မီးရှို့ပြာချခြင်း
Vol. 27 Ch. 372
ဝမ့်မူရန်တို့ ဇဝေဇဝါ ဖြစ်သွားသည်။ ချင်မူ နဂါးချီလင်ကို စီးလာတုန်းက ထိုနဂါးက အလွန်နှေးခဲ့ရာ ယခုလို အလျင်ရောက်နေမည်ဟု သူတို့ မထင်ထားခဲ့ပေ။ ဖက်တီးနဂါးက အစွမ်းအစများကို လျှိုထားပြီး အားနည်းချင်ယောင်ဆောင်ခဲ့ခြင်းလော။
သူတို့သုံးယောက်သား ရှေ့တက်ပြီး နှုတ်ဆက်လိုက်ကြသည်။ လောင်ယွီက ယခုရက်ပိုင်း အခြေအနေပိုကောင်းလာဟန်တူသည်။ သူ့ပုံစံက ပြိုလဲအားပျက်နေခြင်းမရှိတော့သလို၊ ရွှင်ရွှင်လန်းလန်း ဖြစ်လာ၏။
“ငါက ငါတို့ရွာက ပန်းပဲဆရာကြီး ဘိုးဘိုးရွှေအတဲ့” ချင်မူ ရွှေအကို အကုန်လုံးနှင့် မိတ်ဆက်ပေးလိုက်သည်။
ရွှေအ ပြုံးလိုက်သည်။ သူက ဝမ့်မူရန်ကို သစ်သားသေတ္တာ ကမ်းပေးလိုက်သော်လည်း ချင်မူက ကပျာကယာ လှမ်းအော်လိုက်သည်။ “မယူနဲ့”
ဝမ့်မူရန် မှင်သက်သွား၏။ သူက လှမ်းမယူတော့၍ ရွှေအ နှုတ်ခမ်းဆူသွားသည်။ သူက အကြီးကို လေးစားရကောင်းမှန်း မသိကြောင်း ချင်မူ့ကို တအအ ဆူနေ၏။
ရွှေအ၏သေတ္တာက မည်မျှလေးမှန်း ကောင်းကောင်းသိသည့်အတွက် ချင်မူ မရှင်းပြတော့ပေ။ ဝမ့်မူရန် ယူလိုက်လျှင် အရိုးများကျိုးကြေသွားလိမ့်မည်။
ရွာတွင် အစအသန်ဆုံးလူကို ရွေးရမည်ဆိုပါက ရွှေအကို ချင်မူ သေချာပေါက် မဲပေးမိလိမ့်မည်။
ထော့ကျိုးက သူ ငယ်ငယ်တုန်းက သကြားတုတ်ထိုးများကို ခိုးတတ်သော်လည်း သူ့ကို စရုံသာစပြီး တစ်ကိုက်နှစ်ကိုက် စားပြီးပါက ပြန်ပေးတတ်သည်။
ထို့ကြောင့် ရွှေအက ရွာတွင် အစအသန်ဆုံးဖြစ်၏။ သူ့ဗိုက်ထဲတွင် မကောင်းကြံမည့်စိတ်ကူးများသာ ပြည့်နေတတ်သည်။ ကလေးဘဝမှစ၍ လူကြီးဖြစ်လာသည့်တိုင်အောင် ရွှေအ သူ့ကို အကြိမ်ပေါင်းများစွာ လှည့်စားခဲ့ဖူးသည်။
“လွန်ခဲ့တဲ့နှစ်ရက်က တိုက်ပွဲပြီးသွားပေမယ့် ဘာဖြစ်သွားလဲ ငါတို့ မသိဘူး” ဝမ့်မူရန်က ပြောလိုက်သည်။ “ငါတို့ အပြေးလာနေတုန်း အဲဒီနတ်ဘုရားတွေရဲ့ အရှိန်အဝါအချင်းချင်း ဝင်တိုက်သွားတာ ခံစားခဲ့ရသေးတယ်။ အားလှိုင်းတွေ ဖြာထွက်လာတဲ့ လမ်းကြောင်းအရ တည်နေရာက ဖန့်စုန်းပြည်နယ်နဲ့ ပကျိုးပြည်နယ်အလယ်မှာ ဖြစ်လောက်မယ်”
သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာမြေပုံကို ထုတ်၍ ဖန့်စုန်းပြည်နယ်နှင့် ပကျိုးပြည်နယ်ကို ရှာကာ အလယ်နေရာအား ဝိုင်းလိုက်၏။
ချင်မူ အတန်ငယ် မှင်သက်သွားသည်။ ထိုနေရာက အဘွားစစ် နေ,နေသော နေရာဖြစ်သည်။
‘နတ်ဘုရားတွေ တိုက်ခိုက်နေတဲ့ နေရာက ဘွားဘွားနဲ့ သိပ်မဝေးဘူး။ ဘွားဘွား တစ်ခုခုဖြစ်နေပြီလား’
ချင်မူ စိုးရိမ်လာသည်။ ရွာလူကြီးနှင့် ရသေ့ကြီးချင်းယိုက ရှေ့က သွားနှင့်၍ ထိုနေရာ ရောက်လောက်သင့်ချေပြီ။
“ငါတို့ အဲဒီနေရာနဲ့ သိပ်မဝေးတော့ဘူး။ မိုင်တစ်ထောင်လောက်ပဲ ဆိုတော့ နေ့ဝက်နဲ့ ရောက်လောက်တယ်” မုချင်းသိုင်က ပြောလိုက်သည်။
ချင်မူ ရွှေပုလွေကို ထုတ်၍ ချီစွမ်းအင်ဖြင့် တီးမှုတ်ကာ ပြောလိုက်သည်။ “နေ့ဝက်မကြာဘူး”
ရေနဂါးတစ်ကောင်၏ အသိစိတ်အလျဉ်က ချင်မူနှင့် ချိတ်ဆက်သွားပြီး ၎င်းက ခန္ဓာကိုယ်ကို လှုပ်ခါကာ ဆယ်ကိုက်ကျော် ရှည်ထွက်လာသည်။ ချင်မူ ၎င်း၏ကျောပေါ် ခုန်တက်လိုက်ပြီး နဂါးချီလင်ကလည်း လိုက်ခုန်တက်လိုက်၏။
“လာ ငါတို့ တစ်နာရီတည်းနဲ့ ရောက်တယ်” ချင်မူ ပြောလိုက်သည်။
ဝမ့်မူရန်နှင့် ကျန်ရှိသူများ စိတ်ရှုပ်ထွေးသွားသော်လည်း နဂါး၏ကျောပေါ် ခုန်တက်လိုက်ကြသည်။ သမင်ကြီးလည်း ရောက်လာပြီး နဂါးကို မယုံသင်္ကာကြည့်ကာ ၎င်းကျောပေါ်ရှိ နဂါးချီလင်ကိုလည်း စပ်စပ်စုစု လှမ်းကြည့်သည်။ နါးချီလင်က သူ့နှာခေါင်းသူ ငုံ့ကြည့်ပြီး သမင်ကြီး၏အကြည့်ကို အဖက်မလုပ်ပေ။
ရွှေအလည်း သေတ္တာဖြင့် ခုန်တက်လိုက်သည်။ ထိုအခါ ကြီးမားကြံခိုင်သော နဂါးမှာ မြေကြီးပေါ် အင့်ခနဲ လဲကျသွား၏။ ၎င်းက ခြေလက်ချောင်းဖြင့် မြေကြီးကို ကုပ်ပြီး ကုန်းရုန်းထသော်လည်း မထနိုင်ပေ။
“ဘိုးဘိုးရွှေအ ဆင်း မြန်မြန်ဆင်း” ချင်မူ ကမန်းကတန်း အော်ဟစ်လိုက်သည်။ “ဒီကောင်ကြီး ပြားသေတော့မှာပဲ”
ရွှေအက မဆင်းချင်ဆင်းချင်ဖြင့် ဆင်းပြီး လက်ဟန်ခြေဟန်ဖြင့် စကားပြောသည်။ ချင်မူ့မျက်နှာ နီရဲသွား၏။ “ဘိုးဘိုးရွှေအ၊ ကျွန်တော့်ကို ဘာလို့ဆူနေတာတုန်း။ ဘိုးဘိုးကို မလေးမစားလုပ်တာမှ မဟုတ်တာ၊ ဘိုးဘိုးသေတ္တာက လေးတစ်နေတာလေ... ကြည့် ကျွန်တော့်ကို ဆူပြန်ပြီ”
ဝမ့်မူရန်တို့မှာ တစ်ယောက်ကိုတစ်ယောက်သာ အကြောင်သား ကြည့်လိုက်ကြသည်။
ချင်မူ ရွှေပုလွေကို မှုတ်လိုက်သည့်အခါ နဂါးဆယ်ကောင်ကျော်က ရွှေအကို လာသယ်သည်။ ထိုအခါမှ အဘိုးကြီး စိတ်ကျေနပ်သွား၏။ နဂါးအားလုံးက ဂိုဏ်းသခင်အဆင့် သိုင်းပညာကဲ့သို့ သန်မာအားကောင်းသည့်အတွက် အမြန်နှုန်းက သိပ်မနှေးပေ။
အကုန်လုံး အလွန်လျင်မြန်စွာ သွားနေ၍ သစ်ပင်များကိုပင် မမြင်ရတော့ပေ။ တောင်များပင် အရိပ်များပမာ နောက်ကျန်ခဲ့သည်။ နဂါးကျောပေါ်တွင် သမင်ကြီးက နဂါးချီလင်ကို ကြည့်ရင်းကြည့်ရင်း ရွံလာ၏။ သူက အသံထွက်သည်အထိ နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးကြောင်း ပြသလိုက်သည်။
နဂါးချီလင်၏ ထောင်နေသောအမြီး ပြန်ကျသွားပြီး သူ့နှာခေါင်းသူသာ ဆက်ကြည့်နေသည်။
ချင်မူ သမင်ကြီးကို ကျေးဇူးတင်မိသည်။ ‘ဖက်တီးနဂါးက ရှက်ရကောင်းမှန်း သိသေးတာပဲ။ ဆုံးမလို့မရတာတော့ မဟုတ်ဘူး။ မနက်ဖြန်ကျ မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံး ကျွေးရမယ်။ သူ ချေးများရဲတော့မှာ မဟုတ်ဘူး’
ရုတ်တရက် ပိန်ပိန်သွယ်သွယ် နဂါးနက်များ ပေါ်လာသည်။ တချို့က သစ်ပင်ထိပ်ဖျားများမှ ခုန်ကူးနေပြီး တချို့က ကောင်းကင်ထဲတွင် ပျံသန်းနေကြသည်။ သူတို့က ချင်မူတို့ကို သယ်ထားသော နဂါးအုပ်ကို ခေါင်းထောင်ကြည့်ကြသည်။
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ပြီး ထိတ်လန့်သွား၏။
“ရေနဂါးလို ဆန်းကြယ်သားရဲတွေက ရှားတယ်မဟုတ်ဘူးလား။ ဘာလို့ နေရာအနှံ့ရှိနေတာလဲ” မုချင်းသိုင် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
နဂါးနက်များက ပျံတက်လာပြီး ‘မာဟာ မာဟာ’ ဟု ထူးဆန်းသောအသံများ တွန်ကြသည်။ အကုန်လုံး နောက်လှည့်ကြည့်လိုက်သည့်အခါ နဂါးနက်အုပ်ကြီး ပျံသန်းလာသည်ကို မြင်လိုက်ရ၏။ နဂါးနက်များက တေင်တစ်တောင်လုံး ဖုံးလွှမ်းနေသည်။
ထို့နောက် ထိုနဂါးနက်များက ခုန်သည့်အကောင်က ခုန်၊ ပြေးသည့်အကောင်က ပြေး၊ ပျံသည့်အကောင်က ပျံ၍ သူတို့နောက် လိုက်လာသည်။
ချင်မူ အကြည့်လွှဲလိုက်၏။
‘ဒီလိုလုပ်နိုင်တဲ့သူက နဂါးထိန်းဧကရာဇ်ပဲ ရှိတယ်။ သူ့နဂါးအများစုက ငါဆီမှာဆိုတော့ ဒီနဂါးနက်တွေက ဘယ်ကထွက်လာတာပါလိမ့်မယ်။ တကယ့်နဂါးတွေနဲ့လည်း မတူဘူး”
သူ နဂါးဧကရာဇ်၏ ထောင်ကျယ်အိတ်ကို ဖွင့်၍ နဂါးထိန်းကျမ်းစဉ်ကို ထုတ်ကြည့်လိုက်သည်။ အသေးစိတ် လေ့လာပြီးသည့်အခါ နဂါးချီဖြင့် လူ့ခန္ဓာကိုယ်ကို အားဖြည့်နိုင်သည်ဟူသော စာကြောင်းကို မြင်လိုက်ရ၏။
‘နဂါးချီကို စုပ်ယူ၍ ခန္ဓာကိုယ်ကို နဂါးတစ်ကောင်အဖြစ် ရှုမြင်ပြီး ကျင့်စဉ်ကို လှည့်ပတ်ကာ နဂါးအသွင်ပြောင်းပါ။ ကြွက်သား၊ ဆံပင်၊ အရေပြား... ပြောင်းလဲလို့မရတာ မရှိဘူးပဲ’
ချင်မူ အနည်းငယ် မှင်သက်မိသွားသည်။ သူ သူတို့နောက် လိုက်လာနေသော နဂါးနက်များကို လှည့်ကြည့်လိုက်၏။ ‘အဲဒီအတိုင်းဆို ဒီနဂါးနက်တွေက နဂါးထိန်းဧကရာဇ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရမယ်။ အရေအတွက် ဒီလောက်များမှတော့ ဆံပင်မွှေးတွေအပြင် တခြားမဖြစ်နိုင်ဘူး။ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားဆိုတဲ့အတိုင်း ဆံပင်ကိုတောင် နဂါးအသွင် ဖွဲ့နိုင်တယ်။ ဆံပင်မွှေးဆိုမှတော့ မီးကို ကြောက်မှာပဲ...’
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်ပြီး ပုလွေသံစဉ် ပြောင်းလဲသွားသည်။ ရွှေအကို သယ်ထားသော မီးနဂါးတစ်ကောင်က အရှိန်လျှော့ပြီး ရုတ်တရက် အောက်ရှိ တောအုပ်ထဲ ဝင်သွားသည်။
ချင်မူက ကျန်နဂါးများကို အရှိန်တင်လိုက်၍ ပြွတ်သိပ်ကြပ်နေသော နဂါးနက်အုပ်ကြီးက အနက်ရောင်တိမ်တိုက်ကြီးပမာ သူတို့နောက်မှ အသည်းအသန် လိုက်လာကြသည်။
အနက်ရောင်တိမ်တိုက်ကြီး အောက်၌ စောင့်နေသော မီးနဂါးအပေါ်မှ ဖြတ်သွားသောအခါ ကြောက်မက်ဖွယ်ရာ မီးတောက်မီးလျှံ မြောက်တက်လာပြီး ဆယ်မိုင်ကျော်အကွာအဝေးအထိ မီးတောက်များ ဖုံးလွှမ်းသွားသည်။ နဂါးနက်များမှာ မီးတောက်ထဲ တွန့်လိမ်လူးလွန့်ကာ လောင်ကျွမ်းပြာကျကုန်၏။ မီးခိုးငွေ့များ အလိပ်လိပ်ထွက်လာပြီး များစွာမကြာလိုက်ဘဲ နဂါးထိန်းဧကရာဇ်၏ ဆံပင်မွှေးနဂါးများအားလုံး မီးတောင်ပြာကျကုန်သည်။
မီးနဂါးက နဂါးနက်များကို မီးလောင်တိုက်သွင်းပြီးနောက် သူတို့နောက် ကပျာကယာ ပြန်လိုက်လာပြီး ခေါင်းတညိတ်ညိတ်ဖြင့် အမြီးယမ်းပြသည်။
ရွှေအက လေးစားသွားပြီး ချင်မူ့အား လက်မထောင်ပြလိုက်၏။ ချင်မူ ရှက်ကိုးရှက်ကန်း ပြုံးပြီး လက်ခါလိုက်သည်။ “ဘိုးဘိုးရွှေအ၊ ကျွန်တော့်ကို ဒီလိုမချီးကျူးပါနဲ့ဗျာ....”
ဝမ့်မူရန်၊ မုချင်းသိုင်နှင့် လောင်ယွီတို့မှာ နဂါးနက်အုပ်ကြီး မီးလောင်ပြာကျသွားသည်ကို မျက်လုံးပြူးပြီး ကြည့်နေကြသည်။ သုံးယောက်သား တုန်ရီသွားကြ၏။
“မူရန်၊ မင်းက လူကောင်းနော်။ လူသားဧကရာဇ်နဲ့ မပေါင်းနဲ့တော့” လောင်ယွီက တိုးတိုးတိတ်တိတ် ကပ်ပြောသည်။ “သူက မိစ္ဆာဆန်လွန်းတယ်”
ဝမ့်မူရန် တွန့်ဆုတ်သွားသည်။ “နော်တော်ကြီး၊ မင်း စိတ်ဖောက်သွားတုန်းက ငါနဲ့ သူ မဟာမိတ်ဖွဲ့ပြီး ကောင်းကင်မဟာမိတ်အဖွဲ့တောင် တည်ထောင်ပြီးနေပြီ။ ငါက ခေါင်းဆောင်လေးယောက်ထဲက တစ်ယောက်ဆိုတော့ အခု ငါတို့နှစ်ယောက်က တစ်လှေတည်းဖြစ်နေပြီဟ...”
လောင်ယွီ မျက်လုံးပြူးသွားပြီး သက်ပြင်းချလိုက်သည်။ “မင်းတော့ သူ့ကြောင့် ပျက်စီးတော့မှာပဲ”
တခဏကြာသော် ချင်မူ နဂါးနက်များအား မီးရှို့ပြာချပစ်ခဲ့သောနေရာဆီ နဂါးထိန်းဧကရာဇ် ရောက်လာသည်။ တောင်တစ်တောင်လုံး ပြာများ ဖုံးနေသည်ကို မြင်လျှင် သူ့မျက်နှာ မည်းမှောင်သွား၏။ ဒေါသထွက်လွန်း၍ သူ့လက်နှစ်ဖက်လုံး တဆတ်ဆတ် တုန်လာသည်။ “ကြောင်သူတော် ကြွက်သူခိုးလေး၊ ကြောင်သူတော် ကြွက်သူခိုးလေး...”
သူခေါင်းပေါ်တွင် ဆံပင်ကောက်အနည်းငယ်သာ ကျန်တော့သည်။ ဆံပင်များက အလိုအလျောက် အသက်ဝင်လာပြီး ကြောက်လန့်တုန်ရီနေကြ၏။
“ငါ မင်းကို လုံးဝအလွှတ်ပေးဘူး။ မင်း နတ်ပြည်တက်တက်၊ ငရဲပြည်သွားသွား ငါ လိုက်ရှာမယ်။ မင်း အလောင်းကို နုပ်နုပ်စင်းပြီး နဂါးစာကျွေးပစ်မယ်”
သူ လက်ကျန်ဆံပင်မွှေးများကို နုတ်လိုက်သော်လည်း ဆံပင်မွှေးများက လူးလွန့်ရုန်းကန်ပြီး ခေါင်းပေါ်ပြန်တက်သွားကြသည်။ သူတို့၏ညီအစ်ကိုများ မီးရှို့ပြာချခံလိုက်ရခြင်းက သူတို့ကို ကြောက်လန့်သွားစေကြောင်း သိသာသည်။
နဂါးထိန်းဧကရာဇ်က မျက်နှာကြီးမည်းမှောင်နေပြီး နဂါးချီကို မှုတ်ထုတ်ကာ ဆံပင်မွှေးများအား အသွင်ပြောင်းလိုက်၏။ ဆံပင်များက နဂါးနက်များအသွင် ဖွဲ့တည်လာကြပြီး ပတ်ဝန်းကျင်ကို အနံ့ခံကြသည်။ ကျန်နဂါးများ မီးလောင်ကျွမ်းသွားသော အနံ့များကို ရလျှင် သူတို့ မလိုက်ရဲကြတော့ပေ။
“မင်းတို့ကောင်တွေ အသုံးကို မကျဘူး”
နဂါးထိန်းဧကရာဇ် ဒေါသထွက်သွားသည်။ သူက ခေါင်းယမ်းလိုက်ပြီး နဂါးနက်များက ဆံပင်အသွင်ပြန်ပြောင်းကာ သူ့ခေါင်းပေါ် ပြန်ရောက်သွားကြ၏။
နဂါးထိန်းဧကရာဇ်က လက်ကောက်ဝတ်ကို လှီးကာ သွေးတချို့ စီးကျလာစေသည်။ သွေးစက်များ သွေးနဂါးများအသွင် ဖွဲ့တည်ကာ ချင်မူအား ရှာဖွေတော့သည်။
‘အရှေ့က ဘွားဘွား ပုန်းနေတဲ့ နေရာပဲ’
ချင်မူ ပုလွေမှုတ်နေသည်ကို ရပ်၍ အရှေ့ကို ကြည့်လိုက်သည်။ သူ မမှင်သက်မိဘဲ မနေပေ။
အဘွားစစ်သည် ပကျိုးနှင့် ဖန့်စုန်းပြည်နယ်၏ အလယ်ရှိ တောင်ကုန်းအောက်တွင် နေထိုင်ခြင်းဖြစ်၏။ အိမ်ဘေးတွင် ရေကန်လေးတစ်ကန် ရှိပြီး အလွန်သာယာသော နေရာတစ်နေရာ ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်၌ လူသူမရှိပေ။ လီထျန်းရှင်က ညရောက်လျှင် ထွက်လာတတ်၍ အဘွားစစ်က လူသူဝေးသော နေရာတစ်နေရာအား ရွေးခဲ့ခြင်းဖြစ်သည်။
သို့သော် ချင်မူတို့အရှေ့၌ ပေါ်လာသည်မှာ တောအုပ်မဟုတ်ပေ။ ရွှေသား၊ ကျောက်စိမ်းနန်းဆောင်များဖြင့် အလွန်ကြီးကျယ်ခမ်းနားသော နေရာတစ်ခုဖြစ်နေသည်။
နတ်နန်းဆောင်များက တောအုပ်ကို နတ်ဝိဇ္ဇာများအတွက် အထွတ်အမြတ်မြေပမာ ပြောင်းလဲခဲ့သည်။ နဂါးရုပ်များနှင့် ဖုန့်ဟွမ်ငှက်ရုပ်များ ထွင်းထုပုံဖော်ထားသော ကျောက်တိုင်လုံးများ၊ ဆီးနှင်းကဲ့သို့ ဖြူဆွတ်ချောမွတ်နေသော ကြမ်းပြင်၊ အမိုးကို ထောက်ကန်ထားသော ဧရာမရွှေတိုင်လုံးကြီးများ ရှိနေသည်။
ပတ်ဝန်းကျင်ရှိ တောင်များလည်း ပြောင်းလဲသွားခဲ့သည်။ ထူးဆန်းသောကျောက်တုံးများနှင့် ဆန်းဆန်းပြားပြား သစ်ပင်များ၊ ဝိညာဉ်မြက်များနှင့် တောက်ပလင်းထိန်နေသော ပန်းပင်က မြေပြင်တစ်လျှောက် ဖုံးလွှမ်းနေသည့်အပြင် ဆန်းကြယ်သားရဲကြီးများလည်း ကျက်စားနေကြသည်။ ပျံသန်းသွားနေသော သတ္တဝါများလည်း ရှိ၏။ ဥယျာဉ်အရွယ်အစားမျိုးစုံအား နေရာတိုင်းလိုလိုတွင် မြင်ရပြီး ချင်မူပင် မသိသော ပရဆေးပင်များလည်း ရှိနေသည်။
ဝိညာဉ်စမ်းချောင်းများ၊ ရေတံခွန်များ၊ လမ်းများ၊ စိမ့်စမ်းများနှင့် ကန်များအားလုံးက ပန်းချီထဲတွင်သာ မြင်ရနိုင်သော တောင်တန်းမြစ်ပြင်တို့၏ အလှတရားကို ဖော်ကျူးနေကြသည်။
သူတို့အားလုံးက ထင်ပေါ်ကျော်ကြားသော ဂိုဏ်းကြီးများမှ ဖြစ်၍ ကြွယ်ဝချမ်းသာမှုနှင့် အသားကျနေပြီဖြစ်သော်လည်း ဤအထွတ်အမြေထဲ လျှောက်နေရခြင်းက သူတို့အတွက် သက်တောင့်သက်သာ မဖြစ်လှပေ။ ကြမ်းပြင် ညစ်ပတ်ပြီး အလှပျက်သွားမှာ စိုးမိကြသည်။
ရွှေအက မယုံသင်္ကာဖြစ်နေသောအမူအရာကို ဖော်ပြပြီး ချင်မူ့ကို မျက်နှာရိပ်မျက်နှာကဲ ပြသည်။ ချင်မူလည်း အကြောင်သား ပြောလိုက်၏။ “ကျွန်တော်လည်း ဘယ်သိမှာတုန်း။ ကျွန်တော် ရောက်လာတုန်းက ဒီလိုမဟုတ်ပါဘူး... ဘွားဘွား ဗျို့ ဘွားဘွား”
သူ နှစ်ကြိမ်ခေါ်သော်လည်း မည်သူမှ မထူးပေ။ ဧရာမငါးကြီးတစ်ကောင်သာ ကန်ထဲမှ ခုန်ထွက်လာပြီး လူကိုယ်၊ ငါးမြီးရှိသော မိန်းမလှတစ်ဦးအသွင် ပြောင်းသွားသည်။ ထိုကဲ့သို့မိန်းမလှများက တောင်အတုများကို မှီ၍ နားဝင်ချိုသောအသံလေးများဖြင့် သီချင်းဆိုကြသည်။
ရွှေအက ‘အ အ’ ဟု နှစ်ချက်ပြောလိုက်ပြီး ချင်မူ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် သိပ်ခမ်းနားလွန်းနေတယ်။ ဘွားဘွား ဒီဟာတွေအကုန်လုံးကို ဘယ်ကနေဘယ်လိုရလဲ ကျွန်တော်လည်း မသိဘူး....”
သူတို့ အလွန်အကျူးအလှဆင်ထားသော ကောင်းကင်ခန်းမတစ်ခုသို့ ရောက်လာသည်။ ခန်းမထဲ ဝင်ပြီးနောက် သူတို့အားလုံး ထိုနေရာ ညစ်ပတ်သွားမည်စိုး၍ ပြန်ထွက်လာကြ၏။ ရွှေအက သူ၏သစ်သားသေတ္တာအား ချလိုက်သည်။
“ဘွားဘွား မရှိဘူး” ချင်မူ ဝမ့်မူရန်တို့ကို ပြောလိုက်သည်။ “ဘွားဘွား အိမ်က ထွက်သွားတာဖြစ်မယ်။ ငါတို့ ဒီမှာ ခဏလောက် စောင့်ကြရအောင်။ မိုးမချုပ်ခင် ဘွားဘွား ပြန်မလာလို့ကတော့ ငါတို့ ချက်ချင်း ထွက်သွားရမယ်။ တစ်မိနစ်လေးတောင် နေလို့မဖြစ်ဘူး။ မိုးချုပ်ရင် ပြန်ရောက်လာမှာက ဘွားဘွားမဟုတ်ဘူး။ အဲဒီမိစ္ဆာအိုကြီး ဖြစ်နေမှာ”