← Chapters

တောင်းဆိုချက်များ၏ ဆုလာဘ် အပြင်အဆင်များ

Vol. 4 Ch. 57

တောင်းဆိုချက်များ၏ ဆုလာဘ် အပြင်အဆင်များ

Vol. 4 Ch. 57

"သေစေနိုင်သော အန္တရာယ်"

ဓါးရူး တံတွေးမြိုချမိလိုက်သည်။ လက်နက်ကိုင်ဆောင်ထားသော လုံခြုံရေးအစောင့်များပင် 'မြင့်မားသော အန္တရာယ်အဆင့်' သာ ရှိသည်။ ဒါက သူ့ရဲ့ အန္တရာယ်အများဆုံး တွေ့ဆုံမှုပင်။ ??? တွေအပြည့်နဲ့ ဒီလူက ဘယ်သူများလဲ။

"မြို့ထဲမှာက လုံခြုံတယ် မဟုတ်ဘူးလား။ ဒီနေ့က ငါပထမဆုံး သေမယ့်နေ့များလား။"

ရုတ်တရက် ထိုလူက စကားပြောသည်။

"တွေ့တွေ့ချင်း လူကို စစ်ဆေးလိုက်တာလား။ ဒါက သိပ်တော့ မယဉ်ကျေးဘူးနော်။"

ဓါးရူး ထိတ်လန့်သွားသည်။

တရားဝင် အချက်အလက်များအရ၊ ကစားသမားတစ်ဦးထက် အဆင့် ၃၀ပို၍မြင့်လျှင် NPC က သူ့ကို 'စစ်ဆေးခြင်း' ပြုလုပ်သည့်အခါ သိနိုင်သည်။

ဟန်ရှောင်းက သူ့ဖာသာ ကြိတ်၍ ရယ်လိုက်သည်။ သူက ဓါးရူး ဘာလုပ်မည်ကို ရိုးရိုးလေးပင် ခန့်မှန်းနိုင်သည်။

Beta test အကြောင်း သိပြီးနောက်၊ ဟန်ရှောင်းက သူ့အနီးနားရှိ စတင်ဇုန်များကို မှတ်သားထားသည်။ အနီးဆုံးတစ်ခုမှာ ဦးချိုကြီးတောင်တန်းရွာပင် ဖြစ်သည်။ ၃ရက်ခရီးသာ ဖြစ်သော်လည်း ဂျာမီနယ်အဖွဲ့အစည်းက သူ့ကို ရှာနေသည့်အတွက် ဟန်ရှောင်းက အနောက်ပိုင်းမြို့တော်မှ မထွက်ခွါခဲ့ပေ။

ဖိုရမ်ထဲရှိ စာပေါင်းများစွာကို လိုက်လံဖတ်ရှုနေရင်း၊ Sleepy Winter ရေးထားသည့် စာတစ်စောင်ကို တွေ့သွားသည်။ ထိုစာက စူးစမ်းရှာဖွေခြင်း၏ အကျိုးကျေးဇူးများ အကြောင်း ဖြစ်သည်။

ဟန်ရှောင်းက Sleepy Winterက ဘယ်သူလဲဆိုတာ သိ၏ - ဒဏ္ဍာရီလာ ပရိုဂိမ်မာတစ်ယောက်ဖြစ်ပြီး ဖိုရမ်များတွင် တက်တက်ကြွကြွရှိသူဖြစ်သည်။ သူက မဟာဗျူဟာများ ဆွေးနွေးခြင်းနှင့် လမ်းညွှန်ချက်များ ဖန်တီးခြင်းတို့ကို နှစ်သက်၏။ သူက လူကောင်းတစ်ယောက်ဖြစ်ပြီး ရုပ်ရည်လည်း ချောမောသောကြောင့် သဘာဝကျကျပင် ပရိတ်သတ်ပေါင်းများစွာလည်း ရှိနေ၏။ တရုတ်ဆာဗာတွင်၊ သူ၏ အဆင့်မှာ အမြဲတမ်း အဆင့်၃၀အတွင်း ဝင်၏။ ဟန်ရှောင်းကိုယ်တိုင်မှာ အမြင့်ဆုံး ၄၇ အထိသာ ရောက်ရှိခဲ့ပြီး၊ အချိန်တစ်ချို့တွင် အဆင့် ၁၀၀ အပြင်သို့ပင် ရောက်သွားသေးသည်။ သူသင်ယူခဲ့ရသည့် သင်ခန်းစာကတော့ (အောင်မြင်လိုလျှင်) မိန်းကလေးများနှင့် ဝေးဝေးနေရန်ပင်ဖြစ်သည်။

{TL Note : MC က ဒီအတိုင်းဆို FA ဖြစ်တော့မှာလား မသိဘူး 🙄)

တစ်ခါတုန်း၊ သူ့အတွေးများနှင့် ပက်သက်ပြီး သူနေထိုင်ခဲ့ရာ တိုက်ခန်းအောက်မှ ၂၈နှစ်အရွယ် စတိုးဆိုင်ပိုင်ရှင်ကို ပြောပြခဲ့သည်။ ဟန်ရှောင်းနှင့် ရင်းနှီးနေသည့်သူက သူ့ကို ရယ်မောခဲ့ပြီး

"ပုံပြင်ကောင်း တစ်ခုဘဲ ဘရို၊ ဒါပေမယ့် ငါကတော့ မိန်းကလေး တစ်ယောက်ပဲ လိုချင်တယ်။" သူက ပြော၏။

ဟန်ရှောင်းက ဘယ်လိုပြန်ပြောလဲဆိုတော့ "ဒါပေမယ့် ဘယ်မိန်းကလေးက မင်းကို လိုချင်မှာလဲ။"

အဲဒီနေ့ကစပြီး အဲဒီဆိုင်မှာ သူ့အတွက် အထူးလျှော့ဈေး မရတော့ပေ။

အဆင့်သတ်မှတ်ချက်တွေက တိုက်ခိုက်ရေးတစ်ခုတည်းကိုသာ အခြေခံထားခြင်း မဟုတ်ပေ။ "Galaxy" တွင် တိုက်ခိုက်ခြင်းအပြင် အခြားပြိုင်ပွဲများလည်း ရှိ၏။ ရတနာ ရှာဖွေခြင်းမှသည် မွန်းစတားများ သတ်ဖြတ်ခြင်း၊ ထို့ပြင် အပြေးပြိုင်ပွဲတောင် ရှိသေးသည်။ ဟန်ရှောင်းက အခြားကစားသမားများထံမှ လက်စားချေသည့်အလုပ်ကို တာဝန်ယူခဲ့သည့်အခါ၊ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အတော်ပင် အရောင်တင်ပြီးသား ဖြစ်သည်။ ကံမကောင်းစွာဖြင့်၊ ဟန်ရှောင်းက အချို့နေရာများတွင် လိုအပ်မှုများရှိ၏။ ဥပမာ စကားနိုင်လုပြောတာလိုမျိုး။ သူအဲဒါကို လေ့ကျင့်ရန် ဘယ်တော့မှ မမေ့ပေ။

ထိုစာကို ဖတ်ပြီးနောက်၊ အနောက်ပိုင်းမြို့တော်သို့ ကစားသမားတစ်ချို့ ရောက်လာနိုင်ကြောင်း ဟန်ရှောင်း မှန်းဆနိုင်သွားသည်။ ထို့ကြောင့်၊ လွန်ခဲ့သည့်ရက်များအတွင်း မြို့တော်ဝင်ပေါက်သို့ စောင့်ကြည့်နေခဲ့သည်။ ဟန်ရှောင်းက သူတို့ ၄ယောက်ကို အလွယ်တကူ ရှာဖွေနိုင်ခဲ့ခြင်းမှာ သူတို့ခေါင်းပေါ်ရှိ ထင်ရှားစွာရှိနေသော နာမည်များကြောင့်ပင်ဖြစ်သည်။ ဟန်ရှောင်းအံ့ဩရသည်က သူတို့ထဲက ၃ယောက်မှာ လူသိများသူများ ဖြစ်ကြသည်။

သူတို့၏ နာမည်များကို မြင်ရသည့်အကြောင်းရင်းက သူ့တွင် ဂိမ်းမျက်နှာပြင် ရှိနေတာကြောင့်လားဆိုတာတော့ ဟန်ရှောင်း သိပ်မသေချာပေ။

သို့ပေမယ့်လည်း၊ ဒါက ကောင်းတဲ့အချက်‌ပင်။ ကစားသမားများကလည်း NPC ၏ နာမည်ကို မြင်ရသကဲ့သို့ ဟန်ရှောင်းလည်း သူတို့ကို မြင်မြင်ချင်း သတိပြုမိနိုင်သည်။ကစားသမားတွေနှင့် တိုက်ရိုက်ဆက်သွယ်ရသည့် ရည်ရွယ်ချက်မှာ သူ၏ NPC လုပ်ဆောင်ချက်များကို စမ်းသပ်ရန်ဖြစ်သည်။"ရဲရင့်သော စွန့်စားသွားလာသူ၊ ငါ့ကို ကူညီပေးဖို့ မင်းမှာ အချိန်ရှိလား။"

တောင်းဆိုချက်ပေးသူများ သုံးလေ့ရှိသည့် စကားပင်။

ဓါးရူး၏ မျက်လုံးများ ကျယ်သွားသည်။

'ဒီလောက် အဆင့်မြင့်တဲ့ NPC နဲ့ အစောကြီး တွေ့ဖို့ အခွင့်အရေးရတယ်။ ဒီနေရာက အကောင်းဆုံးပဲ။'

သူက တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းပြီး ပြန်ဖြေသည်။ "ငါကူညီချင်ပါတယ်။"

"ငါပေါင်မုန့်တစ်လုံး လိုချင်တယ်။ မင်းတစ်ခု ရှာပေးနိုင်မလား။"

ဟန်ရှောင်း ထိုမေးခွန်းမေးလိုက်သည်နှင့် ဂိမ်းမျက်နှာပြင်‌ ပေါ်လာသည်။

_____________________

သင် ဓါးရူးကို တောင်းဆိုချက်တစ်ခု ပြုလုပ်ချင်ပါသလား။

Y/N

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

'အလုပ်ဖြစ်တယ်ဟ။''

နေပါဦး၊ ဘာလို့ဒီမှာ NPC လုပ်ဆောင်ချက်အတွက် အလိုအလျောက်တိုက်တွန်းချက်တွေ ပါနေတာလဲ။ ငါလုပ်ချင်တာကိုလဲ လုပ်လို့ရလို့ပုံပဲ။'

ဟန်ရှောင်း မျက်လုံးမှေးသွားသည်။ အခုအချိန်က အဲဒီမေးခွန်းတွေကို စိတ်ပူရမယ့် အချိန်မဟုတ်ပေ။

“Yes.”

စာများနှင့် မျက်နှာပြင်တစ်ခု ပေါ်လာသည်။

_____________________

ဤမစ်ရှင်အတွက် လိုအပ်ချက်များနှင့် ဆုလာဘ်များကို သတ်မှတ်ပါ။ သင်ပေးနိုင်သည့် အတွေ့အကြုံအမှတ်သည် သင်၏ အဆင့်၊ လွှမ်းမိုးနိုင်မှုနှင့် ဒဏ္ဍာရီတို့အပေါ်တွင် မူတည်သည်။

မှတ်ချက် : သင်ပိုင်ဆိုင်သော ပစ္စည်းများကိုလည်း ဆုလာဘ်အနေဖြင့် ပေးနိုင်သည် - ငွေကြေး၊ ပစ္စည်းများ၊ အတွေ့အကြုံအမှတ်၊ စကေးများ၊ စသည်...

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

မျက်နှာပြင်က ၂ဖက် ကွဲထွက်နေသည်။ ဘယ်ဘက်တွင် တောင်းဆိုချက် ပုံစံများကို ရွေးချယ်နိုင်သည်။ တောင်းဆိုချက်ပုံစံပါင်းများစွာ ရှိနေ၏။

ညာဘက်ခြမ်းက ဆုလာဘ်ထည့်သွင်းရန် ဖြစ်သည်။ ထိုနေရာတွင် "အမြင့်ဆုံးဆုလာဘ်" နှင့် "နေ့စဉ်ဆုလာဘ်အတွက် ကန့်သတ်ချက်" ဟူ၍ လိုင်း ၂ခုရှိသည်။

အမြင့်ဆုံးဆုလာဘ်မှာ ယခုအချိန်တွင် အတွေ့အကြုံအမှတ် ၁၁,၆၀၀ သတ်မှတ်ပေးထားသည်။ စနစ်က လုပ်ပေးထားပုံရသည်။ အဓိပ္ပါယ်မှာ ဟန်ရှောင်းအနေဖြင့် သူ့အိတ်ထဲမှ ဘာမှ စိုက်ထုတ်စရာ မလိုအပ်ပေ။

နေ့စဉ်ဆုလာဘ်အတွက် ကန့်သတ်ချက်သည် တစ်ရက်တာအတွင်း ဟန်ရှောင်းအနေဖြင့် အတွေ့အကြုံအမှတ် မည်မျှပေးနိုင်သလဲကို ဆိုလိုသည်။ လက်ရှိတွင်၊ အမြင့်ဆုံးဆုလာဘ်၏ ၅ဆကို သတ်မှတ်ထားသည်။ (၅*၁၁,၆၀၀ = ၅၈,၀၀၀)

_________________________________

အမြင့်ဆုံးဆု - အတွေ့အကြုံအမှတ် ၁၁,၆၀၀

အဆင့် - ၂၄ (အတွေ့အကြုံအမှတ် ၇,၂၀၀)

အဆင့် - E (အတွေ့အကြုံအမှတ် ၃၀၀)

အဖွဲ့များ -

ဂျာမီနယ် - မုန်းတီးခြင်း (အတွေ့အကြုံအမှတ် ၁,၀၀၀)

ဌာန၁၃ – ကြားနေ (အတွေ့အကြုံအမှတ် ၄၀၀)

ဒဏ္ဍာရီအဆင့် - 0

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်းက စမ်းသပ်နေရင်း အကန့်အသတ်တစ်ခုကို ရှာတွေ့သွားသည် - အကယ်၍ လက်ရှိအမြင့်ဆုံး ဆုလာဘ်က တောင်းဆိုချက်၏ အနိမ့်ဆုံး လိုအပ်ချက်အောက် လျော့နည်းနေပါက၊ သူက ထိုတောင်းဆိုချက်ကို ပြုလုပ်၍ မရပေ။ အဆင့် A တောင်းဆိုချက်တစ်ခုဖြစ်သည့် ဂျာမီနယ်အဖွဲ့အစည်းကို ဖျက်စီးခြင်းဆိုလျှင် အဆင့် A ဆုလာဘ် လိုအပ်ပေသည်။

ဟန်ရှောင်း၏ အမြင့်ဆုံးဆုလာဘ်မှာ အတွေ့အကြုံအမှတ် ၁၁,၆၀၀ ဖြစ်ရာ၊ သူက အဆင့် E တောင်းဆိုချက်ကိုသာ ပြုလုပ်နိုင်၏။ အဆင့် D တောင်းဆိုချက်အတွက် အတွေ့အကြုံအမှတ် ၃၀,၀၀၀ လိုအပ်သည်။ ဆုလာဘ်ပေးသည့် ပုံစံများမှာ တောင်းဆိုချက်ပုံစံများပေါ် မူတည်၍လည်း ကွဲပြားမှုများရှိသည်။ နောက်ထပ်ရှင်းပြထားသည်များ မရှိတော့၍ ကြည့်ရသည်မှာ ဟန်ရှောင်းကိုယ်တိုင် စမ်းသပ်မှုနှင့် အမှားများမှ သင်ယူရမည့်ပုံပေါ်နေသည်။

ဟန်ရှောင်းက သူ့ကိုယ်သူ တောင်းဆိုချက် ပြုလုပ်ကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။

"ကြည့်ရတာတော့ ဒါကို ငါ့အကျိုးအတွက် အသုံးချလို့ရတာပဲ..." ဟန်ရှောင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ ဤလုပ်ဆောင်ချက်ကို အသုံးပြု၍ ကစားသမားများကို သူ့အတွက် အလုပ်လုပ်စေနိုင်သည်။ နောက်ဆုံးတွင်၊ ဆုလာဘ်သာ မြင့်မားလျှင် ကစားသမားများသည် မည်သည့် တောင်းဆိုချက်ကိုမဆို ပြုလုပ်ကြပေလိမ့်မည်။

ဟန်ရှောင်း ရုတ်တရက် အသိဝင်သွားသည်။ "ငါ့ရဲ့ အမြင့်ဆုံးဆုလာဘ်ကို တိုးမြှင့်ရမယ်။"

ဂိမ်းအများစုတွင်၊ အဆင့်မြင့်မားသော NPC များက အခက်ခဲဆုံး မစ်ရှင်များနှင့် အမြင့်ဆုံးဆုလာဘ်များ ပေးခြင်းသည် အဓိကအချက်ဖြစ်သည်။ တောင်းဆိုချက်ကို လုပ်ဆောင်သော စနစ်သည် ပြီးပြည့်စုံသော အဓိပ္ပါယ်ရှိသည်။

ဟန်ရှောင်းက ဓါးရူးအတွက် ပုံမှန်မစ်ရှင်သာ ထုတ်လိုက်သည်။

ဓါးရူးမှာ မစ်ရှင်ကို ငေးကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။

'ဘယ်လို အဆင့်မြင့် NPC မျိုးက ပေါင်မုန့် ၁လုံးတောင်းပြီး ၁ဒေါ်လာတည်း ဆုလာဘ်ပေးရတာလဲ'

"နေပါဦး... သူငါ့ကို စမ်းသပ်နေတာ ဖြစ်နိုင်တယ်။"

ဓါးရူးက သူဆော့ခဲ့ဖူးသည့် ဂိမ်းတစ်ချို့ကို ပြန်စဉ်းစားမိလိုက်သည်။ ဒီလို တောင်းဆိုမှုမျိုး တကယ်ပင် ရှိခဲ့၏။သူပို၍ တွေးလေလေ၊ ပို၍ အမှန်ထင်လာလေလေ ဖြစ်နေသည်။ ထို့ကြောင့် ဓါးရူးက သူ့တွင်ရှိသော ပေါင်မုန့် ၇လုံးလုံးကို ထုတ်လိုက်ပြီး ဟန်ရှောင်းလက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါတွေက ကျွန်တော့်မှာ ရှိတဲ့ ပေါင်မုန့် အကုန်ပါပဲ။" သူက ရိုးရိုးသားသားပင် ထပ်ပြောလိုက်သည်။

ဟန်ရှောင်း ကြောင်သွား၏။

'ဘာတွေ ဖြစ်ကုန်တာလဲ။ အခုခေတ် ဂိမ်မာတွေက တောင်းဆိုချက်တွေကို အရမ်းလုပ်ချင်နေကြတာလား။'

သို့ရာတွင်၊ ဟန်ရှောင်း ပေါင်မုန့်ကို ရလိုက်သည့်အချိန်တွင် တောင်းဆိုချက်ပြီးစီးကြောင်း စာက ပေါ်လာသည်။

စမ်းသပ်ကြည့်ရန် တောင်းဆိုချက်အမျိုးအစား များစွာရှိနေသဖြင့် ဟန်ရှောင်းလည်း အခြား NPC လုပ်ဆောင်ချက်တွေကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဓါးရူး၏ ခေါင်းပေါ်ရှိ သူ့နာမည်ဘေးတွင် လူပုံစံ အိုင်ကွန်လေးတစ်ခုရှိသည်။ ဟန်ရှောင်းက ထိုအိုင်ကွန်လေးကို အာရုံစိုက်လိုက်ရာ၊ RPG စတိုင် ဘားတန်းလေးတစ်ခု ပေါ်လာ၏။ ထိုဘားတန်းမှာ တစ်ဝက်က အနီရောင်၊ တစ်ဝက်က အစိမ်းရောင်ဖြစ်ပြီး အလယ်တွင် လက်တံလေးတစ်ချောင်း ပါရှိသည်။

[သင် ဓါးရူးအတွက် အလေးပေးမှုကို ချိန်ညှိချင်ပါသလား။]

"ဒါတောင် လုပ်လို့ရတာလား။" ဟန်ရှောင်းက စမ်းသပ်ကြည့်ရန်ပင် ထိတ်လန့်နေ၏။ ဒါကို ပြောင်းလိုက်လို့ သူ့အတွေးတွေပါ ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ။

"ငါက အလေးပေးမှုကို အမြင့်ဆုံးထားလိုက်ရင်၊ ငါ... ချက်ချင်း ဂေးဖြစ်သွားမှာလား။"

"မဟုတ်သေးဘူး၊ မဟုတ်သေးဘူး - ငါ အရဲစွန့်လို့ မဖြစ်ဘူး။"

ဟန်ရှောင်းက လက်တံကို ဘာ်ဘက်သို့ နည်းနည်းရွှေ့လိုက်ပြီး အလေးပေးမှုကို ၅မှတ် လျှော့ချကြည့်ရန် ဆုံးဖြတ်လိုက်သညိ။ ဘာမှ မပြောင်းလဲသည်ကို တွေ့ရမှသာ သက်ပြင်းချနိုင်သွားသည်။

"ဒီ လုပ်ဆောင်ချက်က သိပ်လည်း အသုံးမဝင်ပါဘူး..."

_____________________

သင်နှင့် ဟန်ရှောင်း၏ အလေးပေးမှုသည် ၅မှတ် ကျဆင်းသွားပါသည်။

လက်ရှိအခြေအနေ : လူစိမ်း

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

'ဘာကြီး - တောင်းဆိုချက်ကို လုပ်ပေးပြီးမှ ငါ့ရဲ့ အလေးပေးမှုက ဘာလို့ကျသွားတာလဲ။

ဘာကြီးလဲဟ'

အခန်း (၅၇) ပြီး၏။

လင်းဆက်

+++++

All Chapters