← Chapters

လိပ်မင်း

Vol. 004 Ch. 325

လိပ်မင်း

Vol. 004 Ch. 325

လိပ်မင်း တောင်ခြေတွင် မရေမတွက်နိုင်သော လူများက တောင်ပေါ်ကို လှမ်းကြည့်နေကြ၏။ ထိုလူများကား နိုဘယ်များ၊ အကာနာအဆင့် တန်ခိုးရှင်များနှင့် ဓမ္မတန်ခိုးရှင်များ ဖြစ်ကြသည်။

လိပ်မင်းတောင်ပေါ်တွင် လွန်စွာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေပုံရသည်။ သို့သော်လည်း သူတို့က ရှေးဟောင်း နန်းတော်၏ အောက်ခြေမှ ကျောက်တုံး လှေကားထစ်များ ကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။ ထိုနေရာတွင် မြူများ မရှိရာ လူနှစ်ယောက်က လှေကားထစ်အတိုင်း တောင်ထိပ်ကို တက်ရောက်နေသည်ကို မြင်ကြရပြီး ဘယ်သူဘယ်ဝါ ဖြစ်သည်ကိုလည်း ခန့်မှန်း၍ ရသည်။

ချင်ဘုရင်၏ အငယ်ဆုံးသား ချင်ယွန်နှင့် ဖူယွန်ဓားကလန် သတ္တမတောင်ကုန်း၏ ဓားဝိဇ္ဇာ ရီဝူချင်းတို့က နောက်ဆုံး လှေကားထစ် နေရာကို ရောက်နေပြီးဖြစ်သည်။ သူတို့က လွန်စွာ အားကောင်းသော ဖိအားကိုလည်း ရင်ဆိုင် နေကြရဟန်ရ၏။ ချင်ယွန်က လှေကားထစ်များ၏ တစ်ဝက်ခန့်ကို ရောက်သောအခါ ရပ်တန့်လိုက်ပြီး ဆက်မလျှောက်တော့ပေ။

တခြား တစ်ဖက်တွင်ကား ရီဝူချင်းက ဓားတစ်လက်လို တည်ကြည်ခိုင်မာစွာ လှေကားထစ်များကို တက်နေဆဲဖြစ်၏။ သူက တစ်ထစ်ပြီး တစ်ထစ် တက်သည်။ သူက နှေးကွေးသော်လည်း သူရွေ့လျား နေသည်ကို လူတိုင်းက မြင်သည်။ သူက တစ်လှမ်း လှမ်းတိုင်း ချင်ယွန်အား ပိုမိုဝေးကွာစွာ ချန်ထားရစ်သည်။

မူလက လူတိုင်းက ချင်ယွန် အနိုင်ရမည်ဟု ထင်ထားကြသော်လည်း လက်ရှိ မြင်ကွင်းကား သူတို့အထင်နှင့် တခြားစီ ဖြစ်နေသည်။

ရီဝူချင်းက ကျောက်တုံး လှေကားထစ်ကို ကျော်လွန်သွားလျှင် သူ့ကိုယ်ပေါ်သို့ နေရောင်များ ကျဆင်းလာသည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှ အားကောင်းသော အရောင်အဝါများ ထွန်းလင်းနေကာ အတောက်ပဆုံး လူသား တစ်ယောက် ဖြစ်နေလေပြီ။ လျိုနိုင်ငံ၏ တော်ဝင်မိသားစုမှ တစ်ယောက်က တောင်ထိပ်ပေါ်ကို ရောက်လျှင် သူက ထီးနန်းကို ဆက်ခံနိုင်ပေသည်။

ယခု ရီဝူချင်းက ထိပ်ကို တက်လှမ်းနိုင်ပြီ ဖြစ်သည်။

လူတိုင်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများကို တွေ့ရသည်။ ရီဝူချင်းက ဤသို့ လုပ်နိုင်မည်ဟု မည်သူမှ မထင်ထားပေ။ ယနေ့မှစ၍ ဖူယွန်ဓားကလန် သတ္တမတောင်ကုန်းမှ ရီဝူချင်းကား အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး ပါရမီရှင် တစ်ယောက်ဟု သတ်မှတ်နိုင်ပြီ ဖြစ်သည်။

ချင်ယွန်ကား ထိုနေရာတွင် ရပ်နေဆဲ ဖြစ်သည်။ သူကလည်း ရှေ့ကို တိုးရန် ကြိုးစားသော်လည်း အရာမထင်ပေ။ သူက လှေကားထစ် အောက်ခြေသို့ အထိပင် ပြန်လည်၍ လွင့်စဉ် သွားသေးသည်။ ရီဖူရှင်းနှင့် ချင်လီတို့အကြား တိုက်ပွဲကလည်း ရပ်တန့်သွားသည်။ သူတို့က ခေါင်းမော့ကာ ကျောက်တုံး လှေကားထစ်ပေါ်သို့ လှမ်းကြည့်လျှင် ရီဝူချင်းက လှေကားကို ကျော်၍ အပေါ်ကို တက်သွားသည်ကို တွေ့ရသည်။ ရီဖူရှင်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

လိပ်မင်း တောင်ထိပ်ပေါ်တွင်ကား ရီဝူချင်းက ရှေ့ကို ဆက်သွားနေသည်။ ဖိအားများကား ပျောက်ကွယ်သွားပြီး ဖြစ်သည်။ သူက တံခါးအား ဖြတ်ကျော်ကာ ရှေးဟောင်း နန်းတော်ကြီးထဲကို ဝင်ရောက်လိုက်သည်။ နန်းတော်ကြီးအား ကျောက်တုံးဖြင့် တည်ဆောက်ထားကာ မြေပြင်တွင် ရှေးဟောင်း သင်္ကေတများစွာကို ရေးထွင်းထားသည်။ သင်္ကေတများက ထူးဆန်းကာ နားလည်ရန် ခက်ခဲလှသည်။

“ကျွန်တော်က ရီဝူချင်းပါ... လိပ်မင်းကို နှုတ်ဆက်ပါတယ်...” ရီဝူချင်းက ပြောသည်။ သူက လက်တစ်ဖက်မျှသာ ရှိရာ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ မရပေ။ ထို့ကြောင့် သူက အနည်းငယ်မျှသာ ဦးညွတ်နိုင်သည်။ ထိုအခိုက်တွင် သူ၏ အင်္ကျီက သွေးခြင်းခြင်းနီ နေပြီဖြစ်သည်။

နန်းတော်အတွင်းပိုင်း တံခါးမှ ပုံသဏ္ဌာန်တစ်ခု ဖြည်းညင်းစွာ လျှောက်လာသည်။ ထိုအရာကား လိပ်တစ်ကောင် ဖြစ်သည်။ ထိုလိပ်က သူ၏ လည်ပင်းအား ဆန့်ထုတ်ကာ ရီဝူချင်းအား ကြည့်သည်။ သူ၏ အပြုအမူများက လူသားနှင့် လွန်စွာဆင်တူကာ လွန်စွာ အိုမင်းနေပုံလည်း ရ၏။ လိပ်မင်းက လျိုနိုင်ငံ၏ သင်္ကေတဟု လျိုဖေးယွန်က ပြောခဲ့သည်။ သူက နှစ်ပေါင်း မရေမတွက် နိုင်အောင် အသက်ရှည်ကြာစွာ နေထိုင်ခဲ့သော သတ္တဝါဆန်း တစ်ကောင် ဖြစ်ပေသည်။

တွားသွားနေသော လိပ်၏ အလျင်ကား လွန်စွာ နှေးကွေးကာ သာမန်လူများအတွက် သည်းမခံနိုင်စရာ ကောင်းလွန်း လှပေသည်။ ကံကောင်းသည်က ရီဝူချင်းကား အလွန့်အလွန် စိတ်ရှည်သော သူဖြစ်သည်။ သူက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။

လိပ်မင်းက သူ့ထံကို ချဉ်းကပ်လာကာ သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ထဲမှ သစ်ကိုင်းဖြင့် မြေပြင်ပေါ်တွင် စတင် ရေးခြစ်သည်။ ရီဝူချင်း၏ အနီးမှ သင်္ကေတများက အလင်းရောင်များ ဖြာထွက်လာကာ လွန်စွာ ထူးဆန်းသော သင်္ကေတ ဇယားကွက် တစ်ခု ဖြစ်လာသည်။

ထိုသင်္ကေတများက လျင်မြန်စွာ လှည့်ပတ်နေကာ တစ်စုံတစ်ခုအား တွက်ချက်နေဟန် ရသည်။ နောက်ဆုံးတွင် သင်္ကေတများ ငြိမ်သက်သွားပြီး ထူးဆန်းသော ဇယားကွက်ကြီး တစ်ခု ဖြစ်သွားသည်။ လိပ်မင်းက ရီဝူချင်းအား ကြည့်သည်။ သူ၏ အကြည့်တွင် သနားခြင်း၊ စာနာခြင်းများကို တွေ့ရ၏။

“မင်းက လျိုနိုင်ငံက ထွက်သွားသင့်တယ်... ” လိပ်မင်းက လူသားတို့၏ လေသံဖြင့် ပြောသည်။ သူ့ထံမှ ပထမဆုံး လူသားသံကို ကြားရခြင်းဖြစ်သည်။

ရီဝူချင်းက နားမလည်ပေ။ သူက လိပ်မင်းအား ကြည့်ကာ မေးသည်... “ကျွန်တော် နားမလည်ဘူး...”

“လျိုနိုင်ငံရဲ့ အဖြစ်အပျက်က မင်းကို ကံဆိုးမိုးမှောင် ကျစေလိမ့်မယ်... မင်းပါဝင် ပတ်သက်လိမ့်မယ်...” လိပ်မင်းက တိုးညင်းစွာ ပြောသည်။

ထိုစကားကို ကြားလျှင် ရီဝူချင်းက သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာသော အေးစက်မှုများကို ခံစားရသည်။ သူက အန္တရာယ်ကို မကြောက်ပေ။ သူ၏ ခိုင်မာသော စိတ်ဓာတ်ဖြင့် သူက လိပ်မင်း တောင်ထိပ်ပေါ်ကို တက်ရောက် နိုင်သည်။ သို့သော်လည်း သူက မည်သည့် အပြောင်းအလဲကိုမှ လုပ်နိုင်စွမ်း မရှိမည်ကို ကြောက်သည်။ လျိုနိုင်ငံ၏ အဖြစ်အပျက်က သူ့အား ကံဆိုးမှုကို ဖြစ်စေမည်ဟု လိပ်မင်းက ပြောသည်။ ဆိုလိုသည်က သူက လျိုနိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း မရှိပေ။

“စီနီယာက အနာဂတ်ကို ခန့်မှန်းနိုင်ပါသလား... ” ရီဝူချင်းက မေးသည်။

လိပ်မင်းက ခေါင်းယမ်းသည်။ သူ၏ လှုပ်ရှားမှုတိုင်းက လွန်စွာ နှေးကွေးသည်။

“အနာဂတ်ကို ဘယ်သူမှ မခန့်မှန်းနိုင်ဘူး... ငါက သာမန်လူတွေ မမြင်နိုင်တာကို မြင်ပြီး ကောက်ချက် နည်းနည်း ချနိုင်တာပဲ ရှိတာ...” လိပ်မင်းက ဖြည်းညင်းစွာ ပြောသည်...”လောကကို ထိန်းချုပ်တဲ့ နိယာမ တရားတွေ ရှိတယ်... ငါက ဒါတွေကို ပိုပြီး မြင်နိုင်တယ် ဆိုတာက ငါက တခြားလူတွေထက် အသက်ရှည်လို့ပဲ... ပြီးတော့ ငါ့ရဲ့ တန်ခိုးကျင့်တဲ့ ပါရမီက အကန့်အသတ် ရှိတာကြောင့် ငါက ဒီလို ပျင်းစရာ ကိစ္စတွေမှာပဲ အချိန်ဖြုန်း နေရတယ်...”

“စီနီယာ... စီနီယာက အနာဂတ်ကို မမြင်နိုင်ဘူး ဆိုမှတော့ အရာအားလုံးက မသေချာသေးပါဘူး...” ရီဝူချင်းက ပြောသည်။

လိပ်မင်းက သူ့အား ကြည့်ကာ နွေးထွေးသော အပြုံးတစ်ခု သူ့မျက်နှာတွင် ပေါ်လာသည်။ ရီဝူချင်းတွင် ထိုသို့ ခိုင်မာသော ယုံကြည်ချက် ရှိသည်။ ကံမကောင်းသည်က သူက ဘာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိခြင်းပင်။သူကား အကာနာအဆင့် လူငယ် တန်ခိုးရှင် တစ်ယောက်သာဖြစ်သည်။

“စောင့်နေဦး... ငါက မင်းရဲ့ သူငယ်ချင်းတွေကို ခေါ်လိုက်မယ်...” ထို့နောက်သူက ကျောက်တုံး တံခါးနောက်ကို လာစဉ်ကကဲ့သို့ နှေးကွေးစွာ ပြန်လည် ဝင်ရောက် သွားပြန်သည်။

***

ထိုအခိုက်တွင် လူအများအပြားက ချင်ယွန်ရှိနေသော ကျောက်တုံး လှေကားထစ်ကို ကြည့်နေကြသည်။ ထိုအထဲတွင် ချင်လီ၊ ချိန်ရှင်းမူ၊ ရီဖူရှင်းတို့ အုပ်စုနှင့် တခြား အင်အားစုများမှ လူများပါသည်။ ရီဝူချင်းက တောင်ထိပ်ပေါ်ကို ရောက်သွားသည်ကို လူတိုင်းက မြင်ကြသည်။ တခြား တစ်ဖက်တွင် ချင်ယွန်ကား လှေကားထစ် အောက်ခြေသို့ ပြန်လည် ကျဆင်းလာသည်။

ချင်ယွန်က ရီဝူချင်းကို ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

ချင်လီ၏ မျက်နှာက သုန်မှုန်နေသည်။ သူက ချင်ယွန်ကို ကြည့်ကာပြောသည်... “သွားပြီးတော့ ပြန်တက်... ” သူ၏ လေသံအရ သူ၏ ဦးလေးအပေါ်တွင် လေးစားမှု လုံးဝ မရှိကြောင်း မြင်နေရသည်။

ချင်ယွန်၏ အမေကား ကိုယ်လုပ်တော် နန်ဖြစ်သည်။ သူက ထိုသို့ အဆင့်နိမ့်သော မိန်းမတစ်ယောက်၏ သားအပေါ် လေးစားမှု ရှိမည် မဟုတ်ပေ။ သူ၏အဖေကား ချင်ပြည်ထောင်၏ အိမ်ရှေ့စံ ဖြစ်သည်။ သူက ချင်ဘုရင်၏ မြေးဖြစ်သည်။

ချင်ယွန်၏ မျက်နှာက တင်းမာ သွားသော်လည်း သူက ခေါင်းမော့ကာ လှေကားထစ်များကို ကြည့်သည်။ သူက ထပ်မံ ကြိုးစားလျှင်ပင် အသုံးမဝင်သည်ကို သူသိသည်။

တချို့ လူများကလည်း ကြိုးစား ကြည့်ကြသည်။ သို့သော် သူတို့က အတန်ကြာ ကြိုးစားကြည့်ပြီး လက်လျှော့ လိုက်ကြသည်။ သူတို့က လျိုနိုင်ငံမှ မင်းသမီးအားလည်း လက်မထပ် လိုသလို ထိုသို့သော နာကျင်မှုများကိုလည်း သည်းခံစရာ အကြောင်း မရှိပေ။

ရုတ်တရက် လိပ်မင်းတောင်အား ပိုင်းဖြတ်လျက် သဘာဝစွမ်းအင် မြူများ ရစ်ပတ်လာသည်။ မြူများက တောင်တစ်ခုလုံးအား ဖုံးအုပ်သွားပြီး မကြာမီ လူတိုင်း၏ အမြင်အာရုံများ ဝေဝါးသွားသည်။

“ဘာဖြစ်နေတာလဲ...”

လူတိုင်း၏ မျက်နှာတွင် ထူးဆန်သော အမူအရာများ ဖြစ်လာကြသည်။ မြူခိုးများထဲတွင် ရီဖူရှင်းက လမ်းကလေး တစ်ခုကို တွေ့သည်။ ထို့နောက် အသံတစ်သံအား ကြားရသည်... “တက်လာခဲ့... .” အသံကား လွန်စွာ တိုးညင်းပြီး ညင်သာသော်လည်း ထူးဆန်းသော ဆွဲငင်အား တစ်ခု ပါနေသည်။ ရီဖူရှင်းက လမ်းငယ်လေးအတိုင်း တောင်ပေါ်သို့ တက်လာသည်။

အတန်ကြာ လျှောက်သွားပြီးနောက် မြူများ ပြယ်လွင့် သွားကာ ရီဖူရှင်း၏ ပတ်ဝန်းကျင်က ကြည်လင် လာသည်။ သူက ကျောက်တုံး နန်းတော်၏ အရှေ့ကို ရောက်နေသည်ကို ရီဖူရှင်း သိလိုက်သည်။ ရီဝူချင်းကား နန်းတော်ထဲတွင် ရပ်နေသည်။

ငါက တောင်ပေါ်ကို ဘယ်လို ရောက်လာတာလဲ... ။

“ဝူချင်း... ” ရီဖူရှင်းက ရီဝူချင်းအနီးကို လျှောက်လာသည်။ ထို့နောက် သူက လိပ်အိုကြီးက ကျောက်တံခါးနောက်မှ တွားလျက် ဖြည်းညင်းစွာ လာနေသည်ကို မြင်သည်။ လိပ်မင်းက သူ့အား ညင်သာစွာ ကြည့်လျှင် ရီဖူရှင်းက ထူးဆန်းသော ခံစားချက်ကို ရသည်။ လိပ်မင်း၏ အပြုအမူက လူသားတို့၏ ဟန်ပန်နှင့် ဆင်တူလှသည်။

“စီနီယာ..ကျွန်တော့်ကို ဒီကို ခေါ်လိုက်တာလား...” ရီဖူရှင်းကမေးသည်။

လိပ်မင်းက ခေါင်းညိတ်သည်။ သူက ရီဝူချင်း တုန်းကလို ရီဖူရှင်းထံသို့ ဖြည်းညင်းစွာ လျှောက်လာသည်။ ထို့နောက် သူက သစ်ကိုင်းဖြင့် မြေပြင်ပေါ်တွင် ခြစ်ပြန်သည်။ တောက်ပသော အလင်းများ ဖြစ်ပေါ်လာကာ သင်္ကေတများ လေပေါ်သို့ တက်လာသည်။ ထို့နောက် ထူးဆန်းသော ဇယားကွက်များစွာ ဖြစ်ပေါ်လာသည်ကို အံ့အားသင့်စွာ မြင်တွေ့ရသည်။ လိပ်မင်းက ခေါင်းမော့ကာ ရီဖူရှင်းအား ကြည့်သည်...” အလှည့်အပြောင်းတွေ အရမ်းများတယ်... ငါဘာမှ ကောက်ချက် မချနိုင်ဘူး... .”

“စီနီယာ... ဘာတွေ လုပ်နေတာလဲ... ” ရီဖူရှင်း၏ မျက်နှာက သံသယများနှင့် ပြည့်နေသည်။ လျိုဖေးယွန်က လိပ်မင်းမှာ လွန်စွာ အသက်ရှည်ပြီး အတိတ် အနာဂတ်များကို သိနိုင်သော စွမ်းရည်ရှိသည်ဟု ပြောခဲ့သည်။ သို့သော် ရီဖူရှင်းက မယုံကြည်ပေ။ မည်သူမှ အနာဂတ်ကို မပြောနိုင်ပေ။ နက္ခတ်ဗေဒ ပညာရှင်ပင်လျှင် လူတစ်ယောက်၏ ကံကြမ္မာ အကုန့်အသတ် တစ်ခုအထိသာ ခန့်မှန်းနိုင်သည်။ သူ၏ ဘဝတွင်မမြင်ရသော အဖြစ်အပျက် များစွာ ရှိပေသေးသည်။

လိပ်မင်းက ရီဖူရှင်းအား ကြည့်ကာ ပြောသည်... “မင်းက ထူးခြား ဆန်းကြယ်ပြီး မွေးလာတဲ့သူပဲ...”

ရီဖူရှင်း အံ့အားသင့် သွားသည်။ ထိုလိပ်မင်းက အမှန်ပင် စွမ်းရည်တချို့ ရှိဟန်ရသည်။ သူ့တွင် မူမမှန်သော နောက်ခံရှိသည်ကို ရီဖူရှင်း သိသည်။ ဧကရာဇ်ရီချင်၊ လူဝံကြီးနှင့်သူ၏ မွေးစားအဖေတို့က သက်သေပင်။

“ပုံရိပ်ယောင်ထဲမှာ မင်းက မိန်းမလှတွေ အများကြီး မြင်တယ်...” လိပ်မင်းက ပြုံးလျက် ရီဖူရှင်းကို ကြည့်သည်။

“အာ...” ရီဖူရှင်း ဆွံ့အသွားသည်။ လိပ်အိုကြီးက ထိုကိစ္စကိုပင် သိသည်။ ထိုအရာက ပုံရိပ်ယောင်မျှသာ မဟုတ်ဘူးလား။

“မိန်းမလှတွေကလည်း သေပြီးရင် အရိုးစု ဖြစ်သွားတာပဲ... ဒါတွေက ပုံရိပ်ယောင်တွေ ဖြစ်ပြီးတော့ ကျုပ်ရဲ့ ပင်ကိုယ် သဘာဝနဲ့ သိပ်မသက်ဆိုင်ဘူး...” ရီဖူရှင်းက မှန်ကန်သော အမူအရာဖြင့် ပြောသည်။

“ပုံရိပ်တွေက မင်းရဲ့ နှလုံးသားက လာတာ...” လိပ်မင်းက ပြုံးရောင်သမ်းလျက် ပြောသည်။

ရီဖူရှင်းက မျက်လုံးပြူးလျက် လိပ်အိုကြီးကို ကြည့်သည်။ ဒါက အဓိပ္ပာယ် မရှိပေ။ သူက ပုံရိပ်များ၏ ဆွဲဆောင်မှုကို ခံရခြင်းသာ မဟုတ်ဘူးလား။

“အစားအစာနဲ့ ကာမကို ဆာလောင်တာက လူရဲ့ သဘာဝပဲ...” လိပ်မင်းက ပြုံးလျက်ပြောသည်...” ကောင်းတာ တစ်ခုခုကို တပ်မက်ပြီး စိတ်ကူးယဉ်တာက သဘာဝပဲ... ဒီဆန္ဒတွေက ပုံမှန်ပါပဲ...”

လောကတွင် နေထိုင်သူများ အားလုံးတွင် ဆန္ဒရှိသည်။ မဟုတ်လျှင် သူတို့က လူများ မဟုတ်တော့ပေ။ တစ်စုံတစ်ယောက်က ဆန္ဒတစ်စုံတစ်ရာ မရှိတော့လျှင် သူက ရှန့်ထိုတန်ခိုးရှင် ဖြစ်လျှင်ဖြစ် မဟုတ်လျှင် နတ်ဆိုးသာ ဖြစ်ပေမည်။

ယနေ့ မရေမတွက်နိုင်သော လူများက လိပ်မင်းတောင်ကို တက်ရောက်ကြသည်။ လိပ်မင်းက သာမန်ဆန္ဒများ၊ လောဘများ၊ မကောင်းသော စိတ်ထားများ.. စသော များစွာသော အရာများကို မြင်ခဲ့သည်။ တချို့က ရုပ်ချောကာ လူကြီးလူကောင်း ဆန်သော်လည်း အတွင်းစိတ်က ဆန့်ကျင်ဖက် ဖြစ်သည်။

ရီဖူရှင်းက ဆွံ့အသွားသည်။ သူ့အား လက်ပူးလက်ကြပ်မိခြင်း ဖြစ်သည်။ သူက ကြိုတင်သိခဲ့မည် ဆိုပါက တောင်ပေါ်ကို တက်လာမည် မဟုတ်ပေ။

ဤလိပ်ကား အမှန်ပင် ဆိုးရွားသည်။ သူက ပုံရိပ်ယောင်များဖြင့် လူတစ်ယောက်၏ အတွင်းစိတ်ကို ခိုးကြည့်နိုင်သည်။ ထို့ကြောင့် လျိုနိုင်ငံက သူတို့အား တောင်ပေါ်ကို တက်ခိုင်းသည်လား။

ထိုသို့တွေးလျှင် သူ့မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။ ဤသို့ဆိုလျှင် လိပ်မင်းက ချင်ပြည်ထောင်မှ လူများ၏ ပုံရိပ်ယောင်များကို မြင်ခဲ့ရပေမည်။

“စီနီယာ... ကျွန်တော့် သူငယ်ချင်း အကြောင်းကို ပြောရအောင်...” ရီဖူရှင်းက စကားလမ်းကြောင်း လွှဲလိုက်သည်။

“မင်းက ကံကောင်းတဲ့လူပဲ...” လိပ်မင်းက ပြုံးသည်။ ရီဖူရှင်းက ထို “ကံကောင်းသည်” ဆိုသော စကားကို နားမလည်ပေ။

“မင်းသူငယ်ချင်းကိုတော့ ငါက ထွက်သွားဖို့ ပြောထားတယ်... ဒါပေမဲ့ သူက နားထောင်မယ့် ပုံမပေါ်ဘူး...” လိပ်မင်းက ပြောသည်... “သူက ကံဆိုးမိုးမှောင် ကျလိမ့်မယ်...”

“ကံဆိုးမယ်...” ရီဖူရှင်း အေးစက် သွားသည်။ သူတို့က လိပ်မင်းတောင်ကို တက်ရုံမျှဖြင့် မလုံလောက် ပေဘူးလား။

“စီနီယာက ဘာတွေ သိထားလဲ... ” ရီဖူရှင်းက မေးသည်။

“ဒါတွေ မပြောနဲ့တော့... ငါ့နောက်ကို လိုက်ခဲ့...” လိပ်မင်းက နန်းတော်ထဲကို ဖြည်းညင်းစွာ တွားသွားပြန်သည်။ ရီဝူချင်းနှင့် ရီဖူရှင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ ထို့နောက် သူတို့က လိပ်မင်းနောက်ကို လိုက်ပါသွားကြသည်။

ကျောက်သား နန်းတော်၏ အတွင်းပုံစံကား ပုံမှန် တွေ့မြင်နေကျ ပုံစံမဟုတ်ပေ။ နန်းတော်ထဲတွင် သူတို့က နောက်ကမ္ဘာ တစ်ခုကို ရောက်သွားသလို ခံစားကြရသည်။ ထိုနေရာတွင် ကောင်းကင်ရှိပြီး ကြယ်များ၊ လ၊ နေ စသည်များ ရှိသည်။ မိုးနှင့် နှင်းဖွဲများ ကောင်းကင်မှ ကျဆင်းနေပြီး လေထဲတွင် သဲမှုန်များ ကခုန်နေကြသည်။ ထို့အပြင် လျှပ်စီးနှင့် အေးစက်သော လေလှိုင်းများ ရှိသည်။ ထို့အတူ လောက တစ်ခုလုံး၏ သဘာဝ ဖြစ်စဉ်များကလည်း တစ်ချိန်တည်းတွင် ဖြစ်ပျက်နေသည်။

“ငါက ဒါတွေကို တစ်သက်လုံး လုပ်လာခဲ့တာ... ဒီအထဲမှာ လောကရဲ့ အရိုးရှင်းဆုံး နိယာမ တရားတွေ ရှိတယ်... ငါ့ရဲ့အဆင့်က သိပ်မမြင့်လို့ ငါက တကယ့်နိယာမ တရားတွေကို နားမလည်ဘူး...  ဒါပေမဲ့ ဒါတွေက မင်းတို့ကို အကူအညီ နည်းနည်း ဖြစ်လိမ့်မယ်... မင်းတို့ ဘယ်လောက် နားလည်မယ် ဆိုတာကတော့ မင်းတို့အပေါ် မူတည်တယ်... ” လိပ်မင်းက ဖြည်းညင်းစွာ ပြောသည်။

ရီဖူရှင်းက လောက သဘာဝအား စတင်ခံစားသည်။ နေရောင်က သူ့အား ဖြန်းပက်လာသလို လေကလည်း သူ့အား တိုက်ခတ်လာသည်။ လျှပ်စီးများက ကောင်းကင်တွင် ထစ်ချုန်းပြီး တခြား ဓာတ်စွမ်းအင်များက သူတို့၏ နိယာမ တရားအတိုင်း လှုပ်ရှားပြောင်းလဲ နေကြသည်။

“စီနီယာ... ကျွန်တော့်မှာ တခြား သူငယ်ချင်းတွေလည်း ပါသေးတယ်... သူတို့ကိုလည်း ဝင်ခွင့်ပေးလို့ မရဘူးလား...” သူက လိပ်မင်းကို မေးသည်။

“ကောင်စုတ်လေး...” လိပ်မင်းက ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်သည်... “ဘယ်လိုဖြစ်ဖြစ်... ငါ့ရဲ့ အသက်ကလည်း သိပ်မကျန်တော့ဘူးဆိုတော့ မင်းရဲ့ ဆန္ဒကို လိုက်လျောရတာပေါ့...”

***

All Chapters