ချုပ်ခန့်မှန်းထားသလိုပဲ အဲဒီလူသားက ဩစတေးလျနဲ့တခြားဒေသက လှုပ်ရှားမှုတွေကို မေးလာပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ကြိုတင်စီမံနိုင်ခဲ့တဲ့အတွက် ပေါ်မသွားတာပါ။ အခုသူက မူမမှန်လို့သံသယဝင်နေတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။"

ရေဂင်က ရယ်မောလိုက်တယ်။ သူ့ရယ်မောသံရဲ့နောက်မှာ လှောင်ပြောင်ချင်စိတ် အပြည့်ပါဝင်နေပါတယ်။ တုံးအတဲ့ လူသားတွေကို အထင်သေးစိတ်အပြည့်နဲ့ ရယ်မောနေခဲ့တာ။

"ကြည့်ရတာ သူတို့အားလုံးကတော့ ထက်မြက်နေတာမဟုတ်ဘူးပဲ။ ကောင်းတယ်၊ ဖလံကောင်ဗိုလ်ချုပ်က ဩစတေးလျကို သိမ်းပြီးသွားပြီပေါ့။

ဘုရင်မဆီက အမိန့်ရတာနဲ့ ငါတို့က လူသားမျိုးနွယ်ကို ခနလေးနဲ့ ဖျက်ဆီးနိုင်လိမ့်မယ်။"

ဖြစ်နိုင်ရင် ရေဂင်က ချက်ချင်းဆိုသလိုကို စစ်ချီချင်နေတာပါ။ ဒါပေမဲ့ ဘုရင်မက ရန်သူ့အင်အားကို ထောက်ပြပြီး အသင့်မဖြစ်သေးတဲ့အကြောင်း ပြောလို့သာ သူငြိမ်နေရတာ။ သူ့ဗီဇမှတ်ဉာဏ်တွေအရ အာကာသထဲက သူတို့ဘိုးဘေးတွေဟာ ဖက်ဒရေးရှင်းဂြိုဟ်တွေကိုတောင် ခနလေးရှင်းနိုင်ကြသူတွေပါ။ ဘယ်လိုလုပ်ပြီး ဒီကမ္ဘာကျမှ သူတို့အကြာကြီး ထိုင်စောင့်နေရတာလဲ နားမလည်နိုင်ဘူး။

"ပြီးတော့ရော..."

"ဟုတ်ကဲ့၊ ဗိုလ်ချုပ်ပြောတဲ့အတိုင်းပဲ ငါးစာက ​ပစ်မှတ်ကို မျှားနိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာ သူတို့က ထောင်ချောက်ထဲ တိုးဝင်လာတော့မှာပါ။"

"သိပ်ကောင်းတယ်။" ရေဂင်က အားရဝမ်းသာနဲ့ သူ့ပေါင်ကို ပုတ်လိုက်ပြီး ထရပ်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်နေတဲ့အချိန်မှာပဲ ဘာရွန်က သူ့အခန်းထဲဝင်လာပါတယ်။

"ဘာတွေသိပ်ဝမ်းသာနေတာလဲ ပိုးတောင်မာဗိုလ်ချုပ်၊ မင်းဘာသာမင်း လှုပ်ရှားဖို့ကြိုးစားနေတာတော့ မဟုတ်ဘူးမလား။"

ဘာရွန်ရောက်လာတာနဲ့ ရေဂင်မျက်နှာက ရုပ်တည်ဖြစ်သွားတယ်။ ဘာရွန်တစ်ယောက်က ဘုရင်မအရွယ်မရောက်မချင်း စောင့်ရှောက်ရတဲ့ သူကောင်းမျိုးပိုးကောင်ပါ။ သူတို့အစွမ်းက ပိုးကောင်ဗိုလ်ချုပ်တွေထက် အတိုင်းအတာတစ်ခုထိ သာလွန်တဲ့အပြင် အင်ပါယာဥပဒေအရ သူတို့တွေက ဘုရင်မရဲ့အုပ်ထိန်းသူကို သတ်ဖြတ်လို့မရပါဘူး။

အင်ပါယာသမိုင်းတစ်လျှောက် တချို့ဘာရွန်တွေက သူတို့နေရာကို အလွဲသုံးစားလုပ်ဖူးကြတဲ့အတွက် ပိုးကောင်ဗိုလ်ချုပ်တွေရဲ့ဗီဇအသိဉာဏ်က ဘာရွန်တွေကိုမယုံဖို့ အမြဲတိုက်တွန်းနေလေ့ရှိတယ်။

"ဘုရင်မက ဒီကမ္ဘာမှာ ကိန်းရှင်တွေများလွန်းတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျုပ်က အချိန်မကျသေးခင် ဘုရင်မအတွက် လမ်းကြိုရှင်းထားပေးရုံပါ။"

ရေဂင်ရဲ့စကားကြောင့် ဘာရွန်က မျက်မှောင်ကြုတ်လိုက်တယ်။ ရေဂင်လိုပဲ ဘာရွန်က ပိုးကောင်မျိုးနွယ်တွေကို ဦးဆောင်ရတဲ့ ဗိုလ်ချုပ်တွေကို သဘောမကျပါဘူး။ ဘာရွန်တစ်ယောက်မှာက ပိုးကောင်မျိုးနွယ်ရယ်လို့မရှိဘဲ သူတို့ကို မျိုးပွားမိခင်ကြီးတွေက အသိအမှတ်ပြုထားတာပဲ ရှိတာဖြစ်ပါတယ်။ သူတို့နေရာက ပိုးကောင်ဘုရင်မ အရွယ်ရောက်လာတာနဲ့ ဘာမှအရေးမပါတော့တဲ့အတွက် ပိုးကောင်ဗိုလ်ချုပ်တွေရဲ့လက်စားချေခြင်းကို မကြာခဏခံရလေ့ရှိပါတယ်။

"မင်းက ဘုရင်မရဲ့စွမ်းအားကို သံသယဝင်နေတာလား။"

ဘာရွန်က ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောလိုက်တယ်။

ဒါပေမဲ့ ရေဂင်က နည်းနည်းလေးမှ ထိတ်လန့်သွားတဲ့ပုံမပေါ်ဘဲ ဘာရွန်ရဲ့မျက်လုံးတွေထဲကို သေချာစိုက်ကြည့်ပြီး ပြောလိုက်တယ်။

"လက်ရှိကျုပ်တို့တွေက လူသားခန္ဓာကိုယ်ထဲမှာပါ။ ဒီခန္ဓာကိုယ်တွေရဲ့စိတ်ခံစားချက်ကို ဖိနှိပ်ရတာခက်တယ်။ ကျုပ်က ဘုရင်မရဲ့ခွန်အားကို သံသယမဝင်ပါဘူး။ ဘုရင်မရဲ့ရပ်တည်ချက်နဲ့ နှလုံးသားကိုပဲ သံသယဝင်တာ။"

ဘာရွန်ဘာပြောရမှန်း မသိတော့ဘူးဖြစ်သွားတယ်။

ရေဂင်ပြောတာက ပိုးကောင်တွေရဲ့အားနည်းချက်အမှန်ဖြစ်ပြီး အပိုအလိုမရှိပါဘူး။ ရန်သူတွေအပေါ် မပြတ်သားတဲ့ ဘုရင်မတစ်ပါးကို ကာကွယ်ဖို့လုပ်တာမှန်သမျှက သစ္စာရှိရာရောက်တယ်။ သစ္စာဖောက်တစ်ယောက်မဟုတ်တဲ့ ဗိုလ်ချုပ်တစ်ယောက်ကို ဘာရွန်အနေနဲ့ အပြစ်ပေးလို့မရဘူး။

"ငါကတော့ ဘာမှဝင်ပါမှာမဟုတ်ဘူး ရေဂင်။ ဒါပေမဲ့ အချိန်တန်လာရင် ဘုရင်မက မင်းမှန်မမှန် အဆုံးဖြတ်ပေးပါလိမ့်မယ်။"

ဘာရွန်က စကားကုန်ပြောပြီးတဲ့နောက် အခန်းထဲက ထွက်သွားတယ်။ ရေဂင်နဲ့လက်ထောက်သာ အခန်းထဲမှာ ကျန်ရစ်တယ်။

....

ပိုးကောင်အသိုက်ကို ရှာတွေ့တဲ့သတင်းရောက်လာတော့ ညဆယ်နာရီခွဲနေပြီ။ ညဖက်အစာပြေစားပြီးနောက် အိပ်ဖို့အိပ်ရာထဲ ဝင်ရုံရှိသေးတယ် ဖုန်းမြည်လာတဲ့အတွက် မက်ဒါနာအိပ်ချင်စိတ်တောင် ပျောက်သွားတယ်။ အလန့်တကြားနဲ့ ဖုန်းကိုင်လိုက်တော့ မသိတဲ့ ဖုန်းနံပါတ်ဖြစ်နေပေမဲ့ မက်ဒါနာကိုင်လိုက်တယ်။

"ဟယ်လို၊ ဘယ်သူလဲ။"

"အစ်မကြီးမက်ဒါနာ၊ သမီးက လူဆီယာပါ။" တစ်ဖက်ကနေ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာတဲ့အတွက် ဖားလေးမှန်း မက်ဒါနာသိလိုက်ရတယ်။ ပြီးတော့ အဲဒီဖားက သူ့ကိုယ်သူမိန်းကလေးနာမည်နဲ့ မိတ်ဆက်လာလို့ မက်ဒါနာမျက်လုံးပြူးသွားတယ်။ 'ဘုရားရေ၊ ဒီဖားက ငါ့အတိုင်းအကုန်ကူးချနေတာပဲ။'

ပထမတော့ စိတ်တိုသွားပေမဲ့ နောက်တွေးကြည့်တော့ ပုံမှန်ပဲလို့ တွေးလိုက်တယ်။ မြူတန့်ဌာနစိတ်က ဖားလေးရဲ့မိန်းကလေးပုံစံကို မသိပေမဲ့ ဖားလေးရဲ့နာမည်အရင်းကိုတော့ သိနိုင်ကြပါ​သေးတယ်။ ဖားလေးက ဟီးရိုးအဖွဲ့ဝင်တစ်ယောက်မလို့ သူ့ဒေတာအချက်အလက်တွေကို ကမ္ဘာ့ဟီးရိုးအစည်းအရုံးမှာ မှတ်ပုံတင်ထားပြီး နယူးယောက်အစည်းအရုံးသစ်က အချိန်မရွေးတောင်းကြည့်နိုင်တယ်။ ဒါကြောင့် နာမည်တုရှိနေတာ ပုံမှန်ပဲ။

"အင်း၊ ညီမလေး ဘာဖြစ်လို့လဲ။" မက်ဒါနာကလည်း ခပ်တည်တည်နဲ့မေးလိုက်တယ်။ ဖားလေးက သူတို့ကို ဝဲလ်ဆင်တို့ ခြေရာခံလို့မရအောင် လမ်းဘေးဖုန်းကနေ ပြောနေမှန်းသိတယ်။ ဒီတော့ သဘာဝကျအောင် ရုပ်ရှင်ရိုက်ရမှာပဲ။

"သမီးနဲ့မမကြီးကယ်လစ်ဆို အပြင်ထွက်တုန်း ဟိုလူကြီးရဲ့အိမ်လိပ်စာရှာတွေ့ခဲ့တယ်။ အဲဒါအတူသွားဖို့ပြောပြတာ။"

မက်ဒါနာက ဖားလေးရဲ့စကားဝှက်ကို နားထောင်ပြီးတဲ့နောက် သေချင်စိတ်ပါ တစ်ခါတည်းပေါက်သွားတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ကို တတ်နိုင်သမျှ ဖော်ကြည့်ပြီး အေမီကိုစာရွက်တစ်ရွက်တောင်းကာ ချရေးကြည့်လိုက်တယ်။

'သူနဲ့မယ်လီ ပိုးကောင်သိုက်ကို ရှာတွေ့ပြီလို့ပြောတာလား။' မက်ဒါနာက မျက်မှောင်ကြုတ်လိုက်ပါတယ်။ အခုက ညဖက်ကြီးမလို့ သူတို့နားရမယ့်အချိန်လေ။

"ဟုတ်ပြီ၊ နင်တို့အိမ်ကိုပြန်ကြတော့။ အချိန်ပိုဆင်းမနေနဲ့တော့။ တော်ကြာ မတော်တရော်တွေနဲ့ တွေ့နေမှ။"

မက်ဒါနာက စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်ပြီး ဖုန်းချလိုက်တယ်။ တကယ်တော့ သူပြောလိုက်တာလဲ သဘာဝကျတယ်။ မယ်လီရော မိန်းကလေးပြောင်းထားတဲ့ ဖားလေးရောက ချစ်စရာလေးတွေပါ။ အိပ်ချိန်မရှိတဲ့ နယူးယောက်မြို့ကြီးမှာ ညဖက်ဆိုတာက အန္တရာယ်များတယ်။ မတော်လို့ အပျော်မက်တဲ့ မင်းသားလေးတွေက သူတို့ကို ညငှက်လေးတွေထင်ပြီး လာစနေရင် ဘယ်လိုလုပ်မလဲ။ မက်ဒါနာက ဖားလေးတို့အတွက် စိတ်မပူမိပေမဲ့ အဲဒီမအူမလည်တွေအတွက် စိတ်ပူမိတာ။ မယ်လီက သေချာပေါက် သူတို့ကို ရိုက်နှက်ပြီးမှ ပြန်လွှတ်မှာလေ။

ခေါင်းထဲက ပေါက်ကရအတွေးတွေကို ရှင်းပြီးတဲ့နောက်တော့ မက်ဒါနာက ဖုန်းနံပါတ်တချို့ကိုရိုက်လိုက်ပြီး တခြားတစ်ယောက်ကို လှမ်းခေါ်လိုက်ပါတယ်။ ခနနေတော့ တစ်ဖက်ကနေ ပြန်ဖြေသံထွက်လာပါတယ်။

"မက်ဒါနာရေ၊ ညနက်နေပြီလေ။ ငါအိပ်တော့မလို့ကို အိပ်ရေးပျက်အောင် နှောင့်ယှက်တာလား။ မိန်းကလေးတွေ အိပ်ရေးပျက်တာက အသားအရေအတွက်မကောင်းဘူးနော်။"

"အောင်မလေး၊ ဖလေရာရယ်။ နင့်လေသံက ငါ့အခန်းဘေးက အန်တီလေးအိုလီဗာနဲ့တောင် တူလာပြီ။ ငါက နင့်ကိုမနက်ဖြန် ငါနဲ့လိုက်မလားလို့ မေးမလို့။ နင့်ဝတ်စုံကို ငါအဆင့်မြှင့်ပေးပြီးပြီ။"

All Chapters