ဂိုဏ်းအပြင်သို့
Vol. 16 Ch. 221
ဟန်မူယဲ့က ခပ်ဟဟရယ်သည်။ သူ့မျက်လုံးထဲတွင် တခြားလူများ တိုက်ရိုက်မကြည့်နိုင်သော အစွမ်းတစ်မျိုး ရှိနေ၏။
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကျုပ်ကို အကွက်ချနိုင်တဲ့လူ သိပ်မရှိပါဘူး”
ပိုင်စုကျန်းက သူ့ကိုကြည့်လိုက်ပြီး ဘာမှမပြောတော့ပေ။
ဟန်မူယဲ့က လိမ်ညာပြီးပြောနေခြင်းမဟုတ်ကြောင်း သူမ နားလည်သည်။
တိမ်မြုံကမ်းပါးတိုက်ပွဲတွင် ထူစွန်းရှစ်နှင့် ဟန်မူယဲ့တို့ အတူပူးပေါင်းပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်များကို ခွေးများသဖွယ် သတ်ဖြတ်ခဲ့သည်။
ထိုအတွေ့အကြုံများအပြီးတွင် သူ့ဉာဏ်ပညာနှင့် သန်မာမှုတို့မှာ များစွာ တိုးတက်လာ၏။
ဓားစံအိမ်၏ ဓားထိန်းကို ပုံမှန်အမြင်တို့ဖြင့် မကြည့်သင့်ပေ။
“စီနီယာအစ်ကိုဟန်… အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ တောင်ဘက်ကုန်းမြေတို့ သင့်မြတ်သွားဖို့ ဖြစ်နိုင်လား”
ပိုင်စုကျန်းက ထွက်မသွားခင်မှာ ရုတ်တရက်မေးသည်။
ဟန်မူယဲ့ မဖြေခင်မှာ သူမ ထွက်သွားပြီ ဖြစ်သည်။
ပိုင်စုကျန်း၏ နောက်ကျောကို ကြည့်လိုက်ပြီး ဟန်မူယဲ့က မျက်တောင်ပင့်လိုက်သည်။
ပိုင်စုကျန်းက အကြောင်းအရင်းမရှိဘဲ မေးမည် မဟုတ်ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် တောင်ဘက်ကုန်းမြေနှင့် သင့်မြတ်အောင်လုပ်ရန် အရည်အချင်းပြည့်မီသူ နှစ်ဦးသာ ရှိသည်။
မျက်နှာတစ်ထောင်သူတော်စင်နှင့် ရှန့်ယန်မိစ္ဆာဂိုဏ်းခေါင်းဆောင် လီမူပိုင် ဖြစ်သည်။
လင်တောက်ဂိုဏ်း၏ မျက်နှာတစ်ထောင်သူတော်စင်သည် တံခါးပိတ်ကျင့်ကြံနေသောကြောင့် လီပူပိုင်တစ်ယောက်သာ ကျန်ရစ်သည်။
လီမူပိုင်အတွက် တောင်ဘက်ကုန်းမြေနှင့် သဘောတူညီချက်ရခြင်းက အသေခံ တိုက်ခိုက်ခြင်းထက် ပို၍ အကျိုးများသည်။
ထို့အပြင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူအများစုသည် တောင်ပိုင်းကုန်းမြေနှင့် သင့်မြတ်ခြင်းကို ဆန့်ကျင့်မည် မဟုတ်ပေ။
အဆုံးသတ်တွင်တော့ အရာအားလုံးမှာ အကျိုးအမြတ်အတွက်သာ ဖြစ်သည်။
သို့ပေမဲ့ လူတချို့ကတော့ ဘာမှမဟုတ်ဘဲ သေသွားရသည်။
ဟန်မူယဲ့က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဓားစံအိမ်ထံသို့ လျှောက်လာသည်။
သူ့တွင် ထူစွန်းရှစ်၏ စွမ်းရည်မျိုးမရှိဘဲ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကိစ္စရပ်များကို မဆုံးဖြတ်နိုင်ပါ။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားကျင့်ကြံသူများကို သူ့ဆီ အပ်ထားခဲ့သည်ဟု ထူစွန်းရှစ်က ပြောသည်။
သူကလည်း သဘောတူသည်။
ထို့ကြောင့် သူ အလိုလျောက် ဝင်ပါလာရ၏။
‘ငါတို့ တွေ့လာမှာပါ’
....
ရေကန်ဘေးအဆောက်အအုံတွင်…။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဆေးခန်းဆောင်အကြီးအကဲ စုလျန့် နေထိုင်သည်။
ထိုနေရာ၌ အကြီးအကဲစုလျန့်၊ အမျိုးသမီးကျင့်ကြံသူ ကျင်းယွမ်၊ ဆေးခန်းဆောင်အကြီးအကဲ စွန်းစဲနှင့် ကျန်းမင်တို့ ရှိနေသည်။
အလယ်တွင် ဟန်မူယဲ့ထိုင်နေသည်။
တိမ်မြုံကမ်းပါးမှ ဟန်မူယဲ့ ပြန်လာပြီး တစ်နှစ်ကြာမြင့်သွားပြီ ဖြစ်သည်။
ထိုတစ်နှစ်အတွင်းတွင် သူသည် အချိန်အများစုကို ဓားစံအိမ်ထဲတွင် ကျင့်ကြံနေ၏။
ယနေ့တွင်တော့ သူ့ကို ဆေးလုံးဖော်စပ်ရန်အတွက် ဖိတ်ခေါ်ထားကြသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပတ်လည်တွင် ဓားအလင်းများရစ်ပတ်နေပြီး သူ့လက်ချောင်းများကြားတွင် ဓားချီများ ပြန့်ကျဲလျက် ရှေ့တွင် ရှိနေသော သုံးချောင်းထောက်ဆေးပေါင်းဖိုထဲသို့ ကျသွားသည်။
ဆေးပေါင်းဖိုသည် တုန်ခါသွားပြီး ဆေးစွမ်းအားမှာ တိမ်ခိုးများအဖြစ် ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်တွင် ရှိနေသောလူများမှာ အသက်ပြင်းပြင်း မရှူရဲကြပေ။ သူတို့က ဆေးပေါင်းဖိုနှင့် ဆေးလုံးဖော်စပ်နေသော ဟန်မူယဲ့ကို အသေအချာ ကြည့်နေကြ၏။
သူသည် သွေးကြောဖွင့်ဆေးလုံးများကို ဖော်စပ်နေခြင်း ဖြစ်သည်။
ထိုဆေးလုံးများသည် သာမန်မဟုတ်ဘဲ အင်မော်တယ်အဆင့် သွေးကြောဖွင့်ဆေးလုံးများ ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးတွင် ဟန်မူယဲ့တစ်ယောက်သာ ထိုဆေးလုံးမျိုးကို ဖော်စပ်နိုင်၏။
ဤဆေးလုံးများကို ဖော်စပ်ရန်အတွက် ဂိုဏ်းက ဟန်မူယဲ့ကို အထူးတလည် တောင်းဆိုထားခြင်း ဖြစ်သည်။
ယွမ်ထိုက်တာအိုဂိုဏ်း၏ သခင်လေးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကိုယ်တိုင်ရောက်လာပြီး ဂိုဏ်းခေါင်းဆောင်ကျင်းကျီနှင့် သီးသန့်ဆွေးနွေးသည်။ သူက ပထမဇနီးနှင့် သားအတွက် အင်မော်တယ်အဆင့် သွေးကြောဖွင့်ဆေးလုံးများ လိုချင်သည်ဟု တောင်းဆို၏။
တောင်ပိုင်းကုန်းမြေ၏ တိုက်ခိုက်မှုကြောင့် ယွမ်ထိုက်တာအိုဂိုဏ်းသည် အပျက်အစီးများနေသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မဟာဂိုဏ်းကြီး ကိုးဂိုဏ်းထဲမှာ ထိုဂိုဏ်း၏အနေအထားမှာ မတည်မငြိမ် ဖြစ်လာသည်။
တိုက်ဆိုင်စွာဖြင့် ကျင့်ရှန်းဓားဂိုဏ်းခေါင်းဆောင် ကျန်းချန်သည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာသောကြောင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ လျှို့ဝှက်စွာဖြင့် မဟာမိတ်များရှာဖွေနေရသည်။
ထိုအင်အားစုနှစ်ခုသည် ချက်ချင်းဆိုသလို ပူးပေါင်းရန် ဖြစ်လာ၏။
ရေအမျိုးအစား အင်မော်တယ်အဆင့် သွေးကြောဖွင့်ဆေးလုံးများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ စိတ်ရင်းစေတနာ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံးရှစ်သိန်း၊ ဝိညာဉ်ဆေးပင်သုံးဖုံစာ။
ထိုအရာက ဟန်မူယဲ့ကိုပေးခဲ့သော ဂိုဏ်း၏ နစ်နာကြေး ဖြစ်သည်။
ပိုင်စုကျန်း၏ ဝိညာဉ်ကျောက်တုံးသုံးသန်းနှင့် ယှဉ်လိုက်လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အတော်လေးကပ်စေးနှဲ၏။
သို့ပေမဲ့ ဟန်မူယဲ့က ပိုလျှံမည့် ဆေးနှစ်ဖုံကို ပိုပြီးတန်ဖိုးထားသည်။
ထိုအရာက သူ့အတွက် အမြတ် ဖြစ်သည်။
အင်မော်တယ်အဆင့်သွေးကြောဖွင့်ဆေးလုံးကို လွန်ခဲ့သောသုံးလက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းတစ်ဂိုဏ်းတွင် ရှိသော လူတစ်ယောက် သောက်သုံးခဲ့သည်။
ထိုဆေးလုံးကို သုံးခဲ့သောသခင်လေးသည် ကမ္ဘာမြေအဆင့်သို့ တည်ငြိမ်စွာ ရောက်သွားသည့်အပြင် ဆေးစွမ်းအင်များကိုအသုံးချ၍ နောက်ထပ် ဝိညာဉ်သွေးကြောကို ပိုမိုသန်မာစေခဲ့သည်။
ပုံမှန်ဟု သတ်မှတ်ရမည့် သူ့ပါရမီမှာ ချက်ချင်း ထိပ်တန်းအဆင့်သို့ ရောက်သွားသည်။
ကမ္ဘာမြေအဆင့်သို့ ရောက်သွားပြီး ကိုယ်ပိုင်ပါရမီကို တိုးမြှင့်နိုင်ခြင်းက ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။
သွေးကြောဖွင့်ဆေးလုံးသည် လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်သော စွမ်းရည် ရှိသည်။
ထိုဖြစ်ရပ်ကို ဂိုဏ်းအများအပြားသိသွားကြပြီး ဝယ်ယူလိုသူ များပြားလှသဖြင့် ပိုင်မိသားစု၏ ဈေးဆိုင်များ ပြားကပ်လုနီးပါး ဖြစ်သွားသည်။
အင်အားကြီးဂိုဏ်းများအတွက် ဝိညာဉ်ကျောက်တုံး သုံးသန်း ငါးသန့်ခန့်ကို ထုတ်ပေးရန် အခက်အခဲမရှိပေ။
သူတို့သည် ပါရမီရှိသော လူငယ်မျိုးဆက်ကို ပျိုးထောင်ပေးနိုင်ပါက ထိုမျှတန်ကြေးပမာဏမှာ ထိုက်တန်သည်။
ဝိညာဉ်ကျောက်တုံးများသည် အသုံးချရန် ပစ္စည်းတစ်ခုသာဖြစ်သည်။ ပါရမီရှိသောလူငယ်မှာ အနာဂတ်အတွက် အလွန် အရေးပါသည်။
အထူးသဖြင့် ယခုအချိန်သည် အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် တောင်ဘက်ကုန်းမြေတို့အကြား ဆက်တိုက် စစ်ပွဲ ဖြစ်နေသည်။
ကံမကောင်းစွာဖြင့် ပိုင်စုကျန်းတွင် အင်မော်တယ်အဆင့် သွေးကြောဖွင့်ဆေးလုံးများ အများအပြားမရှိပေ။
ဟန်မူယဲ့သည် တိမ်မြုံကမ်းပါးမှ ပြန်လာပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် နေထိုင်ခဲ့သောတစ်နှစ်အတွင်းမှာ ဆေးလုံးများ မကြာခဏ ဖော်စပ်ခြင်း မပြုပေ။
သူသည် ဆေးလုံးအများစုကို ကိုယ်တိုင်သုံးစွဲသေးသည်။ ဂိုဏ်းက ဆေးလုံးအချို့အား လဲလှယ်သည်။ ကျန်သော ဆေးလုံးများသည်သာ ပိုင်စုကျန်းဆီသို့ ရောက်ရှိ၏။
ဟန်မူယဲ့က အမျိုးသမီးများကို စိတ်ဝင်စားပုံ မပေါ်သောကြောင့် မဟုတ်လျှင် ပိုင်စုကျန်းသည် သူမ၏ ဆွဲဆောင်မှုကို အသုံးချပြီး ဆေးလုံးများပိုမိုဖော်စပ်ပေးရန် တောင်းဆိုပေလိမ့်မည်။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က ရွှေမျိုးဆက်ကျောက်တုံးတစ်တုံးအား ထုတ်ယူ မျှဝေပေးခြင်းက ပိုင်စုကျန်းအား ကြီးမားသော အကျိုးအမြတ်များ ရစေသောကြောင့် သူမ၏ စိတ်ခံစားချက်များ အထူးကောင်းမွန်နေသည်။
ဆေးပေါင်းဖိုသည် တုန်ခါလာပြီး ဓားချီများ ပျောက်ကွယ်သွားသည်။ အစိမ်းရောင်ဆေးလုံးတစ်လုံး ချက်ချင်းခုန်ထွက်လာပြီး အဆောက်အအုံထဲမှ ထွက်ပြေးရန် ကြိုးစားကြ၏။
ဟန်မူယဲ့က လက်မြှောက်ကာ အင်္ကျီလက်ကိုဝှေ့ယမ်းလျက် ဆေးလုံးကို ဖမ်းလိုက်သည်။
စွန်းစဲက ဝမ်းသာအားရဖြင့် ဆေးလုံးကို သိမ်းဆည်းလိုက်သည်။
“မင်းရဲ့အာခီမီကျွမ်းကျင်မှုက တကယ့်ကိုအံ့အားသင့်စရာပဲ ....”
စွန်းစဲက ဟန်မူယဲ့ကို ကြည့်ပြီး သက်ပြင်းချသည်။
သူသည် ဟန်မူယဲ့ ဆေးဖော်စပ်သည်ကို အကြိမ်အနည်းငယ် ကြုံတွေ့ဖူးပြီး အကြိမ်တိုင်း ထိုစကားကို ထုတ်ပြောရသည်။
ကျန်းမင်က ခေါင်းခါပြီး ရေရွတ်သည်။
“သူဆေးဖော်တာကို ကြည့်လေလေ ပိုပြီးစိတ်ဓာတ်ကျလာလေပဲ”
သူလည်း နောက်လှည့်ထွက်သွားသည်။
သူသည် ဆေးလုံးဖော်စပ်နေသော ဟန်မူယဲ့ကို မကြည့်ချင်ပေ။
ထိုဖြစ်ရပ်မျိုးက ကျင့်ကြံသူတစ်ယောက်၏ စိတ်ဓာတ်ကို အတော်လေး ထိခိုက်စေသည်။
ကျင်းယွမ်သည် ဂါဝန်စကို မလိုက်ပြီး သူ့ကို ပြန်လိုက်ပို့သည်။
ထွက်ခွာသွားသော သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး အကြီးအကဲစုလျန့်က ခါးသီးစွာပြုံးလျှက် ခေါင်းခါသည်။
“ဟန်မူယဲ့… နင့်ဓားစံအိမ်က ငါ့ဆေးခန်းမရဲ့တပည့်တွေကို ခိုးယူသွားတော့မှာလား”
ဟန်မူယဲ့က ဆေးပေါင်းဖိုကိုသိမ်းပြီး စားပွဲရှည်ပေါ်မှာ ဝိညာဉ်ဆေးပင်အမျိုးမျိုးကို နေရာချသည်။ ထို့နောက် သူကပြောသည်။
“အကြီးအကဲက ခိုးယူတယ်လို့ ဘာလို့ပြောတာလဲ”
“ဒါက ကိုယ်ပိုင်စွမ်းရည်အပေါ်မှာ မူတည်တာမဟုတ်လား”
“ကျွန်တော် ဓားစံအိမ်ကိုပြန်သွားပြီး ဆေးခန်းဆောင်မှာ ဆေးလုံးမဖော်စပ်နိုင်အောင် ကျန်းမင်ကို အကျယ်ချုပ်ချလိုက်ရမလား”
စုလျန့်က သူ့ကို ဒေါသတကြီးစိုက်ကြည့်သည်။ ဆေးခန်းဆောင်အကြီးအကဲစွန်းစဲက ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။
“ဒါက အဆင်ပြေပါတယ်။ အဆင်ပြေတယ်။ ကောင်းတဲ့ကိစ္စပဲ”
‘မင်းတို့ဓားစံအိမ်မှာ ပါရမီရှင်တွေအများကြီးရှိတယ်။ ငါတို့ဆေးခန်းဆောင်နဲ့ဆိုရင် သန်မာတဲ့မဟာမိတ်တွေလို့ ယူဆနိုင်တယ်”
ထို့နောက် သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အဓိပ္ပာယ်များဖြင့် ပြောသည်။
“ငါတို့ဆေးခန်းဆောင်က မင်းကို အတော်လေးမျှော်လင့်ထားတယ်”
‘အတော်လေးမျှော်လင့်ထားတာလား’
ဟန်မူယဲ့က ရယ်ချင်သွားသည်။
‘ဂိုဏ်းခေါင်းဆောင်ရာထူးလား’
‘နှစ်ပေါင်းများစွာကြာရင်တောင် ဖြစ်မလာနိုင်တဲ့ကိစ္စကို ငါဂရုစိုက်မယ်လို့ ထင်နေတာလား’
‘ပြီးတော့ မဟာမိတ်က ဘာကိုဆိုလိုချင်တာလဲ’
‘အရင်းအမြစ် မလုံလောက်တဲ့ဆေးခန်းဆောင်ကို ဘယ်သူကစိတ်ဝင်စားမှာလဲ’
‘သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ်’
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး သူ့ပစ္စည်းများကို သိမ်းသည်။ ထို့နောက် ဆေးခန်းဆောင်မှ ထွက်လာပြီး အံ့ဖွယ်ကိုးပါးတောင်ထိပ်သို့ သွားလိုက်သည်။
ထို့ပါ့ချန်သည် ခန်းဆောင်ထဲမှာ ဂိုဏ်းကိစ္စများဖြေရှင်းနေသည်ဟု တပည့်တစ်ယောက်က သတင်းပို့လာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကျင်းကျီသည် တစ်ခါတလေတွင်သာ ပေါ်လာတတ်သည်။ ထို့ပါ့ချန်က ဂိုဏ်းကိစ္စများကို တာဝန်ယူထားရ၏။
ထို့ပါ့ချန်သည် ဗလတောင့်ပြီး ဉာဏ်မရှိပုံပေါ်သော်လည်း ရက်စက်ပြီး ဉာဏ်များသူတစ်ယောက် ဖြစ်သည်။
ဆယ်နှစ်ကြာအောင် တိတ်ဆိတ်စွာတံခါးပိတ်ကာ ဓားမာန်ဟုန်ကို လေ့ကျင့်နေသော ရက်စက်သည့်လူတစ်ယောက် ဖြစ်သည်။
“ဆရာဟန်၊ ဘာကိစ္စများရှိလို့လဲ”
ဟန်မူယဲ့ကိုမြင်လိုက်ရသောအခါတွင် ထို့ပါ့ချန်က ခပ်ဟဟရယ်သည်။
“ဒီရက်ပိုင်းမှာ ဘာရတနာတွေရခဲ့လဲ”
ဓားစံအိမ်မှ လျှိုဟုန်အကြောင်းကို သူ သိထားသည်။
သူ့ကျင့်ကြံဆင့်သည် နိမ့်ကျသော်လည်း ပစ္စည်းများကိုအကဲဖြတ်သောနေရာတွင် အထင်ကြီးစရာ ကောင်းသည်။
သူသည် ရတနာခန်းဆောင်၏ အမှိုက်များကို လဲယူပြီး ဓားစံအိမ်သို့ ပြန်ယူလာတတ်သည်။ ထိုအမှိုက်များသည် ထူးခြားသောရတနာများ ဖြစ်ကြသည်။
ထိုဖြစ်ရပ်ကြောင့် ဂိုဏ်းက လျှိုချွမ်ရီကိုပင် စစ်ဆေးကြည့်ကြသည်။ ထိုမြေးအဘိုးနှစ်ယောက် ပူးပေါင်း၍ ဂိုဏ်းကိုလှည့်စားခဲ့သည်ဟု သူတို့ သံသယရှိလာကြသည်။
နောက်ပိုင်းမှာ လျှိုဟုန်သည် ရတနာစံအိမ်တွင် ပစ္စည်းများ လဲလှယ်သောအခါတွင် ထို့ပါ့ချန်ကို သတင်းပို့ရသည်။ သို့သော်လည်း ဟန်မူယဲ့ ပေါ်လာသည့်နောက်တွင်တော့ ထို့ပါ့ချန်သည်လည်း အလျော့ပေးလိုက်ရ၏။
ဟန်မူယဲ့၏ အင်မော်တယ်အဆင့်ဆေးလုံးများကို ထို့ပါ့ချန်သည် အကျိုးဆောင်အမှတ်များ၊ ရတနာစံအိမ်၏ ပစ္စည်းများနှင့် လဲလှယ်ပြီး အသုံးပြုနေရ၏။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အသံတိုးတိုးနဲ့ပြောသည်။
“ယွမ်ထိုက်ဂိုဏ်းရဲ့သခင်လေးက ဘယ်အချိန်မှာ ထွက်သွားမှာလဲ။ ကျွန်တော် တစ်ခုခုလုပ်စရာရှိလို့ သူနှင့်အတူ ဂိုဏ်းပြင်ကို လိုက်သွားရမယ်”
‘ဂိုဏ်းပြင်ကို သွားမှာလား’
ထို့ပါ့ချန်က မျက်မှောင်ကြုတ်သည်။
ဟန်မူယဲ့၏ ဓားအင်မောင်တယ် ဆိုသော လက်ရှိဂုဏ်သတင်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်မျိုးဆက်သစ်ထဲတွင် နံပတ်တစ်ဖြစ်သည်။
ယခုနှစ်မှာ လူထောင်ပေါင်းများစွာက ဟွမ်လောင်လျှိုနှင့် ဟန်မူယဲ့တို့၏ ဂုဏ်သတင်းကြောင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဝင်ရောက်လာကြသည်။
ထိုလူများအားလုံးသည် ပါရမီကောင်းကြသည်။
၎င်းသည် ကျင့်ကြံခြင်းလောက ဖြစ်သည်။
ဂုဏ်သတင်းက အရေးကြီးသည်။
လက်ရှိတွင် ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် အလွန်အရေးပါသည်။
သူ့လုံခြုံရေးက ဂိုဏ်း၏အနာဂတ်နှင့် သက်ဆိုင်၏။