← Chapters

နဂါးထိန်းတတ်သည်

Vol. 27 Ch. 365

နဂါးထိန်းတတ်သည်

Vol. 27 Ch. 365

လုံကျောင်းနန်က ထခုန်ပြီး အော်ဟစ်လိုက်သည်။ “ပေါက်ကရတွေ မပြောနဲ့။ ငါ ဒီလိုဖြစ်နေရတာ နင့်ကြောင့်လေ”

ချင်မူ့လက်ဝါးထဲမှ ဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာပြီး သူမကို ဝင်တိုက်သွားသည်။ သူတို့၏ခန္ဓာကိုယ်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည့်အချိန်တွင် လုံကျောင်းနန်၏ လှပနက်မှောင်သောဆံပင်များက ရုတ်တရက် ကျွတ်ကျလာကာ ကတုံးပြောင်ကို ဖော်ပြလိုက်သည်။ သူမ၏မျက်နှာအရေပြားလည်း လျော့ရဲလာ၏။

ချင်မူက သိုင်းကွက်နောက်တစ်ကွက် ထုတ်လွှတ်ရန် ပြင်နေသော်လည်း အံ့အားသင့်သွားပြီး ဆက်လက်မတိုက်ခိုက်တော့ပေ။

အရှေ့ပင်လယ်မှာတုန်းက လင်ယွိရှို့နှင့် စစ်ယွင်ရှန်း၏ ပူးပေါင်းသိုင်းကွက်များကြောင့် လုံကျောင်းနန် သေလုမျောပါး ဖြစ်ခဲ့ရသည်။ အရေခွံလဲခဲ့သော်လည်း သူမ၏သက်တမ်း တိုသွားခဲ့သည်။ တာအိုသခင် သူမကို‌ ခေါ်သွား၍ အသက်ချမ်းသာရာရခဲ့သော်လည်း ယခုထက်ထိ ပြန်လည်မသက်သာသေးပေ။

ချင်မူ၏ဗုဒ္ဓအလင်းတန်းများနှင့် တိုက်မိသည့်အခါ သူမ၏ဆံပင်တု ကျွတ်သွားပြီး တင်းထားသော အရေပြားလည်း လျော့ရဲသွားခဲ့ခြင်းဖြစ်သည်။

လုံကျောင်းနန် ဆံပင်များကျွတ်ကျသွားသည်ကို သတိထားမိလျှင် အကျယ်ကြီး အော်လိုက်သည်။ သူက ဆံပင်များကို ကောက်ပြီး ခေါင်းပေါ် ပြန်ကပ်နေသော်လည်း ဆံပင်တုမှာ မွစာကြဲသွားပြီဖြစ်ရာ မည်ကဲ့သို့ပြန်ကပ်နိုင်တော့မည်နည်း။

“အစ်မတော်လုံမှာ နေရမယ့်အချိန် သိပ်မကျန်တော့ဘူး။ မတိုက်ခိုက်ရင် ဆယ်နှစ်‌ကျော်လောက် နေလို့ရသေးတယ်။ ဒါပေမဲ့ ငါ့ကို တိုက်ခိုက်ရင်တော့ ငါ့အနေနဲ့ အစ်မ‌တော်လုံကို သတ်စရာတောင် မလိုဘူး။ ဒဏ်ရာ‌လေးတစ်ချက်တည်းနဲ့ အစ်မတော် အသက်ရှင်နိုင်မယ့် အခွင့်အရေးကို မြင်တောင်မမြင်လိုက်ရဘဲ နေလိမ့်မယ်”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒီဘဝမှာ အစ်မတော်လုံ ငါ့ကို ကလဲ့စားမချေနိုင်တော့ဘူးလေ ဘာကြောင့် ကြိုးစားနေဦးမှာလဲ”

“ငါ ဒီလိုဖြစ်အောင် လုပ်တာ နင်လေ၊ ဒါတောင် ငါ့ကို သရော်နိုင်သေးတယ်လား” လုံကျောင်းနန်က အော်ဟစ်သည်။

“အန္တရာယ်ကို ဖိတ်ခေါ်နေတာက အစ်မတော်တို့ သားအဖကိုယ်တိုင်ပါပဲ။ အဲဒီအတွက် ငါ့မှာ တာဝန်မရှိဘူး။ ငါ့ကို အပြစ်တင်နေတာက အစ်မတော်ရဲ့ ‌ဒေါသကို ပုံချနေရုံသက်သက်ပဲ”

ချင်မူ သူ့ဘေးရှိ တုတ်တုတ်ခိုင်ခိုင် ခြေထောက်ကြီးနှစ်ချောင်းကို အကဲခတ်၍ ခေါင်းမော့ကြည့်လိုက်သည်။ နတ်ဘုရားက အောက်ကို ငုံ့ကြည့်နေသော်လည်း သူတို့ကို ငုံ့ကြည့်နေခြင်းမဟုတ်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပထဝီမြေပြင်အနေအထားကို ကြည့်ရှုလေ့လာနေခြင်းဖြစ်၏။

နဂါးက သူတို့ကို ‘ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်ဟုပင် မထင်’ ကြောင်း ထင်ရှားသည်။ သူတို့က သူ့အတွက် နဂါးများ ထိန်းကျောင်းရန်သာ အသုံးတည့်လေသည်။

ချင်မူ စိတ်ပြန်ထိန်း၍ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းဖြင့် ထွက်ပြေးနိုင်မည့် အခွင့်အရေးကို တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် စိတ်ကူးကို စွန့်လွှတ်လိုက်ရ၏။ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းက မြန်သည့်အပြင် အားကုန်ထုတ်လိုက်လျှင် လေးဆအထိ မြန်နှုန်းမြှင့်နိုင်သော်လည်း အချိန်တိုအတွင်းသာ အသုံးပြုနိုင်သည်။ သူ၏ချီစွမ်းအင်က မိနစ်ပိုင်းမျှဖြင့် ကုန်ခမ်းသွားမည်ဖြစ်သလို၊ သူ့ခွန်အားလည်း ကျဆင်းသွားလိမ့်မည်။

နတ်ဘုရား၏ ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်၏ အမြန်နှုန်းအရ သူ့အနေဖြင့် အကွာအဝေးတစ်ခုထိ ထွက်ပြေးလွတ်မြောက်နိုင်သော်လည်း သူ အားအင်ကုန်ခမ်းသွားသည်နှင့် သူတို့အတွက် သူ့ကို လိုက်မှီရန် ခက်ခဲမည်မဟုတ်ပေ။

ထို့ပြင် ဆန်ကုန်မြေလေး နဂါးချီလင်က မတ်တပ်ပင် မရပ်နိုင်အောင် ပျော့ခွေနေသည်။ ချင်မူ နဂါးချီလင်ကိုပါ သယ်ရဦးမည်ဆိုလျှင် ဝေးဝေးပြေးနိုင်မည်မဟုတ်ပေ။

နဂါးချီလင်က အဝလွန်ပြီး လေးလွန်းသည်။

‘နဂါးတစ်ကောင်ကို ထိန်းကျောင်းရတာလေးပဲမဟုတ်လား။ ငါ ဖက်တီးနဂါးကို အမြဲထိန်းနေတာပဲ ငါ့အတွက် လွယ်မှာပါ”

ချင်မူ နဂါးတစ်ကောင်ကို ဖင်ခုထိုင်လိုက်သည်။ သူ့အစွမ်းအစဖြင့် ဤ‌ရေနဂါးနှစ်ကောင်ကို သူ မကြောက်ပေ။ ဖက်တီးနဂါးကိုပင် ထိန်းကျောင်းနိုင်လျှင် ရေနဂါးများကို မထိန်းကျောင်းနိုင်ဘဲ ရှိမည်လော။

“ဦးရီးတော်ကို ဘယ်လိုခေါ်ရမလဲဗျ” ချင်မူ ကျယ်လောင်စွာ မေးလိုက်သည်။

“ငါ့ကို နဂါးထိန်းဧကရာဇ်လို့ ခေါ်နိုင်တယ်” နတ်ဘုရား၏အသံက မိုးခြိမ်းသံကြီးသဖွယ် ထွက်လာသည်။ “ငါက အထက်ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးပဲ။ မင်း ငါ့နဂါးတွေကို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းနိုင်သရွေ့ ငါ မင်းကို အသက်ချမ်းသာပေးမယ်။ အဲ့ဒါအပြင် ငါ့ကြောင့် မင်း ဒီလူ့ပြည်ကနေ အထက်ကောင်းကင်ဘုံကို တက်ပြီး စည်းစိမ်ခံစားရလိမ့်မယ်”

လုံကျောင်းနန်၏မျက်လုံးများ ဝင်းပလာပြီး သူမက ကျယ်လောင်စွာ ပြောလိုက်သည်။ “ဦးရီးတော်၊ တူမတော်က ဦးရီးတော်တည်ထောင်ခဲ့တဲ့ နဂါးစီးဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပါ”

ချင်မူ တဆတ်ဆတ် တုန်သွားသည်။ ‘သေစမ်း၊ ဒီနဂါးထိန်းဧကရာဇ်က နဂါးစီးဂိုဏ်းရဲ့ တည်ထောင်သူ ဖြစ်နေတာပဲဟ’

သူ နတ်ဘုရား၏နာမည်ကို မေးမိခဲ့သည့်အတွက် နောင်တရသွားသည်။ ယခုတွင် လုံကျောင်းနန်နှင့် နဂါးထိန်းဧကရာဇ်ကြားတွင် ပတ်သက်မှုရှိနေ၍ သူ သေရတော့မည်။

သူ ထွက်ပြေးချင်သော်လည်း နဂါးချီလင်ကို မည်မျှဆောင့်ကန်ဆောင့်ကန် ဖက်တီးနဂါးမှာ မထနိုင်ပေ။

‘ငါ နဂါးထိန်းတတ်တယ်၊ ငါ နဂါးထိန်းတတ်တယ်’ ချင်မူ ဣန္ဒြေပြန်ဆည်လိုက်သည်။

“နဂါးစီးဂိုဏ်းဟုတ်လား” နဂါးထိန်းဧကရာဇ်၏ ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်က ရပ်သွားပြီး နတ်ဘုရားက လုံကျောင်းနန်ကို ငုံ့ကြည့်သည်။ သူက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။ “ငါ ဒီဂိုဏ်းကို တည်ထောင်ခဲ့တာ မှန်ပေမယ့် ကြာလှနေပြီ။ နဂါးစီးဂိုဏ်းကို တည်ထောင်ခဲ့တယ်ဆိုတာလည်း စိတ်ဝင်စားစရာကောင်းလို့သာ တည်ထောင်ခဲ့တာ။ အဲ့ဒါကြောင့် အထက်ကောင်းကင်ဘုံကို တက်ပြီးနောက်ပိုင်း လာမပတ်သက်ခဲ့တာပဲ။ မင်းက နဂါးစီးဂိုဏ်းရဲ့ ဂိုဏ်းသားလား။ စောစောက မင့်ကို သူ့သားလို့ ပြောလိုက်တဲ့ ငတုံးက ဘာကောင်လဲ”

လုံကျောင်းနန် အံ့ဩဝမ်းသာသွားသည်။ သူမက တမုဟုတ်ချင်း ဒူးထောက်ကာ အရိုအသေပေးလိုက်၏။ “တူမတော်ရဲ့ အဖေ၊ လက်ရှိနဂါးစီးဂိုဏ်းရဲ့ ဂိုဏ်းသခင်ပါ”

“ငါ့တစ်ချက်လေးပဲ တောက်ရသေးတယ် လွင့်ထွက်သွားတယ်ဆို‌တော့ သူ့သိုင်းအဆင့်က တော်တော်နိမ့်ကျတာပဲ။ ဒါပေမဲ့ သေတော့မသေပါဘူး”

နဂါးထိန်းဧကရာဇ်၏ ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်က နိမ့်ဆင်းသွားပြီး သူက ပြောလိုက်သည်။ “မင်းက နဂါးစီးဂိုဏ်းရဲ့ ဂိုဏ်းသားဆိုမှတော့ ငါ မင်းအတွက် ခက်ခဲအောင် မလုပ်တော့ပါဘူး။ မင့်ကြည့်ရတာ ချီစွမ်းအင်ကုန်ခမ်းနေတဲ့ပုံပဲ။ ရော့ ဒီနဂါးပုတီးစေ့တစ်လုံး ယူပြီး အားဖြည့်လိုက်။ အရင်လိုတော့ ပြန်မလှနိုင်တော့ပေမယ့် ချီစွမ်းအင်ပြည့်ဖြိုးပြီး အသက်ရှင်နိုင်သေးတယ်”

အဝါရောင်ပုတီးစေ့တစ်စေ့ ပျံဆင်းလာ၍ လုံကျောင်းနန် ကပျာကယာ ဖမ်းဆုပ်လိုက်သည်။ သူမက ထပ်တလဲလဲ အရိုအသေပေးပြီးနောက် အလေးအနက် ပြောလိုက်၏။ “ဦးရီးတော်၊ ဒီလူက ကျွန်မတို့ နဂါးစီးဂိုဏ်းရဲ့ ရန်သူတော်ပါ။ သူ့လက်ချက်ကြောင့် နဂါးစီးဂိုဏ်းတစ်ဂိုဏ်းလုံး သုတ်သင်ခံခဲ့ရပါတယ်”

ချင်မူ ဇက်ပုပြီး ခေါင်းခါလိုက်သည်။ “အစ်မတော်လုံ၊ မဟုတ်မမှန် မစွပ်စွဲပါနဲ့။ ကျွန်တော့် သိုင်းအဆင့်ကို ကြည့်ပါဦး၊ ဘယ်လိုလုပ် နဂါးစီးဂိုဏ်းကို သုတ်သင်နိုင်မှာလဲ။ နဂါးစီးဂိုဏ်းဆိုတာ အဆင့်မြင့်သိုင်းပညာရှင်တွေ အများကြီးရှိတဲ့ အထွတ်အမြတ်မြေကြီးတစ်ခုပါ။ တစ်ဦးတစ်ယောက်စီတိုင်းက အင်မတန် ထူးချွန်ကျော်ကြားကြပါတယ်။ ဒါ့အပြင် သူတို့ မွေးထားတဲ့ နဂါးတွေကလည်း အင်အားကြီးမားကြတယ်။ ကျွန်တော့်လို သိုင်းအဆင့်နိမ့်ကျတဲ့လူတစ်ယောက်က ဘယ်လိုလုပ်သုတ်သင်နိုင်မှာလဲ”

နဂါးထိန်းဧကရာဇ်က ချင်မူ့ကို အကဲခတ်သည်။ သူသည် အလွန်ရိုးသားပြီး လုံကျောင်းနန်ထက် များစွာအားကိုးရမည့်ပုံပေါ်၏။ “ကြက်ကလေးတစ်ကောင်လို အားနည်းတဲ့ ဒီလူရိုးလူအလေးက ငါ တည်ထောင်ခဲ့တဲ့ဂိုဏ်းကို သုတ်သင်နိုင်တယ်တဲ့လား။ မင်းတို့တွေ အဲဒီလောက်အားနည်းသလား”

လုံကျောင်းနန် အံတင်းတင်းကြိတ်၍ အော်လိုက်သည်။ “ဒီအကောင်စုတ်က မိစ္ဆာနတ်ဆိုးတစ်ပါး ဆင့်ခေါ်ပြီး ကျွန်မတို့ဂိုဏ်းတစ်ဂိုဏ်းလုံးကို သုတ်သင်ခဲ့တာပါ”

ချင်မူက ရိုးသားသောမျက်နှာပေးဖြင့် သူ့ကိုယ်သူ ကာကွယ်ပြောဆိုသည်။ “ကျွန်တော် ဘယ်တုန်းက လုပ်လို့လဲဗျ။ ငယ်ငယ်ကတည်းက လူကယ်ဖို့ ဆေးပညာကိုပဲ သင်ယူခဲ့တာ၊ နတ်ဆေးသမားတော်လေးလို့တောင် ကျွန်တော့်ကို ခေါ်ကြသေးတယ်။ နေ့တိုင်းနေ့တိုင်း နဂါးချီလင်တစ်ကောင်ကို အခုလို ဝလာတဲ့အထိတောင် ဆေးဖော်ကျွေးမွေးခဲ့တာ။ ကျွန်‌တော်က ဘယ်လိုလုပ် မိစ္ဆာနတ်ဆိုးတစ်ပါးဆင့်ခေါ်ပြီး လူတွေကို ဒုက္ခပေးရက်မှာလဲ။ မမကြီးက ကျွန်တော့်ကို အသေရေဖျက် စွပ်စွဲနေတာပဲဗျ”

လုံကျောင်းနန် ဒေါသတကြီး ထခုန်ပြီး သူ့ကို လည်ပင်းညစ်သည်။ သူမက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ “နင်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လေ၊ နင့်စိတ်ထဲမှာ လူတွေကို ဒုက္ခပေးဖို့ အတွေးတွေပဲ ပြည့်နေတာ၊ နင်က မကောင်းဆိုးဝါးတွေထဲက မ‌ကောင်းဆိုးဝါးပဲ”

ချင်မူ အသက်မရှူနိုင်၍ မျက်ဖြူလန်လာသည်။

ရုတ်တရက် နဂါးထိန်းဧကရာဇ်က လက်တစ်ချက်တောက်လိုက်ရာ လုံကျောင်းနန် တစ်ပတ်နှစ်ပတ်မျှ လိမ့်ထွက်သွားသည်။

သူမ မြေကြီးနှင့် ထိသွားပြီး ထိုအခါမှ မြေပေါ် ဆင်းလာခဲ့သည်ကို သတိထားမိလိုက်သည်။ နဂါးထိန်းဧကရာဇ်၏ ခြေထောက်အောက်ရှိ ရေနဂါးနှစ်ကောင်က သူတို့အား ရွှေမြစ်ဆီ ခေါ်လာခဲ့၏။

“မင်းက ဒီနဂါးချီလင်ကို ဒီလောက်ဝတုတ်နေအောင် ကျွေးထားတဲ့တစ်ယောက်လား” နဂါးထိန်းဧကရာဇ်က ချင်မူ့ကို သူ့လက်ဝါးထည့်၍ မြှောက်လိုက်ပြီး အကဲခတ်နေသည်။ သူက ပြုံးလိုက်ပြီး ပြော၏။ “မင်း သူ့ကို ကောင်းကောင်းကျွေးထားတာပဲ။ မဆိုးဘူး ငါ မင်းကို သ‌ဘောကျတယ်”

ချင်မူ နဂါးထိန်းဧကရာဇ်နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အခါ ပြင်းပြင်းထန်ထန် ရင်တုန်သွား၏။ နဂါးထိန်းဧကရာဇ်သည် အလွန်ကြီးမားပြီး သူ့မျက်နှာတစ်ခုတည်းကတင် ချင်မူ့တစ်ကိုယ်လုံးထက် မြင့်မားသည်။ သူ့တစ်ကိုယ်လုံး နဂါးကြေးခွံများ ဖုံးနေပြီး ခပ်မြင့်မြင့် မျက်ခုံးနှစ်ဖက်၏အောက်တွင်သာ ကင်းလွတ်နေခြင်းဖြစ်သည်။ မျက်ခုံးနှစ်ဖက်က ငှက်မွှေးတောင်ပုံသဏ္ဍာန် ရှိနေသည်။

“ဦးရီးတော်....” ချင်မူ ရဲဆေးတင်၍ ပြောလိုက်သည်။ “တူတော်က ငယ်ငယ်ကတည်းက ဆေးပညာကို လေ့လာထားလို့ ဆေးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ နေ့တိုင်း နဂါးချီလင်ကို သွေးနီမီးလျှံစွမ်းအင်ဆေးလုံးအိုးတစ်ဖက် အမြဲကျွေးခဲ့တာပါ”

“သွေးနီမီးလျှံစွမ်းအင်ဆေးလုံး အိုးတစ်ဝက်ဟုတ်လား” နဂါးထိန်းဧကရာဇ်က တဟားဟား ရယ်သည်။ “နေ့တိုင်း ဒီလောက်ဆေးအများကြီး ဖော်စပ်နိုင်တယ်ဆိုတော့ မင်းဆေးပညာက မခေဘူးပဲ။ သူ့လို အကောင်ပေါက်ကိုယ်လေးက နေ့တိုင်း အိုးတစ်ဝက် စားစရာ ဘယ်,လိုမှာတုန်း။ သွေးနီမီးလျှံစွမ်းအင်ဆေးလုံး တစ်ပန်းကန်ဆို လုံလောက်တယ်”

ချင်မူ့မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။

နဂါးထိန်းဧကရာဇ်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ သူ စားတဲ့ဆေးအကုန်လုံး အလဿ ဖြစ်မသွားဘူး။ နဂါးနဲ့ချီလင်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးနေတယ်။ အဲဒီစွမ်းအင် နိုးထလာတာနဲ့ သူ နဂါးပုတီးစေ့နဲ့ ချီလင်မီးလျှံကို ဖွဲ့တည်နိုင်လိမ့်မယ်။ အဲဒီနှစ်မျိုးလုံးက အတော်လေး ထူးခြားတယ်။ နဂါးပုတီးစေ့နဲ့ ချီလင်မီးလျှံကို ဖွဲ့တည်နိုင်မှ သူ့ကို အရွယ်ရောက်ပြီဆိုရမှာ။ မင်းက ဆေးဖော်တတ်ပေမယ့် နဂါးတွေကို ဘယ်လိုမွေးမြူထိန်းကျောင်းရမလဲ မသိသေးတဲ့ပုံပဲ။ ငါ့ဆီက သင်ချင်လား”

“တပည့်သင်ချင်ပါတယ်”

လုံကျောင်းနန် ဒေါသထွက်နေသည်။ ဤသကောင့်သားက သူမခေါင်းကို တက်နင်း၍ ဂိုဏ်းတည်ထောင်သူ၏ တပည့်ဖြစ်လာပေတော့မည်။

“ငါ မင်းကို ငါ့ဆီက သင်ချင်လားပဲ မေးတာ။ ငါ့တပည့်ဖြစ်ချင်လား မေးတာမဟုတ်ဘူး။ မင်းက ကောင်လေးသာသာပဲ ရှိသေးတယ်” နဂါးထိန်းဧကရာဇ်က ပြုံးလိုက်ပြီး ပြောသည်။ “ငါ့ကို ဂါဝရတွေ ပြုမနေနဲ့။ တပည့် လက်ခံနေတာမဟုတ်ဘူး။ ဒါပေမဲ့ မင်း ငါ့နဂါးတွေကို ကောင်းကောင်းမွေးပေးနိုင်ရင် နောင်ကျ တပည့်အဖြစ် လက်ခံပေးရင် လက်ခံပေးမှာ။ အခု သွေးနီမီးလျှံစွမ်းအင်ဆေးလုံးတစ်အိုး ဖော်ပြစမ်း ကြည့်ရအောင်”

ချင်မူ တမုဟုတ်ချင်း ချီစွမ်းအင်ကို ဖွဲ့တည်၍ ထောင်ကျယ်အိတ်ထဲမှ ဆေးပင်တချို့ထုတ်ကာ လေထဲတွင် ဆေးဖော်လိုက်သည်။ နဂါးထိန်းဧကရာဇ် စကားပြောနေစဉ် သူ သွေးနီမီးလျှံဆေးလုံးတစ်လုံး ဖော်စပ်ပြီးသွား၏။

နဂါးထိန်းဧကရာဇ်က အံ့အားသင့်သွားပြီး ဝမ်းသာသွားသည်။ သူက တဟားဟား ရယ်ကာ ပြောလိုက်၏။ “မင်းကို‌ ခေါ်မယ်။ ဒီနေ့ကစပြီး မင်း စွမ်းအင်ဆေးလုံး ဖော်တဲ့ တာဝန်ယူရမယ်။ ဒါမှ ငါ အေးအေးဆေးဆေး အနားယူနိုင်မှာ”

သူက နဂါးချီလင်ကို တစ်ချက်ကန်၍ ပြောလိုက်သည်။ “ကောင်လေး၊ ငါ မင်းကို နဂါးပုတီးစေ့နဲ့ ချီလင်မီးလျှံ ဖွဲ့တည်နည်း သင်ပေးမယ်။ ဒါမှ မင်းလည်း ဆေးဖော်ဖို့ မီးမွှေးပေးနိုင်မှာ”

နောက်ဆုံးတော့ နဂါးချီလင် ထရပ်နိုင်သွားသည်။ သူ့မှာ အံ့ဩပြီး ဝမ်းသာနေ၏။

ချင်မူ တမုဟုတ်ချင်း စိတ်အားတက်ကြွသွားသည်။ ‘ဘိုးဘိုးနားကန်း ခဏခဏ ပြောခဲ့ဖူးတယ်။ ပညာရပ်တစ်ခုချင်းစီတိုင်းက တန်ဖိုးရှိပြီး တတ်နိုင်သမျှ များများလေ့လာတာ ကောင်းပေမယ့် ဘိုးဘိုးဆေးဆရာရဲ့ ဆေးပညာက‌တော့ အသုံးမဝင်ဘူးတဲ့။ ဆေးမှားကုမိရင် လူနာကို လျော်ကြေးပေးရလို့ မွဲသွားနိုင်တယ်တဲ့။ ပန်းချီပညာကတော့ ဘယ်နေရာမှာမဆို အသက်မွေးဝမ်းကြောင်းလို့ရတယ် ပြောခဲ့တာ။ ဒါပေမဲ့ ဘိုးဘိုးနားကန်းက လမ်းကြားတွေထဲမှာ ပန်းချီရောင်းရင်း ငတ်သေတော့မလို ဖြစ်ခဲ့ရပေမယ့် ဘိုးဘိုးဆေးဆရာရဲ့ ဆေးပညာကတော့ ငါ ဘယ်နေရာသွားသွား ငါ့ဘဝကို လွယ်ကူစေခဲ့တယ်...”

“ကလေးမ ဒီလာခဲ့”

လုံကျောင်းနန်က ခေါင်းငုံ့၍ နဂါးထိန်းဧကရာဇ်ဆီ လျှောက်လာသည်။ နဂါးထိန်းဧကရာဇ်က သူမအား အကဲခတ်ပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်သည်။ “မင်းလည်း နဂါးတစ်ကောင်ကို ဘယ်လိုမွေးရမလဲ သိမှာပါ။ ဒီတော့ ငါ မင်းကိုလည်း ငါ့နဂါးတွေကို ကူထိန်းခိုင်းမယ်။ ဒီကောင်လေးကိုတော့ ထပ်မစွပ်စွဲနဲ့တော့၊ မဟုတ်လို့ကတော့ ငါ မင်းကို ခွင့်မလွှတ်ဘူး”

လုံကျောင်းနန်မှာ တနုံ့နုံ့ ‌ဒေါသထွက်နေသော်လည်း ခေါင်းညိတ်သဘောတူရုံအပြင် ရွေးချယ်စရာ မရှိပေ။

ချင်မူက ကျေနပ်သွားပြီး မေးလိုက်သည်။ “နဂါးထိန်းဧကရာဇ်က ရွှေမြစ်မှာ ဘာလာလုပ်တာလဲဗျ”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပင်မနဂါးသွေးကြောကို ရှာနေတာ”

နဂါးထိန်းဧကရာဇ်၏ နားကပ်တစ်ဖက်က လှုပ်သွားပြီး ပြေကျလာကာ အဝါရောင်နဂါးအသွင် ပြောင်းသွားသည်။ ၎င်း၏ခန္ဓာကိုယ်က ရှည်လျားသထက် ရှည်လျားလာပြီး ကြောက်မက်ဖွယ်ရာအရှိန်အဝါဖြင့် မြစ်ထဲ လျှောဆင်းသွား၏။

ရွှေမြစ်ရေစီးကြောင်းက အရှိန်မြန်သည်။ ရေနဂါး ဝင်ရောက်သွားသောအခိုက်အတန့်တွင် မြစ်ရေက ဝဲကတော့ကြီးသဖွယ် အပေါ် မြောက်တက်လာပြီးနောက် ကောင်းကင်ထဲ စီးဆင်းနေ‌သော မြစ်တစ်စင်းအသွင် ဖွဲ့တည်သွား၏။

“ဒါက ရွှေမြစ်နဂါးရဲ့ ဝမ်းဗိုက် တည်နေရာပဲ။ သူ့လက်သည်းတွေလည်း အနီးနားမှာ ရှိတယ်”

နဂါးထိန်းဧကရာဇ်က မြစ်ကြမ်းပြင်ကို ငုံ့ကြည့်ပြီး စိတ်ပျက်သွားသောအမူအရာကို လှစ်ပြလိုက်သည်။ သူက ခေါင်းယမ်းလိုက်၏။ “ဒီနေရာက ပင်မနဂါးသွေးကြော မဟုတ်ဘူး”

ချင်မူလည်း မြစ်ကြမ်းပြင်ကို ငုံ့ကြည့်ကာ အတန်ငယ် မှင်သက်မိသွား၏။ ‌ရေစီးကြောင်းက နဂါးကြေးခွံကဲ့သို့ ကျောက်တုံးများကို ဖြတ်၍ စီးဆင်းနေကြောင်း သူ မြင်တွေ့လိုက်ရသည်။ နဂါးလက်သည်းများကိုလည်း ခပ်ရေးရေး မြင်နေရသယောင် ရှိ၏။

“မြစ်မှာ မြစ်ချီဆိုတာ ရှိတယ်။ မြစ်ချီစွမ်းအင်က နဂါးသွေးကြောကို ဖွဲ့တည်ပေးလိုက်ရင် အဲဒီနဂါးသွေးကြောက ရေအသွင် ရှိတယ်။ တောင်ချီက နဂါးသွေးကြောကို ဖွဲ့တည်ပေးလိုက်ရင် အဲဒီနဂါးသွေးကြောက မြေဖြစ်လာလိမ့်မယ်။ အဲဒီလိုပဲ ချော်ရည်လို မီးချီက နဂါးသွေးကြောကို ဖွဲ့တည်ပေးလိုက်ရင်တော့ မီးဖြစ်လာလိမ့်မယ်။ အဲဒါတွေက လူတွေ သိထားတဲ့ နဂါးသွေးကြောတွေပဲ။ ဒါပေမဲ့ လေဆိုတဲ့ နဂါးသွေးကြောအမျိုးအစားလည်း ရှိသေးတယ်။ လေ မိုင်ပေါင်းသောင်းချီ တိုက်ခတ်သွားတဲ့အခါ တောင်တန်းမြေပြင်တွေကြားမှာ နဂါးတစ်ကောင်ရဲ့ အရိပ်အယောင်တွေ ဖွဲ့တည်လာတယ်”

နဂါးထိန်းဧကရာဇ်က ခေါင်းမော့၍ တိုးညင်းသောလေသံဖြင့် ပြောလိုက်သည်။ “ငါ လေသွေးကြောနဲ့ တောင်သွေးကြောတွေကို စစ်ဆေးပြီးပြီ။ ရွှံမြစ်နဲ့ ရွှေမြစ်ကိုလည်း စစ်ဆေးပြီးပြီ။ ရှေ့ဆက်သွားရင် မြေကြီးအောက်မှာ ရှိတဲ့ မီးနဂါးသွေးကြောသုံးကြောကို စစ်ဆေးရလိမ့်မယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဒီလောက်များတဲ့ နဂါးသွေးကြောတွေကို ပိုင်ဆိုင်ထားတာဆိုတော့ မကြာခင် နဂါးကြီးတစ်ကောင် ပေါ်ထွန်းလာမှာ စိုးမိတယ်။ ဒါပေမဲ့ ငါ ပင်မနဂါးသွေးကြောကို ယူသွားရင် နဂါးအားလုံး ခေါင်းဆောင်ပျောက်ပြီး ဟီးဟီး....တစ်ကမ္ဘာလုံး ဖရိုဖရဲ ပြိုကွဲသွားလိမ့်မယ်”

All Chapters