မထင်မှတ်ထားသော အန္တရာယ်
Vol. 27 Ch. 368
ချင်မူနှင့် လုံကျောင်းနန် ရှေ့တိုးကြည့်လိုက်သည်။ ဆဋ္ဌမနဂါးသွေးကြောနှင့် ပင်မနဂါးသွေးကြောကြားတွင် ဧရာမမုခ်ဝကြီးတစ်ခု ရှိ၏။ မုခ်ဝ၏ ဘေးနှစ်ဖက်တွင် နဂါးပုံတူရုပ်တုများ ရှိကြသည်။
နဂါးရုပ်တုများသည် နဂါးအစစ်များပမာ အသက်ဝင်ကြွရွနေပြီး စိတ်ဝင်စားဖွယ်ကောင်း၏။ ရုပ်တုများက အသွင်သဏ္ဍာန်နှင့် အမျိုးအစားကွဲပြားစုံလင်သည်သာမက မဟာမိုးခြိမ်းသံကျောင်းတော်၏ ကောင်းကင်နဂါးရုပ်တုတစ်ရာအောက် မနိမ့်ကျပေ။
မဟာမိုးခြိမ်းသံကျောင်းတော်တွင် ကောင်းကင်နဂါးရုပ်တုတစ်ရာသာ ရှိသော်လည်း ဤနေရာ၌ အမျိုးပေါင်းတစ်ထောင်နီးပါး များပြားသည်။ အရွယ်အစားမျိုးစုံသော နဂါးပုံတူရုပ်တုများသည် ဧရာမနဂါးကြီးတစ်ကောင်ကို ဝန်းရံထားကြ၏။ ဧရာမနဂါးကြီးက ရစ်ခွေလျက် ခေါင်းကို မော့ကာ မုခ်ဝအပြင်ရှိ လူများကို တည့်တည့်ကြည့်နေသယောင် ရှိသည်။ နဂါးတချို့က လေထဲတွင် ကခုန်နေပြီး တချို့က မြေကြီးပေါ်တွင် လျှောတိုက်သွားနေကြသည်။ ကြမ်းပြင်ပေါ်၌ အိပ်စက်နေသော နဂါးများလည်း ရှိသည်။
တချို့နဂါးပုံတူရုပ်တုများကမူ စိတ်ဝင်စားစရာတစ်စုံတစ်ခုကို ကြည့်နေသကဲ့သို့ မြေကြီးအား ငုံကြည့်နေကြသည်။ ဆော့ကစားနေသော နဂါးလေးများကို ကြည့်နေသော နဂါးကြီးများလည်း ရှိကြသည်။ နဂါးလေးတချို့က ဧရာမနဂါးကြီး၏ နှုတ်ခမ်းမွှေးများအပေါ် တွယ်တက်ထားကြသည်။ သူတို့က ကိုယ်ဟန်အနေအထားမျိုးစုံဖြင့် တွဲလောင်းကျနေကြ၏။
ဧရာမနဂါးကြီးအား အလွန်စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ရာအသွင်အပြင်ပေါက်အောက် ထုဆစ်ပုံဖော်ထား၏။ ဧရာမနဂါးကြီးသည် နတ်နဂါးတစ်ကောင်ကဲ့သို့ ခံ့ညားသော်လည်း ကြမ်းတမ်းရက်စက်သော အငွေ့အသက်လည်း ရှိနေသည်။ သူ၏အကြည့်က ဤနေရာသို့ ဝင်ရောက်လာသူတိုင်းအား တည့်တည့်စိုက်ကြည့်နေ၍ တော်ရုံသတ္တိဖြင့် သူ့ကို ပြန်ကြည့်ရန်မှာ မဖြစ်နိုင်ပေ။
‘ဒီဧရာမနဂါးကြီးက အစစ်အမှန်နဂါးမင်းများလား။ ငါ ဒီနဂါးပုံတူကို နားလည်ရင် ငါ့ရဲ့ မိုးကြိုးရှစ်ချက်လက်သီးသိုင်းလည်း အဆင့်အမြင့်ဆုံး ရောက်သွားလိမ့်မယ်။ ကောင်းကင်နတ်သိုင်းအသစ်တွေကိုပါ ဖန်တီးနိုင်လောက်တယ်’
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားသည်။ အဘိုးကြီးမာက ပန်းပုပညာ တတ်မြောက်သည်။ နားကန်းက ပန်းချီ တတ်ကျွမ်းသည်။ ရွှေအက ပန်းပဲပညာတွင် ဆရာတစ်ဆူဖြစ်၏။ သူတို့ထံမှ ချင်မူ များစွာသင်ကြားခဲ့ရသည်။
နဂါးတစ်ထောင်ရုပ်တုများ၏လက်ရာကို သူ လေးစားမိသော်လည်း ရုပ်တုများကိုသာ သူ မြင်နိုင်ခြင်းမဟုတ်။ မုခ်ဝနှင့် နဂါးရုပ်တုများအား ရဲတင်းတစ်လက်ဖြင့် ထုဆစ်ထားခြင်းဖြစ်သည်။ နတ်ဘုရားတစ်ပါးက အလွန်လေးလံသော ရဲတင်းကြီးတစ်လက်အား ပေါ့ပါးသွက်လက်စွာ ကိုင်ဆွဲထားသည်ကို ချင်မူ မြင်ယောင်လိုက်မိသည်။ ကိုယ်တွယ်ရခက်သော ရဲတင်းတစ်လက်က အကြမ်းစားဆန်သော စုတ်တံတစ်လက်ပမာ ဖြစ်လာသည်။ နတ်ဘုရားက စုတ်တံကို ကိုင်၍ စိတ်ကူးအတိုင်း လွတ်လပ်စွာ ပုံဖော်ထုဆစ်နေလိမ့်မည်။
“ထူးဆန်းတယ် ထူးဆန်းတယ်”
နဂါးထိန်းဧကရာဇ်၏ ရတက်မအေးဖြစ်နေသောအသံက မုခ်ဝ၏ တစ်ဖက်ခြမ်းမှ ထွက်လာသည်။ ကြည့်ရသည်မှာ သူ နားမလည်သောတစ်စုံတစ်ခုကို တွေ့လိုက်ရပုံပေါ်၏။
ချင်မူ အလွန်မြင့်မားသည့် မုခ်ဝကို ဖြတ်လျှောက်လိုက်သည့်အခါ အနည်းငယ် မှင်သက်မိသွားသည်။ သူ့ခြေထောက်အောက်တွင် ချောက်နက်ကြီး ရှိနေသည်။ ပတ်ပတ်လည်ရှိ နံရံလေးဖက်မှ ခပ်ပျစ်ပျစ်ချော်ရည်များက အောက်သို့ တဝုန်းဝုန်း စီးကျနေသည်။
သူတို့ရောက်သွားသည်မှာ စက်ဝိုင်းပုံသဏ္ဍာန်အပေါက်ကြီး၏ အပေါ်တည့်တည့် ဖြစ်၏။ အပေါက်ကြီးက တမင်တကာ စက်ပိုင်းပုံသဏ္ဍာန် တိတိရိရိ ဖြတ်ထားသကဲ့သို့ လုံးဝန်းနေသည်။ သို့သော် နဂါးထိန်းဧကရာဇ် ထင်ထားသလို ပင်မနဂါးသွေးကြော မရှိပေ။
သူက ရွှေဒယ်အိုးကို မြှောက်ပြီး ချောက်ကြီး၏ အလယ်တည့်တည့်သို့ ပျံသန်းသွားသည်။ ရွှေဒယ်အိုးထဲ၌ ဖော်ပြနေသော အစစ်အမှန်နဂါးမင်းကို ငုံ့ကြည့်ပြီးသော် ပတ်ဝန်းကျင်ကို ပြန်ကြည့်ရင်း သူ ပို၍ ဝေခွဲမရဖြစ်လာသည်။
“မဟုတ်သေးဘူး။ အစစ်အမှန်နဂါးသွေးကြောက ဒီမှာ ရှိသင့်တာပါ ဘယ်ရောက်သွားတာလဲ။ တစ်ယောက်ယောက် ယူသွားတာများလား။ ဒါမှမဟုတ် အစစ်အမှန်နဂါးအသွင် ဖွဲ့တည်ပြီးလို့ ပျံပြေးသွားတာလား”
နဂါးထိန်းဧကရာဇ်မှာ တအုံ့နွေးနွေး စိတ်ထင့်နေသည်။ သူက အပေါက်ကြီး၏ အောက်ခြေသို့ တမုဟုတ်ချင်း ထိုးဆင်းသွားသည်။
ချင်မူ ကောင်းကင်ပေါ် လှစ်ခနဲ ခုန်၍ နဂါးချီလင်၏ ကျောပေါ် တက်လိုက်သည်။ ဖက်တီးနဂါးက မီးလျှံတိမ်တိုက်များကို နင်းရင်း ပျံဆင်းသွား၏။ လုံကျောင်းနန်လည်း လိုက်ဆင်းလာသည်။ အချိန်အနည်းငယ်ကြာသော် အပေါက်ကြီး၏အောက်ခြေဆီသို့ သူတို့ ရောက်သွားကြသည်။
သူတို့နှစ်ယောက်လုံး တုန်ရီသွားကြပြီး ပတ်ဝန်းကျင်ကို အကြောင်သားကြည့်နေမိကြသည်။
သူတို့ ရောက်နေသည်မှာ အလွန်ကျယ်ဝန်းသော မြေအောက်နေရာတစ်ခု ဖြစ်သည်။ ချော်ရည်များက အပေါ်မှ စီးကျလာပြီး သတ္ထုသားဖြင့် ပြုလုပ်ထားသည့် မြေပြင်နှင့် ထိသည့်အခါ မီးပွားများ ဘေးသို့ လွင့်စင်သွားသည်။ ပတ်ဝန်းကျင်တွင် မဟူရာရွှေအမြုတေများ ပြွတ်သိပ်နေ၏။ တချို့က တိုင်လုံးများအသွင် ဖွဲ့တည်နေပြီး တချို့က ကျောက်တုံးကြီးများအထဲ၌ နစ်မြုပ်နေသည်။
ထူးဆန်းသော လက်ရေးစာများ၊ သင်္ကေတများနှင့် ပန်းချီများက မဟူရာရွှေများအပေါ်၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်ဖြတ်ပြေးသွားကြသည်။
သန်မာအားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ကြောက်မက်ဖွယ်ရာအငွေ့အသက်များကိုလည်း သူတို့ ခံစားနေရသည်။ တစ်ချက်တစ်ချက် ရန်လိုနေသော နဂါးတစ်ကောင်၏ တွန်သံကလည်း ခပ်သဲ့သဲ့ ထွက်ပေါ်လာတတ်၏။
‘ထူးဆန်းတယ်၊ ဒီလက်ရေးစာနဲ့ သင်္ကေတတွေက ရင်းနှီးနေသလိုပဲ၊ တစ်နေရာရာမှာ မြင်ခဲ့ဖူးတာများလား...’
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ မဟူရာရွှေအမြုတေတိုင်တစ်လုံးဆီ သူ လျှောက်သွားပြီး အသေးစိတ် လေ့လာကြည့်လိုက်၏။
လက်ရေးစာကို အမှန်တကယ် ရင်းနှီးနေသည်။
“အစစ်အမှန်နဂါးမင်း ဒီမှာ မရှိဘူး။ ဒီမှာမရှိတော့ဘူး...”
နဂါးထိန်းဧကရာဇ် စိတ်မကြည်တော့ပေ။ သူက ဧရာမရွှေနဂါးကြီးကို ကြည့်ရင်း နားကွဲလုမတတ် ကျယ်လောင်သော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။ “နဂါးသိုက်ပဲ ကျန်တော့တယ်။ ဘယ်သူက အစစ်အမှန်နဂါးမင်းကို တူးထုတ်သွားတာလဲ”
‘အစစ်အမှန်နဂါးမင်းကို တူးထုတ်သွားသည်တဲ့လော’
ချင်မူ မှင်သက်သွားသည်။ မြေအောက်နဂါးသိုက်ကြီးကို သူ ကြည့်လိုက်မိ၏။ နဂါးသိုက်သည် အလွန်ကျယ်ဝန်းပြီး မဟူရာရွှေအမြုတေများက နေရာအနှံ့ကိန်းဝပ်နေသည်။ သို့သော် တိုင်များ၏ အခင်းအကျင်းကို ကျင့်ခြင်းအားဖြင့် တိုင်များကို တွယ်ကုပ်ထားသည့် နဂါးကြီးတစ်ကောင် ရှိခဲ့လိမ့်မည်။
နဂါးသိုက်၏အလယ်တွင် စက်ဝိုင်းသဏ္ဍာန် နေရာလပ်တစ်ခု ရှိနေသည်။ ထိုနေရာလပ်သည် ဆယ်မိုင်ကျော် ကျယ်ဝန်းကြီးမား၏။
ပင်မနဂါးသွေးကြောသည် တူးထုတ်ခံခဲ့ရသည့် အချိန်တုန်းက နဂါးချီကို ပြီးဆုံးအောင် မစုပ်ယူနိုင်သေး၍ နတ်နဂါးအသွင် မဖွဲ့တည်သေးပုံပေါ်သည်။
“အစစ်အမှန်နဂါးက နဂါးကျောက်စိမ်းအဖြစ် ဖွဲ့တည်ခံလိုက်ရတာပဲ” နဂါးထိန်းဧကရာဇ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး မျက်နှာမည်းမှောင်သွားသည်။ သူက အေးတိအေးစက် ပြောလိုက်၏။ “ဒါပေမဲ့ အဲဒီလူ အတွက်မှားသွားတယ်။ ငါ နဂါးထိန်းဧကရာဇ် ဒီရောက်လာမယ် မထင်ထားလို့ အစစ်အမှန်နဂါးမင်းရဲ့ နဂါးသိုက်ကို ဒီမှာ ချန်ထားခဲ့တာပဲ”
‘အစစ်အမှန်နဂါးမင်းရဲ့ နဂါးသွေးကြောကို ယူသွားတဲ့လူက အဲဒီနဂါးသွေးကြောကို နဂါးကျောက်စိမ်းအဖြစ် ဖွဲ့တည်တယ်ဟုတ်လား’ ချင်မူ စိတ်ထဲတွင် အလန့်တကြား အော်လိုက်မိသည်။ ‘ဘယ်သူ့မှာ အဲဒီလောက်သန်မာအားကောင်းတဲ့ မှော်စွမ်းအင် ရှိနေတာလဲ’
နဂါးကျောက်စိမ်းဆိုသည်မှာ ရစ်ခွေနေသော နဂါးတစ်ကောင်အသွင် သွန်းလုပ်နေသော ကျောက်စိမ်းလက်ကောက်ပုံစံဖြစ်သည်။ လက်ကောက်က စက်ဝိုင်းပုံသဏ္ဍာန်ရှိသော်လည်း အဆုံးနှစ်ဖက်က ဆက်မနေဘဲ ဟနေသည်။ ကျန်ခဲ့သည့် နဂါးသိုက်၏ ပုံသဏ္ဍာန်အရ နဂါးခေါင်းနှင့် အမြီးက ဆက်မနေရာ နဂါးကျောက်စိမ်းတစ်ခု၏ သွင်ပြင်ဖြစ်၏။
သို့ရာတွင် နဂါးသိုက်အတွင်းရှိ သတ္ထုများက အဟူရာရွှေအမြုတေဖြစ်ပြီး နဂါးကျောက်စိမ်းကမူ ကျောက်စိမ်းဖြင့် သွန်းလုပ်ထားခြင်းဖြစ်သည်။
ထို့အပြင် အကြီးဆုံး နဂါးကျောက်စိမ်းသည် လက်ဝါးအရွယ်သာ ရှိနိုင်၏။ ဆယ်မိုင်ကျော်ရှည်လျားသော အစစ်အမှန်နဂါးမင်းတစ်ကောင်ကို လက်ဝါးအရွယ် နဂါးကျောက်စိမ်းအဖြစ် အဘယ်သို့ပြု၍ သွန်းလုပ်နိုင်မည်နည်း။
မကြာချင် နဂါးထိန်းဧကရာဇ် နဂါးကျောက်စိမ်းဟု ဆိုလိုက်သည့်အကြောင်းရင်းကို ချင်မူ မြင်လိုက်ရသည်။
နဂါးထိန်းဧကရာဇ် မဟူရာရွှေတိုင်တစ်တိုင်မှ မဟူရာရွှေအမြုတေကို ခွာကြည့်လိုက်သည့်အခါ အတွင်းထဲမှ ကျောက်စိမ်းသား ပေါ်လာသည်။
ချင်မူ ခေါင်းမော့၍ အသေးစိတ် ကြည့်လိုက်သည်။ အပေါ်မှ စီးကျနေသော ချော်ရည်များက နဂါးသိုက်အပေါ်မှ ဖြတ်စီးသွားသဖြင့် ကျောက်စိမ်းကို ရွှေများဖုံးသွားစေခြင်း ဖြစ်၏။
နဂါးထိန်းဧကရာဇ်၏ ပြောပုံအရ နဂါးသိုက်မှာ ကျောက်စိမ်းတစ်ခုတည်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစစ်အမှန်နဂါးသိုက်၏ နဂါးသွေးကြောသည် မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ နဂါးချီကို စုပ်ယူကာ အသွင်ဖွဲ့တည်လုနီးပါး အားအင်ပြည့်ဝနေခဲ့လိမ့်မည်။
သို့သော် လူတစ်ယောက်က နဂါးသွေးကြောကို အရွယ်ရောက်ပြီး အစစ်အမှန်နဂါးအဖြစ် မဖွဲ့တည်နိုင်ခင် ရှာတွေ့သွားခဲ့သည်။ သူက နဂါးသွေးကြောကို နဂါးကျောက်စိမ်းလက်ကောက်အဖြစ် သွန်းလုပ်ကာ ယူသွား၏။
စောစောက အပေါက်ကြီးက တိတိပပ စက်ဝန်းသဏ္ဍာန်ဖြစ်နေသည်မှာ အံ့ဩစရာမရှိပေ။ ထိုလူက အစစ်အမှန်နဂါးမင်း၏ နဂါးသွေးကြောကို မြင်သည့်အခါ နဂါးသိုက်ရှာရန် မြေကြီး တူးဖောက်လိုက်ခြင်းဖြစ်လိမ့်မည်။
နဂါးထိန်းဧကရာဇ် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၍ သူ့အဝတ်ကြားမှ မီးနဂါးများ ထွက်လာသည်။ သူတို့က ခန္ဓာကိုယ်ကို လှုပ်ပြီး ဧရာမနဂါးကြီးများအသွင် ပြောင်း၍ မီးများ မှုတ်ထုတ်ကာ ပတ်ဝန်းကျင်ရှိ မဟူရာရွှေအမြုတေများအား အရည်ပျော်ကျသွားစေ၏။
ရွှေရည်များ စီးကျနေသည်ကို ကြည့်ရင်း ချင်မူ နှမြောတသဖြစ်မိသည်။
မဟူရာရွှေအမြုတေများ ပျော်ကျသွားသောအခါ ကျောက်စိမ်းတုံးများ ပေါ်လာသည်။ ၎င်းတို့က ချော်ရည်ထံမှ အလင်းရောင်ကို ဟပ်ကာ ရောင်စုံတောက်ပနေ၏။
“အစစ်အမှန်နဂါးမင်းကို ယူသွားတဲ့ လူက နဂါးချီကို ဆက်ပြီး စုပ်ယူလို့ရအောင် နဂါးသိုက်ချန်ထားခဲ့တာပဲ။ နဂါးချီတွေ လုံလုံလောက်လောက် စုဝေးသွားရင် သူ နဂါးသိုက်ကို လာယူပြီး အစစ်အမှန်နဂါးမင်းကို အားဖြည့်ပေးလိမ့်မယ်။ ဒီနည်းလမ်းအတိုင်းဆို နဂါးသိုက်ရော ၊ အစစ်အမှန်နဂါးမင်းကိုရော ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့”
နဂါးထိန်းဧကရာဇ်က တဟားဟား ရယ်ပြီး တဖြည်းဖြည်း အသွင်ဖွဲ့တည်နေသော နဂါးသိုက်ကို ငုံ့ကြည့်သည်။ သူက မာန်အပြည့်ဖြင့်ပြောလိုက်၏။ “ဒါပေမဲ့ အခုတော့ အဲဒီအစီအစဉ် အလကားဖြစ်သွားပြီ။ ငါ သူ့ထက် ခြေတစ်လှမ်းကြောပြီး နဂါးသိုက်ကို လာယူနိုင်မယ် ထင်မှာမဟုတ်ဘူး။ သူက အစစ်အမှန်နဂါးမင်းကို နဂါးကျောက်စိမ်းအဖြစ် သွန်းလုပ်ပြီး ယူသွားပေမယ့် ငါက ဒီနဂါးသိုက်နဲ့ နဂါးကျောက်စိမ်းကို ချုပ်နှောင်ပြမယ်။ ဒီနဂါးသိုက်ကို ရတာနဲ့ နဂါးကျောက်စိမ်းရဲ့ တည်နေရာကို ခံစားကြည့်လို့ရမှာပဲ”
ချင်မူ ရင်ဘတ်ကို ထိလိုက်သည်။ သူ့ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းလည်ဆွဲက ခြစ်ခြစ်တောက် ပူလာ၍ သူ မသက်မသာ ဖြစ်လာမိသည်။
သူ၏ လည်ပင်းတွင် ကျောက်စိမ်းလည်ဆွဲနှစ်ခု ဆွဲထား၏။ တစ်ခုက ရွှင်ပျော်ပျော်ကျေးရွာမှ လည်ဆွဲဖြစ်ပြီး တစ်ခုက ထော့ကျိုး သူ့ကို အတင်းပေးခဲ့သော ဧကရာဇ်တံဆိပ်ပြားဖြစ်သည်။
လောလောဆယ်တွင် ဧကရာဇ်တံဆိပ်ပြားက ပူလာနေ၍ ချင်မူ သက်တောင့်သက်သာ မရှိတော့ပေ။
‘နေပါဦး’
ချင်မူ မျက်တောင်ပုတ်ခတ်ပြီး သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ ထော့ကျိုးပေးခဲ့သော ဧကရာဇ်တံဆိပ်ပြားက နဂါးကျောက်စိမ်းအသွင် ရှိနေဟန်တူ၏။
သူ့နှလုံးက ဒိန်းခနဲ ဒိန်းခနဲ နှစ်ချက်ခုန်သွားသည်။ ဧကရာဇ်တံဆိပ်ပြားသည် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများ၊ လက်ရေးစာများနှင့် ပန်းချီများ ရေးထွင်းထားသော ကျောက်စိမ်းလည်ဆွဲတစ်ခု ဖြစ်၏။
ဒဏ္ဍာရီများအရ ဧကရာဇ်တံဆိပ်ပြားသည် နတ်ဘုရားတစ်ပါးက လင်မိသားစုကို ချီးမြှင့်ခဲ့သော ရတနာတစ်ပါးဖြစ်၍ ဧကရာဇ်၏ အာဏာနှင့် ရာထူးကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ ဤပစ္စည်းကို ခိုးယူရန် ထော့ကျိုး ခြေထောက်တစ်ဖက်ပင် ပြတ်ခဲ့ရသည်။
သို့သော် ဧကရာဇ်တံဆိပ်ပြားကို ခိုးပြီး ဆယ်နှစ်ကျော်နီးပါး လေ့လာခဲ့သော်လည်း ထော့ကျိုးမှာ နားကန်းတစ်လုံးမျှ နားမလည်ခဲ့၍ စိတ်မဝင်စားခဲ့ပေ။
ဧကရာဇ်တံဆိပ်ပြားက သူ့အတွက် အသုံးမဝင်သောကြောင့် ချင်မူ့လက်ထဲ ထိုးပေးခဲ့သည်။ ချင်မူ ရွာပြန်ရောက်တုန်းက သူ့အား ပြန်ပေးခဲ့သော်လည်း ထော့ကျိုးက ပြန်မယူချင်ခဲ့ပေ။ သူ့ခြေထောက်ကိုလည်း ပြန်ဆက်ပြီးပြီဖြစ်၍ ဧကရာဇ်တံဆိပ်ပြားကို စိတ်ဝင်စားခြင်းမရှိတော့။
ထိုအချိန်ကတည်းက ဧကရာဇ်တံဆိပ်ပြားကို ကျောက်စိမ်းလည်ဆွဲနှင့်အတူ ချင်မူ ဆွဲထားခဲ့ရသည်။
‘တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူးမလား’
ချင်မူ့နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ ဧကရာဇ်တံဆိပ်ပြား၏ သင်္ကေတများ၊ လက်ရေးစာများနှင့် ပန်းချီများက နဂါးသိုက်၏ ပတ်ဝန်းကျင်ရှိ သင်္ကေတများ၊ လက်ရေးစာများနှင့် ပန်းချီများနှင့် ဆင်တူသည်။ ဧကရာဇ်တံဆိပ်ပြား၏ သင်္ကေတများ၊ လက်ရေးစာများနှင့် ပန်းချီများကလည်း ချင်မူ ဖတ်မရအောင် မှိန်သွားလိုက်၊ လင်းလာလိုက် ဖြစ်တတ်၏။
‘ဒါပေမဲ့ ဧကရာဇ်တံဆိပ်ပြားက နဂါးကျောက်စိမ်းမဟုတ်ဘူး။ တူရုံပဲတူတာ။ ဟနေတာမျိုး မရှိဘူး။ ဧကရာဇ်တံဆိပ်ပြားပေါ်က အမှတ်အသားတွေ နဂါးသိုက်ပေါ်က အမှတ်အသားတွေနဲ့ တူနေတာက တိုက်ဆိုင်တာပဲ နေမှာ’
ချင်မူ ဣန္ဒြေပြန်ဆည်ပြီး နဂါးထိန်းဧကရာဇ် နဂါးသိုက်အား မည်သို့ယူသွားမည်လဲ တွေးကြည့်လိုက်သည်။ သို့သော် သူ့လည်ပင်းရှိ ဧကရာဇ်တံဆိပ်ပြားက ပိုမိုပူခြစ်လာ၍ မကြာခင် ချင်မူ မခံနိုင်တော့ပေ။
ရုတ်တရက် သူ့ရင်ဘတ်ပေါ်၌ တစ်စုံတစ်ခု ရွေ့သွားသည်ကို ခံစားလိုက်ရ၍ ချင်မူ ရင်ထဲ ထိတ်သွားသည်။ သူ ဧကရာဇ်တံဆိပ်ပြားကို လှမ်းထိကြည့်လိုက်သည်။
ဧကရာဇ်တံဆိပ်ပြားက ကွဲအက်ပြီး အဆုံးနှစ်ဖက် ဆက်မနေသော နဂါးကျောက်စိမ်း လက်ကောက်ဖြစ်လာ၏။
နဂါးကျောက်စိမ်းက ပျော့လာသည်သာမက လှုပ်လာသည်ကိုပင် ချင်မူ ခံစားလိုက်ရသည်။ နဂါးသေးသေးလေးတစ်ကောင် ဖြစ်လာပုံရသည်။
ဒိန်း ဒိန်း ဒိန်း
ချင်မူ ရင်ခုန်သံကို ပြန်ကြားနေရသည်။ ချွေးပေါက်ကြီးများက သူ့နဖူးတွင် တွဲခိုနေပြီး သူ့ခြေထောက်များ ပျော့ခွေလာသည်။ အသက်ရှူပင် မဝတော့ပေ။
နဂါးထိန်းဧကရာဇ်က သူ့ကို ကြည့်ပြီး သူ ဂနာမငြိမ်ဖြစ်နေသည်ကို သတိထားမိလျှင် မေးလာသည်။ “ဘာဖြစ်နေတာလဲ ကောင်လေး”
ချင်မူ စိတ်ထိန်း၍ ပြောလိုက်သည်။ “ဒီနေ့ နဂါးတွေကို အစာမကျွေးရသေးတာ သတိရလိုက်လို့ နဂါးထိန်းဧကရာဇ် အပြစ်ပေးမှာ ကြောက်လို့ပါ...”
နဂါးထိန်းဧကရာဇ်က ပြုံးလိုက်ပြီး ပြောသည်။ “အဲဒါကြောင့်ကိုး။ ဒါပေမဲ့ ဒီနေရာက ပူလွန်းတယ်။ ချော်ရည်တွေလည်း ပြည့်နေတော့ ရပ်စရာနေရာ မရှိဘူး။ မင်း ဆေးဖော်ချင်ရင် နောက်ပြန်ဆုတ်တာ အကောင်းဆုံးပဲ။ ငါ့ကို မကြောက်ပါနဲ့ ငါက ပြောရဆိုရ လွယ်ပါတယ်”
ချင်မူ သူ့စကား နားထောင်လိုက်သော်လည်း သူ့ခြေထောက်များက ပျော့ခွေနေသေး၏။ “ဒါဆို တပည့် ဆေးသွားဖော်လိုက်ပါဦးမယ်”
နဂါးထိန်းဧကရာဇ်က ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၍ သူ့အဝတ်ကြားထဲမှ နဂါးအရွယ်အစားအစုံ ထွက်လာကြသည်။ သူက ထောင်ကျယ်အိတ်ကို ချင်မူ့ဆီ ကမ်းပေးကာ ပြောလိုက်၏။ “မင်းရဲ့ အစေခံမလေးကိုလည်း ကူဖော်လောင်ဖက်ရအောင် ခေါ်သွား။ သူ့ကို ကောင်းကောင်း ထိန်း၊ တစ်ချိန်လုံး အနိုင်ကျင့်ခံမနေနဲ့”
ချင်မူ နဂါးချီကို မြန်မြန်ဆန်ဆန် ပျံတက်ခိုင်းလိုက်သည်။ နဂါးအုပ်က သူတို့နောက်မှ လိုက်လာပြီး အစာကျွေးမည်ကို စောင့်နေ၏။
လုံကျောင်းနန်လည်း လိုက်လာသည်။
တွင်းကြီး၏အပေါက်၊ မုခ်ဝဆီ ပြန်ရောက်သောအခါ ချင်မူ ပြောလိုက်သည်။ “အစေခံမမကြီး ဒီမှာနေခဲ့။ ငါ ဟိုဖက်သွားပြီး ဆေးဖော်လိုက်မယ်”
လုံကျောင်းနန်က သရော်တော်တော် ပြုံး၍ ပြောသည်။ “နဂါးထိန်းဧကရာဇ်က နင် ထွက်ပြေးမှာစိုးလို့ ငါ့ကို နင့်နောက် လိုက်ခိုင်းထားတာ”
“ငါက ထွက်ပြေးမယ်၊ ငါက ထွက်ပြေးမယ်ဟုတ်လား။ ဟားဟားဟား ရယ်စရာပဲ” ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။
တွင်းအောက်တွင် နဂါးထိန်းဧကရာဇ်က အစီအရင်တစ်ခု ခင်း၍ နဂါးသိုက်ကို ယူသွားရန် ပြင်နေသည်။
“ထူးဆန်းလိုက်တာ။ အစစ်အမှန်နဂါးမင်းက ဒီအနားမှာ ရှိနေလို့ နဂါးသိုက်က တုံ့ပြန်နေသလိုပဲ...” နဂါးထိန်းဧကရာဇ်က တအံ့တဩ ပြောလိုက်သည်။ “သိပ်မဝေးလောက်ဘူး ထူးဆန်းတယ်... အရင်ဆုံး နဂါးသိုက်ကို ယူသွားမယ်။ ဒါကို ယူပြီးရင်တော့ အစစ်အမှန်နဂါးမင်း ဘယ်မှာရှိလဲ သိရမှာပါ”