← Chapters

တမလွန်ရောက်မှ ကလဲ့စားချေတော့

Vol. 27 Ch. 369

တမလွန်ရောက်မှ ကလဲ့စားချေတော့

Vol. 27 Ch. 369

နဂါးတစ်‌ထောင်ပုံတူရုပ်တုရှိသော မုခ်ဝ၏အရှေ့တွင် ရေနဂါးအရွယ်အစားမျိုးစုံက ချင်မူ့အနောက်မှ လိုက်လာကြပြီး အစာကျွေးမည်ကို စောင့်နေကြသည်။

လုံကျောင်းနန်လည်း နောက်မှလိုက်လာနေ၏။ တစ်ချက်တစ်ချက် သူမ၏အကြည့်က အနီရောင်နဂါးတစ်ကောင်အပေါ် ရောက်ရောက်သွားတတ်သည်။ နဂါးထိန်းဧကရာဇ် အစာကျွေးခိုင်းထား‌သော နဂါးများအထဲတွင် နဂါးစီးဂိုဏ်းမှ နဂါးနီကြီးလည်း ပါလာသည်။

နဂါးဘုရင်၏ နဂါးနီကြီးသည် ဂိုဏ်းသခင်အဆင့် နဂါးတစ်ကောင်ဖြစ်သည့်အပြင် လုံကျောင်းနန်နှင့် အလွန်ရင်းနှီး၏။ နဂါးထိန်းဧကရာဇ်က ဖမ်းယူခဲ့သော်လည်း လုံကျောင်းနန် ပုလွေမှုတ်လိုက်လျှင် နဂါးနီကြီးကို ထိန်းချုပ်နိုင်သည်။

ချင်မူ့မျက်လုံးများက ငြိမ်နေသော်လည်း သူ့ဦးနှောက်က ထွက်ပြေးနိုင်မည့် နည်းလမ်းကို အလျင်အမြန် တွေးနေသည်။

နဂါးထိန်းဧကရာဇ် နဂါးသိုက်ကို ယူလိုက်လျှင် သူနှင့် ဧကရာဇ်တံဆိပ်ပြားအနေဖြင့် နဂါးသိုက်ဆီ အလိုလိုပျံသန်းသွားပြီး ငြိမ်ငြိမ်လေး ထိုင်နေရလိမ့်မည်။ ထိုအခါ ဤကျောက်စိမ်းလည်ဆွဲနှင့်ပတ်သက်၍ မည်သို့ရှင်းပြရမည်နည်း။

နဂါးတစ်ကောင် သူ့ကို စုတ်ဖြဲစားသောက်၍ သေသွားလျှင် တော်သေးသည်။ မသေလျှင် မည်သို့လုပ်ရမည်နည်း။

ယခုချက်ချင်း ထွက်ပြေးလျှင်လည်း နောက်မှ လိုက်လာသော နဂါးအုပ်ကြောင့် လွတ်အောင် ပြေးနိုင်မည်မဟုတ်ပေ။ ထို့အပြင် လုံကျောင်းနန်လည်း ရှိနေရာ သူ ပြေးရန် ကြိုးစားပါက ထိုမိန်းမ သူ့ကို သတ်လိမ့်မည်။

“အစေခံမမကြီး၊ ဆေးဖော်ဖို့ ဆေးပင်တွေ ခွဲပေးဦး”

ချင်မူ ‌ထောင်ကျယ်အိတ်ကို လုံကျောင်းနန်ဆီ ပစ်ပေးလိုက်သည်။

နဂါးသိုက်နှင့် အတန်ငယ် လှမ်းသော်လည်း ဧကရာဇ်တံဆိပ်ပြားက အသက်ဝင်လာတော့မည့်အလား လှုပ်ရွနေသေးသည်။ ဧကရာဇ်တံဆိပ်ပြားနှင့် အသိုက်ကြားတွင် မဖော်ပြတတ်သော ပတ်သက်မှုတစ်ခုခု ရှိနေဟန်တူ၏။ ထို့အပြင် ဧကရာဇ်တံဆိပ်ပြားက အချိန်မရွေး နဂါးအသွင်ပြောင်း၍ အသိုက်ဆီ ပျံသန်းသွားတော့မည့်အလား လှုပ်ရှားလာသည်။

လုံကျောင်းနန် ဒေါသကို မြိုသိပ်၍ ထောင်ကျယ်အိတ်ဖွင့်ကာ ပရဆေးပင်များအား ခွဲလိုက်သည်။ ချင်မူက နဂါးပုတီးစေ့ ထုတ်ပြီး လက်ထဲတွင် ဆုပ်ထားကာ စွမ်းအင်စုပ်ယူလိုက်သည်။ တမုဟုတ်ချင်း ကြောက်မက်ဖွယ်ရာအားလှိုင်းက သူ့တစ်ကိုယ်လုံးကို ဖြတ်စီးသွားပြီး သူ့ခြေလက်များကို သန်မာအားကောင်းလာစေ၏။

‘ဘယ်လိုပဲနေနေ ထွက်ပြေးရမယ်။ မဟုတ်လို့ကတော့ နဂါးထိန်းဧကရာဇ် နဂါးသိုက်ကို ယူလိုက်တာနဲ့ ငါ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး’

ချင်မူ လက်ဆန့်ထုတ်လိုက်သည့်အခါ အနီးနားရှိ မြစ်ထဲ၌ စီးဆင်းနေသော ချော်ရည်များက သူ့ဆီ ပျံသန်းလာသည်။

‘ခင်ဗျားက နဂါးတွေကို အစာကျွေးစေချင်မှ‌တော့ ကျုပ် အစာကျွေးရုံတင်မကဘူး ပြန်ပေးဆွဲပစ်မယ်။ နဂါးထိန်းဧကရာဇ်လက်ထဲကနေ ငါ့ဘာသာငါ မပြေးနိုင်ပေမယ့် နဂါးတစ်ကောင် စီးလိုက်ရင်တော့ ဘယ်သူသိနိုင်မလဲ’

သူ၏ချီစွမ်းအင်က လိပ်နက်ချီစွမ်းအင်အသွင် ဖွဲ့တည်သွား၍ ချော်ရည်၏အပူချိန် ကျဆင်းသွားသည်။ သို့သော် ချော်ရည်က ခဲမသွားပေ။ ချော်ရည်စီးကြောင်းမှ တောက်တောက်ပြောင်ပြောင် သတ္ထုများက မြေကြီးပေါ် တတောက်တောက် ကျလာ၏။

ချော်ရည်ထဲတွင် ခဲသွားသည်က မဟူရာရွှေအမြုတေဖြစ်သည်။ ဤနည်းလမ်းဖြင့် ချင်မူက အဟူရာရွှေအမြုတေများကို ချော်ရည်ထဲမှ လျင်မြန်စွာ စစ်ထုတ်နေ၏။ ရွှေ၏သန့်စင်မှုကလည်း အလွန်မြင့်မားလေသည်။

မကြာမီ ချင်မူ မဟူရာရွှေအမြုတေ လုံလုံလောက်လောက် စုဆောင်းပြီးသွား၍ ရွှေပုလွေတစ်လက် သွန်းလုပ်လိုက်သည်။ ထိုအချိန်တွင် လုံကျောင်းနန်က ပရဆေးပင်များအား အမျိုးအစားခွဲ၍မပြီးသေးပေ။

ချင်မူ ရွှေပုလွေကို ပါးစပ်ထဲ ထည့်ပြီး နဂါးထိန်းကျမ်းစဉ်တွင် ရေးသားဖော်ပြထားသော လျှို့ဝှက်နဂါးထိန်းနည်းများအား အသုံးချလိုက်သည်။ သူ ချီစွမ်းအင်ကို စုစည်း၍ ရွှေပုလွေကို မှုတ်လိုက်သည်နှင့် သံစဉ်တချို့ ဖြစ်ပေါ်လာ၏။

ဤသည်မှာ လျှို့ဝှက်နဂါးထိန်းနည်းကို သူ ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်၍ ပုလွေသံစဉ်က အတန်ငယ် ကိုးရို့ကားရား ဖြစ်နေသည်။ သို့သော် အတန်ကြာ စမ်းမှုတ်ကြည့်ပြီးနောက် ချင်မူ ကျွမ်းလာ၏။ သိုင်းအဆင့်နိမ့်ကျသော နဂါးများက သူ၏ပုလွေသံအတိုင်း ပျံသန်းကခုန်ပြီး ခံစားနားဆင်နေကြသည်။

ချင်မူ ရှေ့တိုးသွားလိုက်သည့်အခါ နဂါးအတော်များများက သူ၏သံစဉ်နှင့်အတူ လိုက်ပါစီးမျောကြသည်။ တဖြည်းဖြည်း ပုလွေသံစဉ်မှတစ်ဆင့် နဂါးခုနစ်ကောင်၏ အသိစိတ်အလျဉ်က သူ၏အတွေးနှင့် ဆက်သွယ်လာသည်ကို သူ ခံစားလာရ၏။

ဝုန်း

သူ့စိတ်ထဲ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ သူ၏အသိစိတ်အလျဉ်နှင့် အတွေးများသည် နဂါးခုနစ်‌ကောင်၏ အလွန်ကျယ်ပြောသော အသိစိတ်အလျဉ်နှင့် ချိတ်ဆက်သွားသည်ကို သူ ခံစားလိုက်ရ၏။

လုံကျောင်းနန်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ဆေးပင်အမျိုးအစား ခွဲနေသည်ကို ကပျာကယာ ရပ်လိုက်သည်။ သူမလည်း ကျောက်စိမ်းပုလွေထုတ်ကာ တီးမှုတ်လိုက်၏။ သူမက ထိုနဂါးများကို ထိန်းချုပ်နိုင်အောင် သံစဉ်ချင်းယှဉ်ပြိုင်နေသည်။

“အစေခံမ သေချင်နေလား”

ချင်မူ ဒေါသထွက်သွားပြီး ရွှေပုလွေကို လက်လွှတ်၍ ချီစွမ်းအင်ဖြင့် တီးမှုတ်ကာ လုံ‌ကျောင်းနန်ဆီ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ သူ မီးပုံယမ်းကျ ဒေါသထွက်မိသည်။ ဤမိန်းမက သူ့ကို ဒုက္ခဆက်တိုက် ပေးနေခဲ့သည်။ သူမကို မသတ်လျှင် သူ ထွက်ပြေးရန် အခက်တွေ့လိမ့်မည်။

“ငါလည်း နင့်ကို သည်းခံခဲ့ရတာ များပြီ”

အစေခံမဆိုသော အသံကို ကြားလျှင် လုံကျောင်းနန် ဆွေ့ဆွေ့ခုန်သွားသည်။ သူမလည်း ကျောက်စိမ်းပုလွေကို လွှတ်လိုက်ပြီး ချီစွမ်းအင်ဖြင့် တီးမှုတ်ကာ ချင်မူ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

‘ဒီမိန်းမက မတုံးဘူးပဲ။ နဂါးထိန်းဧကရာဇ် ငါ့ကို ပိုကောင်းတဲ့ နဂါးပုတီးစေ့ပေးထားတာ သိတာတောင်မှ ထိပ်တိုက်ရင်ဆိုင်ရဲသေးတယ်။ တစ်ခုခု‌တော့ မူမမှန်ဘူး’

ချင်မူ အားလှိုင်း ထုတ်လွှတ်လိုက်ပြီး သူတို့လက်ဝါးချင်း ထိသွားသောအခိုက်အတန့်တွင် နဂါးနီကြီးတစ်ကောင်က ချင်မူ့ဆီ တရှိန်ထိုး ဦးတည်လာသည်။ ၎င်းကား နဂါးစီးဂိုဏ်း၏ မီးနဂါးမှတစ်ပါး အခြားမဟုတ်ပေ။

နဂါးထိန်းဧကရာဇ် နဂါးသိုက်ကို ယူရန် ကြိုးစားသည့်အချိန်မှစ၍ သူ၏အာရုံအားလုံးက ထိုကိစ္စအပေါ်တွင်သာ ရောက်သွားသည်။ သူ မွေးထားသော နဂါးများအပေါ် ထိန်းချုပ်နိုင်စွမ်း လျော့နည်းသွား၍ လုံကျောင်းနန်က နဂါးနီကြီးဖြင့် တမုဟုတ်ချင်း ချိတ်ဆက်ပြီး တိုက်ခိုက်အောင် အမိန့်ပေးလိုက်နိုင်ခြင်း ဖြစ်သည်။

ချင်မူ ထိုအကွက်ကို မျှော်လင့်ထားသဖြင့် တမုဟုတ်ချင်း နောက်ခုန်လိုက်သည်။ နဂါးစိမ်းတစ်ကောင်က လက်သည်းထုတ်ကာ နဂါးနီကို တိုက်ခိုက်လိုက်၏။ နဂါးသွေးကြောထဲ၌ ကြောက်မက်ဖွယ်ရာ လေလှိုင်းများ ဖြာထွက်သွား၍ ချင်မူနှင့် လုံကျောင်းနန်တို့နှစ်ယောက်လုံး လွင့်ထွက်သွားသည်။

ချင်မူ ခြစ်ခြစ်ပူနေသော ချော်ရည်မြစ်အပေါ် လွင့်သွား၏။ ချော်ရည်မြစ်က ဝုန်းခနဲ မြည်ဟည်းသွားပြီး မီးနဂါးနှစ်ကောင် တဟုန်ထိုး ထွက်လာကာ သူ့ကို သယ်ဆောင်သွားသည်။

လုံကျောင်းနန်က နံရံတစ်ခုကို ဝင်တိုက်သွားပြီး သူမပုလွေသံစဉ်က ‌နဂါးနောက်တစ်ကောင်ကို တမုဟုတ်ချင်း ထိန်းချုပ်နိုင်သွား၏။ နဂါးက ပါးစပ်ဟ၍ မီးမှုတ်ထုတ်ပြီး မီးနဂါးတစ်ကောင်ပမာ ချင်မူ့ဆီ ပြေးဝင်လာသည်။

ဤနဂါး၏မီးက ချော်ရည်ကိုပင် အငွေ့ပျံစေနိုင်လောက်အောင် ပူပြင်းသည်။

ချင်မူ့ပုလွေက ရေနဂါးတစ်ကောင်ကို ထိန်းချုပ်၍ မီးနဂါး၏ခေါင်းကို ခဲလိုက်သည်။ ‌ရေက မီးကို ငြှိမ်းသတ်လိုက်ပြီး နဂါးနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်လျက် တိုက်ခိုက်ကြတော့သည်။

ချင်မူ လက်ချောင်းများကို စု၍ ရှေ့သို့ ထိုးခွဲလိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက ဓားအိမ်ထဲမှ ထွက်လာပြီး မီးတောက်များကို ခွင်းကာ လုံကျောင်းနန်၏ မျက်ခုံးနှစ်ဖက်ကြားသို့ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။

လုံကျောင်းနန် အံအားသင့်သွားသော်လည်း ရှောင်ရှန် အချိန်မရတော့၍ ခေါင်းကို ဘေးသို့သာ စောင်းလိုက်ရသည်။ ရွှင်ပျော်ပျော်ဓားက သူမမျက်နှာဘေးမှ ဖြတ်သွားပြီး အနောက်ရှိ နဂါးကြေးခွံများထဲ စိုက်ဝင်သွားသည်။

‘တော်သေးတယ်’

သူမ သက်ပြင်းပင် မချနိုင်ခင် ဓားရောင်များက မီးတောက်များကို ဖြတ်သန်းလာသည်။

ထိုအခိုက်အတန့်တွင် နဂါးနီကြီးက လုံကျောင်းနန်ကို ၎င်း၏ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ကာ ကာကွယ်ပေးလိုက်သည်။ ဓားရောင်များက နဂါးကြေးခွံများအား တချွင်ချွင် ထိမှန်သွားပြီး ချင်မူ၏ဓားပျံအားလုံး ဂိုဏ်းသခင်အဆင့် နဂါးနီကြီးကို မထိုးဖောက်နိုင်လိုက်ပေ။

နဂါးသွေးကြောထဲတွင် နဂါးအားလုံး ထိတ်လန့်သွားကြ၍ ကျယ်လောင်စွာ တွန်ကြသည်။ အသံလှိုင်းများက ချင်မူနှင့် လုံကျောင်းနန်အား နားစည်များ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရစေသည်။

ချင်မူ့ချီစွမ်းအင်က ရွှေပုလွေဆီ ပျံသန်းသွားပြီး နဂါးများကို ထိန်းချုပ်ရန် ကြိုးစားသည်။ လုံကျောင်းနန်လည်း ချီစွမ်းအင်ကို ထုတ်လွှတ်ကာ သူ့ကို ယှဉ်ပြိုင်နေသည်။

ပုလွေသံစဉ်များက နဂါးများကို ထိန်းချုပ်၍ အသိစိတ်အလျဉ်များကို သူတို့နှင့် ချိတ်ဆက်ပေးထားရာ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေစေသည်။ ရေနဂါးတို့၏ သိုင်းအဆင့်သည် နတ်ဘုရားအဆင့်နီးပါး ရှိသည့်အတွက် တစ်ကောင်စီတိုင်းက ပြိုင်ဘက်ကင်း၏။ သူတို့က ကောင်းကင်နတ်သိုင်းအနည်းငယ်သာ အသုံးပြုကာ ခန္ဓာအချင်းချင်း တိုက်ခိုက်နေကြသည်။

ယခုအချိန်မှ နဂါးမျိုးနွယ်၏ ရုပ်ခန္ဓာကိုယ်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ချင်မူ မြင်ရသည်။ နဂါးများ လှုပ်ရှားလိုက်တိုင်း ကြွက်သားထောင်ပေါင်းများစွာ လှုပ်ရှားသွားပြီး သူတို့၏အရွတ်များ ကျုံ့ချည်ဆန့်ချည် ဖြစ်သွားသည့်အခါ တိမ်ကင်းစင်သော ကောင်းကင်တွင် မိုးထစ်ချုန်းသွားသကဲ့သို့ အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။

ဤသည်မှာ တောင်တန်းများကို ရွှေ့ပြောင်း၍ ပင်လယ်များကို သယ်မနိုင်သော ခွန်အားဖြစ်ပြီး နဂါးတစ်ကောင်၏ ကိုယ်ထဲ၌ ကိန်းဝပ်နေသည်။ နဂါးတို့၏အင်အားက လူသားမျိုးနွယ်ထက် အဆပေါင်းများစွာ သန်မာအားကောင်း၏။

သို့ရာတွင် ခွန်အားတစ်ခုတည်းသာမဟုတ်။ နဂါးများ ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်လိုက်ပါက ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်။

သို့သော် ချင်မူနှင့် လုံကျောင်းနန်နှစ်ယောက်လုံး ထိန်းထိန်းသိမ်းသိမ်း ရှိသည်။ စောစောက နဂါးနှစ်‌ကောင် ရေနှင့် မီးကို မှုတ်ထုတ်လိုက်တုန်းက သူတို့နှစ်ယောက်လုံး သေလုနီးပါး ဖြစ်ခဲ့သည့်အတွက် ကောင်းကင်နတ်သိုင်းများကို မထုတ်လွှတ်ဘဲ ခန္ဓာကိုယ်အချင်းချင်းသာ တိုက်ခိုက်နေသည်။

လုံကျောင်းနန်က အရပ်ခြောက်မျက်နှာအဆင့်ထက် များစွာအင်အားကြီးမားသော ခုနစ်စဉ်ကြယ်အဆင့်ဖြစ်သော်လည်း ချင်မူ၏ချီစွမ်းအင်သိပ်သည်းမှုက သူမအောက် မနိမ့်ကျပေ။

သူတို့ပုလွေများ ထိန်းချုပ်နိုင်သည့် နဂါးအရေအတွက်က သုံးကောင်ဖြစ်သည်။ ထို့ထက်ပိုလျှင် သူတို့၏ချီစွမ်းအင် လုံလောက်မည်မဟုတ်ပေ။ သူတို့၏အသိစိတ်အလျဉ်များလည်း တောင့်ခံနိုင်မည်မဟုတ်။

ချင်မူက လျှို့ဝှက်နဂါးထိန်းနည်းကို ယခုမှ ကျင့်ကြံထားသော်လည်း ပြည့်စုံသောကျမ်းစဉ်ကို ကျင့်ထားခြင်းဖြစ်သည်။ လုံကျောင်းနန် သုံးဆယ့်လေးနှစ်ကျော် ကျင့်ခဲ့သော ကျင့်စဉ်မှာ မပြည့်စုံပေ။ ထို့ကြောင့် သူတို့၏နဂါးထိန်းနိုင်စွမ်းက သူမသာ၊ ကိုယ်မသာ ရှိသည်။

သို့သော် လုံကျောင်းနန်က အသာစီးရနေသေးသည်။ နဂါးဘုရင်၏ နဂါးနီကြီးသည် သူမနှင့် အလွန်ရင်းနှီးသည့်အတွက် ထိန်းချုပ်ရလွယ်၏။ ၎င်းက သူမစကားတစ်ခွန်းတိုင်းကို နာခံပြီး အပြင်းအထန် တိုက်ခိုက်နေသည်။

အခြားတစ်ဖက်တွင် ချင်မူမှာ ယခုလေးတင်မှ နဂါးသုံးကောင်ဖြင့် သိကျွမ်းခြင်းဖြစ်၍ စိတ်တိုင်းကျ မထိန်းချုပ်နိုင်သေးပေ။

ယင်းက သူတို့တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲလာစေသည်။

လုံကျောင်းနန်က နဂါးနီကြီးကို ထိန်းချုပ်၍ နဂါးဝါတစ်‌ကောင်ကို လည်မြိုမှ ကိုက်ခဲကာ ကျောက်နံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ နဂါးနီကြီးက တိုက်ခိုက်နေသော ကျန်နဂါးများမှ ဖြတ်လာပြီး ချင်မူ့ကို ခုန်ဆုပ်လိုက်၏။

“ကောင်စုတ်လေး နဂါးစီးဂိုဏ်းအတွက် ငါ နင့်ကို ကလဲ့စားချေမယ်” လုံကျောင်းနန်က ဒေါသတကြီး အော်ဟစ်သည်။

ချင်မူ့မျက်ဝန်းများ အရောင်တောက်သွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ သူက ဖျတ်ခနဲ အရိပ်မည်းမည်းအသွင် ပြောင်း၍ နံရံပေါ် ပြေးကပ်ကာ နံရံတစ်လျှောက် ရွေ့လျားသွားပြီး နဂါးနီကြီးကို တိမ်းရှောင်သွားသည်။

“အစ်မတော်လုံ၊ ငါ စိတ်မကောင်းပါဘူး” သူ့အသံက နံရံထဲမှ ထွက်လာပြီး သူ လုံကျောင်းနန်ဆီ လျင်မြန်စွာ ချဉ်းကပ်သွားသည်။

လုံကျောင်းနန် ထိတ်လန့်သွားပြီး သူမအနောက်တွင် အရိပ်ကြီးမည်းမည်းကြီးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ နဂါးချီလင်က နဂါးနီကြီး သူမအနားမှ ခွာမည့်အချိန်ကို စောင့်နေခဲ့၍ နဂါးနီကြီး မရှိတော့သည်နှင့် မီးတောက်များ မှုတ်ထုတ်လိုက်သည်။

လုံကျောင်းနန် ကပျာကယာ လှည့်၍ နဂါးပုတီးစေ့ကို ဆုပ်ကိုင်ကာ ချီလင်မီးတောက်ကို ရင်ဆိုင်လိုက်သည်။ ပုတီးစေ့က ရောင်စုံတောက်ပလာပြီး ချီလင်မီးတောက်အား ဟန့်တားလိုက်၏။

နဂါးချီလင်သည် ကောင်းကင်နတ်အသွင်အဆင့် သိုင်းသမားတစ်ယောက်နှင့် ယှဉ်နိုင်၍ သူ၏ချီလင်မီးတောက်က အလွန်အားပြင်းသည်။ နဂါးပုတီးစေ့ကို ဆုပ်ကိုင်ထားသော လုံကျောင်းနန်၏ လက်မှာ မည်းခြစ်သွား၏။ သို့သော် သူမခန္ဓာကိုယ်ကတော့ မည်သို့မျှမထိခိုက်လိုက်ပေ။

ထိုအခိုက်အတန့်တွင် အရိပ်မည်းမည်းကြီးက အပေါ်မှ ဆင်းလာပြီး ချင်မူ့အသွင် ပြန်ပြောင်းကာ လုံကျောင်းနန်၏ နောက်ကျောကို ထိုးချလိုက်၏။

အုန်း

လုံကျောင်းနန် လွင့်ထွက်သွားပြီး နဂါးသွေးကြော၏နံရံကို ဝင်တိုက်သွားသည်။ သူမကိုယ်ထဲရှိ အရိုးအားလုံး ကျိုးကြေသွား၏။

“တမလွန်ကျမှ ကလဲ့စားလာချေတော့”

ချင်မူ လက်တစ်ချက်တောက်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက လုံ‌ကျောင်းနန်၏ မျက်ခုံးနှစ်ဖက်ကြားကို ထိုးစိုက်သွားသည်။ သူ့ခန္ဓာကိုယ်က လျော့ရဲကျသွားသော်လည်း ဓားက သူမ၏အလောင်းကို တွဲလောင်းဖြစ်နေစေသည်။

ရွှစ်

ဓားအလက်ရှစ်ထောင်လုံး ကျောက်နံရံထဲ စိုက်ဝင်သွားသည်။

ချင်မူ ပြန်ခေါ်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက ဓားအိမ်ထဲ ပြန်ဝင်လာသည်။ ကျန်ဓားများလည်း သူ၏ထောင်ကျယ်အိတ်ထဲ ဝင်သွား၏။

ကျောက်နံရံပေါ်တွင် လုံကျောင်းနန်၏အလောင်းကို မမြင်ရပေ။ အပိုင်းပိုင်းပြတ်နေသော အသားများသာ မြေကြီးတွင် ပုံနေသည်ကို မြင်ရလိမ့်မည်။

သူမအနေဖြင့် အရေခွံလဲ၍ အသက်ပြန်မရှင်လာနိုင်တော့ပေ။

ချင်မူ၏ချီစွမ်းအင်က ပုလွေကို တီးမှုတ်လိုက်၍ မီးနဂါးတစ်ကောင် လျင်မြန်စွာ ရောက်လာသည်။ ချင်မူ နဂါးပေါ် ခုန်တက်ပြီး‌ အော်လိုက်၏။ “ဖက်တီးနဂါး”

နဂါးချီလင်လည်း နဂါး၏ကျောပေါ် ကပျာကယာ ခုန်တက်လိုက်ပြီး သူ့ကို အမြီးယမ်းပြကာ မျက်နှာချိုသွေးပြသည်။ ထိုအခါမှ နဂါးထိန်းဧကရာဇ်၏ ထောင်ကျယ်အိတ်ကိ သူ ကိုက်ထားကြောင်း သူ တွေ့သွားသည်။

“သိပ်တော်တယ်”

ချင်မူ ရှားရှားပါးပါး ချီးကျူးလိုက်၍ နဂါးချီလင် ဝမ်းသာမြူးထူးသွားသည်။ ပုလွေသံက ခပ်သွက်သွက် ဖြစ်လာပြီး မီးနဂါးက တမုဟုတ်ချင်း ဦးတည်ချက်ပြောင်းရာ သူတို့လာခဲ့သော လမ်းကြောင်းအတိုင်း တရှိန်ထိုး ထွက်သွားသည်။

“ဒီမီးနဂါးရဲ့ အမြန်နှုန်းနဲ့ဆို နေ့တစ်နေ့တည်းနဲ့ မဟာမြို့ပျက်အပြင် ထွက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်လောက်တယ်”

ချင်မူ စိတ်လှုပ်ရှားနေသည်။ သို့သော် နောက်သို့ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာ မည်းမှောင်သွား၏။ မီးနဂါးက အလွန်မြန်သော်လည်း ကျန်နဂါးများကလည်း သူ့နောက်မှ အရိပ်သဖွယ် လိုက်လာနေသည်။ တချို့က ပျံနေသည်၊ တချို့က ပြေးနေသည်၊ တချို့က ကူးခတ်နေကြသည်။ အကုန်လုံး သူ့ကို ခေါင်းထောင်ကြည့်ရင်း အစာမျှော်နေကြသည်။

“ငါ မင်းတို့ကို တစ်ခါပဲ အစာကျွေးခဲ့တာလေ၊ မလိုက်ပါနဲ့တော့” ချင်မူ တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်ကွာ။ မင်းတို့ကောင်တွေ သွားလိုရာ သွားကြပါတော့ ။ ငါ့နောက် မလိုက်ပါနဲ့”

နဂါးအရောင်မျိုးစုံက သူ့ကို မျှော်ကြည့်ရင်း လိုက်လာကြဆဲပင်။

“မင်းတို့ကောင်တွေအားလုံး ဖက်တီးနဂါးနဲ့ တစ်ချိုးတည်းပဲ”

ချင်မူ ဒေါသထွက်လွန်း၍ ပြောစရာစကား ရှာမတွေ့တော့ပေ။ သူ့မှာ နဂါးထိန်းဧကရာဇ်၏ ထောင်ကျယ်ကို ဖွင့်၍ ထိုဝေသာလီနဂါးများကို ကျွေးရန် ဆေး‌ဖော်လိုက်ရသည်။

All Chapters