နဂါးထိန်းဧကရာဇ်
Vol. 27 Ch. 364
ဝမ့်မူရန် သမင်ကြီးအပေါ် တက်ခွပြီး ခေါင်းရမ်းလိုက်သည်။ “ဘိုးဘိုးတို့ကတော့ စိုးရိမ်ရအောင် လုပ်တယ်”
ချင်မူ အံ့အားသင့်သွားသည်။ “မင်းတို့ဘိုးဘိုးတွေလည်း အဲဒီလိုပဲလား”
ဝမ့်မူရန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျောက်စိမ်းမြို့တော်ငယ်မှာ ဘိုးဘိုးဘွားဘွား ဆယ့်သုံးယောက်ရှိတယ်။ အသစ်ရောက်လာတဲ့ တာအိုရသေ့ကြီးနဲ့ ရဟန်းအိုကြီးကို ထည့်တွက်လိုက်ရင် ဆယ့်ငါးယောက် ရှိသွားပြီ”
ချင်မူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ငါ့ရွာမှာတော့ ရှစ်ယောက်နဲ့တစ်ပိုင်းပဲ ရှိတာ။ တော်သေးတယ် ဆိုရမယ်”
“ငါလည်း အစ်မတော်ချင်းသိုင်နဲ့ နောင်တော်လောင်ယွီ ကူဒုက္ခခံပေးလို့ တော်သေးတယ်ဆိုရမယ်” ဝမ့်မူရန်က ပြောလိုက်သည်။
ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ ရွာတွင် လူငယ်ဆို၍ သူတစ်ယောက်သာ ရှိသည်။ အဘွားစစ်က ငယ်သော်လည်း အဘွားကြီးတစ်ယောက်လိုသာ နေထိုင်တတ်၏။
သူတို့နှစ်ယောက်သား ဖြေးဖြေးမှန်မှန် လျှောက်ရင်း မုချင်းသိုင် လောင်ယွီအား ခေါ်လာမည်ကို စောင့်လိုက်ကြသည်။ များစွာမကြာလိုက်ဘဲ မုချင်းသိုင်က ကပိုကရိုဖြစ်နေသော လောင်ယွီကို ဆွဲခေါ်လာသည်။ လောင်ယွီသည် အဝတ်အစားအကုန်လုံး ချွတ်ထားပြီး မုချင်းသိုင် သူ့ကို ရှာတွေ့တုန်းက မြို့ထဲတွင် အတွင်းဝတ်တစ်ထည်တည်းဖြင့် လျှောက်သွားရင်း သီချင်းဆိုလိုက်၊ ကလိုက်၊ ပွစိပွစိပြောလိုက် လုပ်နေခဲ့၏။
သူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားအောင် မုချင်းသိုင် သူ့အား ပါးသုံးချက် ချခဲ့ရသည်။ ထိုအခါမှ လောင်ယွီက သွေးအန်ပြီး ခေါင်းငိုက်စိုက်ကျလျက်ဖြင့် သူ့နောက် လိုက်လာခဲ့သည်။
ဝမ့်မူရန် သူတို့နှစ်ယောက်ကို သမင်ကြီး၏ကျောပေါ် တက်ခိုင်းလိုက်သည်။ လောင်ယွီမှာ စိတ်မဖောက်တော့သော်လည်း ပြိုလဲနေသေး၏။
ချင်မူက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “နောင်တော်လောင်ယွီ၊ ကောင်းကင်ရဲ့ အထူနဲ့အမြင့်ကို သိလိုက်ရတာနဲ့ မသိသေးတာနဲ့က ဘာကွာသွားလို့လဲ။ နောင်တော် သိသိမသိသိ ကောင်းကင်က ရှိနေသေးတယ်မဟုတ်လား။ အရင်လိုပဲ ဆက်ပြီး ကြိုးစားကျင့်ကြံပါ။ အစွမ်းအစရှိတဲ့အခါ ကောင်းကင်ကို ထိုးဖောက်ပြီး အပြင်ထွက်ဖို့ ရည်မှန်းချက်ထားသင့်တယ်”
“လူသားဧကရာဇ် ပြောချင်တာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အတုအယောင်တွေပဲဆိုတာ တွေးမိလိုက်တိုင်း စိတ်ဓာတ်မကျမိဘဲ မနေဘူးး” လောင်ယွီက ဝမ်းနည်းပက်လက် ပြောသည်။
ချင်မူ ဤခံစားချက်ကို နားလည်၏။ လူတိုင်း တာအိုသခင်လင်းရွှမ်ကဲ့သို့ အရိပ်အောက်မှ မြန်မြန်ဆန်ဆန် ထွက်လာနိုင်မည်မဟုတ်ပေ။
သဘာဝတရားက အတုဖြစ်သည်ဆိုသော အမှန်တရားက တာအိုသခင်လင်းရွှမ်အတွက် အကြီးမားဆုံးရိုက်ချက် ဖြစ်ခဲ့သည်။ သို့သော် လောင်ယွီ့တွင် တာအိုသခင်လင်းရွှမ်ကဲ့သို့ တာဝန်ဝတ္တရားနှင့် ရာထူးအဆင့်အတန်းမရှိသည့်အတွက် သူ့စိတ်သူထိန်းနိုင်စွမ်းက တာအိုသခင်လင်းရွှမ်အောက် နိမ့်ကျ၏။
သို့သော် အချိန်ပေးလျှင် လောင်ယွီလည်း အရိပ်အောက်မှ ထွက်လာလိမ့်မည်။
“နောင်တော်လောင်ယွီ ရောက်ပြီဆိုတော့ မြန်မြန်လိုက်သွားကြစို့”
ဝမ့်မူရန် အမိန့်ပေးလိုက်သည့်အခါ သမင်ကြီး၏ ခြေထောက်အောက်၌ တိမ်တိုက်များ ဖွဲ့တည်လာြပီး သမင်ကြီးက တရှိန်ထိုး ပြေးထွက်သွား၏။ နဂါးချီလင်က တမုဟုတ်ချင်း ပြေးလိုက်လာ၍ သမင်ကြီးက သူ့ကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ပြန်လှည့်ကြည့်ကာ အရှိန်တင်လိုက်သည်။
နဂါးချီလင် စိတ်တိုသွားပြီး အမှီပြေးလိုက်သည်။ မိုင်တစ်ရာနီးပါး ပြေးပြီးသည့်အချိန်တွင်တော့ နဂါးချီလင်မှာ အမောဖောက်လာပြီး အရေးမစိုက်ဟန်ဖြင့် မျက်လုံးလှန်လိုက်၏။ “ဒီသမင်ငတုံးနဲ့ ယှဉ်နေလို့လည်း ဘာမှဖြစ်မလာဘူး ဟုတ်တယ်မလား ဂိုဏ်းသခင်။ ကျွန်တော်ပြောတာ မှန်တယ်မလား။ ကျွန်တော်တို့ ပြိုင်နေတာ အမြန်နှုန်းမှမဟုတ်တာ။ သက်လုံချင်း ပြိုင်နေတာကို”
ချင်မူက မည်းမှောင်နေသောမျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
နဂါးချီလင်က အရှိန်လျှော့ပြီး သမင်ကြီး ဝမ့်မူရန်တို့ကို သယ်၍ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
နဂါးချီလင် မိုင်ငါးထောင်ကျော် ပြေးပြီးသည့်အခါ အလွန်ပင်ပန်းလာ၍ ဟောဟဲလှိုက်လာသည်။ အနားယူပါရစေဟု ထပ်တလဲလဲ တောင်းဆိုနေသဖြင့် ချင်မူ သူ့အား ရပ်ခိုင်းလိုက်ရသည်။ ချင်မူ ဟင်းချက်ရန် မီးမွှေးနေစဉ် နဂါးချီလင်က မြေကြီးပေါ်တွင် ခြေပစ်လက်ပစ် အိပ်ရင်း ဟောက်ပင် ဟောက်နေ၏။
ချင်မူ စားသောက်ပြီးသည်နှင့် နဂါးချီလင်အား နှိုးလိုက်သည်။ နဂါးချီလင်က အိပဲ့အိပဲ့ ထပြီး မပြေးချင်ပြေးချင်ဖြင့် ပြေးသည်။ တစ်နေ့လုံး၊ တစ်ညလုံး ပြေးသော်လည်း သမင်ကြီးကိုသော်လည်းကောင်း၊ ဝမ့်မူရန်တို့ကိုလည်းကောင်း အရိပ်အယောင်ပင် မတွေ့ရပေ။
“အဲဒီသမင်ငတုံးရဲ့ သက်လုံကလည်း မဆိုးဘူးပဲ....” ဖက်တီးနဂါးက အရှက်မရှိ ပြောသည်။
ချင်မူ မည်းမှောင်နေသောမျက်နှာဖြင့် ခေါင်းညိတ်လိုက်ပြီး သွေးနီစွမ်းအင်ဆေးလုံးတစ်လုံး ပစ်ပေးလိုက်သည်။ “ဒီနေ့အတွက် မင်းရဲ့ခွဲတမ်း”
နဂါးချီလင် သူ့အကြောင်းသူ သိ၍ ဆေးလုံးကို ဂရုတစိုက် လျက်ကာ တစ်လုပ်တည်း မစားဝံ့ပေ။ ဆယ့်နှစ်ကြိမ်ကျော်ခန့် လျက်ပြီးမှ စားလိုက်၏။ ချင်မူမှာ မကြည့်ရက်တော့သဖြင့် ဆေးလုံးအနည်းငယ် ထုတ်ကျွေးလိုက်ရသည်။
နဂါးချီလင် ဝမ်းသာသွားပြီး အကုန်လုံးစားပစ်လိုက်၏။ “ဂိုဏ်းသခင်၊ စိတ်မပူပါနဲ့။ ကျွန်တော် အစွမ်းကုန် ပြေးလိုက်ရင် အဲဒီသမင်ငတုံးကို မှီပါတယ်”
“အဲဒီသမင်ကြီးက တုံးတာမဟုတ်ဘူး။ ငါ့နဂါးချီလင်က တုံးနေတာ” ချင်မူ အပြစ်တင်လိုက်သည်။
နဂါးချီလင် ကောင်းကင်ကို ဖြတ်၍ ပြေးနေသည်။ များစွာမကြာလိုက်ဘဲ ပုလွေသံတစ်သံက သူတို့ဆီ ရောက်လာ၍ ချင်မူ တအံ့တဩ မျက်လုံးဝေ့ကြည့်လိုက်မိသည်။
နဂါးချီလင်၏အမြန်နှုန်းက ကျောက်စိမ်းမြို့တော်ငယ်မှ သမင်ကြီးနှင့် မယှဉ်နိုင်သော်လည်း မနှေးပေ။ လေကိုခွင်း၍ ပြေးနေသည့်အတွက် လေတဟူးဟူး တိုက်ခတ်နေ၏။
ပုလွေသံက သူတို့ဆီ ရောက်လာနိုင်သေးသည်ကို ထည့်တွက်လျှင် ပုလွေမှုတ်နေသူက သာမန်လူမဖြစ်နိုင်ပေ။
ချင်မူ စဉ်းစားခန်းဖွင့်နေစဉ် နဂါးချီလင်က ရုတ်တရက် ယစ်မူးတိမ်းမောသွားသကဲ့သို့ ပုလွေသံလာရာဘက် ခေါင်းလှည့်လိုက်ပြီး ဆင်းချသွား၏။
ပုလွေသံက အလွန်သာယာ၏။ ကျေးလက်တေးသွားတစ်ခုကို တီးမှုတ်နေခြင်းဖြစ်ပြီး တစ်ခါတရံ နိမ့်သွားလိုက်၊ မြင့်သွားလိုက်ဖြင့် ခပ်မြူးမြူး ပေါ့ပေါ့ပါးပါးသံစဉ်ကို ဖန်တီးနေသည်။ နဂါးချီလင်လည်း ကောင်းကင်ထဲတွင် ခုန်ဆွခုန်ဆွ ကခုန်နေမိ၏။ သူ့အမြီးက တယမ်းယမ်း ခါနေသည်။
ပုလွေကို သံရှည်ဆွဲတီးမှုတ်လိုက်သောအခါ နဂါးချီလင်က တောအုပ်တစ်အုပ်ထဲ ထိုးဆင်းသွားတော့သည်။
“ဖက်တီးနဂါး ရပ်လိုက်” ချင်မူ ကပျာကယာ အော်လိုက်သော်လည်း နဂါးချီလင်မှာ ယစ်မူးနေ၍ သူ့အသံကို ကြားဟန်မတူဘဲ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သည့်အလား အောက်ဆင်းချသွား၏။
ချင်မူ ကောင်းကင်ပေါ် ခုန်တက်ပြီး နဂါးချီလင်အရှေ့ သွားလိုက်သည်။ သူက နဂါးချီလင်၏ ခေါင်းပေါ် လက်နှစ်ဖက်တင်၍ ဖိချပြီး အော်လိုက်သည်။ “ဖက်တီးနဂါး စိတ်နဲ့ကိုယ်ပြန်ကပ်စမ်း”
သူ ဗုဒ္ဓအလင်္ကာများ ရွတ်ဖတ်လိုက်ပြီး သူ့အသံက မိုးခြိမ်းသံသဖွယ် ဟိန်းထွက်သွားသည်။ သို့သော် နဂါးချီလင်က မည်သည်ကိုမှ မကြားသည့်အလား တဟုန်ထိုး ဆင်းနေဆဲဖြစ်သည်။
ချင်မူ အားကုန်ထုတ်လိုက်သော်လည်း နဂါးချီလင်၏ ခွန်အားကို မယှဉ်နိုင်သေးပေ။ တောအုပ်ထဲ တွန်းချခံနေရ၍ ချင်မူ့နဖူးမှ ချွေးများ ကျလာသည်။ ပုလွေသံသည် ပိုမိုပြတ်သားပြီး ကျယ်လောင်လာ၏။
သူ နောက်လှည့်ကြည့်လိုက်သည့်အခါ တောင်ကို ရစ်ပတ်ထားသော ဧရာမနဂါးနီကြီးတစ်ကောင်အား မြင်လိုက်ရ၏။ နဂါးနီကြီးက မြေကြီးပေါ် ခေါင်းတင်လျက် ပါးစပ်ကြီးအား ဧရာမဂူကြီးသဖွယ် ဖြဲထား၏။ ရှည်လျားသော အဆိပ်စွယ်များမှ အဆိပ်ရည်များက စက်လက်စက်လက် ကျနေသည်။
ပုလွေသံက မြေနီကြီး၏ခေါင်းပေါ်တွင် ထိုင်နေသော မိန်းကလေးတစ်ယောက်ဆီမှ လာနေခြင်းဖြစ်သည်။ တီးလုံးက မြူးကြွသော်လည်း မိန်းကလေး၏မျက်နှာသည် အေးစက်တင်းမာနေ၏။
“လုံကျောင်းနန်”
ချင်မူ အံ့အားသင့်သွားပြီး ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်သည်။ နဂါးနီကြီးသည် နဂါးဘုရင်၏ နဂါးဖြစ်လိမ့်မည်။ လုံကျောင်းနန် ဤနေရာတွင် ရှိနေမှတော့ နဂါးဘုရင်လည်း အနီးအနားတွင် ရှိနေနိုင်သည်။
နဂါးချီလင်က နဂါးနီကြီး၏ ခံတွင်းဝံထဲ ပျော်ပျော်ကြီး ပြေးဝင်သွား၏။
ချင်မူ့မျက်ဝန်းများ အေးစက်သွားပြီး ရွှင်ပျော်ပျော်ဓား ပျံထွက်လာသည်။ ဓားအလက်ရှစ်ထောင်က တမုဟုတ်ချင်း ဖြာထွက်သွားပြီး လုံကျောင်းနန်ဆီ ထိုးဝင်သွား၏။
လုံကျောင်းနန်က သရော်တော်တော် ပြုံးလိုက်၏။ နဂါးနီကြီး၏ အမြီးက ဓားပျံများကို ရိုက်ချလိုက်သည်။
ချင်မူ ရင်ထဲတွင် လေးလံသွားသည်။ ဤနဂါးနီကြီးသည် ဂိုဏ်းသခင်အဆင့်ဖြစ်၍ အလွန်သန်မာအားကောင်းလွန်းသည်။ သူ လွတ်အောင် ပြေးနိုင်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင်ထဲမှ ထိုးထွက်လာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်သံ ထွက်လာသည်။ “တယ်ကံကောင်းတာပဲ။ လူ့ပြည်ကို ခဏဆင်းလာရုံပဲ ရှိသေးတယ် နဂါးတစ်ကောင် တွေ့ပြီ”
ခပ်ကြမ်းကြမ်းအကြေးခွံများဖြင့် လက်ကြီးက နဂါးနီကြီးကို ဆုပ်ကိုင်လိုက်သည်။ နဂါးနီကြီးမှာ ကြောက်လန့်သွားပြီး မလှုပ်ရဲတော့ပေ။
နဂါးချီလင်လည်း မြေကြီးပေါ် ပြုတ်ကျသွားပြီး မလှုပ်ရဲတော့။ လုံကျောင်းနန်က ချီစွမ်းအင်ကို တမုဟုတ်ချင်း စုစည်း၍ ပုလွေမှုတ်လိုက်သော်လည်း နဂါးနီကြီးမှာ တုပ်တုပ်မှမလှုပ်တော့ပေ။
လုံကျောင်းနန် ချက်ချင်း ခုန်၍ လက်ကြီးကို ရှောင်လိုက်သော်လည်း လက်ကြီးက သူ့အား အဖက်မလုပ်။ နဂါးဘုရင်၏ နဂါးနီကြီးအား အသာအယာ ဖမ်းဆုပ်ပြီး တိမ်တိုက်များထဲ ဆွဲခေါ်သွားသည်။
ကောင်းကင်ထဲရှိ အသံကြီးက တဟားဟား ရယ်သည်။ “နဂါးချီလင်တစ်ကောင်လည်း ရှိနေတာကိုး။ ဒါပေမဲ့ ငယ်လွန်းသေးတယ်။ မင်း ကြီးလာမှ ပြန်လာခဲ့မယ်။ လူ့ပြည်ဆင်းရတာ တော်တော်ကောင်းတာပဲ နဂါးတစ်ကောင် ရလိုက်တယ်”
ချင်မူ အကြီးအကျယ် အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ တိမ်တိုက်များထဲတွင် အစိမ်းရောင်နှင့် အနီရောင် နဂါးနှစ်ကောင်ကို နင်းလျက် ရပ်နေသော ဘီလူးကြီးတစ်ကောင် ရှိသည်။ သူ့နားရွက်နှစ်ဖက်တွင်လည်း အဝါရောင်နဂါးနှစ်ကောင်အား ချိတ်ဆွဲထား၏။
“နတ်ဘုရား...”
ချင်မူ ခေါင်းယမ်းလိုက်သော်လည်း သူ့စိတ်သူ ပြန်မထိန်းနိုင်သေးပေ။ သူ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သောအခါ အစိမ်းရောင်နှင့်အနီရောင်နဂါးများက တဟုန်ထိုး လူးလွန့်လျှပ်ပြေးပြီး နတ်ဘုရားကို တောင်အရပ်ကို သယ်ဆောင်သွား၏။
“အဖေ့နဂါး” လုံကျောင်းနန်က စူးစူးဝါးဝါး အော်ပြီး တောင်အရပ်သို့ သွေးရူးသွေးတန်း ပြေးလိုက်သည်။ ချင်မူ အံ့ဩမှုများကို မြိုသိပ်၍ ရွှင်ပျော်ပျော်ဓားကို ပြန်ခေါ်လိုက်၏။ ဓားအလက်ရှစ်ထောင်က ဓားတိမ်တိုက်အသွင် ဖွဲ့တည်၍ တဖွဲဖွဲ ရွာကျသွားရာ တောင်တစ်တောင်လုံး ဖုံးလွှမ်းသွားသည်။
လုံကျောင်းနန်က မြွေတစ်ကောင်လို လူးလွန့်လျက် ဓားရောင်များကို ရှောင်သော်လည်း ဓားအရေအတွက်က များလွန်း၍ ဒဏ်ရာဒဏ်ချက်များ ရသွား၏။
“လုံကျောင်းနန် နင် နောက်တစ်ခါ ပေါ်လာရင် ငါ နင့်ကို မညှာတော့ဘူး ပြောခဲ့တာ မှတ်မိသေးလား”
ချင်မူ နဂါးချီလင်ကို ဆောင့်ကန်၍ နှိုးလိုက်ပြီး တရှိန်ထိုး ပြေးလိုက်သည်။ သူ၏ဓားရောင်များက ရေလှိုင်းပမာ မြောက်တက်လာပြီး လုံကျောင်းနန်ကို လွှမ်းခြုံသွား၏။ လုံကျောင်းနန်က မြွေတစ်ကောင်လို အလွန်လျင်မြန်စွာ ရွေ့လျားနေသော်လည်း ချင်မူက လေပေါ်ခုန်တက်၍ ဓားတိမ်တိုက်ဖြင့် တိုက်ခိုက်နေသည်။
လုံကျောင်းနန် ဓားချက်များကြောင့် အော်ဟစ်နေရပြီး မှော်စွမ်းအင်ကို လှည့်ပတ်ကာ ကောင်းကင်နတ်သိုင်းများဖြင့် ဓားရောင်များအား ခုခံနေရသည်။
နဂါးချီလင် နိုးလာပြီး ကပျာကယာ အပြေးလိုက်လာ၏။ သူ ဟိန်းလိုက်သည့်အခါ တုန်ခါလှိုင်းများက လုံကျောင်းနန်အား မူးဝေသွားစေသည်။
လုံကျောင်းနန်သည် ခုနစ်စဉ်ကြယ်အဆင့် သိုင်းပညာရှင်ဖြစ်သော်လည်း နဂါးချီလင်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အားနည်းနေသေး၏။ နဂါးချီလင်၏ ဟိန်းသံကြောင့် သူမအရှိန်အဝါ ပြိုကွဲသွား၍ ချင်မူက ထိုအခွင့်အရေးအား အမိအရ ဖမ်းဆုပ်လိုက်သည်။ ဓားပျံများက ရွှင်ပျော်ပျော်ဓားကို လှည့်ပတ်ပျံဝဲ၍ ဓားတစ်လက်တည်းအဖြစ် စုစည်းကာ လုံကျောင်းနန်ဆီ ပြေးဝင်သွားသည်။
“ဘယ်သူ ငါ့သားကို အနိုင်ကျင့်ရဲတာလဲ”
ခပ်ဩဩအသံတစ်သံက ဆိုင်းမဆင့်ဗုံမဆင့် ထွက်လာ၍ ချင်မူ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ ‘နဂါးဘုရင် ဒီမှာ ရှိနေတာပဲ’
သူ ဓားပျံများကို ကပျာကယာ ပြန်ခေါ်ပြီး ထွက်ပြေးရန် ပြင်လိုက်သော်လည်း နဂါးပုံသဏ္ဍာန် အမည်းရောင်တိမ်တိုက်ကြီးတစ်ခုက သူတို့ဆီ တရှိန်ထိုး ပြေးဝင်လာသည်။ လုံကျောင်းနန်က ခေါင်းထောင်ကာ အော်လိုက်၏။ “အဖေ အဲ့ဒါ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ပဲ”
ချင်မူ နဂါးချီလင်ဆီ ပြေးပြီး အော်လိုက်သည်။ “ဖက်တီးနဂါး၊ ငါ မင်းကို ရက်ပေါင်းတစ်ထောင်လောက် ကျွေးမွေးခဲ့ရတာ။ အခု အဲဒီကျေးဇူးပြန်ဆပ်တော့။ ပြေးတော့ မြန်မြန်”
နဂါးချီလင်က အားကုန်ထုတ်ပြေးရန် ပြင်လိုက်သော်လည်း ခြေလေးချောင်းလုံး ပျော့ခွေသွားပြီး မြေကြီးပေါ် လဲကျသွား၏။ သူက အော်လိုက်သည်။ “ဂိုဏ်းသခင် အဲဒါကြီး ပြန်လာပြီ”
“ဘာကြီးပြန်လာတာတုန်း”
ချင်မူ လက်နှစ်ဖက်ဖြင့် နဂါးချီလင်ကို မချီလိုက်သည်။ သူ ပြေးတော့မည့်အချိန် ကောင်းကင်က ပြန်လည်မည်းမှောင်လာပြီး အလွန်ကျယ်လောင်သောအသံကြီးတစ်သံ ထွက်လာ၏။ “နဂါးတွေကို ထိန်းဖို့ လူပျိုတစ်ယောက်နဲ့ အပျိုတစ်ယောက် လိုနေသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် မင်းတို့နှစ်ယောက်ရှိနေတာဆိုတော့ မင်းတို့ကိုပဲ ခေါ်ရမယ်...”
နဂါးချီလင်က အသက်မရှိတော့သကဲ့သို့ မလှုပ်တော့ပေ။
ထိုအခါမှ မည်သည့်အရာ ပြန်ရောက်လာမှန်း ချင်မူ နားလည်သွားသည်။ သူ ချာချာလည်သွားပြီး တိမ်တိုက်အပေါ် ရောက်သွား၏။ လုံကျောင်းနန်လည်း သူနှင့်အတူ ရောက်လာသည်။
“ဘယ်က မှော်ဆရာလဲ။ ငါ့သားကို ပြန်ချလိုက်စမ်း” နဂါးဘုရင်၏အသံက အဝေးမှ ထွက်လာသည်။
ချင်မူ သူ့ဘေးတွင် အကြေးခွံများ ဖုံးနေသော တုတ်တုတ်ခိုင်ခိုင် ခြေထောက်ကြီးနှစ်ချောင်းအား မြင်လိုက်ရသည်။ ထိုခြေထောက်နှစ်ချောင်းအောက်ရှိ နဂါးနှစ်ကောင်က တောင်အရပ်သို့ ဦးတည်ပျံသန်းနေ၏။
သူ ခေါင်းမော့ကြည့်လိုက်ရာတွင် ကိုက်ပေါင်းသုံးဆယ်ကျော် မြင့်မားသော ဘီလူးကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ လေတွင် တဖပ်ဖပ် လွင့်နေသော သူ၏အဝတ်စများကြားမှ အကြေးခွံအပြည့်ဖြင့် သူ့မျက်နှာကြီးအား လှစ်ခနဲ မြင်လိုက်ရ၏။ သူ၏မျက်ခုံးရိုးက ခပ်မြင့်မြင့် ရှိပြီး ခေါင်းပေါ်တွင် ချိုများ ရှိနေသည်။
“တော်တော်နားညီးတဲ့ ပိုးကောင်ပဲ”
နတ်ဘုရားက လက်တစ်ချက်တောက်လိုက်သည်။ နဂါးစီးဂိုဏ်း၏ နဂါးဘုရင်မှာ သွေးများ ဖြာခနဲ ပန်းထွက်သွားပြီး လွင့်ထွက်သွား၏။ သူက တောင်ကြီးတစ်လုံးကို ဝင်တိုက်သွားကာ သေသည်လား၊ ရှင်သည်လား မသိရပေ။
“ကောင်လေး၊ ကောင်မလေး ငါ့နဂါးတွေကို ကောင်းကောင်းပြုစုကြားလား” နတ်ဘုရားက သူတို့နှစ်ယောက်ကို ငုံ့ကြည့်၍ သွားဖြဲပြုံးပြသည်။ “မဟုတ်လို့ကတော့ ငါ့ရဲ့ သွားကြားထိုးတံ ဖြစ်သွားမယ်”
ချင်မူ နဂါးချီလင်ကို အောက်ချပြီး ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။ “ဦးရီးတော်၊ တူတော်ရဲ့ ကနဦးယန်က ပျက်စီးနေတာ ကြာပါပြီ။ လူပျိုမဟုတ်တော့ပါဘူး...”
လုံကျောင်းနန်လည်း တမုဟုတ်ချင်း ပြောလိုက်သည်။ “တူမတော်ရဲ့ ကနဦးယင်လည်း ပျက်စီးနေတာ ကြာပါပြီ။ အပျိုမဟုတ်တော့ပါဘူး”
နတ်ဘုရားက သရော်တော်တော် ပြောလိုက်သည်။ “ဒါဆိုလည်း မင်းတို့နှစ်ကောင်ကို အရှင်ထားစရာအကြောင်း မရှိဘူး စားပစ်လိုက်တော့မယ်”
“တူတော်က လူပျိုပါဗျ” ချင်မူက ဖြောင့်မတ်တည်ကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ “ဒီမိန်းမပျက်က အပျိုမဟုတ်တော့ပါဘူး။ ဦးရီးတော် သူ့ကို သတ်ပစ်လိုက်ပါ”