← Chapters

အစစ်အမှန်နဂါးမင်း

Vol. 27 Ch. 366

အစစ်အမှန်နဂါးမင်း

Vol. 27 Ch. 366

‘ထာဝရငြိမ်းချမ်းရေးအင်ပါယာက တော်‌တော်ကံဆိုးတာပဲ။ ပုန်ကန်မှုတွေ နှိမ်နင်းပြီးတော့ ဆီးနှင်းကပ်ဘေး ဝင်လာတယ်။ ပြီးတော့ မန်ဘီလူးရိုင်းနယ်မြေနဲ့ ဝံပုလွေအသိုက်နယ်မြေက မဟာမိတ်ဖွဲ့ပြီး ကျူးကျော်ဖို့ ကြိုးစားတယ်။ အခု နဂါးထိန်းဧကရာဇ်က ပင်မနဂါးသွေးကြောကို ယူသွားဖို့ ပေါ်လာပြန်ပြီ’

ချင်မူ စိတ်မသက်မသာ သက်ပြင်းချမိလိုက်သည်။ ဧကရာဇ်ယန်ဖုန်းမှာ ဧကရာဇ်ကံဇာတာ မကောင်းပေ။ အရှုပ်ထုပ်များကို တစ်ခုပြီးတစ်ခု ဖြေရှင်းနေရသည်။

“ငါ သွန်းလုပ်ထားတဲ့ နေသူရိန်ခွင်းကောင်းကင်အမြှောက်က ဒီနဂါးထိန်းဧကရာဇ်ကို သတ်ပေးနိုင်တယ်။ ဒါပေမဲ့ မြို့တော်ကနေ ‌ဆေးစွမ်းအင်ကျောက်တုံးတွေ မရောက်သေးသလို၊ ဧကရာဇ်ယန်ဖုန်းလည်း ဒီမှာမရှိဘူး...”

ချင်မူ ရုတ်တရက် မှင်သက်သွားသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ လူမဟုတ်ပါဘဲ သူ့အသက်ကို အဘယ်သို့ပြု၍ စွန့်စားရမည်နည်း။

သူ မဟာမြို့ပျက်မှ ထွက်လာခဲ့သည့် အကြောင်းရင်းက အတွေ့အကြုံရှာဖွေ၍ တိုးတက်အောင် ကြိုးစားရန် ဖြစ်သည်။ သူ့ပန်းတိုင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်စောင့်ရှောက်ရန် မဟုတ်ခဲ့ပေ။ မည်သည့်အချိန်က သူ၏ရည်ရွယ်ချက်သည် သူပင် မသိလိုက်ဘဲ ပြောင်းလဲသွားခဲ့သနည်း။

သိပ်မကြာသေးခင်တုန်းကပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်၏ လူများကို စွန့်ပစ်၍ ကျွန်အဖြစ် ဆက်ဆံသည့်အတွက် သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရန်သူအဖြစ် မြင်ခဲ့သေးသည်။ မည်သည့်အချိန်က သူ၏အမြင်များ ပြောင်းလဲသွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အရေးကိစ္စများကို သူ၏အရေးကိစ္စများသဖွယ် လုပ်ဆောင်ပေးခဲ့မိသနည်း။

အတွေ့အကြုံသာ ရှာဖွေသင့်သည် မဟုတ်ပါလော။

မဟာမြို့ပျက်၏လူများ ရှင်သန်လွတ်မြောက်နိုင်အောင် တိုက်ခိုက်ပေးသင့်သည် မဟုတ်ပါလော။

မည်သည့်အချိန်ကတည်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် သူ၏ဒုတိယအိမ်သဖွယ် ဖြစ်လာခဲ့သနည်း။

ချင်မူ သူ့နှလုံးသား၏အတွင်းထဲအား ပြန်ကြည့်ပြီး ခါးသီးသောအမှန်တရားကို ရှာတွေ့သွားသည်။ လူ့နှလုံးသားသည် ကောင်းကင်နတ်သိုင်းများ၊ သိုင်းကွက်များနှင့် လမ်းစဉ်များထက် ပိုမိုရှုပ်ထွေးပြီး ပြောင်းလဲတတ်၏။

ချင်မူ သူ့စိတ်သူ ပြန်ဆင်ခြင်ကာ စိတ်တည်ငြိမ်သွားသည်။ လူသားဧကရာဇ်အနေဖြင့် သူ လုပ်နေသောအရာများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် မဟုတ်ပေ။ လူသားများအတွက် ဖြစ်၏။ ဧကရာဇ်ယန်ဖုန်းက မင်းကောင်းမင်းမြတ်တစ်ပါးမဟုတ်လျှင် သူ သူ့ကို အစားထိုးပစ်မည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ပြန်လည်တည်ဆောက်ရေးများ မအောင်မြင်လျှင် သူ ထိုတာဝန်ကို လွှဲပြောင်းယူပြီး ဆက်လက်ဆောင်ရွက်မည်။

သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြန်လည်တည်ဆောက်ရေးက ကောင်းမွန်သော်လည်း ဧကရာဇ်ယန်ဖုန်းက မဟာမြို့ပျက်ကို ကျူးကျော်၍ မဟာမြို့ပျက်၏လူများကို ကျွန်ပြုလျှင် သူ ဧကရာဇ်ယန်ဖုန်းအား ဖယ်ရှားပစ်မည်။

ချင်မူ မျက်တောင်ပုတ်ခတ်လိုက်သည်။ ဤသည်မှာ ရှင်းလင်းရိုးသားသည်ဟု သူ ခံစားရ၏။

“ရောက်ပြီ”

နဂါးထိန်းဧကရာဇ်၏ ခြေ‌ထောက်အောက်ရှိ နဂါးနှစ်‌ကောင် ရပ်သွားသည်။ ချင်မူ ဘေးဘီဝဲယာကို ကြည့်ရင်း အကြီးအကျယ် အံ့အားသင့်နေသည်။ နေရာတိုင်းတွင် ဧရာမမီးတောင်ကြီးများ တည်ရှိနေပြီး မီးတောင်ဝများမှ မီးခိုးလုံးကြီးများက အလိပ်လိုက်အလိပ်လိုက် မြောက်တက်နေသည်။ သို့သော် ချော်ရည်များ စီးကျနေခြင်းမရှိပေ။

ချီကျင့်ကြံသူတချို့က မီးကောင်းကင်နတ်သိုင်းများ ကျင့်ကြံရာတွင် အသုံးပြုသော မြေအောက်မီးလျှံကို စုဆောင်းရန် မီးတောင်များအပေါ် တက်နေကြ၏။

ဤသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မီးတောင်ပြည်နယ်ဖြစ်သည်။ နယ်နိမိတ်အတွင်း မီးတောင်အရေအတွက် များပြားလွန်း၍ မီးတောင်ပြည်နယ်ဟု နာမည်အစွဲပြုမှည့်ခေါ်ထားခြင်း ဖြစ်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မီးတောင်ကိုးဆယ်ရာခိုင်နှုန်းက ဤပြည်နယ်တွင် စုဝေးနေသည်။ မဟာတောင်ဖြူဟု ခေါ်သော အမြင့်ဆုံးမီးတောင်လည်း ရှိသည်။ မဟာတောင်ဖြူသည် အလွန်မြင့်မားပြီး ‌တောင်ထိပ်တွင် နှင်းများ ဖုံးလျက်ရှိကာ အဝတွင်မူ ချော်ရည်များ ပွက်ပွက်ဆူနေ၏။

နဂါးထိန်းဧကရာဇ်က ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး မဟာတောင်ဖြူအပေါ် အကြည့်ရောက်သွားသည်။ သူက ပြုံး၍ ပြောလိုက်၏။ “နဂါးမျက်လုံးတွေက အဲဒီမှာပဲ”

သူ့ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်က လေပေါ်ပျံတက်ပြီး သူတို့အား မဟာတောင်ဖြူဆီ ခေါ်သွားသည်။ မဟာတောင်ဖြူပေါ်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အထွတ်အမြတ်မြေကြီးသုံးခုကဲ့သို့ မဟုတ်ဘဲ တခြားဂိုဏ်းများကဲ့သို့ ဖိအားဒဏ်ခံစားခဲ့ရသော ဂိုဏ်းတစ်ဂိုဏ်း ရှိသည်။ ကျောင်းတော်များ၊ ကောလိပ်များက နေရာအနှံ့ မှိုလိုပေါက်လာ၍ ထိုဂိုဏ်းတွင် ဂိုဏ်းသားအရေအတွက် သိသိသာသာ ကျဆင်းသွားခဲ့၏။

မဟာတောင်ဖြူ၏အပေါ်၌ တည်ရှိသော ဂိုဏ်းကို မဟာတောင်ဖြူဓားဂိုဏ်းဟု ခေါ်သည်။ ဂိုဏ်းသားအရေအတွက်က အလွန်ကျဲပါးပြီး တစ်ရာခန့်သာ ရှိသည်။

နဂါးထိန်းဧကရာဇ်က ချင်မူနှင့် လုံကျောင်းနန်ကို ခေါ်ကာ တောင်ပေါ် ဆင်းလိုက်သည်။ မီးတောင်ဝ၌ ရှိသော မဟာတောင်ဖြူဓားဂိုဏ်း၏ အတွင်းသို့ သူ ရောက်သွား၏။ ဂိုဏ်း၏ သိုင်းပညာရှင်များမှာ ထိတ်လန့်သွားကြပြီး ပျားများသဖွယ် အစုလိုက်အပြုံလိုက် ထွက်လာကြသည်။ နဂါးထိန်းဧကရာဇ်နှင့် နဂါးများကို မြင်သောအခါ ဆွံ့အမှင်သက်သွားကြပြီး မလှုပ်ရဲကြတော့ပေ။

နဂါးထိန်းဧကရာဇ်၏ ခြေထောက်အောက်ရှိ နဂါးက ပျံထွက်သွားပြီး မီးတောင်ထဲ ဝင်ရောက်သွားသည်။ တခဏကြာသော် အပေါက်တစ်ပေါက် ပွင့်လာကာ ရောင်စုံအလင်းတန်းများ ကောင်းကင်ထက်သို့ ဖြာတက်သွား၏။

ချင်မူ ဝင်ပေါက်အတွင်းထဲ ကြည့်လိုက်သည့်အခါ မူးဝေသွားသည်။ မီးတောင်၏အတွင်းပိုင်းသည် ချော်ရည်များ ပြည့်မနေဘဲ ရွှေရောင်တဖျတ်ဖျတ် တောက်ပနေသော နဂါးကြေးခွံများ ဖွဲ့တည်နေ၏။

မဟာတောင်ဖြူဓားဂိုဏ်းသားများလည်း မှင်သက်သွားကြသည်။ ဤနေရာတွင် မဟာတောင်ဖြူဓားဂိုဏ်း တည်ရှိနေသည်မှာ နှစ်ပေါင်းတစ်ထောင်ကျော် ကြာပြီဖြစ်သော်လည်း မီးတောင်၏အတွင်းထဲ၌ မတူညီသောကမ္ဘာတစ်ခု ရှိနေမှန်း မသိခဲ့ပေ။

သို့သော် သူတို့ မလှုပ်ဝံ့သေး။

“သခင်ကြီး....”

မဟာတောင်ဖြူဓားဂိုဏ်း၏ ဂိုဏ်းချုပ်က သတ္တိများကို စုစည်း၍ ရှေ့တက်လိုက်သော်လည်း သူ စကားပြောရန်ပြင်လိုက်စဉ်မှာပဲ နဂါးထိန်းဧကရာဇ်၏ ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်က နဂါးထိန်းဧကရာဇ်နှင့် ချင်မူတို့နှစ်ယောက်အား မီးတောင်အတွင်းထဲ သယ်ဆောင်သွား၏။

“ဂိုဏ်းချုပ်၊ အဲဒီလူတွေ ကျုပ်တို့ ဓားဂိုဏ်းရဲ့ တားမြစ်မြေထဲ ဝင်သွားကြပြီ” သက်လတ်ပိုင်းလူတစ်ယောက်က လှမ်းအော်သည်။ “အခု ဘာလုပ်ကြမလဲ”

မဟာတောင်ဖြူဂိုဏ်းချုပ်၏ မျက်နှာမှာ မည်းမှောင်သွားရာမှ ကြည်လင်လာသည်။ သူက ပြောလိုက်သည်။ “စောစောက လူငယ်ကို မှတ်မိလား။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ပဲ။ အဲဒီမကောင်းဆိုးဝါးက နဂါးတွေ မွေးထားတဲ့ ကြောက်စရာသိုင်းပညာရှင်ကို ခေါ်လာတယ်။ မိစ္ဆာလမ်းစဉ်အထွတ်အမြေက အမှန်တကယ် မိစ္ဆာလမ်းစဉ်ဆိုတဲ့ အတိုင်းပဲ။ သူတို့ရဲ့အခြေခံက နက်ရှိုင်းတယ်။ ငါတို့ မဟာတောင်ဖြူဓားဂိုဏ်းက သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ ဒီတော့ ငါတို့ ဘာလုပ်ကြမလဲသိလား။ နန်းတွင်းကို တိုင်ကြားလွှာ ပေးပို့မယ်”

ဓားဂိုဏ်းသားအားလုံး မှင်သက်သွားကြသည်။ နန်းတွင်းကို တိုင်ကြားလွှာ ပေးပို့မည်တဲ့လော။ ရှက်စရာမကောင်းလွန်းဘူးလား။

“ငါတို့ နန်းတွင်းကို တိုင်ကြားလွှာ ပို့လိုက်ရင် ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံ ငြင်းပယ်မှာမဟုတ်ဘူး” ဂိုဏ်းချုပ်က ခေါင်းမော့၍ ပြောလိုက်သည်။ “ငါ နန်းတွင်းကို တိုင်ကြားလွှာ ပေးပို့ဖို့ နန်းစိုက်မြို့‌တော်ဆီ သွားလိုက်မယ်။ ကောင်းကင်နတ်ဆိုးဂိုဏ်း ငါတို့မဟာ‌တောင်ဖြူဓားဂိုဏ်းကို ဖြေရှင်းချက်ပေးအောင် ဧကရာဇ် သေချာပေါက် ဖိအားပေးရလိမ့်မယ်”

မီးတောင်ထဲတွင် ချင်မူနှင့် လုံကျောင်းနန် နဂါးထိန်းဧကရာဇ်အနောက်မှ လိုက်ရင်း လျှို့ဝှက်ဆန်းကြယ်သော တောင်နံရံများကို ကြည့်နေမိကြသည်။ နံရံအားလုံးသည် ရွှေရောင်နဂါးကြေးခွံများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ချင်မူ အကြေးခွံတစ်ခုအား လက်ဖြင့် ထိကြည့်လိုက်သောအခါ ပူခြစ်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းက ချော်ရည်နှင့်တူသော်လည်း ချော်ရည်မဟုတ်ပေ။

“ဒါက ပင်မနဂါးသွေးကြော ဖြစ်လောက်တယ်။ ဒီမြေအောက်မှာ စုဝေးနေတဲ့ နဂါးချီက ကောင်းကင်နဂါးအသွင် ပြောင်းပြီး ပျံထွက်ခါနီးနေပြီ” ထို့နောက် နဂါးထိန်းဧကရာဇ်က တအံ့တဩ ဆက်ပြောသည်။ “ဒီနဂါးသွေးကြောက ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်မှာ ရှိတဲ့ တောင်ကြောကိုးကြောထက်တောင် ပိုကောင်းနေသလိုပဲ”

ချင်မူ သိချင်စိတ်များဖြင့် မေးလိုက်သည်။ “နဂါးထိန်းဧကရာဇ်က မြို့တော်မှာရှိတဲ့ နဂါးသွေးကြောကိုးကြောကို ကြည့်ပြီးသွားပြီလား။ အခြေအနေက ဘယ်လိုရှိလဲ”

ချင်မူ မြို့တော်ဆီသို့ အခေါက်ပေါင်းမနည်း သွားရောက်ခဲ့ဖူးသော်လည်း တောင်များဆီသို့ တစ်ခါမှ မရောက်ခဲ့ပေ။ မြို့‌တော်ကို နဂါးကိုးကောင်က ဝန်းရံထားပြီး နဂါးချီသည် အလွန်သိပ်သည်းကာ ဆန်းပြား၏။ ထိုနေရာတွင် နေထိုင်သော လူများက သာမန်ထက် အသက်ပိုရှည်ပြီး သိုင်းကျင့်ရာ၌ နှစ်ဆမြန်ကြသည်။ အထူးသဖြင့် နန်းတွင်းကောလိပ်နှင့် နန်းတွင်းဖြစ်၏။ ထိုနှစ်နေရာမှာ နဂါးချီများ စုဝေးနေသည့်နေရာများ ဖြစ်ပေသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာက နဂါးသွေးကြောတွေက နဂါးဝါကိုးကောင်ပဲ။ ငါ တောင်အတွင်းပိုင်းထဲ ဝင်ကြည့်တုန်းက တောင်အလယ်ကနေ သူတို့ထိုးဖောက်ပြီး အပြင်ရောက်နေတာကို မြင်ခဲ့ရတယ်။ သူတို့ချီတွေက အကြေးခွံနဲ့ လက်သည်းတွေကိုတောင် ဖွဲ့တည်ထားပြီးပြီ” နဂါးထိန်းဧကရာဇ်က ပြောလိုက်သည်။ “ဒါပေမဲ့ ချီအဖြစ်ပဲ ရှိသေးတာ ခန္ဓာကိုယ်တွေကိုတေ့ မဖွဲ့တည်ရသေးဘူး။ ဒါပေမဲ့ ဒီမီးနဂါးကတော့ အသွင်ဖွဲ့တည်ပြီးတော့မယ်”

ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်။ လုံကျောင်းနန်က နဂါးကြေးခွံများကို ထိကာ မေးလိုက်၏။ “ဒါဆို ဦးရီးတော်ဆိုလိုတာက ဒီနဂါးသွေးကြောရဲ့ နဂါးကြေးခွံက အမှတ်အသားတွေမဟုတ်ဘဲ နဂါးအစစ်တစ်ကောင်ရဲ့ အကြေးခွံတွေပေါ့”

“ဟုတ်တယ် အကြေးခွံအစစ်တွေပဲ” နဂါးထိန်းဧကရာဇ်က ပြောလိုက်သည်။ “ရေနဂါးတွေကို နဂါးအစစ်လို့ မဆိုနိုင်ဘူး။ သူတို့က နဂါးချီကို စုပ်ယူပြီး အသွင်ပြောင်းလဲလာတဲ့ မြွေကြီးတွေ သက်သက်ပဲ။ နဂါးအစစ်တွေက ချီကနေ မွေးဖွားလာပြီး နဂါးသွေးကြောကနေ အသွင်ဖွဲ့တည်လာတာ။ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါအားလုံးက ဥ ဒါမဟုတ် ဝမ်းထဲကနေ ပေါက်ဖွားလာတာ ဆိုပေမယ့် နဂါးအစစ်တွေကတော့ ချီကနေပဲ မွေးဖွားတယ်

“ချီက နဂါးအစစ်တစ်ကောင်ကို မွေးဖွားပေးတယ်။ အဲဒီနဂါးအစစ်ကနေမှ နဂါးဥရင်ဥ ၊ မဥရင် နဂါးပေါက်လေးတွေကို မွေးဖွားပေးတာပဲ။ မင်းတို့ မဟာမြို့ပျက်ကို ရောက်ဖူးတယ်မလား။ အဲဒီမှာ နဂါးမင်းနန်းတော်ပျက်တွေ အများကြီးရှိတယ်။ ဘာကြောင့် နဂါးမင်းအများကြီး မဟာမြို့ပျက်မှာ စံမြန်းခဲ့တာလဲသိလား။ အဲဒီတုန်းက မဟာမြို့ပျက်မှာ နဂါးသွေးကြောရာပေါင်းများစွာ ရှိခဲ့တဲ့အပြင် အကုန်လုံး အစစ်အမှန်နဂါးအဖြစ် ဖွဲ့တည်ပြောင်းလဲလာကြလို့ အင်အားတိုးပွားလာတာပဲ”

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။

နဂါးသွေးကြောရာပေါင်းများစွာ၊ တိုးပွားလာသော အင်အား၊ အစစ်အမှန်နဂါးအဖြစ် ဖွဲ့တည်ပြောင်းလဲခြင်းတဲ့လော။

အရှေ့ပင်လယ်မှာတုန်းက နဂါးမင်းကျောင်းဆောင်တစ်ခုကို သူ မြင်ခဲ့ဖူးသည်။ ထို့အပြင် မာန်ဟုန်မြစ်တွင်လည်း နဂါးမင်းကျောင်းဆောင်တစ်ခု ရှိခဲ့ပြီး ကောင်းကင်ရေတွင်းနဂါးမင်းကဲ့သို့ နဂါးမင်းများအတွက် ကျောင်းဆောင်တစ်ခုကိုပင် တွေ့ခဲ့ရသည်။

ထိုနဂါးမင်းအားလုံး အစစ်အမှန်နဂါးများ ဖြစ်ခဲ့သည်လော။

“မဟာမြို့ပျက်ရဲ့ နဂါးသွေးကြောတွေကနေ ဖွဲ့တည်လာတဲ့ အစစ်အမှန်နဂါးတွေက အညံ့ခံပြီး အဲဒီသူကို သစ္စာခံခဲ့ကြတယ်” နဂါးထိန်းဧကရာဇ်က အကျိုးဆက်များကို ကြောက်သည့်အလား ထိုအကြောင်း ဆက်မပြောတော့ပေ။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက နဂါးသွေးကြောတစ်ဆယ်၊ နှစ်ဆယ်လောက်ပဲ ရှိသေးတာဆိုတော့ သေးငယ်သေးတယ်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ နောင်တစ်ချိန် ပြဿနာမဖြစ်ရအောင် ပင်မနဂါးသွေးကြောကို ငါ ရှာကို ရှာရမှာ

“ထာဝရငြိမ်းချမ်းရေးအင်ပါယာသာ ပိုပြီးတိုးတက်စည်ပင်လာရင် ကပ်ဘေးနောက်တစ်ခု ပေါ်လာလိမ့်မယ်။ ပင်မနဂါးသွေးကြောကို ရှာပြီး မြန်မြန် သတ်လိုက်တာက လုပ်သင့်တဲ့အရာပဲ”

သူတို့ တောင်အတွင်းပိုင်းထဲ ကြည့်လိုက်သည့်အခါ နဂါးတွန်သံသဲ့သဲ့ ကြားလိုက်ရသည်။ ချင်မူ စိတ်အားတရှိန်ရှိန် တက်ကြွလာ၏။ “ဒီမီးနဂါးသွေးကြောက အစစ်အမှန်နဂါးတစ်ကောင်အသွင် ဖွဲ့တည်တော့မှာလား’

သူတို့ အသံလာရာဘက် ရောက်သည့်အချိန်တွင် တွန်သံက နဂါးအစစ်တစ်ကောင်ဆီ လာခြင်းမဟုတ်ကြောင်း သူ သတိထားမိလိုက်သည်။ အသံက ဆယ့်နှစ်မိုင်ကျော် ကျယ်ဝန်းသော မြေအောက်ချော်ရည်မြစ်တစ်စင်းမှ ထွက်လာခြင်းဖြစ်၏။ မြစ်၏လေးဖက်လေးလံတွင် ရွှေရောင်တဖျပ်ဖျပ် လက်နေသော နဂါးကြေးခွံများ ဖုံးလွှမ်းနေသည်။

အတိုင်းထက်အလွန် သန်မာအားကောင်းသော နဂါးချီကို ချင်မူ ခံစားလိုက်ရ၏။

လင်မိသားစု၏ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ကျင့်ကြံထားသည့်အတွက် ဤနေရာရှိ နဂါးချီသည် မြို့တော်အောက် မနိမ့်ကျကြောင်း သူ တမုဟုတ်ချင်း သိလိုက်သည်။

မြို့တော်၌ နဂါးသွေးကြောကိုးကြော၏ နဂါးချီများ စုဝေးနေခြင်းဖြစ်သော်လည်း ဤနေရာတွင်မူ မီးနဂါးတစ်ကောင်၏ သွေးကြောတစ်ခုသာ ရှိသည်။ သို့သော် အလားတူ သန်မာအားကောင်း၏။ သို့ဆိုလျှင် ဤနေရာက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပင်မသွေးကြော တည်ရှိရာ နေရာ ဖြစ်နေမည်လော။

“ထူးဆန်းတယ်...” နဂါးထိန်းဧကရာဇ်က မျက်မှောင်ကြုတ်၍ ချော်ရည်မြစ်အထက်ပိုင်းနှင့် အောက်ပိုင်းကို အကဲခတ်နေသည်။ “ထူးဆန်းတယ်...ဒီနေရာရဲ့ နဂါးသွေးကြော သွားနေတဲ့လမ်းကြောင်းက တစ်ခုခုမူမမှန်သလိုပဲ..”

နဂါးထိန်းဧကရာဇ်က ရေနဂါးနှစ်ကောင်၏ ကျောပေါ်မှ ဆင်းလိုက်သည်။ ချင်မူ သူ့ခြေထောက်များကို ကြည့်လိုက်သည့်အခါ လူ့ခြေထောက်မဟုတ်ဘဲ နဂါးခြေထောက်များ ဖြစ်နေသည်ကို မြင်လိုက်ရ၏။

နဂါးထိန်းဧကရာဇ်က ရွှေရောင်ဒယ်အိုးအသေးလေးတစ်ခုကို ထုတ်လိုက်သည်။ သူ့အတွက် သေးငယ်‌သော်လည်း ချင်မူ့အတွက်တော့ လူနှစ်ယောက်၊ သုံးယောက်ကို အသာလေးချက်နိုင်သည်အထိ ကြီးမားသည်။

နဂါးထိန်းဧကရာဇ်က ဒယ်အိုးဖြင့် ချော်ရည်အနည်းငယ် သဲ့ခပ်ပြီး ရွှေမှုန်များ ဖြူးလိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။

ချင်မူ ရှေ့တိုးကြည့်သည့်အခါ ရွှေမှုန်များက ‌ချော်ရည်နှင့် ရောသွားပြီး တဖြည်းဖြည်း ပြောင်းလဲနေသည်ကို မြင်လိုက်ရ၏။

နဂါးထိန်းဧကရာဇ်က သူ့ကို ရွှေရောင်စာအုပ်တစ်အုပ်နှင့် ထောင်ကျယ်အိတ်တစ်အိတ် ပစ်‌ပေးကာ ပြောလိုက်သည်။ “ဒီနဂါးသွေးကြောက ထူးဆန်းတယ်။ သာမန်နဂါးသွေးကြောနဲ့ မတူဘူး။ ဘာမူမမှန်တာလဲ ကြည့်ဖို့ ငါ မှော်အစီအရင်တစ်ခု စီရင်ရလိမ့်မယ်။ မင်း ဆေးဖော်ပြီး နဂါးတွေကို အစာကျွေးထား။ ဒီစာအုပ်ထဲမှာ ဆေးညွှန်းတွေပါတယ် မမှားစေနဲ့”

ချင်မူ နားလည်၍ ရွှေစာအုပ်ကို ယူလိုက်သည်။ ရွှေစာအုပ်သည် နဂါးထိန်းကျမ်းစဉ်ဟု ခေါ်၏။ သူ လှန်ကြည့်လိုက်သည့်အခါ နဂါးတစ်ကောင်အား မွေးမြူပျိုးထောင်နည်းများ မှတ်သားထားကြောင်း တွေ့လိုက်ရသည်။ နဂါးအမျိုးအစားများ၊ အမူအကျင့်များ၊ ဓာတ်သတ္တိများ၊ ထိန်းချုပ်နည်းများနှင့် နဂါးအမျိုးအစားအလိုက် ကျွေးရသည့်အစာများလည်း ရေးသားထားသည်။

ချင်မူ စာအုပ်၌ ရေးထားသော စွမ်းအင်ဆေးလုံးများကို စိတ်မဝင်စားပေ။ ၎င်းတို့ကို ဖော်စပ်သည့်နည်းလမ်းကသာ သူ့ကို ဆွဲဆောင်နိုင်၏။ ဆေးဆရာက သူ့ကို ဆေးဖော်စပ်ရာတွင် အသုံးပြုသော လက်ဟန်နည်းစနစ်များစွာ သင်ပေးခဲ့သော်လည်း နဂါးထိန်းကျင့်စဉ်ထဲတွင် သူ မမြင်ခဲ့ဖူးသည့် နည်းစနစ်များစွာ ရှိနေသေးသည်။

“နဂါးမွေးတဲ့ နတ်ဘုရား ပီသပါပေတယ်။ ဒီထဲမှာ ဆေးဖော်နည်းတွေ အများကြီးပဲ။ ဆေးညွှန်းတွေနဲ့ ‌ဖော်စပ်တဲ့နည်းလမ်းတွေအရ နဂါးထိန်းဧကရာဇ်က ဆေးဖော်တဲ့နေရာမှာ ငါ့အောက် မဆိုစလောက်လေးပဲ နိမ့်ကျမယ်”

ချင်မူ သတိကပ်သွားသည်။ နဂါးထိန်းဧကရာဇ်ကို အဆိပ်ခပ်သတ်ချင်လျှင် လွယ်ကူမည်မဟုတ်ပေ။

သူ ထိုအတွေးကို တိတ်တိတ်လေး စွန့်ပစ်ပြီး စာအုပ်ကို ဆက်လက်လေ့လာလိုက်သည်။ ဓာတ်သတ္တိမတူသော နဂါးများ စားသည့် စွမ်းအင်ဆေးလုံးကလည်း အမျိုးအစားမတူပေ။ ဥပမာ နဂါးချီလင်က မီးဓာတ်သတ္တိရှိသည့်အတွက် သွေးနီးမီးလျှံစွမ်းအင်ဆေးလုံးများက သူ့အတွက် လွန်စွာသင့်တော်သည်။ သို့သော် ချင်မူ လေ့လာကြည့်သည့်အခါ သွေးနီမီးလျှံဆေးလုံးက နဂါးချီလင်အတွက် အသင့်တော်ဆုံးမဟုတ်ကြောင်း တွေ့လိုက်ရသည်။ အရသာကသာ အကောင်းဆုံးဖြစ်၏။

နဂါးချီလင်တစ်ကောင်အတွက် မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးက အကောင်းဆုံးဖြစ်သည်။ ၎င်းက နဂါးချီလင်တစ်ကောင်ကို ထွားကြိုင်းစေပြီး ပြေးနှုန်းကို ကြောက်မက်ဖွယ်ရာ မြှင့်တင်ပေးနိုင်သည်။

သို့သော် ကောင်းကင်အားဖြည့်ဆေးလုံးက အရသာသိပ်မရှိ၊ အနည်းငယ် စပ်သည်။

“ဖက်တီးနဂါး သွေးနီမီးလျှံဆေးလုံးတွေပဲ စားချင်နေတာ အံ့ဩစရာမရှိဘူး”

ချင်မူ့မျက်နှာ မည်းမှောင်သွားပြီး မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပတ်ဝန်းကျင်အား စပ်စုနေသော နဂါးချီလင်ကို လှမ်းကြည့်လိုက်သည်။ သူက မှုန်သိုးသိုးအမူအရာဖြင့် ပြောလိုက်၏။ “အစေခံမမကြီး ငါ့ကို ဆေးကူဖော်ပေးဦး”

လုံကျောင်းနန် အံကြိတ်၍ သူ့ဆီ လျှောက်လာသည်။ သူမစိတ်ထဲတွင် သူ့ကို တစ်လုပ်တည်း မြိုချပစ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေ၏။

ချင်မူ နဂါးချီလင်အား ဆောင့်ကန်လိုက်သည်။ “ဖက်တီးနဂါး မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးဆိုတာ ကြားဖူးလား”

“တစ်ခါမှ မကြားဖူးပါဘူး” နဂါးချီလင်က လိပ်ပြာမလုံသောအသံဖြင့် ပြန်ဖြေသည်။

ချင်မူ နှာခေါင်းရှုံ့၍ နဂါးထိန်းဧကရာဇ်၏ ထောင်ကျယ်အိတ်ကို ဖွင့်လိုက်သည်။ အထဲတွင် ပရဆေးပင်အမျိုးမျိုး ရှိ၏။ ချင်မူ အမျိုးအစားများခွဲပြီး လုံကျောင်းနန်ဆီ ပစ်ပေးကာ ဆေးညွှန်းအတိုင်း ဆေးပင်များကို စုခိုင်းလိုက်သည်။ ထို့နောက် နဂါးချီလင်ကို မီးမှုတ်ခိုင်းကာ ဆေးဖော်စပ်နည်းတစ်ခုကို သုံးကြည့်၏။ သူက လက်ဟန်နည်းစနစ်အားလုံး ထုတ်သုံးနေရာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ဤသို့ဖြင့် များစွာမကြာလိုက်ဘဲ စွမ်းအင်ဆေးလုံးများ ဖော်စပ်ပြီးသွားသည်။

နဂါးထိန်းဧကရာဇ်၏ ကိုယ်ပေါ်ရှိ နဂါးအသေးလေးများက ဆေးနံ့ရလျှင် တမုဟုတ်ချင်း သူ့ခန္ဓာကိုယ်ပေါ်မှ ပြေးဆင်းလာပြီး ချင်မူ့ကို ဝိုင်းအုံလိုက်ကြသည်။ အကြီးဆုံးအကောင်များက သုံးကိုက်ရှည်ပြီး အသေးဆုံးအကောင်များက တစ်လက်မပင် မရှိပေ။ အရွယ်အစားမျိုးစုံ၊ အရောင်မျိုးစုံ၊ မျိုးစိတ်ပေါင်းစုံရှိသော နဂါးများက ခေါင်းထောင်၍ ချင်မူ့အား ကြည့်နေကြသည်။

ချင်မူ ခေါင်းကြိမ်းလာသည်။ သူ နည်းနည်းလေးမှ မလှုပ်ရဲပေ။ ဤနဂါးအများစုသည် ရေနဂါးများ ဖြစ်ကြသော်လည်း တစ်ကောင်စီတိုင်းက ကြောက်မက်ဖွယ်ရာ သန်မာအားကောင်း၏။ သူတို့အတွက် သူ့အသက်ကို နုတ်ယူဖို့က ဖုန်ကလေးမှုတ်လိုက်သကဲ့သို့ လွယ်ကူသည်။

လောလောဆယ်တွင် နဂါးထိန်းဧကရာဇ်က မှော်အစီအရင်တစ်ခု ခင်းပြီး ချီစွမ်းအင်တစ်လုပ်အား ရွှေဒယ်အိုးထဲ ထွေးထုတ်လိုက်သည်။ ထိုအခါ ချော်ရည်နှင့် ရောနေသော ရွှေမှုန်များ ပြောင်းလဲသွား၏။ သူက ပြောလိုက်သည်။ “စွမ်းအင်ဆေးလုံးတွေကို ရေဇလုံထဲ ထည့်လိုက်။ သူတို့ဘာသာ စားလိမ့်မယ်”

ချင်မူ လုံကျောင်းနန်ကို ကြည့်လိုက်သည်။ လုံကျောင်းနန်က ထောင်ကျယ်အိတ်ထဲ မွှေနှောက်ရှာပြီး ရေဇလုံကြီးတစ်လုံး ထုတ်လိုက်၏။ ရေဇလုံက ကိုက်သုံးဆယ်ကျယ်ဝန်းလေရာ ရေဇလုံနှင့် အဘယ်တူတော့မည်နည်း။ ကန်သေးသေးလေးတစ်ကန်ဖြစ်သည်မှာ သိသာ၏။

ချင်မူ စွမ်းအင်ဆေးလုံးများကို ရေဇလုံထဲ ထည့်လိုက်သည့်အခါ နဂါးအားလုံး ရေဇလုံထဲ ဝင်သွားကြသည်။ သူတို့က စွမ်းအင်ဆေးလုံးများကြားတွင် ကူးခတ်ပြီး မြူးထူးဆော့ကစားနေကြသည်။

နဂါးချီလင်က ချင်မူ့ကို စိတ်မရှည်စွာ ကြည့်ရင်း အမြီးယမ်းပြနေသည်။ ချင်မူလည်း ဇလုံကြီးတစ်ဇလုံ ထုတ်၍ သွေးနီမီးလျှံစွမ်းအင်ဆေးလုံးကို မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးဆယ်လုံးကျော်နှင့် ရောကာ ထည့်ပေးလိုက်သည်။

နဂါးချီလင် ဝမ်းသာသွားပြီး မြိန်ရေယှက်ရေ စားတော့သည်။ ထို့နောက် မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးကို ခိုးကြောင်းခိုးဝှက် ဖယ်ပြီး ဘေးရှိ ချော်ရည်မြစ်ထဲ ပစ်ချနေသည်ကို ချင်မူ မြင်လိုက်ရ၏။

ချင်မူ စိတ်တိုသွားပြီး အော်လိုက်သည်။ “အစေခံမမကြီး ဒီကောင်ကြီးက အစာချေးများလွန်းတယ်။ ရိုက်ပေးစမ်းပါ”

လုံကျောင်းနန် ‌ဒေါသထွက်သွားပြီး ချင်မူကို လက်သီးဖြင့် ထိုးသည်။ သူမက သူ့အပေါ်မှ တက်ခွပြီး သူ့ကို ရိုက်နှက်၏။ “ငါ နင့်ကို သည်းခံနေတာ များပြီ။ သေအောင် ရိုက်သတ်ပစ်မယ်”

နဂါးထိန်းဧကရာဇ်က လုံကျောင်းနန်အား လက်ညှိုးဖြင့် တောက်လိုက်သည်။ လုံကျောင်းနန် နဂါးကြေးခွံများကို ဝင်တိုက်မိပြီး သွေးအန်လိုက်ရ၏။ နဂါးထိန်းဧကရာဇ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “မင်းက သခင်လေ၊ အစေခံ ရိုက်တာကို ဘာလို့ခံနေတာလဲ”

ချင်မူ လေးဖက်ထောက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ “ကျွန်တော်က အရပ်ခြောက်မျက်နှာအဆင့်ပဲ ရှိပါသေးတယ်။ သူက ခုနစ်စဉ်ကြယ်အဆင့်ပါ။ နဂါးထိန်းဧကရာဇ်က သူ့ကို နဂါးပုတီးစေ့တစ်စေ့လည်း ချီးမြှင့်ထားတော့ သူက အားပြန်ပြည့်နေပါပြီ။ ကျွန်တော် သူ့ကို မနိုင်ပါဘူး”

“အဲဒီလိုကိုး” နဂါးထိန်းဧကရာဇ်က နဂါးပုတီးစေ့တစ်စေ့ ထုတ်၍ သူ့ဆီ ပစ်ပေးလိုက်သည်။ “မင့်သိုင်းအဆင့်ကို ငါ ဘာမှလုပ်ပေးလို့ မရဘူး။ ဒါပေမဲ့ ငါ့မှာ နဂါးပုတီးစေ့တွေ ရှိတယ်။ အခု မင်းကို ပေးလိုက်တာ သူ့ထက်တောင် ပိုကောင်းသေးတယ်။ သူ့နဂါးပုတီးစေ့က ကောင်းကင်တံတားအဆင့် သွေးနှောနဂါးတစ်ကောင်ဆီက ပုတီးစေ့လေးသာသာပဲ။ ဒီနဂါးပုတီးစေ့လည်း ကောင်းကင်တံတားအဆင့် နဂါးတစ်ကောင်ဆီက လာတာဆိုပေမယ့် သွေးက အစစ်အမှန်နဂါးနဲ့ ပို နီးစပ်တယ်။ သူ မင်းကို ထပ်ရိုက်ရင် မင်း လက်သီးတစ်ချက်တည်းနဲ့ သူ့ကို လွင့်ထွက်သွားအောင် လုပ်နိုင်တယ်”

ချင်မူ နဂါးပုတီးစေ့ကို ဆုပ်ကိုင်လိုက်သည့်အခါ အကြမ်းစားအားလှိုင်းတစ်လှိုင်းက သူ့ကိုယ်ထဲ ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ သူ့ခွန်အားက ကြောက်မက်ဖွယ်ရာ မြင့်တက်လာ၍ ချင်မူ ဝမ်းသာအားရသွားသည်။

လုံကျောင်းနန်၏မျက်နှာ ဖြူဖျော့သွား၏။ ဤနဂါးထိန်းဧကရာဇ်သည် သူမတို့ဂိုဏ်း၏ တည်ထောင်သူ ဟုတ်ပါရဲ့လော။ အပြင်လူတစ်ယောက်ကို အလွန်မျက်နှာသာပေးနေ၍ ချင်မူ၏ဦးရီးတော်အရင်းအလား ထင်ရသည်။

“ဒီနဂါးသွေးကြော ဘယ်နေရာမှာ မူမမှန်တာလဲ ငါ သိပြီ” နဂါးထိန်းဧကရာဇ်က ရွှေရောင်ဒယ်အိုးကို ကောက်လိုက်သည်။ “ဒါက ပင်မနဂါးသွေးကြောမဟုတ်ဘူး။ ကျန်တဲ့နဂါးတွေကို စောင့်ရှောက်ဖို့ ဒီကို ရောက်လာတဲ့ သွေးကြောအခွဲတစ်ခုသက်သက်ပဲ။ ဒ့ါအပြင် ဒီပင်မနဂါးသွေးကြောက မဟာမြို့ပျက်မှာရှိတဲ့ နဂါးသွေးကြောတွေနဲ့ ပတ်သက်နေပုံပေါ်တယ်...”

ချင်မူ ရှေ့တိုးကြည့်လိုက်သည့်အခါ  ရွှေဒယ်အိုးထဲရှိ ချော်ရည်အတွင်းတွင် ကူးခတ်သွားလာနေသော ရွှေရောင်နဂါးများကို မြင်လိုက်ရသည်။ နဂါးများက အလယ်တွင် ရစ်ခွေလျက် အိပ်နေသော နဂါးကြီးကို ဝိုင်းအုံနေကြလေသည်။

“မဟာမြို့ပျက်ရဲ့ ဆန်ကုန်မြေလေးတွေမှာ သူများနဲ့မတူတဲ့ နည်းလမ်းတွေ ရှိနေတာပဲ” နဂါးထိန်းဧကရာဇ်က သရော်တော်တော် ပြောလိုက်သည်။ “မဟာမြို့ပျက်ရဲ့ ကံတရားကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လွှဲပြောင်းပေးပြီး ခေတ်နှစ်ခေတ်ရဲ့အင်အားနဲ့ အစစ်အမှန်နဂါးမင်းတစ်ပါး မွေးဖွားပေးချင်နေတယ်။ ဟီးဟီး ငါ ဒီအစစ်အမှန်နဂါးမင်းရဲ့ သွေးကြောကို ယူလိုက်ရင် သူတို့နှစ်ပေါင်းများစွာ ချထားတဲ့ အစီအစဉ်က တစ်ရက်တည်း ပျက်စီးသွားမှာပဲ။ သူတို့ငိုသံတွေ အထက်ကောင်းကင်ဘုံအထိ ရောက်လာမလား ကြည့်ရသေးတာပေါ့”

All Chapters