မဟာမြို့ပျက်၏ မြေအောက်
Vol. 27 Ch. 367
‘နဂါးသွေးကြောတွေကို တွက်ချက်တဲ့ နဂါးထိန်းဧကရာဇ်ရဲ့ မှော်အစီအရင်က အတော်လေး ထူးခြားတာပဲ’
ချင်မူ ရွှေဒယ်အိုးထဲတွင် ကူးခတ်နေသော နဂါးပုံသဏ္ဍာန်ချီကို ကြည့်လိုက်သည်။ နဂါးထိန်းဧကရာဇ်၏ အတွက်အချက်စွမ်းရည်က မင်္ဂလာတောင်တန်းမြေပြင်များကို တွက်ချက်နိုင်ဟန်တူသည်။ ဥပမာ မဟာတောင်ဖြူဓားဂိုဏ်းသည် နဂါးမျက်လုံးအပေါ်၌ တည်ဆောက်ထား၍ မင်္ဂလာမြေပြင်တစ်ခုအပေါ်တွင် တည်ရှိနေသယောင် ထင်ရ၏။ သို့ရာတွင် နဂါးထိန်းဧကရာဇ်၏ ဒယ်အိုးအတွင်းရှိ ရုပ်ပုံအရ ဤနေရာက မင်္ဂလာမြေတစ်မြေမဟုတ်ပေ။ အစစ်အမှန်နဂါးမင်းကို ထောက်ပံ့ပေးရန် အခြားသူများ၏ ကံတရားကို လုယူသိမ်းပိုက်ထားသော နဂါးအုပ်ရှိရာ မြေတစ်မြေဖြစ်နေသည်။
အနီးနား၌ နေထိုင်သော ဂိုဏ်းများမှာ ကံတရား လုယူသိမ်းပိုက်ခံထားရ၍ ဆုတ်ယုတ်ကျဆင်းလာပြီး အင်အားနည်းပါးလာလိမ့်မည်။
‘မဟာတောင်ဖြူဓားဂိုဏ်း အခုလိုအခြေအနေဖြစ်နေတာ အံ့ဩစရာမရှိဘူးပဲ” ချင်မူ ကြိတ်၍ စုတ်သပ်လိုက်မိသည်။
နဂါးထိန်းဧကရာဇ်က ရွှေဒယ်အိုးကို သိမ်းလိုက်၍ ချင်မူ နဂါးထိန်းကျမ်းစဉ်ကို သူ့အား အလျင်အမြန် ပြန်ပေးလိုက်သည်။ နတ်ဘုရားက ခေါင်းယမ်းကာ ပြောလိုက်၏။ “ယူထားပြီး လေ့လာလိုက်ဦး။ နဂါးထိန်းကောင်လေးအနေနဲ့ မင်း နဂါးအမျိုးအစားအားလုံးရဲ့ အမူအကျင့်တွေကို သိရမယ်။ နဂါးထိန်းနည်းတွေကိုလည်း မင်း သေချာလေ့လာ။ ငါ မင်းကို အချိန်နှစ်ရက်ပေးမယ်၊ မင်း ဘယ်လောက်နားလည်နိုင်မလဲဆိုတာတော့ မင်းအပေါ်ပဲ မူတည်တယ်။ နှစ်ရက်နေမှ စာအုပ်ပြန်ပေး”
လုံကျောင်းနန်၏မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။ နဂါးထိန်းဧကရာဇ်သည် ချင်မူ မည်မျှဦးနှောက်ကောင်းကြောင်း မသိသော်လည်း သူမကတော့ ကောင်းကောင်းသိသည်။
အရှေ့ပင်လယ်မှာတုန်းက တာအိုသခင်က တာအိုဓားဆယ့်လေးခန်းလေ့လာရန် ချင်မူ့ကို ဆယ်ရက်အချိန်ပေးခဲ့သည်။ ချင်မူ၏ တာအိုဓားအပေါ် နားလည်မှုက တောက်ကျစ်လင်းရွှမ်အောက် မနိမ့်ကျပေ။
နဂါးထိန်းကျမ်းစဉ်သည် နတ်ဘုရားတစ်ပါး၏ ကျင့်စဉ်ဖြစ်သော်လည်း တာအိုဓားကဲ့သို့ လေ့လာရခဲယဉ်းမည်မဟုတ်ပေ။ လွယ်ပင် လွယ်နိုင်သေးသည်။ တာအိုဓားတွင် သင်္ချာသဘောတရားများ ကိန်းဝပ်နေသည့်အတွက် သင်္ချာစွမ်းရည်မြင့်မားမှ တာအိုဓားကို လေ့လာနိုင်သည်။။
နဂါးထိန်းကျမ်းစဉ်က နဂါးမွေးနည်း၊ ထိန်းနည်းနှင့် နဂါးများဖြင့် အတူနေထိုင်ခြင်းအကြောင်း ဖြစ်သည်။ အထဲရှိ နဂါးထိန်းနည်းလျှို့ဝှက်ချက်များမှာ နဂါးစီးဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်များဆိုလျှင် မမှားပေ။ အရေခွံလဲ၍ ပြန်မွေးဖွားနည်းများလည်း ပါဝင်သည်။
နဂါးစီးဂိုဏ်းသည် နဂါးထိန်းဧကရာဇ် တည်ထောင်ခဲ့သော ဂိုဏ်းဖြစ်သော်လည်း နဂါးထိန်းကျမ်းစဉ်အား အပြည့်အဝမရရှိခဲ့ပေ။ ဂိုဏ်းသခင်ပင်လျှင် မပြည့်စုံသော စာလိပ်ကိုသာ ရရှိခဲ့သည်။
သို့တိုင်အောင် နဂါးစီးဂိုဏ်းသည် အလွန်အင်အားကြီးမားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ခဲ့၏။ အထွတ်အမြတ်မြေများနှင့် မယှဉ်နိုင်သော်လည်း သိုင်းလောကတွင် ထင်ပေါ်ကျော်ကြားသည်။ မဟုတ်လျှင် ဧကရာဇ်ယန်ဖုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ကို သူတို့အား နှိမ်နင်းရန် စေလွှတ်ခဲ့မည်မဟုတ်ပေ။
မူလက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် နဂါးစစ်တပ်ရှိခဲ့သည်။ နဂါးစီးဂိုဏ်းက ထိုစစ်တပ်ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
နဂါးထိန်းဧကရာဇ်က နဂါးစီးဂိုဏ်းကို တည်ထောင်ခဲ့သော်လည်း ပြည့်စုံသော နဂါးထိန်းကျမ်းစဉ်အား မပေးခဲ့ပေ။ သို့သော် ဤမကောင်းဆိုးဝါး ချင်မူက လက်ခံရရှိလိုက်သည်။ လုံကျောင်းနန် ရူးမတတ် ဒေါသထွက်မိ၏။
နဂါးထိန်းဧကရာဇ်သည် ချင်မူ၏ ရိုးသားသောမျက်နှာပေးကြောင့် ချင်မူ့ကို ယုံကြည်ပြီး သူမအား မယုံကြည်ပေ။ လုံကျောင်းနန် အားကိုးရာမဲ့ဖြစ်နေသည်။
နဂါးထိန်းဧကရာဇ်အနေဖြင့် သူမတွေးနေသည်ကို မသိနိုင်ပေ။ သူ့လို နတ်ဘုရားတစ်ပါး၏ မျက်လုံးထဲတွင် ချင်မူနှင့် လုံကျောင်းနန်ကို အနားတွင် ခေါ်ထားခြင်းက မပြောပလောက်သည့်အရာသာ ဖြစ်သည်။ ပုရွက်ဆိတ်လေးနှစ်ကောင်ကို သယ်ထားသကဲ့သို့သာ ဖြစ်သည့်အတွက် ထိုပုရွက်ဆိတ်လေးများ မည်သည်ကို တွေးနေမှန်း သူ သိစရာမလိုပေ။
ချင်မူက ပို၍အသုံးမဝင်လျှင်လည်း လုံကျောင်းနန်အပေါ် သူ၏သဘောထားက ပြောင်းလဲသွားမည်မဟုတ်။
သူသည် မည်သည့်အရာကိုမှ မကြောက်သော နတ်ဘုရားတစ်ပါး ဖြစ်၏။ ချင်မူကဲ့သို့ ပုရွက်ဆိတ်လေးတစ်ကောင်ကို ကူဖော်လောင်ဖက်အဖြစ်သာ လိုအပ်သည့်အတွက် ကူညီလိုစိတ်ပေါက်လာအောင် အတန်ငယ် မျက်နှာသာပေးထားခြင်းသာ ဖြစ်သည်။
ထိုပုရွက်ဆိတ်တွင် မကောင်းကြံလိုစိတ်များ ရှိနေပါက သူ လက်ကလေးတစ်ချက် တောက်လိုက်ရုံဖြင့် သတ်ပစ်နိုင်၏။
ထို့အပြင် ချင်မူနှင့် လုံကျောင်းနန်၏ လုပ်ရည်ကိုင်ရည်အရ ချင်မူက ပိုမိုအားကိုးရကြောင်း သိသာသည်။ လူသေးသေးလေးက ရိုးသားသည်ဟု သူ ခံစားရ၍ လုံကျောင်းနန်ထက် ပိုယုံကြည်မိသည်မှာ မထူးဆန်းပေ။
နဂါးထိန်းဧကရာဇ် သူတို့ကို မြစ်အထက်ပိုင်းဆီသို့ ခေါ်သွားသည်။ သူတို့လမ်းလျှောက်နေသည်နှင့်အမျှ မြေပြင်နှင့် ဝေးကွာလာသည်။ ချော်ရည်မြစ်သည် မြေအောက်ပိုင်းတွင် တည်ရှိပြီး မိုင်များစွာ ရှည်လျား၏။ မြစ်အစပြုရာ မြစ်အထက်ပိုင်းက မြေကြီးအောက် ဆယ့်နှစ်မိုင်ကျော်တွင် တည်ရှိလေသည်။
အတန်ကြာ လျှောက်ပြီးသော် နွေးလာသည်ကို သူတို့ခံစားလိုက်ရသည်။ ချင်မူ မြစ်ကို ငုံ့ကြည့်လိုက်သောအခါ ဘေးနှစ်ဖက်တွင် နဂါးအကြေးခွံများ ပိုမိုထူလာသည်ကို မြင်လိုက်ရသည်။ အသားနှင့်သွေးများလည်း ရှိနေသည်။
နဂါးအကြေးခွံများထဲမှ သွေးကြောများနှင့် အသားများ ဖွဲ့တည်လျက် ထွက်နေသည်ကို ချင်မူ မြင်တွေ့ရ၏။ မြေကြီးအောက်ရှိ နဂါးသွေးကြောကြီးနှင့် ယှဉ်လျှင် ဤသွေးကြောများက ဆံချည်မျှင်ကဲ့သို့ သေးမျှင်သော်လည်း ချင်မူ့အတွက်တော့ ရေစည်တမျှ ကြီးမားသော သွေးကြောများ ဖြစ်သည်။
သွေးကြောများက မြစ်စီးကြောင်းအတိုင်း သွယ်တန်းနေ၏။
‘အထဲမှာ သွေးတွေ စီးဆင်းနေတာပဲ’
သွေးသည် အစစ်အမှန်နဂါးတစ်ကောင်၏ သွေးကြောများဖြစ်ကြောင်း ချင်မူ သိလိုက်ရသည်။ သွေးများ စီးဆင်းနေစဉ် ပြဒါးများ လျင်မြန်စွာ စီးဆင်းနေသောအသံကိုလည်း ကြားရ၏။
“ဒီနဂါးသွေးကြောမှာ နှလုံးဖွဲ့တည်နေပြီပဲ” နဂါးထိန်းဧကရာဇ်က ရုတ်တရက် ထပြောလိုက်သည်။
ချင်မူလည်း နှလုံးခုန်သံသဲ့သဲ့ ကြားလိုက်ရသည်။ သူတို့အရှေ့ ဆက်လျှောက်သွားသည်နှင့်အမျှ နှလုံးခုန်သံက ပိုမိုကျယ်လောင်လာပြီး ချော်ရည်ကန်ကြီးတစ်ကန်၏ အလယ်၌ နှလုံးတစ်ခုကို သူတို့မြင်လိုက်ရ၏။
ကြီးမားသောတုတ်ခိုင်သော သွေးကြောကြီးများက နှလုံးသားကို ရစ်ပတ်ချည်နှောင်လျက် လေတွင် ပျံဝဲနေ၏။ ရေကန်ထဲသို့ စီးဝင်နေကြသော သွေးကြောများလည်း ရှိကြသည်။
နဂါးနှလုံး ခုန်သည့်အခါ ကန်ထဲရှိ ချော်ရည်များက နောက်ဆုတ်သွားပြီး နှလုံးကြီး၏ နေရာအနှံ့အပြားသို့ စီးဆင်းဝင်ရောက်သွားကြသည်။ နှလုံးကို ဆေးကြောသန့်စင်ပေးနေသယောင် ထင်ရ၏။
နှလုံးခုန်ခြင်း ရပ်သွားသည့်အခါ ချော်ရည်များက ကန်ထဲ တဗွမ်းဗွမ်း ပြန်ကျလာပြီး နှလုံးပြန်ခုန်မည်ကို စောင့်နေကြသည်။
ဤသို့ဖြင့် နှလုံးခုန်တိုင်း ချော်ရည်များသည် နောက်ဆုတ်သွားလိုက်၊ ပြန်စီးလာလိုက် ဖြစ်နေသည်။
စိန်တုံးကြီးများက ချော်ရည်ကန်၏ ပတ်ပတ်လည်နံရံများမှ ကျောက်စက်ပန်းဆွဲများသဖွယ် တွဲလောင်းကျနေသည်။ စိန်တချို့က တိုင်လုံးကြီးများသဖွယ် ထောင်မတ်နေသည်။ စိန်တုံးကြီးများအပြင် ရွှေမှုန်များနှင့် ရွှေတုံးရွှေခဲများလည်း မြေပြင်ပေါ်တွင် ပြန့်ကြဲနေ၏။
ချင်မူနှင့် လုံကျောင်းနန်မှာ မှင်သက်အံ့ဩနေမိသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သတ္ထုတွင်းများစွာ ရှိပါသော်လည်း ဤကဲ့သို့သဘာဝတွင်းထွက်များ ဖြစ်ပေါ်နေသော သတ္ထုတွင်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အင်အားဖြင့်ပင် ဤနေရာ၌ သတ္ထုတွင်း တူးဖော်နိုင်ခြင်းမရှိခဲ့။
ချင်မူနှင့် လုံကျောင်းနန်တို့၏ အကြည့်များ ငေးကြောင်နေသည်။ တဖုန်းကြေးပြားက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ငွေကြေးစနစ်ဖြစ်သော်လည်း ရွှေများလည်း အလားတူ အသုံးတည့်၏။ ထို့အပြင် စိန်က မာကြောသော သတ္ထုဖြစ်၍ ဗုဒ္ဓကျင့်စဉ်ကျင့်ကြံသော ရဟန်းများက ပစ္စည်းလေးပါးကို စိန်ရတနာတို့ဖြင့် စီခြယ်တတ်လေသည်။ ထို့ကြောင့် ဤစိန်တုံးကြီးများကို ရောင်းချပါက အင်မတန် စျေးကောင်းရလိမ့်မည်။
‘ဒါတွေကို ယူသွားလို့ရရင်ကတော့.... နှမြောစရာကောင်းလိုက်တာ’ လုံကျောင်းနန် တွေးမိလိုက်သည်။
‘ငါတော့ ပွပြီ’ ချင်မူ လှိုက်၍လှိုက်၍ ပျော်နေသည်။ ‘နဂါးထိန်းဧကရာဇ်ကို ဖယ်ရှားပြီးရင် ဒီရတနာတွေအားလုံးက ငါ့အပိုင်ဖြစ်ပြီ’
“ဒီနေရာက တခြားနေရာသာ ဆိုလိုကတော့ ဒီမီးနဂါးသွေးကြောက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပင်မနဂါးသွေးကြောလို့ ထင်မိမှာ။ နှမြောစရာကောင်းတာက ဒီနေရာက မဟာမြို့ပျက်က ဆန်ကုန်မြေလေးတွေ တမင်အာရုံလွှဲထားတဲ့ လှည့်ကွက်ဖြစ်နေတာပဲ”
နဂါးထိန်းဧကရာဇ်က ပြန့်ကြဲနေသော စိန်ရွှေရတနာများကို ဂရုမစိုက်ဘဲ သရော်တော်တော် ပြောလိုက်သည်။ “သူတို့ တခြားလူတွေကိုတော့ လှည့်စားလို့ရရင် လှည့်စားလို့ရလိမ့်မယ်။ ဒါပေမဲ့ ငါ့ကိုတော့ လှည့်စားလို့မရဘူး။ မဟာမြို့ပျက်လည်း ပါနေပြီဆိုတော့ အစစ်အမှန်နဂါးမင်းရဲ့ နဂါးသွေးကြောက အားမနည်းသလို၊ သေးငယ်မှာလည်း မဟုတ်ဘူး”
သူက ရွှေဒယ်အိုးကို ထုတ်ကြည့်ပြီးနောက် ပြောလိုက်သည်။ “ဒီနားမှာ နဂါးနောက်တစ်ကောင်ရဲ့ သွေးကြောရှိနေတယ်”
သူက ရွှေဒယ်အိုးကို မြှောက်ပြီး ချော်ရည်ပူများ တဝုန်းဝုန်းကျဆင်းနေသော ရေတံခွန်၏အရှေ့သို့ ခပ်သွက်သွက် လျှောက်သွားသည်။ သူက ပြုံးလိုက်ပြီး ပြောလိုက်၏။ “ဒီမှာပဲ”
နဂါးထိန်းဧကရာဇ်က လက်မြှောက်၍ ချော်ရည်ရေတံခွန်ကို ပင့်မလိုက်သည့်အခါ အခြားတစ်ဖက်ခြမ်းတွင် ချော်ရည်မြစ်နောက်တစ်စင်း ရှိနေသည်။
“အစစ်အမှန်နဂါးမင်းကို ရှာဖို့ ချော်ရည်နဂါးသွေးကြောတွေကို ဖြတ်သွားရဦးမှာပဲ”
နဂါးထိန်းဧကရာဇ် စိတ်အား တရှိန်ရှိန် တက်ကြွလာပြီး ချင်မူနှင့် လုံကျောင်းနန်ကို ခေါ်ကာ ရေတံခွန်ကို ဖြတ်သွားလိုက်သည်။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။ “စိတ်ဝင်စားစရာကောင်းတယ်။ လူ့ပြည် ဆင်းလာတာ အလကားမဖြစ်တော့ဘူး”
သူတို့ ဝင်ရောက်သွားသော နဂါးသွေးကြောသည်လည်း အလွန်ထူးခြား၏။ ပထမတစ်ခုထက်ပင် အရည်အသွေး ပိုမိုမြင့်မားသည်။ နံရံလေးဖက်အပေါ်တွင် နဂါးကြေးခွံများ၊ သွေးကြောများနှင့် ကြွက်သားအမြှောင်းများသာမက ကလီစာများပင် ရှိနေသည်။
အခြားတစ်ဖက်ရှိ မီးနဂါးသွေးကြောကြောင့်သာ မဟုတ်လျှင် သူတို့ဝင်လာသည်က အစစ်အမှန်နဂါးတစ်ကောင်၏ ခန္ဓာကိုယ်အတွင်းပိုင်းဖြစ်နေသည်ဟု ချင်မူ ထင်ခဲ့မိလိမ့်မည်။
‘နဂါးအုပ်တွေက ဒီလိုဖြစ်နေပြီဆိုရင် အစစ်အမှန်နဂါးမင်းရဲ့ သွေးကြောက ဘာနဲ့တူလောက်မလဲ’ ချင်မူ ကြိတ်၍ အံ့အားသင့်နေမိသည်။
သူတို့ မိုင်တစ်သောင်းလျှောက်ပြီးသောအခါ တတိယနဂါးသွေးကြောနှင့် တွေ့၏။ ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်မိသည်။ သူတို့ အနောက်အရပ်သို့ ဦးတည်လျှောက်နေခြင်းဖြစ်သည်။
မီးတောင်ပြည်နယ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာအလယ်ပိုင်း၏ အပြင်နယ်စပ်တွင် ရှိသည်။ အနောက်အရပ်သို့ ဦးတည်သွားလျှင် နတ်သက်ကြွေတောကြောနှင့် နီးကပ်သွားလိမ့်မည်။
နဂါးထိန်းဧကရာဇ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမြို့ပျက်၏ ပထဝီမြေပြင်အနေအထားနှင့် ရင်းနှီးသည်လား ချင်မူ မသိသော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် မှောင်ခိုလုပ်ငန်းများ ရှိ၍ နတ်သက်ကြွေတောင်ကြောမှ ကူးသန်းသွားလာလုပ်ရသည်။ ချင်မူလည်း ထိုတောင်ကြောကို ဖြတ်သွားဖူး၍ မည်သည့်နေရာသို့ သွားနေကြောင်း ဆုံးဖြတ်နိုင်၏။
တတိယနဂါးသွေးကြောက အနောက်ယွန်းယွန်းသို့ ဆက်လက်ဆန့်တန်းနေသေးသည်။ ထိုအတိုင်း ဆက်သွားလျှင် သူတို့ မဟာမြို့ပျက်ထဲ ရောက်သွားလိမ့်မည်။
‘အခုအချိန်ဆို မဟာမြို့ပျက်မှာ ညဖြစ်နေလောက်ပြီ’
ချင်မူ ရင်ခုန်သံများကို ဖိနှိပ်လိုက်သည်။ မဟာမြို့ပျက်၏ မြေအောက်က ညအခါတွင် အန္တရာယ်များလိမ့်မည်လော။ အမှောင်ထုကြီးစိုးနေလိမ့်မည်လော။
သူ မပြောတတ်ပေ။
သို့သော် နဂါးထိန်းဧကရာဇ်နှင့် အတူရှိနေခြင်းက အကျိုးမယုတ်ပေ။ ဤနတ်ဘုရားသည် အလွန်သန်မာအားကောင်းသည့်အတွက် အမှောင်ထုကြီးစိုးနေလျှင်ပင် သူတို့ကို ကာကွယ်ပေးနိုင်သည်။
သူတို့ ရှေ့ဆက်လျှောက်လာကြစဉ် ရှေ့တူရူရှိ နဂါးသွေးကြောသည် မှိန်ပျလာ၏။ ဤနေရာ လင်းထိန်နေရသည့် အကြောင်းရင်းမှာ ချော်ရည်များကြောင့် ဖြစ်ခဲ့သော်လည်း ထိုအလင်းရောင်မှာ အမှောင်ထု၏ ဝါးမြိုခံလိုက်ရ၍ မှိန်ပျပျသာ လင်းနိုင်တော့သည်။
ချင်မူ နဂါးချီလင်ကို တစ်ချက်ကန်လိုက်သည့်အခါ နဂါးချီလင် သဘောပေါက်သွားသည်။ သူက နဂါးထိန်းဧကရာဇ်အနား ကပျာကယာ တိုးကပ်သွားပြီး ခပ်ခွာခွာ မနေဝံ့တော့ပေ။
လုံကျောင်းနန်လည်း ဤအခြင်းအရာကို မြင်၍ သဘောပေါက်သွားသည်။ သူမလည်း နဂါးထိန်းဧကရာဇ်အနား မြန်မြန်ဆန်ဆန် တိုးကပ်သွားလိုက်၏။
“ဒီမိန်းမက သိပ်လျင်လွန်းတယ်။ သူ့ကို မြန်မြန်ရှင်းပစ်မှ ငါ့အတွက် အဆင်ပြေမယ်” ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
များစွာမကြာလိုက်ဘဲ ချော်ရည်မြစ်၏အလယ်တွင် မားမားမတ်မတ် ရပ်တည်နေသော နတ်ဘုရားရုပ်တုတစ်ခုကို သူတို့ မြင်လိုက်ရသည်။ နတ်ဘုရားသည် ကောင်းကင်အလင်းတန်းများကို ဖြန့်ကျက်၍ အမှောင်ထုကို မောင်းထုတ်နေ၏။
“မဟာမြို့ပျက်ရဲ့ ဆန်ကုန်မြေလေးတွေ တကယ် အကွက်ချထားတာပဲ” နဂါးထိန်းဧကရာဇ်က သရော်တော်တော် ပြော၍ ရှေ့ဆက်လျှောက်သွားသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နဂါးသွေးကြောတွေကို ငါကိုယ်တိုင် လာမကြည့်ခင် ငါလည်း အရူးလုပ်ခံခဲ့ရမှာ”
သူက အရှိန်အဝါစိမ့်ထွက်မသွားအောင် ချုပ်၍ ကျောက်ရုပ်တုနှင့် ဝေးရာသို့ လျှောက်သွားသည်။ ၎င်း နိုးထလာမည်ကို သူ စိုးရိမ်ပုံရ၏။
ချော်ရည်မြစ်သည် အလွန်ရှည်လျားပြီး စောင့်ရှောက်ပေးနေသော ကျောက်ရုပ်တုများ ရှိ၏။ စတုတ္ထနဂါးသွေးကြောဆီ ရောက်ရန် မည်မျှလျှောက်လာခဲ့ရမှန်း သူတို့ မသိတော့ပေ။
ဤနဂါးသွေးကြောသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အပိုင်မဟုတ်ဘဲ မဟာမြို့ပျက်၏ နဂါးသွေးကြောဟု ဆိုရလိမ့်မည်။
စတုတ္ထနဂါး၏ သွေးကြောထဲ ဝင်လိုက်လျှင်ချင်း ချင်မူ တွက်ချက်ကြည့်သည့်အခါ နယ်စပ်နဂါးမြို့နှင့် ဒုက္ခိတဘိုးဘွားကျေးရွာကို ကျော်လာခဲ့ပြီးဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့ မဟာမြို့ပျက်၏ နောက်ကြောနှင့် နီးသထက် နီးလာနေ၏။
နဂါးထိန်းဧကရာဇ်၏ ခြေထောက်အောက်ရှိ ရေနဂါးနှစ်ကောင်ကား အလွန်မြန်သည်။ သူတို့သည် ဖက်တီးနဂါးထက် အဆပေါင်းများစွာ မြန်၏။ ဖက်တီးနဂါး ဆယ့်နှစ်ရက်နီးပါး သွားရမည့် ခရီးကို ရေနဂါးနှစ်ကောင်က တစ်ရက်၊ နှစ်ရက်တည်းဖြင့် သွားနိုင်သည်။
ပဥ္စမနဂါးသွေးကြောသို့ ရောက်သောအခါ အမှောင်ထု ဆုတ်ခွာသွားပြီး မနက်ရောက်နေပြီဖြစ်သည်။ ဆဋ္ဌမနဂါးသွေးကြောဆီ ရောက်သည့်အချိန်တွင်တော့ မဟာမြို့ပျက်အလယ်ပိုင်း၏ မြေကြီးအောက်တွင် ဖြစ်ကြောင်း ချင်မူ တွက်ချက်သိရှိလိုက်သည်။
“ငါတို့ အစစ်အမှန်နဂါးမင်းရဲ့ သွေးကြောနဲ့ နီးနေပြီ” နဂါးထိန်းဧကရာဇ်က အလွန်စိတ်အားထက်သန်နေပြီး ပြုံးလိုက်သည်။ “နဂါးထိန်းကျမ်းစဉ်က ဘယ်လိုလဲ။ မင်း ပြန်ပေးရမယ့် အချိန်ရောက်ပြီနော်”
ချင်မူ နဂါးထိန်းကျမ်းစဉ်ကို တရိုတသေ ပြန်အပ်နှံကာ ပြောလိုက်၏။ “ကျွန်တော့်ရဲ့ ဉာဏ်ရည်က နိမ့်ကျတော့ အနည်းငယ်ပဲ နားလည်လိုက်ပါတယ်။ နားမလည်သေးတဲ့ နေရာတွေ ရှိပါသေးတယ်”
“မင်းက ရိုးသားတဲ့ကောင်လေးပဲ။ မကောင်းကြံလိုစိတ်လည်း မရှိဘူး။ ဉာဏ်လည်း သိပ်မကောင်းဘူး။ နားလည်ရခက်တဲ့ နေရာတွေ ရှိတာ ပုံမှန်ပါပဲ” နဂါးထိန်းဧကရာဇ်က ပြောလိုက်သည်။ “မင်း ငါ့နဂါးတွေကို ကောင်းကောင်းထိန်းပေးနိုင်သရွေ့ ငါ မင်းကို နဂါးထိန်းကျမ်းစဉ်အကြောင်း ဖြည်းဖြည်းချင်း ရှင်းပြပေးမယ်”
ချင်မူ ဝမ်းသာရွှင်မြူးသွားသည်။
လုံကျောင်းနန် သူ့မျက်နှာပေးကို မြင်လျှင် သူ့အပေါ် ခွပြီး သေအောင် ရိုက်သတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာ၏။
“ကဲ ပင်မနဂါးသွေးကြောဆီ ရောက်ပြီ” နဂါးထိန်းဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။ “ငါ ဒါကို ဒီဆန်ကုန်မြေလေးတွေဆီက ယူသွားပြီး သူတို့ရဲ့ နှစ်တစ်သောင်းအစီအစဉ်ကို တစ်ရက်တည်းနဲ့ ဖျက်စီးပစ်မယ်။ နေပါဦး ဒါက...”
ဆဋ္ဌမနဂါးသွေးကြော၏အပြင် ထွက်လိုက်သောအခါ သူ ဝေခွဲမရဖြစ်သွားသည်။ သူ ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း ပို၍ပင် ဝေခွဲမရဖြစ်သွား၏။