ပထမဆုံးနေ့
Vol. 4 Ch. 55
ဦးချိုကြီးရွာသည် ရေပင်လယ်ဂြိုလ်ရှိ စတင်ဇုန်များထဲမှ တစ်ခုဖြစ်သည်။
ဓါးရူး၏ သိစိတ်က တဖြည်းဖြည်း ချိန်ညှိပြီးသွားသောအခါ၊ ကုန်းပြင်မြင့်ကြီးတစ်ခုပေါ်တွင် ရပ်လျက်သား ရှိနေသည်ကို တွေ့ရသည်။ နေရောင်ခြည်၏ နွေးထွေးမှုနှင့် မြေသင်းနံ့များက တကယ့် အစစ်အမှန်လိုပင်။ သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သောအခါ၊ လက်အစစ်တစ်စုံနှင့် တူညီပြီး ခံစားမှုများကလည်း အစစ်အမှန်လို ဖြစ်နေသည်ကို အံ့ဩတကြီးဖြစ်နေ၏။
နေရာက သေးငယ်သော ကွင်းပြင်လေးတစ်ခုဖြစ်ပြီး၊ ပတ်ဝန်းကျင်တွင် ကစားသမား ရာနှင့်ချီ၍ ရှိနေသည်ကို ဓါးရူး သတိပြုမိသည်။ သူတို့ကလည်း သူတို့၏ ခန္ဓာကိုယ်ကို သိလိုစိတ်ပြင်းပြစွာ စစ်ဆေးကြည့်နေကြ၏။ ကစားသမားတစ်ယောက်ချင်းစီ၏ နာမည်က သူတို့၏ ခေါင်းပေါ်တွင် ပေါ်နေသည်။
ဇာတ်ကောင်ဖန်တီးစဉ်က ပြသခဲ့သည့် လမ်းညွှန်ချက်လေးအရ၊ ဓါးရူးသည် ဇာတ်ကောင်အချက်အလက်ဇယားကို ဖွင့်လိုက်သည်။ သူက အဆင့် ၁ ဖြစ်ကြောင်း ပြသနေပြီး၊ သူဝတ်ဆင်ထားသော ပုံမှန် ကိရိယာများဖြစ်သော အင်္ကျီ၊ ဘောင်းဘီနှင့် ဖိနပ်တို့ကိုလည်း ပြနေ၏။
"သေစမ်း၊ ငါအဝတ်တွေ ချွတ်လို့မရဘူးဟ။"
အနီးနားရှိ ကစားသမားတစ်ယောက်ကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ သူက သူ့ဘောင်းဘီကို ချွတ်နေရင်း မအောင်မြင်ပုံပေါ်သည်။
'မင်းက ဘာလုပ်ဖို့ ဘောင်းဘီချွတ်နေတာလဲဟ'
အထိတ်တလန့်ဖြစ်သွားသော ဓါးရူးက ဝေးဝေးနေတာကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
ဓါးရူးသည် ပရိုဂိမ်မာတစ်ယောက်ဖြစ်ပြီး၊ သိပ်နာမည်မကြီးလှပေ။ ပရိုဂိမ်မာဖြစ်ရန် ဆန္ဒပြင်းပြနေသူဟုပြောလျှင် ပို၍တိကျလိမ့်မည်။ သူက သိပ်မကြာခင်ကမှ စတင်ကစားခဲ့သူဖြစ်ရာ မည်သို့ပင်တွက်တွက် သူက လူသစ်တန်းလေးပင်။ သူက "Galaxy" ကို e-sport တွင် ဖြစ်လာနိုင်သည့် အလားအလာကြောင့် အစောကတည်းက အနီးကပ် စောင့်ကြည့်နေပြီး၊ beta test ကြေညာသည်နှင့် ချက်ချင်းပင် သူ့အဖွဲ့အစည်းကို နေရာတစ်ခု တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စောစောထသောငှက်သည် အစာစားရ၏ဟူသော ဆိုရိုးလည်းရှိ၏။ ဓါးရူးသည်လည်း ဤဂိမ်းအသစ်တွင် အောင်မြင်ရမည်ဟု ဆုံးဖြတ်ထားသည်။
စကားပြောသံများ လူအုပ်ကြား၌ ထွက်ပါ်လာသည်။
"ဒါက တကယ့်အစစ်အမှန်လိုပဲ။"
"ငါတို့ အခု ဘာလုပ်ရမှာလဲ။"
"အရိပ်အမြွက် တစ်ခုခုတွေ့လား။"
ရုတ်တရက် မုတ်ဆိတ်ဖြူနဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာဖြူ သက်ကြီးရွယ်အိုတစ်ဦးဟာ လူအုပ်ရှေ့မှာ ပေါ်လာပြီး “မင်းတို့ အပြင်လူတွေ အားလုံး၊ စားချင်ရင် အလုပ်ရှာပါ။ လတ်လျားလတ်လျား လုပ်နေတဲ့သူတွေကို ကျွန်ုပ်တို့ရွာက မနှစ်သက်ဘူး။ ကျွန်တော်တို့ လယ်တွေမှာ ကောက်ပဲသီးနှံတွေ ကောက်ဖို့ လိုတယ်၊ တောင်ဘက်မှာရှိတဲ့ ဆိုင်တွေမှာ အလုပ်သမားတွေ လိုအပ်တယ်။ မင်းအလုပ်ကြိုးစားရင် စားစရာရှိမယ်!”
ကစားသမားများ၏ သွေးအမှတ်တန်းဘေးတွင် 'ဆာလောင်ခြင်း' နှင့် 'ရေငတ်ခြင်း' ဘားတန်း ၂ခုရှိသည်။ သုညအမှတ်သို့ ရောက်သွားပါက၊ ကစားသမားအနေဖြင့် [ဆာလောင်ခြင်း] သို့မဟုတ် [ရေငတ်ခြင်း]ကို ခံစားရပြီး၊ သူတို့၏ သွေးအမှတ်များ လျော့ကျလာနိုင်သည်။
ဓါးရူးက လူအိုကြီးကို စစ်ဆေးလိုက်သည်။
_____________________
သင်၏ အဆင့်အရ၊ အောက်ပါ အချက်အလက်များ ရရှိနိုင်ပါသည်။
ဇန်ဒါ - ဦးချိုကြီးတောင်တန်းရွာ သူကြီး
အဆင့် ?
အချက်အလက် ?
[ငါက အခု မင်းတို့ရဲ့ ရွာသူကြီးပဲ။]
အန္တရာယ်အဆင့် : အလယ်အလတ်
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ကစားသမားများတွင် 'စစ်ဆေးခြင်း' ဆိုသည့် လုပ်ဆောင်ချက်တစ်ခု ပါရှိပြီး၊ ထိုလုပ်ဆောင်ချက်က NPC ၏ အမည်နှင့် အချက်အလက်များကို ရရှိစေနိုင်သည်။ သို့သော်၊ အချက်အလက်ရရှိနိုင်မှု ပမာဏသည် သူတို့၏ အဆင့်ကွာခြားချက် အပေါ်တွင် မူတည်နေသည်။
"လက်နက်အရောင်းဆိုင်တွေက သေနတ်တွေ၊ ကျည်ဆံတွေနဲ့ အခြားလက်နက်တွေ ရောင်းတယ်။ ဈေးထဲမှာတော့ ရေနဲ့ အစားအသောက်တွေရှိပြီးတော့၊ ခန်းမမှာ မင်းတို့ငှားပြီး နေလို့ရတယ်။ မင်းတို့ ထွက်သွားချင်ရင်၊ ဒီကနေ မြောက်ဘက် ၇ကီလိုမီတာ အကွာမှာ ဘူတာရုံရှိတယ်။ တကယ်လို့ လက်မှုပညာ သင်ချင်ရင်တော့၊ ပန်းပဲနဲ့ စက်ချုပ်တာက ရွေးချယ်မှုကောင်းတွေပဲ..."
ဇန်ဒါက ကစားသမားများကို ရှင်းပြနေသည်။ ဤနေရာတွင် အမျိုးအစားခွဲ အနည်းငယ်နှင့် တိုက်ခိုက်ရေးအမျိုးအစား တစ်ခုသာရှိသည်။ [စတင်သင်ယူသူ မုဆိုး] - ဤရွာတွင် ရရှိနိုင်ပြီး၊ သင်ယူရန်အတွက် ကုန်ကျစရိတ်ရှိမည် ဖြစ်သည်။
ဓါးရူးက မြေပုံကို ဖွင့်ကြည့်ရာ နေရာအတော်များများကို မြူခိုးများ ဖုံးကွယ်နေသည်။ သူ ဤဂြိုလ်ကို မစူးစမ်းမီ၊ ပထမဆုံး ပိုက်ဆံရှာထားဖို့ လိုပေမည်။
"အမဲလိုက်တဲ့ တောင်းဆိုချက်ကို တစ်ခါတည်း တန်းယူလို့ မရဘူးလား။"
ဓါးရူးက 'အကုန်သတ်'အဖွဲ့ခေါင်းဆောင် SliceYouUp ကို သတိပြုမိလိုက်သည်။ သူ့ (IGN - In game name) (ဂိမ်းထဲမှနာမည်)က သူ၏ ပင်ကိုယ်စရိုက်ကို ဖော်ပြနေသည်။
သူ့မေးခွန်းကို ကြားသောအခါ၊ ဇန်ဒါက ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တော့သည်။
"မင်းတို့လို အားနည်းတဲ့ကောင်လေးတွေက တောရိုင်းကောင်တွေနဲ့ ရင်ဆိုင်နိုင်မယ် ထင်လို့လား။ ဟိုးက တောင်တန်းတွေ တွေ့လား။ မင်းတို့ သေရမှာမကြောက်ရင်တော့ ကြိုက်တဲ့နည်းနဲ့ ကြိုးစားကြည့်လို့ရတယ်။ ဒါပေမယ့် ငါ့အထင်တော့ မင်းတို့ထဲက ဘယ်သူမှ ငွေရောင်ခွေးအလေးတစ်ကောင်ကိုတောင် ယှဉ်နိုင်လောက်အောင် မသန်မာသေးဘူး။"
ကစားသမားများက လူအိုကြီးညွှန်ပြသည့် အဝေးရှိတောင်တန်းများကို ကြည့်လိုက်ကြသည်။ အချို့တောင်များဆိုလျှင် အလွန်မြင့်မားလွန်းပြီး ပတ်လည်တွင် တိမ်တိုက်များသည် ရစ်ခွေနေသော ကြီးမားလှသည့် စပါးကြီးမြွေကဲ့သို့ ဝန်းရံနေသည်။ မြင်ကွင်းမှာ အသက်ရှူမှားလောက်အောင်ပင် လှပလွန်း၏။ ရုပ်ထွက်များမှာ အံ့ဩဖို့ကောင်းလောက်အောင် အသက်ဝင်လွန်းလှသည်။ "Galaxy" သည် သူ၏ပြိုင်ဘက်များထက် ရှေ့ရောက်နေသည်မှာ သိသာလွန်းလှ၏။
လူအိုကြီးပြောသည်ကို မယုံကြည်ဘဲ၊ SliceYouUp က သူ့အဖွဲ့သားများကို ခေါ်ပြီး ပစ္စည်းကိရိယာတစ်ချို့ဝယ်ကာ တောင်တန်းများဆီသို့ ထွက်သွားတော့သည်။
သူ့တို့ ပြန်ရောက်လာဖို့ကတော့ သိပ်မကြာလိုက်ပေ။
SliceYouUp မှာ အတော်ပင် တုန်လှုပ်နေသည်။ ပထမဆုံး သူတို့ရင်ဆိုင်တွေ့သည့် တောရိုင်းကောင်ကြီးမှာ လူကြီးတစ်ယောက်ထက် ပိုကြီးမားသည့် ဂေါ်ရီလာကြီးဖြစ်သည်။ သူက ဓါးမြောင်ကို မြောက်လိုက်သည်နှင့် ဂေါ်ရီလာကြီးက သူ့ချီးတုံးဖြင့် ပစ်ထည့်လိုက်သည်။ သူ့ခေါင်းမှာ ချီးတုံး ထိမှန်ပြီး ပေါက်ကွဲသွားလေသည်။ သု့မှာ အလန့်တကြားဖြင့် ပြန်လည် မွေးဖွားလာသည်။
(TL Note : မှန်ပါတယ်၊ တကယ်ကြီး ချီးတုံးပါ။ မှားဖတ်မိတာ မဟုတ်ပါဘူး 🤣)
'ဒီလိုကြောက်ဖို့ကောင်းတဲ့မျောက်က ဘယ်လိုကြောင့် ချီးတုံးနဲ့ ဘယ်လိုပေါက်ရမယ်ဆိုတာ သိနေတာလဲ။ အကုန်လုံးက အစစ်အမှန်လိုပဲ။"အကြောင်းကြောင်းကြောင့်၊ ပြန်မွေးဖွားပြီးသည့်တိုင် အနံ့ဆိုးကြီးက ရှိနေဆဲပင် ရှိသေးသည်။ ဂိမ်းရေးတဲ့သူတွေက ဒီအနံ့ကို ထည့်ထားပြီး ကျီစယ်ချင်တာပဲ ဖြစ်ရမယ်။
"WTF, ဒီမွန်းစတားကြီးတွေက စောက်ရမ်း မကြမ်းလွန်းဘူးလား။"
"သူတို့ အခွင့်အရေးတောင် မရလိုက်ဘူး။"
"သူဆို ထိခိုက်နိုင်မှု ၁မှတ်ပဲ လုပ်နိုင်လိုက်တယ်။"
"သေစမ်းကွာ၊ ငါခုပဲဝယ်လာတဲ့ဓါးက ကျခဲ့ပြီ။"
သေသည့်အခါ ဆုံးရှုံးရသည့် အတွေ့အကြုံအမှတ်က ဇာတ်ကောင်၏ အဆင့်ပေါ်တွင် မူတည်သည်။ ပြန်မွေးဖွားသည့် အချိန်ကလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုကြာလာသည်။ ပထမဆုံးသေခြင်းအတွက် ပြန်ရှင်ရန် ၁၀ စက္ကန့်သာ လိုအပ်သည်။ သို့သော်၊ ဒုတိယတစ်ခေါက်အတွက် ၁မိနစ်၊ တတိယအကြိမ်အတွက် ၅မိနစ်၊ စတုတ္ထအကြိမ်အတွက် နာရီဝက်၊ တဖြည်းဖြည်း တိုးသွားရင်း ၆ရက်ကြာသည်အထိ ဖြစ်နိုင်သည်။
သေခြင်းသည် “Galaxy” တွင် အလွန်တန်ဖိုးကြီး၏။ ဇာတ်ကောင်တိုင်းသည် တစ်ရက်တွင် ၁၀ကြိမ်သာ သေခွင့်ရှိသည် (ဂိမ်းထဲတွင် ၆ရက်)။ ကန့်သတ်ချက်သို့ ရောက်သွားပါက နောက်တစ်ရက်ရောက်သည်အထိ ဇာတ်ကောင်ကို လော့ချထားလိုက်တော့သည်။ ဤသည်မှာ အချို့သောမိုဘိုင်းဂိမ်းများ၏ 'ပင်ပန်းနွမ်းနယ်မှုစနစ်' ထက် ပိုမိုထိရောက်ကြောင်း သက်သေပြခဲ့သည့် ‘စွဲလမ်းမှုတိုက်ဖျက်ရေးစနစ်’ ဖြစ်သည်။
‘အကုန်သတ်’ အဖွဲ့၏ ဝမ်းနည်းစရာအခြေအနေက အခြားကစားသမားများကို အမဲလိုက်ဖို့ စဉ်းစားနေခြင်းမှ တားဆီးလိုက်သည်။ သူတို့က အလုပ်ရှာရန် လူစုခွဲလိုက်ကြ၏။
ဇန်ဒါက အုတ်အုတ်ကျက်ကျက်ဖြစ်နေသည်ကို စောင့်ကြည့်နေစဉ်တွင် သူသည် မုတ်ဆိတ်မွေးကို အပြုံးဖြင့် ပွတ်သပ်လိုက်သည်။
“ဆုလာဘ်က အရမ်းနည်းတာပဲ၊ ငါ ၅၀ပဲရတယ်။”
“အဆင့်တက်တာလည်း အရမ်းနှေးတယ်။ နာရီဝက်လောက်ကြတဲ့ တောင်းဆိုချက်ကို လုပ်ပြီးမှ အဆင့်တက်ဖို့ လုံလောက်တဲ့ အတွေ့အကြုံအမှတ်ကို ရတော့တယ်။”
“အားလုံးက အစစ်လိုပဲ ခံစားရတယ်။”
“ငါ့ကိုငါ စမ်းကြည့်တာ သွေးတွေ တကယ်ထွက်လာတယ်ဟ၊ အံ့ဩစရာပဲ”
“မင်းတစ်ခုခုကြောင်နေတာလား”
ကစားသမားတွေ ထင်မှတ်ထားသလို အစပိုင်းက မလွယ်ကူခဲ့ပေ။ အားလုံးအတွက် အခြေအနေများက မျှမျှတတပင် ဖြစ်သည်။ ထို့အပြင်၊ ကစားရသည်မှာလည်း သူတို့ကြိုက်ရာကို လုပ်နိုင်ရန် အလွန်လွတ်လပ်ခွင့် ပေးထားသည်။ ကစားသမားများက စနစ်၏တောင်းဆိုချက်များကို ဆောင်ရွက်ကြသည့်အချိန်တွင်၊ အများစုမှာ ကစားရသည်ကို ပျော်ရွှင်လာကြ၏။ စနစ်၏တောင်းဆိုချက်များမှာ ပင်ပန်းသော်လည်း ကျေနပ်စရာကောင်းနေသည်။
‘ဒီနေ့က ပျော်ဖို့ကောင်းတဲ့နေ့ပဲ’
...
“မင်းလည်း ပရိုဂိမ်မာပဲ မဟုတ်လား။”
ဓါးရူးက သူ့ဆီသို့ လျှောက်လာကြသည့် လူ၃ယောက်ကို သတိပြုမိသည်။ သူတို့က နာမည်ကြီး ပရိုများပင်။ Twinkle Fried Rice သည် သူ၏ ယန္တရားပညာကြောင့် ချီးကျူးခံရသည့် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်သည်။ Sleepy Winter မှာ e-sports မှ သက်တမ်းရင့် ကစားသမားတစ်ဦး ဖြစ်သည်။ Rainy Kim သည်လည်း အားပေးသူ ဖန်ပေါင်း ၁၀သန်းခန့်ရှိသည့် အမျိုးသမီးအိုင်ဒေါ တစ်ယောက်ဖြစ်သည်။
ဤကဲ့သို့ ဂိမ်းလောကမှ နတ်ဘုရားကြီးများနှင့် တွေ့ဆုံရသည်တွင်၊ ဓါးရူးမှာ အနည်းငယ် သိမ်ငယ်သွားသလိုပင်။
“ကိစ္စတစ်ခုခု ရှိလို့လား။”
Sleepy Winter က ရယ်လိုက်ပြီး၊ ပြန်ပြောသည်။ “မြို့ထဲမှာ ရောင်းတဲ့ မြေပုံက ဒေါ်လာ ၃၀၀၀ ကျသင့်တယ်ဆိုတာ မင်းသိလားလို့ သိချင်လို့ပါ။”
အခန်း (၅၅) ပြီး၏။
လင်းဆက်
+++++