← Chapters

ရွှေအ၏ သေတ္တာ

Vol. 27 Ch. 371

ရွှေအ၏ သေတ္တာ

Vol. 27 Ch. 371

“ငါတို့မဟာတောင်ဖြူဓားဂိုဏ်းရဲ့ ရတနာက မြေကြီးထဲကနေ ထွက်လာတဲ့အထိ အံ့ဩစရာကောင်းလွန်းတာလား”

မဟာတောင်ဖြူဓားဂိုဏ်း၏ ဂိုဏ်းသားအားလုံးနီးပါး တောင်နှင့် ဝေးရာသို့ ပြေးနေကြသည်။ သို့သော် ဂိုဏ်းစောင့်အကြီးအကဲသုံးယောက်က မထွက်ပြေးဘဲ မီးတောင်ဝဆီ လျှောက်သွားကြသည်။ သူတို့က အော်လိုက်ကြ၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က တောင်ထဲက ရတနာကို ယူမသွားနိုင်လို့ ငါတို့ကို အာရုံလွှဲနေတာ။ အကုန်လုံး မပြေးကြနဲ့”

“ဒါက တည်ထောင်သူဂိုဏ်းချုပ် ငါတို့မဟာတောင်ဖြူဓားဂိုဏ်းကို ရတနာချီးမြှင့်ပြီး ခွန်အားကြီးထွားလာစေမယ့် ကောင်းချီးမင်္ဂလာပဲ။ ငါတို့မဟာတောင်ဖြူဓားဂိုဏ်း တိုးတက်လာတော့မယ့် နိမိတ်လက္ခဏာပဲ” အဘွားအိုတစ်ယောက်က အော်လိုက်သည်။

“ကောင်းကင်ဘုံက ငါတို့ကို စာနာခဲ့ပြီ” ခေါင်းဖြူအဘိုးကြီးတစ်ယောက်က ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူက ကျယ်‌လောင်စွာ ပြောလိုက်၏။ “ငါတို့မဟာတောင်ဖြူဓားဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းချုပ်က ဒီနေရာဟာ နဂါးတွေ မွေးဖွားလာမယ့်နေရာ၊ ငါတို့က အဲဒီနဂါးတွေနဲ့အတူ ကြီးပွားတိုးတက်လိမ့်မယ်လို့ မိန့်တော်မူခဲ့တယ်။ အဲဒီဗျာဒိတ်က ဒီနေ့ အမှန်တကယ် ဖြစ်လာခဲ့ပြီ။ ဂိုဏ်းသားအားလုံး နားထောင်ကြ။ ဒီနေ့က ငါတို့မဟာတောင်ဖြူဓားဂိုဏ်း အထွတ်အမြတ်မြေသုံးမြေထက် သာတဲ့အထိ တိုးတက်ကြီးပွားလာမယ့်နေ့ပဲ။ ပြန်လာကြတော့။ ဒီရတနာကို ငါတို့အတူတူ ဖိနှိပ်ကြရမယ်”

မဟာတောင်ဖြူဓားဂိုဏ်းသားများက သူ့စကားကို ကြားသည့်အခါ တမုဟုတ်ချင်း ရပ်လိုက်ကြသည်။ အတော်များများက ထွက်မပြေးတော့ဘဲ လှည့်ပြန်သွားကြ၏။

မဟာတောင်ဖြူဓားဂိုဏ်းတွင် လူအင်အားများများစားစား မရှိပေ။ ဂိုဏ်းချုပ်က တိုင်ကြားလွှာတင်သွင်းရန် မြို့တော်ဆီ ထွက်သွား၍ ဂိုဏ်းစောင့်အကြီးအကဲသုံးယောက်နှင့် အလယ်အလတ်အဆင့်ဆရာများသာ တောင်ပေါ်တွင် ကျန်ခဲ့ကြသည်။ သူတို့အားလုံးက ဂိုဏ်းသားများကို သင်ကြားဆုံးမရန် တာဝန်ရှိကြသည်။

ထိုအခိုက်အတန့်တွင် ဓားဂိုဏ်းသားများက ထွက်မပြေးကြတော့ဘဲ လွင့်ထွက်သွားသော ဓားအိမ်များကို လိုက်စုကြသည်။ အနက်ရောင်ဓားအိမ်များက ပြိုကျတော့မည့် မဟာ‌တောင်ဖြူ၏ပတ်ပတ်လည်တွင် စိုက်ဝင်သွားကြ၏။ ကိုက်နှစ်ဆယ်မြင့်မားသော ဓားအိမ်ကြီးများ ပွင့်လာသည့်အခါ ဓားပျံများက မြစ်ကြီးတစ်စင်းပမာ ပျံထွက်လာကြသည်။

လေလယ်တွင် ချင်မူက အားကုန်ထုတ်ပြေးနေသော နဂါးနှစ်ကောင်အပေါ်တွင် ရပ်နေသည်။ နဂါးအုပ်ကလည်း သူနှင့်ထပ်ကြပ်မကွာ ပြေးလိုက်နေ၏။ ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ ဓားပျံများက မဟာတောင်ဖြူ၏အပေါ်၌ တိမ်တိုက်များပမာ အုံဖွဲ့လျက်ရှိပြီး ဓားထိပ်များက တောင်ဝကို ညွှန်‌နေကြောင်း မြင်လိုက်ရသည်။ ထို့နောက် အကုန်လုံး ချော်ရည်များ ပန်းထုတ်နေသော မီးတောင်ဝဆီ ပြေးဝင်သွားကြ၏။

ချင်မူ မှင်သက်သွားသည်။ သူ ကပျာကယာ လှမ်းအော်လိုက်၏။ “ခင်ဗျားတို့တွေ ဘာလို့မပြေးကြတာလဲ။ သေချင်နေလား”

တောင်ထိပ်ရှိ ဂိုဏ်းစောင့်အကြီးအကဲသုံးယောက်က သူ့ကို သရော်‌တော်တော် ပြောလိုက်သည်။ “မင်းက ရတနာကို တစ်ယောက်တည်း အပိုင်စီးချင်လို့ ငါတို့ကို ညာနေတာလေ။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ နှလုံးသားက ကြောက်စရာကောင်းလောက်အောင် ယုတ်မာလွန်းပါတယ်။ မဟာတောင်ဖြူက နဂါးတွေမွေးဖွားမယ့်နေရာဆိုတာ ငါတို့ မသိထားရင် မင့်အရူးလုပ်တာ ခံရမှာ”

ချင်မူ သက်ပြင်းချပြီး ထွက်သွားလိုက်သည်။

‘မဟာတောင်ဖြူက နဂါးသွေးကြောရဲ့ နဂါးမျက်လုံးပေါ်မှာ တည်ဆောက်ထားတာ။ ဒါပေမဲ့ ဒီနဂါးသွေးကြောက အစစ်အမှန်နဂါးသွေးကြောရဲ့ အခွဲ‌လေးသက်သက်ပဲ။ ဒီနေရာက နဂါးတွေ မွေးဖွားမယ့် နေရာမဟုတ်တဲ့အပြင် အဲဒီက အင်အားအားလုံးကို သိမ်းပိုက်ထားတဲ့နေရာဖြစ်နေတယ်။ မဟာတောင်ဖြူဓားဂိုဏ်းရဲ့ အင်အားကို နဂါးသွေးကြောက စုပ်ယူနေတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ အခုအချိန်စေ့ပြီထင်ပါရဲ့’ ချင်မူ သူ့ဘာသာ တွေးလိုက်သည်။ ‘ဒီဓားဂိုဏ်းမှာ လူတစ်ရာလောက်ပဲ ရှိတာ တော်သေးတယ်....’

သူ တွေးနေစဉ်မှာပဲ မဟာတောင်ဖြူက ဝုန်းခနဲ ပေါက်ကွဲသွားသည်။ မီးတောင်ကြီးသည် စိစိညက်ညက် ကြေမွသွား၏။

ဓားအိမ်တစ်ရာဝင်္ကပါ ပျက်စီးသွားပြီး ဓားပျံများမှာ အရည်ပျော်ကျကုန်သည်။ တောင်ဖြူဓားဂိုဏ်းသားများလည်း အော်ဟစ်မညည်းတွားနိုင်ခင် အငွေ့ပျံ့သေဆုံးကုန်ကြသည်။

ဂိုဏ်း‌စောင့်အကြီးအကဲသုံးယောက်၏ သိုင်းအဆင့်က အလွန်မြင့်မားသော်လည်း ဤမျှကြောက်မက်ဖွယ်ရာစွမ်းအားကို မခံနိုင်ကြပေ။ သူတို့အားလုံး တုန်ခါလှိုင်း၏ ရိုက်ခတ်မှုကြောင့် သွေးအန်လိုက်ကြရပြီး လွင့်ထွက်သွားကြသည်။ အရည်ပျော်သွားသော ဓားပျံများ၏ သံရည်ပူပူများက သူတို့အပေါ် တဖွဲဖွဲ ကျလာကြသည်။

အကြီးအကဲသုံးယောက် မျှော်လင့်ချက်မရှိတော့ပေ။ သံရည်ပူများက သူတို့၏ခန္ဓာကိုယ် ထုတ်ချင်းဖောက်၍ သူတို့အသက်ကို အဆုံးသတ်ပေးလိမ့်မည်။

မသေခင် ပြိုကျသွားသော မဟာတောင်ဖြူ၏ ကျောက်ခဲမြေပုံထဲမှ သတ္တဝါကြီးတစ်ကောင် ထလာသည်ကို သူတို့မြင်လိုက်ကြရသည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ငါတို့ကို မလိမ်ဘူးပဲ။ တောင်ပေါ်မှာ အကောင်ကြီးတစ်ကောင် ရှိနေတယ်..”

အကြီးအကဲသုံးယောက်လုံး တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တုတ်ခိုင်ကြီးမား‌သော နတ်ဘုရားကို ကြည့်နေကြသည်။ နတ်ဘုရားက ဖြည်းဖြည်းချင်း ထလာပြီး သူ့ခြေထောက်အောက်ရှိ စိမ်းပြာရောင်နှင့် အနီရောင်နဂါးများက ကမ္ဘာတုန်ဟည်းသွားစေသည့် တွန်ကျူးသံများကို ထုတ်လွှတ်လိုက်ကြ၏။

ဖြောက် ဖြောက် ဖြောက်

သံရည်ပူများ တဖွဲဖွဲ ကျလာသဖြင့် အကြီးအကဲသုံးယောက်၏ ခန္ဓာကိုယ်များ လောင်ကျွမ်းသွားသည်။ သူတို့၏အလောင်းများက မဟာတောင်ဖြူ၏ အပျက်အစီးများနှင့်အတူ ပြုတ်ကျသွား၏။ မဟာတောင်ဖြူဂိုဏ်းသားများလည်း မြေမြုပ်ခံလိုက်ကြရသည်။

မဟာတောင်ဖြူဂိုဏ်း၏ တည်‌ထောင်သူဂိုဏ်းချုပ်အနေဖြင့် ဤနေရာတွင် သူ့ဂိုဏ်းအား မတည်ထောင်ခဲ့သင့်ပေ။

နဂါးထိန်းဧကရာဇ်၏ခန္ဓာကိုယ်က  အဆပေါင်းများစွာ ကြီးမားလာခဲ့ပြီး ကြွက်သားများက နဂါးများ လူးလွန့်လှုပ်ရှားနေသကဲ့သို့ အမြှောင်းမြှောင်း ထနေသည်။ သူ့ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်က သူ့အား ချင်မူရှိရာဘက်သို့ လျှပ်စီးလိုအမြန်နှုန်းဖြင့် သယ်ဆောင်သွား၏။ သို့သော် ကောင်းကင်တွင် ချင်မူ၏အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။

နတ်ဘုရား၏နားရွက်တွင် ခိုတွဲနေသော နဂါးများ ရှိသေးသည်။ ၎င်းတို့က သူ့အဝတ်အစားထဲ ဝင်သွားပြီး ပုန်းနေကြသည်။

ထိုနဂါးများသည် သူ့အား ကူညီရန် ကျန်ရစ်ခဲ့သည့်အကောင်များ ဖြစ်၏။ သူတို့ကြောင့်သာ သူ နဂါးသိုက်ကို လျင်မြန်စွာ ယူနိုင်ခဲ့ခြင်းဖြစ်သည်။

နဂါးထိန်းဧကရာဇ်၏ မီးတောက်မီးလျှံများက ကောင်းကင်ကို မီးလောင်တိုက်သွင်းနေသည်။ သူ ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း ချင်မူ့ကို မမြင်ရသေးပေ။ သူ လက်ဝါးလှန်ကာ စားပွဲတမျှ ကြီးမားသော ကျောက်စိမ်းရတနာတစ်ခုကို ထုတ်လိုက်သည်။ သူက သရော်တော်တော် ပြုံးကာ ပြောလိုက်၏။ “ကောင်လေး၊ မင်း ပြေးနိုင်မယ်ထင်လား”

ကျောက်စိမ်းရတနာ၏ အောက်ခြေသည် တိတိရိရိ ပိုင်းဖြတ်ခံထားရသော စားပွဲဝိုင်းတစ်ခုနှင့် တူ၏။ စားပွဲဝိုင်းပေါ်တွင် ပန်းကန်လုံးအား မှောက်ထားသကဲ့သို့ ခပ်ခုံးခုံးအမိုးတစ်ခု ရှိသည်။ အမိုး၏အောက်၌ အလွှာကိုးထပ် ရှိ၏။ တစ်ထပ်စီတွင် ကျောက်စိမ်းတိုင်လုံးများနှင့် ကျောက်စိမ်းအစွယ်များ ရှိသည်။ နဝမအထပ်၌မူ လက်စွပ်သဏ္ဍာန် အခွက်တစ်ခွက် ရှိသည်။

ဤသည်က အစစ်အမှန်နဂါးမင်း၏ နဂါးသိုက်မှတစ်ပါး အခြားမဟုတ်ပေ။

ချင်မူ နဂါးသိုက်ကို ရောက်လာတုန်းက နဂါးသိုက်၏ အစိတ်အပိုင်းအများစုက ချော်ရည်ထဲ နစ်မြုပ်နေခဲ့သည်။ သူတို့မျက်စိရှေ့၌ ပေါ်နေသည်မှာ ရေခဲ‌တောင်၏ ထိပ်ပိုင်းလေးမျှသာ ဖြစ်၏။။

နဂါးထိန်းဧကရာဇ်မှာ နဂါးသိုက်ကို တူးထုတ်ပြီး သယ်၍ရအောင် ချုံ့ရန် အလွန်အားစိုက်ထုတ်ခဲ့ရသည်။

ထို့နောက် သူက ရတနာကို အသက်သွင်းလိုက်ပြီး ချင်မူ့တည်နေရာကို ရှာလိုက်သည်။ သို့သော် ကောင်လေးကား ပျောက်ချင်းမလှ ပျောက်နေ၏။ နဂါးသိုက်ပင် အစစ်အမှန်နဂါးမင်းကို ရှာမတွေ့ပေ။

နဂါးထိန်းဧကရာဇ် အံ့အားသင့်သွားသည်။ သူ မှော်စွမ်းအင်ကို ထပ်မြှင့်၍ နဂါးသိုက်အား အသက်ထပ်သွင်းလိုက်သော်လည်း ဧကရာဇ်တံဆိပ်ပြား မည်သည်နေရာ ရောက်‌နေမှန်း မသိရသေးပေ။

‘သူ အစစ်အမှန်နဂါးမင်းကို ဝှက်လိုက်တာလား။ မဟုတ်ဘူး မဟုတ်ဘူး။ သူ ဘယ်လောက်ပဲ ဝှက်ဝှက် အစစ်အမှန်နဂါးမင်းနဲ့ နဂါးသိုက်ကြားက ပတ်သက်မှုကို တားလို့မရဘူး”

သူ နဂါးသိုက်အား ထပ်ခါတလဲလဲ အသက်သွင်းနေသော်လည်း ချင်မူ့တည်နေရာကို မခံစားရသေးပေ။

နဂါးထိန်းဧကရာဇ် ချွေးပြန်လာသည်။ ချင်မူက သူ၏နဂါးအုပ်ကို ‘ပြန်ပေးဆွဲ’သွားခဲ့သည်။ သူ၏နဂါးအားလုံးက အလွန်သန်မာအားကောင်း၏။ နဂါးဘုရင် မွေးထားသော နဂါးနီကြီးကပင် သူ့နဂါးများနှင့် ယှဉ်လျှင် ကလေးသာရှိသေးသည်။ သူတို့အားလုံးကို ဂရုတစိုက် မွေးမြူထိန်းကျောင်းထား၍ တစ်ကောင်စီတိုင်း၏ အင်အားက ကြောက်မက်ဖွယ်ရာကောင်းသည်။

ချင်မူ သူတို့ကို ယူသွားပါက သူ၏ဆုံးရှုံးမှုအား ဖော်ပြစရာစကားလုံးပင် ရှိလိမ့်မည်မဟုတ်။

ထို့အပြင် သူ လူ့ပြည်ဆင်းလာသော ရည်ရွယ်ချက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပင်မနဂါးသွေးကြောကို ရှာရန် ဖြစ်သည်။ ပင်မနဂါးသွေးကြောကို မဖယ်ရှားနိုင်သေးလျှင် သူ အဘယ်မျက်နှာဖြင့် အထက်ကောင်းကင်ဘုံသို့ ပြန်ရမည်နည်း။

“ရွှေဒယ်အိုးနဲ့ပဲ ရှာရတော့မယ့်ပုံပဲ”

နဂါးထိန်းဧကရာဇ် ထောင်ကျယ်အိတ်ကို စမ်းလိုက်သော်လည်း မည်သည်ကိုမှ မစမ်းမိပေ။ သူ့မျက်နှာ အကြီးအကျယ် မည်းမှောင်သွားသည်။

နဂါးများကို အစာကျွေးရန် ချင်မူ့အား ထောင်ကျယ်အိတ်ပေးလိုက်ရာ ထောင်ကျယ်အိတ်က ထိုကောင်လေး၏ လက်ထဲတွင် ဖြစ်သည်။

သူ၏ရွှေဒယ်အိုးက ထိုထောင်ကျယ်အိတ်ထဲ၌ ရှိနေသည်။

“ခွေးသားလေး မခုတ်တတ်တဲ့ ကြောင်ပုံစံနဲ့...” နဂါးထိန်းဧကရာဇ် အံကြိတ်လိုက်၍ သွားများပင် မီးပွင့်သွားသည်။ “နောက်တစ်ကြိမ် ကြောင်သူ‌တော် ကြွက်သူခိုးကောင်တွေ တွေ့လို့ကတော့ မြင်မြင်ချင်း တစစီ ဆွဲဖြဲပစ်မယ်။ ငါ့ထောင်ကျယ်အိတ်ကို ယူသွားလို့ မင်းကို ငါ မရှာနိုင်ဘူးထင်လား။ သိပ်တုံးလွန်းတယ်”

နဂါးထိန်းဧကရာဇ် သူ့ခေါင်းမှ ဆံပင်တစ်မျှင် လှမ်းနှုတ်လိုက်သည်။ သူ၏ဆံပင်တစ်မျှင်တိုင်းက မဖြောင့်ဘဲ ကွေးကောက်နေ၏။

ထို့အပြင် သူ့ဆံပင်တစ်မျှင်စီတိုင်းက အလယ်နေရာမှစပြီး လေးမျှင်စီ ခွဲထွက်သွားသည်။ ခေါင်းမှ ဆံပင်ကို နှုတ်လိုက်သည့်အခါ အမြစ်မှ ဝှားခနဲ သမ်းဝေလိုက်သံ ထွက်ပေါ်လာသည်။ နဂါးလေးတစ်ကောင်က အိပ်ချင်မူးတူးဖြင့် ပါးစပ်ဟကာ သမ်းနေ၏။

နဂါးထိန်းဧကရာဇ်က အတန်ကြာ မန်းမှုတ်ပြီးနောက် လက်ဝါးဖြန့်ကာ ဆံပင်ကို မှုတ်လိုက်သည်။ ဆံပင်က သူ့လက်ပေါ် မြောက်တက်သွားပြီး နဂါးအသေးလေးများအဖြစ် အသက်ဝင်လာကာ သူ့ခြေထောက်ပေါ် ဆင်းသွားကြသည်။

သူတို့က တမုဟုတ်ချင်း ကြီးထွားလာကြပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်ကိုက်ရှည်လျားသော နဂါးနက်များ ဖြစ်လာကြသည်။ နဂါးနက်များက ခန္ဓာကိုယ်၊ ပေါင်၊ လည်ပင်းနှင့် ခြေလေးချောင်းက အလွန်သေးသွယ်ပိန်ပါးလေသည်။ သူတို့က တောင်တန်းမြေပြင်များကို ဖြတ်ပြေးသွားကြသည်။

“ကောင်းကင်ထဲမှာ မရှိဘူးဆို‌တော့ မင်း ဝေးဝေး ပြေးနိုင်မှာမဟုတ်ပါဘူး”

နဂါးထိန်းဧကရာဇ်၏မျက်နှာက မည်းမှောင်နေရာမှ ကြည်လင်လာသည်။ သူက ဆံပင်များ ထပ်နှုတ်ပြီး မန်းမှုတ်ကာ ပိန်ပိန်သွယ်သွယ် နဂါးနက်များကို အဝေးလွှတ်လိုက်၏။

သူ ဆံပင်မွှေးများ ထပ်ခါထပ်ခါ နှုတ်နေပြီး ခေါင်းမွှေးအားလုံးနီးပါး ပြောင်သွားမှ ရပ်လိုက်သည်။။

နဂါးနက်အုပ်၏ ပြေးနှုန်းက အတိုင်းထက်အလွန် မြန်သည်။ တစ်ကောင်လျှင် တစ်မိုင်စီ တာဝန်ယူရှာဖွေနေကြသဖြင့် မိုင်တစ်သောင်းကျော်အကွာအဝေးကို လျင်မြန်စွာ လွှမ်းခြုံသွား၏။

နဂါးနက်များသည် နဂါးများကို အနံ့ခံနိုင်၍ ကောင်လေး ဧကရာဇ်တံဆိပ်ပြားကို မည်သို့ဝှက်ထားစေကာမူ၊ သူ့ဘေးတွင် နဂါးများ သို့မဟုတ် နဂါးချီလင်ရှိနေသရွေ့ နဂါးနက်များက သူတို့ကို အနံ့ခံရှာဖွေနိုင်သည်။

“ဘယ်သူမှ ငါ့ကို ဒီလိုအရူးမလုပ်ခဲ့ဖူးဘူး။ မင်းကို ရှာတွေ့တာနဲ့ သေတာထက် ဆိုးတဲ့ ဝေဒနာကို ခံစားစေရမယ်”

မြစ်ရိပ်ပြည်နယ်တွင် ချင်မူ သစ်သားသေတ္တာကို ကြည့်ပြီး ရတက်မအေးမနိုင်ပေ။ သူ မေးလိုက်သည်။ “ဧကရာဇ်တံဆိပ်ပြားကို ဒီထဲ ထည့်ထားရင် နဂါးထိန်းဧကရာဇ်က တကယ် ဘာမှမခံစားရတော့ဘူးလား။ သူက နဂါးသိုက်ကို တူးထားတာ ဘိုးဘိုး။ ဧကရာဇ်တံဆိပ်ပြားက အဲဒီနေရာမှာ မွေးလာတဲ့ အစစ်အမှန်နဂါးမင်းဆိုတော့ နဂါးသိုက်နဲ့ ဆက်သွယ်နေတာ”

“အာဘာ အ အ အ”

သစ်သားသေတ္တာကို ထမ်းထားသူမှာ ခြေသလုံးအိမ်တိုင် ခရီးသွားတစ်ယောက်နှင့် တူသော ကြံ့ကြံ့ခိုင်ခိုင် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူက လက်ဟန်ခြေဟန်ဖြင့် ပြောပြီး ပြုံးလိုက်၏။ သူ့ပါးစပ်ထဲတွင် လျှာမရှိပေ။

ချင်မူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော် သိပါတယ်။ ဘိုးဘိုးရွှေအရဲ့ အစွမ်းအစတွေကို သံသယမဝင်ဝံ့ပါဘူးဗျာ။ ဒီသေတ္တာက နဂါးသိုက်ကို ဟန့်တားနိုင်ရင်တောင်မှ နဂါးထိန်းဧကရာဇ် ရောက်ချလာဦးမှာပဲ စိုးရိမ်တာပါ။ သူက အထက်ကောင်းကင်ဘုံမှာ နဂါးမွေးတဲ့ နတ်ဘုရားတစ်ပါးလေ”

စောစောက ထွက်ပြေးလာတုန်းက ကြယ်တံခွန်ကြီးသဖွယ် ကောင်းကင်ကို ခွင်းလာသော ငွေလှေတစ်စင်းနှင့် သူ ဆုံတွေ့ခဲ့သည်။ သူ ဘိုးဘိုးရွှေအဟု လှမ်းအော်ခေါ်လိုက်သည့်အခါ ငွေလှေက ပြန်လည်ပျံသန်းလာ၏။ အမှန်ပင် ရွှေအ ဖြစ်နေခဲ့သည်။

ချင်မူ ရွှေအအား ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ပြီး ရွှေအက လှေပျံကို သိမ်းလိုက်သည်။ လှေပျံက ငွေစက်လုံးများအသွင် ပြောင်းကာ သစ်သားသေတ္တာထဲ ဝင်သွား၏။ သူက ချင်မူ့အား ဧကရာဇ်တံဆိပ်ပြားကိုလည်း ထည့်ခိုင်းလိုက်သည်။

“အ” ရွှေအက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။

“ဘိုးဘိုးရွှေအ သူ့ကို အထင်မသေးနဲ့နော်” ရွှေအက ရန်သူကို အထင်သေးနေ၍ ချင်မူ့မျက်နှာ မသာမယာဖြစ်လာသည်။ “ဟုတ်သား ရွာလူကြီးက ဘိုးဘိုး သင်္ဘောတစ်စင်းနောက် လိုက်သွားတယ်ပြောတယ်။ အဲ့ဒါ ဘာသင်္ဘောလဲ။ လိုက်မှီလိုက်လား။ ကျွန်တော်လည်း သင်္ဘောတစ်စင်းနဲ့ ဆုံပြီး ကျွန်တော့်အဖေနဲ့‌တောင် တွေ့ခဲ့ရသေးတယ်”

ရွှေအ၏အပြုံး ပျောက်ကွယ်သွားပြီး အတန်ငယ် စိတ်ညစ်သွားဟန်တူသည်။ သူက မည်သည့်စကားကိုမှမဆိုဘဲ သစ်သားသေတ္တာကို ထမ်းလိုက်၏။

ချင်မူ သူ့နောက်မှ ကပျာကယာ လိုက်သွားသည်။ “ဘိုးဘိုးရွှေအ အဲဒီသင်္ဘောကို တွေ့ခဲ့လား”

ဘိုးဘိုးရွှေအမှာ စိတ်ညစ်နေသေးသည်။ သင်္ဘောက သူ လိုက်မရသော ကမ္ဘာတစ်ခုထဲ ဝင်သွားသည့်အကြောင်း ခြေဟန်လက်ဟန်ဖြင့် ပြောပြ၏။ ထိုကမ္ဘာ၏ အဆင့်မြင့်သိုင်းသမားများက သူ့ကို မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။

အတန်ငယ်ကြာသော် အံ့ဩဝမ်းသာနေသောအသံတစ်သံ ထွက်လာသည်။ “လူသားဧကရာဇ်ချင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ မင်းရဲ့ နဂါးချီလင်က တော်တော်အားကောင်းတာပဲ ငါတို့ထက်တောင် အရင်ရောက်နေသေးတယ်”

ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ပြီး အတန်ငယ် မှင်သက်သွားသည်။ သမင်ကြီးကို စီးလျက် လာနေကြသော ဝမ့်မူရန် ၊ လောင်ယွီနှင့် မုချင်းသိုင်တို့ကို မြင်လိုက်သည်။

နဂါးချီလင်က အလွန်ကျေနပ်ပြီး သူ၏အမြီးက မတ်မတ်ထောင်နေသည်။ သူက ကျောက်စိမ်းမြို့တော်ငယ်၏ သမင်ကြီးကို ရွံရှာစက်ဆုပ်သလို ကြည့်လိုက်၏။

သမင်ကြီးက မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။ သူ၏အမြီးသေးသေးလေးက ထောင်နေရာမှာ တမုဟုတ်ချင်း ငိုက်စိုက်ကျသွား၏။ သမင်ကြီးက လေးစားနေသောအမူအရာကို ပြသလိုက်သည်။

ထို့နောက် နဂါးချီလင်နောက်မှ လိုက်လာနေသော နဂါးမျိုးစုံကို မြင်လျှင် သူ၏လေးစားမှုမှာ ပိုမိုပေါ်လွင်လာ၏။

ချင်မူ အံ့အားသင့်သွားသည်။ “မင်းတို့တွေ သုံးရက်ကြာမှ ဒီရောက်လာတာလား”

သူ သုံးရက်အတွင်း မိုင်ရှစ်သောင်းကိုးသောင်းခန့် ကျော်ဖြတ်၍ မြို့တော်မှ မဟာတောင်ဖြူဂိုဏ်းသို့ သွားပြီး မဟာမြို့ပျက်၏ အလယ်အထိ ရောက်ခဲ့သည့်အပြင် ပြန်ပြေးလာခဲ့သေးသည်။

သို့သော် ဤသို့ပြောလိုက်ပါက ထိုသုံးယောက် ယုံမည်မဟုတ်ပေ။

All Chapters