တောင်ကို စွန့်ပြီး အသက်လုပြေးကြတော့
Vol. 27 Ch. 370
နဂါးများအတွက် ဆေးဖော်ရသည့်အလုပ်က ချင်မူ့အတွက် ထမင်းစား၊ ရေသောက်ပမာ လွယ်ကူသည်။ နဂါးမျိုးကွဲတစ်ကောင်နှင့်တစ်ကောင် စားသည့် စွမ်းအင်ဆေးလုံးအမျိုးအစား မတူညီ၍ သူ အမျိုးအစားများစွာ ဖော်စပ်ရ၏။ သို့ရာတွင် ချင်မူ သူတို့ဗိုက်ဝသည့်တိုင်အောင် စွမ်းအင်ဆေးလုံး လုံလုံလောက်လောက် ကျွေးနိုင်သေးသည်။
ဗိုက်ဝသည်နှင့် နဂါးများ ထွက်သွားမည်ထင်ခဲ့သော်လည်း သူတို့က သူ့နောက် ဆက်လိုက်လာကြသည်။
သူ၏ရည်ရွယ်ချက်က နဂါးတစ်ကောင်ကိုသာ ထိန်းချုပ်ပြီး ကျန်နဂါးများကို အလွှတ်ပေးလိုက်ရန် ဖြစ်သည်။ နဂါးထိန်းဧကရာဇ်အနေဖြင့် နဂါးအုပ်အား လိုက်ဖမ်းရမည်ဖြစ်ရာ အချိန်အနည်းငယ် ကြန့်ကြာသွားလိမ့်မည်။
သို့ရာတွင် နဂါးအုပ်က ချင်မူ့ကို အစာကျွေးသောလူအဖြစ် မှတ်မိနေပြီဖြစ်၍ မခွဲခွာနိုင်ကြတော့ပေ။ သူ့မှာ ရူးလောက်အောင် စိတ်တိုနေသော်လည်း မည်သို့မျှ မတတ်နိုင်ဖြစ်နေသည်။
‘နဂါးထိန်းဧကရာဇ်က နဂါးတွေကို ဘယ်လိုအညံ့ခိုင်းရမလဲပဲ မှတ်ထားတာ။ ဘယ်လိုမောင်းထုတ်ရမလဲ မှတ်မထားဘူး’
ချင်မူ မျက်တောင်ပုတ်ခတ်ပြီး သူ့ကံတရားကို လက်ခံလိုက်ရသည်။
သူ့ခြေထောက်အောက်ရှိ မီးနဂါးက မြေအောက်နဂါးသွေးကြောအတိုင်း တရှိန်ထိုး ပြေးနေသည်။ သူတို့ ဝင်တာတုန်းက အမြန်နှုန်းထက် နှစ်ဆ၊ သုံးဆခန့်ပင် မြန်၏။ ရေနဂါးမျိုးစိတ်သာ ဖြစ်သော်လည်း နဂါးမျိုးနွယ်က သန်မာအားကောင်းသည့်အချက်ကို ငြင်းပယ်မရပေ။ သူတို့၏ရုပ်ခန္ဓာများသည် လူသားခန္ဓာထက် များစွာကြံ့ခိုင်ပြီး သက်လုံကလည်း အံ့အားသင့်ဖွယ်ရာ ကောင်းသည်။ မိုင်နှစ်သောင်း၊ သုံးသောင်းခန့် ပြေးပြီးသည့်နောက်တွင်ပင် သူတို့၏အမြန်နှုန်းက ကျဆင်းခြင်းမရှိသေးပေ။
‘နဂါးတွေက တကယ် သန်မာအားကောင်းတာပဲ။ ဖက်တီးနဂါးကတော့ နဂါးမျိုးနွယ်မျက်နှာကို အိုးမည်းသုတ်နေတာ’
ချင်မူ တလေးတစား စုတ်သပ်လိုက်မိသည်။ ပါမောက္ခပါ့ရှန်၏ နွားသိုးစိမ်းကြီးကလည်း နဂါးစိမ်းသွေးနှော ဖြစ်သည့်အတွက် ကြောက်မက်ဖွယ်ရာ သက်လုံကောင်းသည်။ နွားသိုးစိမ်းကြီးက သူနှင့် လင်ယွိရှို့ကို လိုလန်ရွှေနန်းတော်မှ မြို့တော်အထိ ရောက်အောင် သယ်သွားခဲ့ဖူး၏။ သူ၏သက်လုံနှင့် အင်အားက ရင်သပ်ရှုမောစရာဖြစ်သည်။
ချင်မူ သူ့ဘေးရှိ နဂါးချီလင်ကို ကြည့်ပြီး နဂါးမျိုးနွယ်အတွက် အရှက်စရာဖြစ်ကြောင်း သေချာသွားသည်။ နဂါးချီလင်က မိုင်နှစ်ရာသုံးရာမျှ အားကုန်းပြေးပြီးလျှင် မောစပြုလာချေပြီ။ မိုင်နှစ်ထောင်ခန့် ဖြည်းဖြည်းပြေးလျှင် အားအင်ကုန်ခမ်းသွားပြီး ဝက်သေတစ်ကောင်လို တခေါခေါ အိပ်သွားတတ်သည်။
‘ဒီအမြန်နှုန်းအတိုင်းဆို ငါ အချိန်တိုအတွင်း ထာဝရငြိမ်းချမ်းရေး အင်ပါယာကို ပြန်ရောက်လိမ့်မယ်’
ချင်မူ ယုံကြည်ချက်ရှိနေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်လျှင် မြို့တော်ကို သွား၍ နေသူရိန်ခွင်းကောင်းကင်အမြှောက်အား အသက်သွင်းလျှင် သွင်းမည်။ သို့မဟုတ် မျက်ကန်း၊ သားသတ်သမား၊ ရွာလူကြီးနှင့် ကျန်ရှိသူများကို သွားရှာမည်။ ထိုအခါ နဂါးထိန်းဧကရာဇ်ကို ကြောက်စရာလိုတော့မည်မဟုတ်ပေ။
ထိုအချိန်မှာပဲ နဂါးထိန်းဧကရာဇ်၏အသံက သူ့နားဘေးမှ ဖြတ်သွားသည်။ “ကောင်လေး ငါ့နဂါးတွေ ခေါ်ပြီး ဘယ်ပြေးနေတာလဲ”
ချင်မူ့ဆံပင်မွှေးများ ထောင်သွားပြီး ချွေးတပြိုက်ပြိုက် ကျလာသည်။ သူ ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ နဂါးထိန်းဧကရာဇ်ကို မမြင်ရပေ။
‘သူ အသံပေးပို့လိုက်တာပဲ’
ချင်မူ ကြက်သီးမွေးညင်းများ ထလာသည်။ နဂါးထိန်းဧကရာဇ် နဂါးသိုက်ကို ယူဆောင်ပြီးပြီလော။
‘အဲဒီလောက်ကြီးတဲ့ နဂါးသိုက်ကို ဒီလောက်မြန်မြန် ဘယ်လိုလုပ် ယူနိုင်မှာလဲ။ အဲဒါကြီးရွှေ့ဖို့ နတ်ဘုရားအတွက်တောင် မလွယ်ကူတဲ့အပြင် သေးအောင် လုပ်ဖို့ကလည်း အင်မတန် ခက်တယ်’
ချင်မူ ခေါင်းနပန်းကြီးလာသည်။ နဂါးသိုက်ကို ကျောက်စိမ်းလည်ဆွဲတစ်ခုအဖြစ် အချိန်တိုအတွင်း ချုံ့ပစ်ရန် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းသော ကျင့်စဉ်စွမ်းအင်ကို လိုအပ်သည်။ သူကဲ့သို့ အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်အတွက် စိတ်ကူးပင် မယဉ်နိုင်ပေ။
‘ငါ နဂါးတွေနဲ့ ထွက်ပြေးသွားမှ သူ နဂါးသိုက်ကို ယူပြီးသွားတာ ဖြစ်မယ်။ ဒါကြောင့် အသံပဲ ပေးပို့လိုက်တာ။ သူ ငါ့နောက်မှာ မဟုတ်သေးဘူးဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ရောက်နိုင်ခြေရှိသေးတယ်’
ချင်မူ စိတ်အားတင်းလိုက်သည်။ သူ့ခြေထောက်အောက်ရှိ မီးနဂါး၏ပြေးနှုန်းက နှေးစပြုလာနေပြီဖြစ်သည်။ ဤနဂါးမှာ မိုင်နှစ်သောင်း၊ သုံးသောင်းကျော် ပြေးခဲ့ပြီးပြီဖြစ်ရာ အမြန်နှုန်းကျဆင်းသွားလျှင်ပင် ၎င်း၏သက်လုံအားက အံ့အားသင့်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သေးသည်။
ချင်မူ တမုဟုတ်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ပုလွေသံ ပြောင်းလဲသွားသည်။ အနားကပ်လာသော နဂါးနောက်တစ်ကောင်အပေါ် သူ ခုန်တက်လိုက်၏။
နဂါးချီလင်လည်း လိုက်ခုန်သည်။ ရွှေနဂါးက အားကုန်ထုတ်ကာ ပြေးတော့သည်။
“ဟီးဟီး ကောင်လေး...”
နဂါးထိန်းဧကရာဇ်၏ အသံက ဆက်လက်ထွက်ပေါ်လာသည်။ သူက မှော်စွမ်းအင်ဖြင့် သူ့အသံကို အဝေးရောက်အောင် ပို့လွှတ်နေ၏။ ပါမောက္ခပါ့ရှန် ဤကောင်းကင်နတ်သိုင်းမျိုး သုံးခဲ့သည်ကို ချင်မူ တစ်ခါ မြင်ခဲ့ဖူးသည်။ သို့သော် ပါမောက္ခပါ့ရှန်က သူ့အသံကို မိုင်တစ်ထောင်အကွာမှ ပို့လွှတ်ခဲ့သော်လည်း နဂါးထိန်းဧကရာဇ်က မိုင်နှစ်သောင်း၊ သုံးသောင်းကျော် ပို့လွှတ်နိုင်လေသည်။
နဂါးထိန်းဧကရာဇ်၏အသံက လျင်မြန်စွာ ရောက်လာကြောင်း ချင်မူ ခံစားရသည်။ ပြေးနေရင်း ပို့လွှတ်နေသည်မှာ သိသာ၏။ စကားတစ်ခွန်းနှင့်တစ်ခွန်း အကြားတွင် သူကား မိုင်တစ်ထောင်ကျော် နီးကပ်လာချေပြီ။
“ငါ့နဂါးတွေကို ယူသွားလို့ မင်းကို ငါ အပြစ်မတင်ပါဘူး။ ငါ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ငါ့နဂါးထိန်းကောင်လေး လုပ်ခိုင်းမှာပါ။ ငါ မင်းကို သိပ်လေးစားမိတယ်။ မင်း ပါရမီကို ငါ သိပ်သဘောကျတယ်... နေပါဦး ထူးဆန်းတယ်”
နဂါးထိန်းဧကရာဇ်၏အသံက အံ့ဩသွားသံပေါက်သည်။ “နဂါးသိုက်ကနေတစ်ဆင့် ငါ ခံစားနေရတယ်။ အစစ်အမှန်နဂါးက ပြေးနေတာပဲ”
ချင်မူ့ရင်ဘတ်ပေါ်ရှိ ဧကရာဇ်တံဆိပ်ပြားက နွေးလာပြီး နဂါးကျောက်စိမ်းက လူးလွန့်နေသည်။ ၎င်းလည်း နဂါးသိုက်ကို ခံစားရပုံပေါ်သည်။
“ဟီးဟီး ကောင်လေး။ အစစ်အမှန်နဂါးမင်းက မင်းပြေးနေတဲ့အတိုင်း သွားနေတာ။ မင်း ထွက်ပြေးသွားတာ အံ့ဩစရာမရှိဘူး။ အစစ်အမှန်နဂါးမင်းက မင့်ကိုယ်ပေါ်မှာ ဖြစ်နေတာကိုး”
သူ့အသံက ဝမ်းသာနေရာမှ ဒေါသထွက်သွားသည်။ “ဒါဆို အစစ်အမှန်နဂါးမင်းက တစ်ချိန်လုံး ငါ့နှာဖျားအောက်မှာ ရှိနေခဲ့တာပေါ့။ ရာရာစစ မင်းက ငါ့နှာဖျားအောက်မှ ကမြင်းနေရဲခဲ့တယ်။ မင်း လွတ်သွားရင် ငါ့သိက္ခာကျတော့မှာပဲ”
“ကျွန်တော် ဘယ်တုန်းက ကမြင်းခဲ့လဲ။ ရိုးရိုးသားသားလေး နေခဲ့တာကို...” ချင်မူ မကျေမနပ် တုံ့ပြန်လိုက်သည်။
ရုတ်တရက် ထူးဆန်းသော လေချွန်သံ ကြားလိုက်ရ၏။ အသံက မိုင်နှစ်သောင်းအကွာအဝေးကို ထိုးခွင်း၍ ခပ်စူးစူး မြည်သွားသည်။ ချင်မူနှင့်အတူ ပြေးနေသော နဂါးအားလုံး ရပ်သွားကြပြီး တွန့်ဆုတ်နေကြ၏။
ချင်မူ့ခြေထောက်အောက်ရှိ ရွှေနဂါးလည်း နှေးသွားသည်။ ၎င်းက ခန္ဓာကိုယ်ကို ပြန်လှည့်၍ လေချွန်သံလာရာဆီသို့ ပြန်ပြေးရန် တွေးနေသည်။
ချင်မူ ရွှေပုလွေကို ကပျာကယာ ထုတ်၍ ရွှေနဂါးအား ထိန်းချုပ်လိုက်သော်လည်း ၎င်းက တုပ်တုပ်မျှမလှုပ်တော့ပေ။ ချင်မူ အံတင်းတင်း ကြိတ်လိုက်ပြီး နဂါးကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ နဂါးချီလင်အပေါ် တက်၍ အော်လိုက်၏။ “ဖက်တီးနဂါး ပြေး”
နဂါးချီလင် ကမန်းကတန်း ပြေးလိုက်သော်လည်း လေချွန်သံက ပြောင်းလဲသွားသည်။ နဂါးချီလင်လည်း ရပ်သွား၏။ ကျန်နဂါးများက သူတို့ကို ဝိုင်းအုံလာရာ နဂါးထိန်းဧကရာဇ်သည် လေချွန်သံဖြင့် သူတို့အား ထိန်းချုပ်ထားကြောင်း ထင်ရှားသည်။ နဂါးချီလင်ပင် ထိန်းချုပ်ခံထားရပြီး ချင်မူ့ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
နဂါးများက သူ၏ပတ်ပတ်လည် ပြွတ်သိပ်နေ၍ ရေတစ်စက်ပင် တိုးပေါက်နိုင်မည်မဟုတ်ပေ။ သူတို့အားလုံး သူ့ကို ခေါင်းထောင်ကြည့်နေကြသော်လည်း လှုပ်ရှားခြင်းမရှိ။ ရုတ်တရက် နဂါးတစ်ကောင်က လျှာထုတ်ပြီး ချင်မူ့လက်ဝါးကို လျက်လိုက်သည်။
လေချွန်သံက ပိုမိုအကြမ်းစားဆန်လာ၍ နဂါးထိန်းဧကရာဇ် စိတ်တိုနေကြောင်း ချင်မူ ကောင်းကောင်းသိလိုက်သည်။ သူက လျှို့ဝှက်နဂါးထိန်းနည်းဖြင့် နဂါးများအား ချင်မူ့ကို ရိုက်နှက်ခိုင်းနေသည်။
သို့သော် နဂါးတစ်ကောင်မှ ချင်မူ့ကို မထိပေ။
နဂါးထိန်းဧကရာဇ်၏ လေချွန်သံက ပို၍ပင်လောလာသော်လည်း နဂါးများက သူ့အမိန့်ကို မနာခံဘဲ ရှိသည်။ ချင်မူ ချွေးများကျလာပြီး ပခုံးလှုပ်ကြည့်လိုက်ကြသည်။ သူ့ကို ဝိုင်းအုံနေသော နဂါးများ ခေါင်းငုံ့သွားကြပြီး သူတို့၏ နဂါးနှုတ်ခမ်းမွှေးများ အတန်ငယ် လှုပ်ခါသွားကြ၏။
“မာ ကျူ ရှာ...”
ထူးဆန်းသောနဂါးတွန်သံများ နဂါးတို့၏ပါးစပ်မှ ထွက်ပေါ်လာပြီး အကုန်လုံး ငြိမ်ဝပ်ရိုကျိုးသွားကြသည်။
ချင်မူ အတန်ငယ် မှင်သက်သွားပြီး ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ့အဝတ်စအောက်မှ ထွက်နေသော ဧကရာဇ်တံဆိပ်ပြားကို မြင်လိုက်ရသည်။ ဧကရာဇ်တံဆိပ်ပြားသည် နဂါးလေးတစ်ကောင် ခေါင်းပြူထွက်ပြီး သူ၏အင်္ကျီကော်လံကို မှီထားသကဲ့သို့ အသွင်ပြင်ရှိ၏။
‘ဧကရာဇ်တံဆိပ်ပြား အစစ်အမှန်နဂါးမင်း’
ချင်မူ သဘောပေါက်သွားသည်။ နဂါးထိန်းဧကရာဇ်၏ သိုင်းအဆင့်က သူ့ထက် များစွာမြင့်မားပြီး လျှို့ဝှက်နဂါးထိန်းနည်းကိုလည်း ထုံးလိုမွှေ၊ ရေလိုနှောက် ကျွမ်းကျင်သည်။ သို့ရာတွင် ဧကရာဇ်တံဆိပ်ပြား၏ ဘုန်းတန်ခိုးကြောင့် နဂါးများသည် နဂါးထိန်းဧကရာဇ်၏အမိန့်အတိုင်း မနာခံတော့ပေ။
ချင်မူ နဂါးတစ်ကောင်၏ ကျောပေါ် ခုန်တက်ပြီး အော်လိုက်သည်။ “ငါ့အတွက် ဒီနဂါးသွေးကြောကို ဖြိုပေးကြ”
နဂါးတွန်သံများ မြည်ဟည်းသွားပြီး နဂါးဆယ်ကောင်ကျော်က ခန္ဓာကိုယ်များ လှုပ်ခါလိုက်ကြသည်။ သူတို့က ကြောက်ခမန်းလိလိ ကြီးထွားလာပြီး ပုံသဏ္ဍာန်အစစ်အမှန်များ ပေါ်လာကြ၏။ တမုဟုတ်ချင်း ကြမ်းတမ်းပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။
နဂါးဆယ်ကောင်ကျော် ပါးစပ်များ ဟလိုက်သည့်အခါ ကြောက်မက်ဖွယ်အသံကြီးတစ်သံ ထွက်လာသည်။ တမုဟုတ်ချင်း ကမ္ဘာမြေတုန်ဟည်းစေနိုင်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွား၍ နဂါးသွေးကြောနံရံအားလုံး ပြိုကျလာသည်။ အပျက်အစီးများက လမ်းပိတ်သွား၏။
ထို့နောက် ချော်ရည်များ မြင့်တက်လာပြီး နဂါးသွေးကြောတစ်လျှောက် စီးဆင်းလာသည်။ မကြာမီ ချော်ရည်များ လမ်းတစ်လျှောက်လုံး ပြည့်သွားလိမ့်မည်။
ချင်မူ အမိန့်ပေးလိုက်သည့်အခါ နဂါးအုပ်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သူ့ဆီ အပြေးအလွှား ရောက်လာသည်။ သူတို့အနောက်မှ ချော်ရည်များ စီးဆင်းလာကြ၏။ နဂါးသွေးကြော၏ အလယ်ပိုင်းက ပျက်စီးနေပြီဖြစ်၍ မကြာမီ သွေးကြောတစ်ခုလုံး ပြိုကျသွားလိမ့်မည်။
‘လမ်းပိတ်နေတာက နဂါးထိန်းဧကရာဇ်ကို အချိန်ဆွဲပေးနိုင်ပေမယ့် သိပ်ကြာမှာတော့ မဟုတ်ဘူး။
ချင်မူ နဂါးအုပ်ကို နဂါးသွေးကြောတစ်လျှောက် လျင်မြန်စွာ ပြေးစေ၍ မြေကြီးအောက်မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ဦးတည်နေသည်။
မဟာတောင်ဖြူပေါ်တွင် မဟာတောင်ဖြူဓားဂိုဏ်း၏ ဂိုဏ်းသားများက မီးတောင်ကို စောင့်ကြပ်နေကြ၏။ သူတို့က ဂိုဏ်း၏အမွေအနှစ်ရတနာဖြစ်သော ဓားအိမ်တစ်ရာဝင်္ကပါကိုပင် ဖွဲ့တည်ထားကြသည်။ ကိုက်နှစ်ဆယ်ရှည်လျားသော ဓားအိမ်တစ်ရာက မီးတောင်ဝကို ဝန်းရံထားချေသည်။
ဓားအိမ်တစ်ရာဝင်္ကပါသည် ဓားပညာရှင်များအကြားတွင် အတော်လေး ထင်ပေါ်ကျော်ကြား၏။ မဟာတောင်ဖြူဓားဂိုဏ်း၏ တည်ထောင်သူဂိုဏ်းချုပ် ချန်ရစ်ခဲ့သော အမွေဖြစ်သည်။ ဂိုဏ်းတည်ထောင်သည့်အချိန်မှစ၍ ဓားအိမ်တစ်ရာမှာ မီးတောင်ထဲတွင် အမြဲတစေ ပုံသွင်းထုရိုက်ခံရသည့်အတွက် ခိုင်ခံ့သည်ထက် ခိုင်ခံ့လာခဲ့၏။
ဓားအိမ်များက အလွန်ကြီးမားသော အနက်ရောင်ကျောက်ပြားကြီးများပမာ မတ်မတ်ရပ်တည်နေသည်။ ဓားဝင်္ကပါသည် အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေသည်။
ဆီးနှင်းများက တောင်ပေါ်သို့ အဆက်မပြတ် ကျနေသည်။ မီးတောင်ဖြစ်သော်လည်း အလွန်အေး၏။ မီးတောင်ဝအနားပတ်ဝန်းကျင်သာ နွေးတေးတေး ရှိသည်။
ဓားဂိုဏ်းသားများက လက်ဝါးချင်းပွတ်၍ နွေးအောင် လုပ်နေကြပြီး သူတို့နှာခေါင်းမှ အခိုးအငွေ့များ ထွက်နေသည်။ ဂိုဏ်းသူတစ်ယောက် မေးလိုက်သည်။ “အဲဒီကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ကျွန်မတို့ မဟာတောင်ဖြူဂိုဏ်းရဲ့ တောင်ထဲမှာ ထူးဆန်းတဲ့ရတနာရှိနေမှန်း ဘယ်လိုလုပ်သိတာပါလိမ့်။ ကျွန်မတို့ ဒီမှာနေတာဖြင့် ကြာနေပြီ ဘာမှလည်း မတွေ့ခဲ့ပါဘူး။ ဒါတောင် အဲဒီမကောင်းဆိုးဝါးက ရောက်ရောက်ချင်း တန်းသိသွားတယ်”
“ငါလည်း ဘယ်ပြောတတ်မလဲ” သူမဘေးရှိ ဂိုဏ်းသားတစ်ယောက်က ဓားအိမ်ကြီးတစ်ခုကို မှီ၍ လေကွယ်ရာတွင် ရပ်နေပြီး ခေါင်းယမ်းလိုက်သည်။ “ဒါပေမဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသားတွေက အင်မတန် ကောက်ကျစ်တယ်။ ငါတို့ မဟာတောင်ဖြူဂိုဏ်းမှာ ရတနာရှိတာ သိတာနဲ့ ချက်ချင်း လာယူတော့တာပဲ။ ဒါပေမဲ့ သူတို့ ငါတို့မဟာတောင်ဖြူဂိုဏ်းကို အထင်သေးတာ လွန်လွန်းတယ်။ နှုတ်ဆက်မယ်တောင် မရှိဘူး။ ဘယ်လောက် မောက်မာလိုက်သလဲ”
ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “မိစ္ဆာလမ်းစဉ်က အဲဒီအတိုင်းပဲမဟုတ်လား။ အခုလက်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က တာအိုရသေ့တွေ၊ ရဟန်းတွေကို သတ်ဖြတ်ပြီး ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံကို ဘုရားကျောင်းဆီ ခေါ်သွားခဲ့တာ။ ပြီးတော့ ဧကရာဇ်ရဲ့ ရှေ့မှာတင် အိမ်ရှေ့မင်းသားကို ခေါင်းဖြတ်ပစ်တယ်။ သူ မလုပ်ရဲတာ ဘာရှိတော့မှာလဲ
“ဒါပေမဲ့ ငါတို့ဂိုဏ်းချုပ် နန်းတွင်းကို တိုင်ကြားလွှာ သွားပို့ပြီဆိုတော့ ငါတို့ သေချာပေါက် နိုင်မှာပါ။ ရတနာက ငါတို့မဟာတောင်ဖြူဓားဂိုဏ်းရဲ့ အပိုင်ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်မရှိတုန်း အဲဒီမကောင်းဆိုးဝါး ရတနာယူပြီး ထွက်မသွားနိုင်အောင် ငါတို့ ဒီနေရာကို စောင့်ရှောက်ထားဖို့ လိုတယ်”
မီးတောင်ဝ၌ ရပ်စောင့်နေသော ဂိုဏ်းသားများက ရယ်မောလိုက်ကြသည်။ “ရတနာက အောက်မှာ ရှိပေမယ့် သေချာပေါက် အန္တရာယ်တွေ ကိန်းအောင်းနေမှာပဲ။ အဲဒီမကောင်းဆိုးဝါးက သက်စွန့်ဆံဖျား ရတနာသွားရှာပေမယ့် ပြီးရင် ငါတို့ကို ပေးရမှာ မသိရှာသေးဘူး”
သူတို့ပြောဆိုနေစဉ်မှာပဲ မီးတောင်က ရုတ်တရက် ဝုန်းခနဲ မြည်လာ၍ ဂိုဏ်းစောင့်အကြီးအကဲက ကပျာကယာ အော်ဟစ်လိုက်သည်။ “ဂိုဏ်းသားအားလုံး၊ မကောင်းဆိုးဝါး ထွက်လာနေပြီ။ အဲဒီမကောင်းဆိုးဝါးကို ဖမ်းဖို့ ဓားအိမ်တစ်ရာဝင်္ကပါကို အသက်သွင်းကြ”
ဂရားးးးးး
နဂါးဟိန်းသံများ မီးတောင်ထဲမှ ထွက်ပေါ်လာသည်။ ချော်ရည်များ မီးတောင်ဝမှ ပန်းထွက်ပြီး ကောင်းကင်ထက်သို့ ထိုးတက်သွား၏။
မဟာတောင်ဖြူဂိုဏ်းသားများ ဓားဝင်္ကပါကို အသက်မသွင်းနိုင်ခင် တောင်ထိပ်တစ်ခုလုံး ပေါက်ကွဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ အနက်ရောင်ကျောက်ပြားကဲ့သို့ ဓားအိမ်အားလုံး လွင့်ထွက်ကုန်သည်။
အားလုံး မည်သို့လုပ်ရမှန်း မသိ၍ မှင်သက်နေကြသည်။ ချော်ရည်များ ပန်းထွက်သွားစဉ် ချင်မူ နဂါးအုပ်ကြီးဖြင့် ထွက်လာသည်ကိုသာ သူတို့ ကြည့်နေနိုင်တော့သည်။
“မဟာတောင်ဖြူဂိုဏ်းသားတို့၊ တောင်ကို စွန့်ပြီး အသက်လုပြေးကြတော့” ချင်မူ့အသံက အပေါ်မှ ဟိန်းထွက်လာသည်။ “အကောင်အကြီးကြီး လာနေပြီ”
“ဘယ်အကောင်ကြီးလဲ” ဂိုဏ်းသားအားလုံး ဒေါသထွက်သွားကြသည်။ ထိုအချိန်မှာပဲ မီးတောင်အောက်မှ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသံကြီးကို သူတို့ ကြားလိုက်ရပြီး မဟာတောင်ဖြူတစ်လျှောက် အက်ကွဲကြောင်းများ ဖြာထွက်လာ၏။ အက်ကွဲကြောင်းများမှ ချော်ရည်များ စတင်ပန်းထွက်လာကြသည်။