ကောင်းကင်ဖန်ဆင်းရှင်
Vol. 27 Ch. 373
“ဒီနေရာကို အမှောင်ထုကျူးကျော်လာနိုင်လို့လား။ မိုးမချုပ်ခင် ငါတို့ ဘာကြောင့် ထွက်သွားရမှာလဲ” မုချင်းသိုင်က မေးလိုက်သည်။
ချင်မူ ခေါင်းယမ်းကာ အသေးစိတ် မရှင်းပြတော့ပေ။
အကုန်လုံး ကောင်းကင်ခန်းမအပြင်၌ စောင့်နေကြသည့်အချိန် ရုတ်တရက် မိုးမှောင်ကျလာပြီး မိုးခြိမ်းသံသဲ့သဲ့ ကြားလိုက်ရသည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ စောစောက ပြာလဲ့ကြည်လင်နေခဲ့သော ကောင်းကင်တွင် တိမ်မည်းတိမ်လိပ်များ ပြည့်နှက်နေကြောင်း မြင်လိုက်ရ၏။
ဆောင်းရာသီဖြစ်၍ မိုးရွာလေ့ရွာထ မရှိသော်လည်း ယခု သူတို့၏ခေါင်းတည့်တည့်တွင် မိုးသားတိမ်စိုင်များ ဒေါသူပုန်ထနေချေသည်။
တိမ်မည်းကြီးများက ထူသထက် ထူလာပြီး ကောင်းကင်တစ်ပြင်လုံးအား တစတစ ဖုံးလွှမ်းသွားသည်။ ထို့နောက် မိုးက ဝေါခနဲ ရွာချလိုက်၍ အကုန်လုံး ရေခဲတမျှ အေးစက်နေသော မိုးပေါက်များနှင့် မထိအောင် ကောင်းကင်ခန်းမ၏ အမိုးအောက်ဆီသို့ ကပျာကယာ ပြေးသွားလိုက်ကြသည်။
ဆောင်းရာသီတွင် ဤမျှမိုးမသည်းသင့်သော်လည်း မိုးက သည်းကြီးမည်းကြီး ရွာချနေသည်။
နဂါးများလည်း အမိုးအောက်၌ တိုးဝှေ့နေကြပြီး ကြေးတိုင်လုံးကြီးများကို ရစ်ပတ်ထားကြသည်။ နဂါးချီလင်က အပေါက်ဝတွင် မိုးခိုရင်း တခူးခူး တခေါခေါ အိပ်မောကျနေသည်။
သမင်ကြီးက နဂါးချီလင်၏ဘေး သွားပြီး ခေါင်းငုံ့လိုက်သည်။ သူ၏ချိုကားကားကြီးဖြင့် နဂါးချီလင်ကို ခန်းမအပြင် ကော်ထုတ်ကာ သူ့နေရာကို အပိုင်စီးလိုက်၏။
နဂါးချီလင် မိုးစိုသွား၍ စိတ်တိုသွားသည်။ သူက ပါးစပ်ကြီးဖြဲလျက် ပြန်လျှောက်လာ၍ သမင်ကြီးက ထခုန်ပြီး ချိုကြီးများကို ယမ်းခါကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။
မြေကြီးမှ ရေခိုးရေငွေ့များ မြောက်တက်လာသည်။ လောင်ယွီက မိုးရေကို လက်ဖြင့် ခံကြည့်လိုက်၏။ “ရေက ပူခြစ်နေတာပဲ” သူက အထိတ်တလန့် ပြောသည်။
ချင်မူ ရင်ထဲတွင် အတန်ငယ် လှုပ်ခါသွားပြီး မိုးရေကို လက်ဖြင့် ခံကြည့်လိုက်သည်။ ကောင်းကင်မှ ရွာကျနေသော မိုးရေများသည် အမှန်တကယ် ပူနေ၏။ ပွက်ပွက်ဆူနေသော ရေနွေးကဲ့သို့ ခြစ်ခြစ်တောက် ပူနေသည်။
သူ ကောင်းကင်ခန်းမအပြင် ခပ်သုတ်သုတ် ထွက်လိုက်ပြီး သူ၏ချီစွမ်းအင်ဖြင့် မိုးရေများ သူ့ကို မထိအောင် ကာလိုက်သည်။
သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်သည် အလွန်မည်းမှောင်နေကြောင်း မြင်လိုက်ရ၏။ အပေါ်ရှိ တိမ်မည်းမည်းကြီးများအကြားတွင် လျှပ်စီးများက တစ်ချက်တစ်ချက် လက်သွားတတ်ပြီး မိုင်တစ်ထောင်အကွာမှ မိုးခြိမ်းသံများ ကြားလိုက်ရသည်။ အသံက သူတို့၏အပေါ်၌ မြည်ဟည်းနေရာမှ ဝေးကွာသွား၏။ တခဏလေးအတွင်း မိုးခြိမ်းသံက မိုင်နှစ်ထောင်ဝေးကွာသွားသည်။
လျှုပ်စီးများကြောင့် မိုးခြိမ်းသံ ထွက်ပေါ်လာသည်နှင့် မတူပေ။
ဝမ့်မူရန်နှင့် ကျန်ရှိသူများလည်း ကောင်းကင်ခန်းမအပြင် ထွက်၍ ခေါင်းမော့ကြည့်လိုက်ကြသည်။ လျှပ်စီးများ တဝင်းဝင်း လက်နေပြီး မိုးကြိုးတန်းများ တစ်တန်းကို တစ်တန်း ပိုင်းဖြတ်ကာ တိမ်မည်းကြီးများကို ထိုးခွင်းသွားခြင်းက အလွန်ကြောက်မက်ဖွယ်ရာကောင်း၏။
ကောင်းကင်မှ ရွာကျလာသော မိုးရေက ပူသထက် ပူလာသည်။
“ကောင်းကင်မှာ တစ်ခုခု ဖြစ်နေသလိုပဲ... ဖက်တီးနဂါး၊ သမင်ကြီးကို ချပေးလိုက်စမ်း”
ချင်မူ နောက်လှည့်၍ အော်လိုက်သည်။ နဂါးချီလင်က သမင်ကြီးအား လည်ပင်းညစ်ထားရာမှ ချပေးလိုက်၏။ သမင်ကြီးက ဒေါသထွက်ပြီး တိုက်ခိုက်ချင်သော်လည်း နဂါးချီလင်က သူ့အပေါ် တက်ထိုင်ချလိုက်သည်။ သမင်ကြီးမှာ တောင်ကြီးပိသွားသကဲ့သို့ လျှာထွက်သွားသည်။
ကောင်းကင်ထဲရှိ မိုးခြိမ်းသံများက ဘီလူးကြီးတစ်ကောင် စစ်ဗုံတီးနေသကဲ့သို့ မကြာခဏ မြည်ဟည်းလာသည်။ ထိုအခိုက်အတန့်တွင် လျှပ်စီးများက စက်လုံးကြီးသဖွယ် စုစည်းကာ လိမ့်ထွက်သွားသည်။ မှောင်မိုက်နေသည့် ကောင်းကင်တစ်ခုလုံး လင်းထိန်သွား၏။
ချင်မူ့မျက်ဝန်းထဲတွင် သူငယ်အလွှာများ ဖွဲ့တည်လာပြီး သူက တိမ်တိုက်များကို ကြည့်လိုက်သည်။ ရုတ်တရက် ကောင်းကင်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေသော လူရိပ်များကို သူ ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ ထိုလူရိပ်များက တိမ်တိုက်များကို ထိုးခွင်း၍ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသည်။
ကျောက်စိမ်းမြို့တော်ငယ်မှ ဝမ့်မူရန်၊ လောင်ယွီနှင့် မုချင်းသိုင်တို့လည်း တတိယမျက်လုံး သို့မဟုတ် ကောင်းကင်မျက်လုံးကဲ့သို့ မျက်လုံးကျင့်စဉ်များကို တတ်မြောက်ထားကြသည်။ သူတို့အားလုံး မော့ကြည့်လိုက်သည့်အခါ တအံ့တဩ မအော်မိဘဲ မနေကြတော့ပေ။
ရုတ်တရက် သိပ်သည်းထူထပ်နေသော တိမ်မည်းများ နှစ်ခြမ်းကွဲသွားပြီး အမှောင်ထုထဲတွင် ထောင်ထောင်မောင်းမောင်း လူတစ်ယောက် ပေါ်လာသည်။ သူက ဓားမကြီးနှစ်လက်ကို ကိုင်ထားပြီး သူ့ဘေးတွင် လျှပ်ပန်းလျှပ်နွယ်များ တဝင်းဝင်း လက်နေရာ သူ၏သွင်ပြင်က ပို၍ခက်ထန်ကြမ်းကြုတ်နေတော့သည်။ သူက စိတ်လှုပ်ရှားနေပုံရသည်။
“ဘိုးဘိုးသားသတ်သမား” ချင်မူ တအံ့တဩ အော်လိုက်မိသည်။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် သားသတ်သမားက မကြာခဏ စိတ်ဖောက်တတ်သည်။ သူက စိတ်ဖောက်နေလျှင် ရွာလူကြီးကိုပင် ဓားဖြင့် လိုက်ခုတ်တတ်၏။ ချင်မူ့ကို မြင်မျှသာ အတန်ငယ် နူးညံ့သွားတတ်ခြင်းဖြစ်သည်။
ထိုစဉ် နှစ်ခြမ်းကွဲသွားသည့် တိမ်မည်းများအကြား၌ လူရိပ်များ ပေါ်လာပြီး သားသတ်သမားဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားကြသည်။
‘ဘိုးဘိုးသားသတ်သမားရဲ့ ဓားမက တိမ်မည်းတွေကို နှစ်ခြမ်းခွဲပစ်လိုက်တာပဲ’
ချင်မူ သဘောပေါက်သွားသည့်အချိန်တွင် တိမ်မည်းများက ပြန်စေ့သွားပြီး မိုးခြိမ်းသံများ ထပ်မံထွက်ပေါ်လာသည်။ သို့သော် ထစ်ချုန်းသံများက မိုးခြိမ်းသံကြောင့်မဟုတ်။ ခန္ဓာကိုယ်များ အလွန်လျင်မြန်စွာ ရွေ့လျားနေခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသံများဖြစ်သည်။
သားသတ်သမား၏ ဓားမနှစ်ဖက်က ကောင်းကင်ကို ပိုင်းခြမ်းခဲ့သည်။ ဓားမများက အလွန်ပူနေသည့်အတွက် တိမ်တိုက်များ၏ အပူချိန်ကို မြင့်တက်လာစေခဲ့သည်။ ထို့ကြောင့် ရွာကျလာသော မိုးပေါက်များက ပူခြစ်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်မှ မြေအပိုင်းအစကြီးတစ်ခုက တိမ်တိုက်များကို ခွင်းလျက် ပြုတ်ကျလာသည်ကို ချင်မူ မြင်လိုက်ရသည်။ ထိုမြေအပိုင်းအစတွင် တောင်တန်းမြစ်ပြင်များ ရှိနေပြီး သူတို့ ရပ်နေသော မြေပြင်နှင့် မတူပေ။ ၎င်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဝင်တိုက်တော့မည့်ပုံပေါ်ပြီး ထိုမြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။
“အာဘာ” ရွှေအက အလေးအနက် ပြောလိုက်သည်။
“ဟုတ်တယ် အဲ့ဒါ ရွာလူကြီးပဲ” ချင်မူ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ “ရွာလူကြီးလည်း အပေါ်မှာ။ သူတို့ ဘယ်သူတွေနဲ့ တိုက်ခိုက်နေတာလဲ”
ကောင်းကင်ထက်ရှိ မြေပြင်က ရန်သူတော်ကြီးနှင့် ဆုံတွေ့သွားသည့်အလား တိမ်တိုက်များအတွင်း ပျံသန်းဝင်ရောက်သွားသည်။ ရုတ်တရက် တောင်တန်းမြစ်ပြင်များ စိစိညက်ညက် ကြေမွသွား၏။
ချင်မူ မှင်သက်သွားသည်။ ရွာလူကြီး၏ ဓားကွက် ပျက်စီးသွားချေပြီ။
ဝုန်း
ကောင်းကင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ကိုက်ပေါင်းများစွာ တုတ်ခိုင်သော တိုင်လုံးကြီးတစ်လုံးက ကောင်းကင်မှ ကျဆင်းလာပြီး တိမ်တိုက်များကို ထိုးဖောက်လာသည်။ ကောင်းကင်ဘုံမှ တိုင်လုံးကြီးတစ်လုံး ကမ္ဘာမြေကြီးထဲ စိုက်ဝင်တော့မည့်အလား ထင်ရ၏။
သို့သော် ၎င်းက တိုင်လုံးမဟုတ်ပေ။ ရေနဂါးကြီးများ တစ်ကောင်နှင့်တစ်ကောင် ရစ်ခွေလျက် လှံအသွင် ဖွဲ့တည်ထားသော ရေတန်းကြီးတစ်တန်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ရေကို လှံသဖွယ် အသုံးချနေလေသည်။
“ဘိုးဘိုးမျက်ကန်းရဲ့ လှံသိုင်း”
ချင်မူ အကြီးအကျယ် အံ့အားသင့်သွားသည်။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တုတ်ခိုင်သော ရေနဂါးလှံကြီးကား မျက်ကန်း၏လှံအပြင် တခြားမဟုတ်ပေ။ မျက်ကန်းသည် လက်နက်အသုံးပြုခဲ၏။ ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်များဖြင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူ၏ဝါးတောင်ဝှေးကိုသာ အသုံးပြုတတ်သည်။
ဝါးတောင်ဝှေးက တစ်လောကလုံးရှိ မည်သည့်မှော်အစီအရင်ကိုမဆို၊ မည်သည့်ကောင်းကင်နတ်သိုင်းကိုမဆို ချိုးဖျက်ပစ်နိုင်သည်။
သို့တိုင်အောင် သူက ရေကို လှံအသွင် ဖွဲ့ထားသည့်အတွက် အန္တရာယ်များသော ရန်သူတစ်ယောက်အား ရင်ဆိုင်နေရသည်မှာ ထင်ရှား၏။
ရွှေအက လေးနက်သောအမူအရာဖြင့် ကောင်းကင်ခန်းမထဲ ဝင်သွားသည်။ သူက သစ်သားသေတ္တာကို သယ်၍ ချင်မူ့ကို လက်ညှိုးထိုးသည်။ “အ အ အ အ”
ချင်မူ အလေးအနက် ခေါင်းညိတ်၍ ပြောလိုက်သည်။ “ဘိုးဘိုးရွှေအ ၊ စိတ်မပူပါနဲ့ ကျွန်တော် လုံးဝထွက်မပြေးပါဘူး။ ဒါပေမဲ့ ကျွန်တော်လည်း ကူညီနိုင်ပါတယ်။ ကျွန်တော့်မှာ သန်မာအားကောင်းတဲ့ နတ်ဘုရားတွေ အများကြီး ရှိတယ်လေ”
ရွှေအက မျက်ခုံးပင့်၍ ပြုံးတုံမပြုံးတုံမျက်နှာပေးဖြင့် သူ့ကို ကြည့်လိုက်သည်။
ချင်မူ ရှက်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “သူတို့က သန်မာအားကောင်းပါတယ်...”
ရွှေအ ခုန်လိုက်သော်လည်း ဆယ်ကိုက်အမြင့်တွင် ရပ်ပြီး မလှုပ်မယှက် ပျံဝဲနေသည်။
မိုးရေထဲတွင် သွေးနဂါးများသည် အရပ်လေးမျက်နှာမှ တွားသွားလာကြပြီး အဘွားစစ်၏ အထွတ်အမြတ်မြေပတ်ပတ်လည်တွင် အထပ်ထပ် ဝိုင်းအုံထားကြသည်။
ဘုန်း
ရွှေအ မြေပေါ် ဆင်းလိုက်သည့်အခါ ခြေရာကြီးနှစ်ခု ထင်းသွားသည်။ ခြေရာ၏ပတ်ဝန်းကျင်ရှိ ကျောက်ပြားများ ပေါက်ကွဲသွားပြီး ခပ်လှမ်းလှမ်းရှိ ကျောက်ပြားများ အက်ကွဲသွား၏။
ရွှေအက သေတ္တာကို မြေကြီးပေါ် ချလိုက်ပြီး သေတ္တာအဖုံးက အလိုလို ပွင့်သွားကာ လက်မအရွယ် ငွေရောင်စက်လုံးများကို ဖော်ပြလိုက်သည်။
ရွှေအ၏ကျောပေါ်တွင် သူ မကြာခဏ သုံးလေ့ရှိသော မီးဖိုကြီးတစ်လုံး ရှိသည်။ သေတ္တာကို ချပြီးနောက်တွင်ပင် မီးဖိုကို မချဘဲ ဆက်သယ်ထားသည်။
မီးဖိုက မီးငြိမ်းသွားသည်မှာ ကြာပြီဖြစ်၍ မည်းခြစ်နေသည်။
ရွှေအ လက်သီးတင်းတင်း ဆုပ်လိုက်သည့်အခါ သူ၏ချီစွမ်းအင်က တရှိန်ထိုး ထွက်ပေါ်လာပြီး သူ့ကျောနောက်ရှိ မီးဖိုလည်း တဟုန်းဟုန်း မီးထတောက်လာသည်။
သွေးနဂါးများ ရပ်သွားသည်။ တချို့က လက်ရန်းတန်းများအပေါ် တွယ်တက်နေခဲ့ကြပြီး တချို့က ကျောက်ခြင်္သေ့ရုပ်တုများ၏ ခေါင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ တချို့က ကျောက်လှေကားထစ်များအပေါ်၌ ရပ်လိုက်ကြကာ တချို့က ချင်မူတို့အနောက်ရှိ နန်းဆောင်များ၏ အမိုးများအပေါ်တွင် ဖြစ်သည်။
ပတ်ဝန်းကျင်မှာ မည်းမှောင်နေသော်လည်း အမှောင်ထုအတွင်းမှ ခြေသံပြင်းပြင်းများကို ကြားနေရသည်။ ဒေါသထွက်နေဟန်တူသော အသက်ရှူသံပြင်းပြင်းလည်း ထွက်ပေါ်လာ၏။
ရွှေအ ခြေထောက်အောက်ရှိ သေတ္တာက တဝုန်းဝုန်း တုန်ခါလာသည်။ ဧကရာဇ်တံဆိပ်ပြား ရုတ်တရက် ပျံထွက်လာပြီး ချင်မူ့လက်ထဲ ဝင်သွားသည်။ ရွှေအက နောက်ပင်လှည့်မကြည့်ပေ။ လက်သာ ထောင်လိုက်ပြီး လက်ဟန်အနည်းငယ် လုပ်ပြလိုက်သည်။
ချင်မူ ဧကရာဇ်တံဆိပ်ပြားကို လည်ပင်း၌ ဆွဲ၍ အလေးအနက် ပြောလိုက်၏။ “ဘိုးဘိုးရွှေအက ငါတို့ကို ကောင်းကင်ခန်းမထဲ ဝင်နေခိုင်းတယ်။ ဖက်တီးနဂါး မြန်မြန်ထတော့။ သမင်ကြီးပေါ် တက်ထိုင်မနေနဲ့ သေသွားဦးမယ်”
နဂါးချီလင်က ခြေကားရားလက်ကားရား ဖြစ်နေသော သမင်ကြီးအပေါ်မှ ထလိုက်သည်။ သမင်ကြီးမှာ လျှာကြီးထွက်လျက် အသက်မနည်းရှူနေရသည်။
“ဖွီ” နဂါးချီလင်က သမင်ကြီးကို တံထွေးဖြင့် ထွေးလိုက်၏။
‘ဖက်တီးက တကယ် အသုံးအဖြုန်းကြီးတာပဲ။ အဲဒီတံထွေးက နှစ်ပုလင်းလောက် ရတယ်’ ချင်မူ စိတ်တိုသွားသည်။
အမှောင်ထုထဲမှ ခြေသံများက နီးကပ်သထက် နီးကပ်လာသည်။ ပထမဆုံး နဂါးကြီးနှစ်ကောင် ပေါ်လာပြီး သူတို့၏ခေါင်းကြီးများက တောင်ကုန်းလောက် ကြီးမား၏။ ထို့နောက် သူတို့၏ လည်တံရှည်ကြီးများနှင့် လက်များ ပေါ်လာပြီး တစ်ဆက်တည်းမှာပဲ နဂါးနှစ်ကောင်၏ ကျောပေါ် နင်းထားသော ခြေတစ်စုံ မြင်သာလာသည်။
မိုးက သည်းထန်စွာ ရွာသွန်းနေပြီး ရေတံခွန်များမှ ကျဆင်းနေသည့် ရေပူပူများက အမှောင်ထုထဲမှ ထွက်လာသော ဧရာမခန္ဓာကိုယ်ကြီးအား ရွှဲစိုနေစေသည်။ မိုးရေများကြောင့် အကြေးခွံများသည် တောက်ပြောင်လင်းလက်နေပြီး ကောင်းကင်ထက်ရှိ လျှပ်စီးမိုးကြိုးတန်းများပင် ထင်ဟပ်နေသည်။
နဂါးနှစ်ကောင် ရပ်လိုက်သည်။ လျှပ်စီးတစ်တန်းက အမှောင်ထုကို ထိုးခွင်းသွားပြီး ဧရာမအရိပ်ကြီးကို အလင်းရောင်ဟပ်သွား၏။
နဂါးထိန်းဧကရာဇ်
ဒယ်အိုးဖင်ကဲ့သို့ မျက်နှာကြီး မည်းမှောင်နေပြီး ခေါင်းတွင် ဆံပင်မွှေးအနည်းငယ်မျှသာ ကျန်တော့သော နဂါးထိန်းဧကရာဇ် ဖြစ်သည်။
“မင်းက ငါ့ကို တားချင်တယ်လား”
သူ၏ လျှပ်စီးသဖွယ် မျက်လုံးများက အမှောင်ထုကို ဖြိုခွင်းလိုက်ပြီး တဟုန်းဟုန်း တောက်နေသော မီးဖိုကြီးကို ကျောတွင် လွယ်ထားသည့် ရွှေအ၏ကိုယ်ပေါ် ကျရောက်သွားသည်။ သူကား ရွှေအကို ထုတ်ချင်းဖောက် မြင်အောင် ကြည့်နေသည့်အလား ထင်ရသည်။ ထို့နောက် သူ၏အသံက မိုးခြိမ်းသံကြီးသဖွယ် ထွက်လာ၏။ “မင်းတစ်ယောက်တည်းနဲ့ ငါ့ကို တားချင်တယ်ပေါ့။ ငါ့ခေါင်းမွှေးတွေ မီးရှို့သွားတဲ့ ကြောင်သူတော်ကြွက်သူခိုးလေးကို ထုတ်ပေးစမ်း။ သူ့အလောင်းကို အကောင်းတိုင်းပြန်ပေးမယ်လို့ ငါ အာမခံတယ်”
ရွှေအ ဇဝေဇဝါ ဖြစ်သွားပြီး ခေါင်းတဗြင်းဗြင်း ကုတ်လိုက်သည်။
“ဘိုးဘိုးရွှေအ၊ သူ ကျွန်တော့်ကို ပြောနေတာ” ချင်မူ ကောင်းကင်ခန်းမထဲမှ ခေါင်းပြူထွက်လိုက်ပြီး ရိုးသားဖြူစင်စွာ ပြောလိုက်သည်။ “နဂါးဧကရာဇ်၊ ကျွန်တော် ခင်ဗျားခေါင်းမွှေးတွေကို မီးရှို့ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ တမင် လုပ်တာတော့ မဟုတ်ပါဘူး။ ခင်ဗျားက နဂါးတွေကို အစာကျွေးခိုင်းလို့ ကျွန်တော်လည်း ကောင်းကောင်းကျွေးခဲ့တယ်။ ကျွန်တော် ထွက်ပြေးတော့ သူတို့လည်း လိုက်လာရော။ နောက်တော့ ခင်ဗျားရဲ့ ခေါင်းမွှေးတွေ လိုက်လာတာ တွေ့လိုက်ရတယ်။ သူတို့က ကြည့်ရဆိုးတာနဲ့ နဂါးဧကရာဇ် သိက္ခာမကျအောင် ကျွန်တော်က ဒုက္ခခံပြီး မီးရှို့ပေးလိုက်တာပါ”
နဂါးထိန်းဧကရာဇ်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသော်လည်း ရွှေအဆီမှ အကြည့်မခွာပေ။ သူ အကြည့်လွှဲချင်ပါသော်လည်း အကြည့်လွှဲလိုက်သည်နှင့် တစ်ချက်တည်း အသေသတ်ခံရမည်ဟု ခံစားနေရသည်။
“အိုး ခိုင်ဧကရာဇ်ခေတ်က လူသားတစ်ယောက်ပါလား” သူ့အကြည့်က ရွှေအအနောက်ရှိ မီးဖိုအပေါ် ရောက်သွားပြီး သရော်တော်တော် ပြောလိုက်သည်။ “မင်းက ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်နတ်ဘုံအတုက ကောင်းကင်ဖန်ဆင်းရှင်မျိုးဆက် ဟုတ်တယ်မလား။ ကောင်းကင်နတ်ဘုံအတုက မင်းရဲ့ဘိုးဘေးကို ကောင်းကင်ဖန်ဆင်းရှင်ဘွဲ့ အပ်နှင်းပြီး ရွှင်ပျော်ပျော်ကျေးရွာကို ဖန်ဆင်းခိုင်းခဲ့တာ
“သူက မင်းတို့ကောင်းကင်လုပ်သားတွေကို ပရမတ္တလှေ တည်ဆောက်ပြီး ရွှင်ပျော်ပျော်ကျေးရွာဆီ သွားခိုင်းခဲ့ပေမယ့် ငါတို့ကောင်းကင်နတ်ဘုရားတွေအားလုံး မင်းတို့ကို ပိတ်လှောင်ထားတာကြောင့် အဲဒီကို ရွက်မလွှင့်နိုင်ခဲ့ဘူးလေ။ အကုန်သေသွားပြီထင်ပေမယ့် အခုလို တစ်ယောက်လွှတ်လာမယ် မထင်ခဲ့ဘူး။ မင်း ဘာလို့ စကားမပြောတာလဲ”
ရွှေအ၏မျက်နှာက အပြုံးအရယ်ကင်းမဲ့ကာ အေးစက်နေသည်။ သူက လက်ဟန်တစ်ခု ပြလိုက်၏။
ချင်မူ ခန်းမထဲမှ ခေါင်းပြူထွက်ကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။ “နဂါးဧကရာဇ်၊ သူက ခင်ဗျားကို ‘အပျက်မ’ တဲ့။ ကျွန်တော် ဆဲတာမဟုတ်ဘူးနော် သူ ဆဲတာ”
နဂါးထိန်းဧကရာဇ်၏ မျက်နှာက ပို၍ပင် မည်းမှောင်လာသည်။ သူ့နားရွက်ပေါ်ရှိ နဂါးနှစ်ကောင်က ခန္ဓာကိုယ်များကို ဆန့်ကာ သူ့ပခုံးပေါ် ခုန်ဆင်းလိုက်ကြသည်။ သူတို့က သူ့လက်မောင်းများတစ်လျှောက် လျှောဆင်းသွားပြီး ကြီးသထက် ကြီးလာကြသည်။ သူတို့၏အကြေးခွံများက သံချပ်ကာများကဲ့သို့ ဖြာဆင်းသွားပြီး နဂါးထိန်းဧကရာဇ်၏လက်မောင်းကို တထပ်ထပ် ဖုံးလွှမ်းသွားကြသည်။
သူ၏အဝတ်အတွင်းရှိ နဂါးသုံးကောင်လည်း တဖြည်းဖြည်း ကြီးထွားလာကာ သူ၏ခါးနှင့် ပေါင်နှစ်ဖက်ကို ရစ်ပတ်လိုက်သည်။
ဒုန်း
နဂါးထိန်းဧကရာဇ်က နဂါးနှစ်ကောင်၏ ကျောပေါ်မှ ခုန်ဆင်းပြီး နဂါးခြေထောက်ကြီးနှစ်ဖက်က မြေကြီးကို မြဲမြဲမြံမြံ ကုပ်လိုက်သည်။ သူ့ခြေထောက်အောက်ရှိ နဂါးနှစ်ကောင်က ကျုံ့သွားပြီး တုတ်နှစ်ချောင်းဖြစ်လာသည်။ နဂါးထိန်းဧကရာဇ်က တုတ်နှစ်ချောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။
“ကောင်းကင်နတ်ဘုံအတုရဲ့ စက်မှုဝန်ကြီးဌာနက လူသား” နဂါးထိန်းဧကရာဇ်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တွန့်လိမ်လာပြီး သူ၏ခန္ဓာကိုယ်မှ ထူးဆန်းကြမ်းတမ်းသော နဂါးအားလှိုင်း ပေါ်ထွက်လာ၏။ သူက ချွန်ထက်နေသောသွားများကို တင်းတင်းစေ့၍ တုတ်နှစ်ချောင်းကို လွဲယမ်းကာ ရွှေအအား ရိုက်ချလိုက်သည်။ “သေပေတော့”