ရိုးသားသော အပြုံး
Vol. 27 Ch. 374
နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်သည် နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်သည့်အပြင် နဂါးငါးကောင်က သူ၏ခန္ဓာကိုယ်အား ရစ်ပတ်၍ နှစ်ကောင်က လက်နက်အသွင် ဖွဲ့တည်ထားရာ သူ၏ခွန်အားသည် အဆပေါင်းများစွာ မြင့်မားသွား၏။
နဂါးစီးဂိုဏ်းအား နဂါးထိန်းဧကရာဇ်မှ တည်ထောင်ခဲ့သော်လည်း နဂါးစီးဂိုဏ်းသားများသည် မြွေ၊နဂါးများမှ အမျိုးစပ်မွေးဖွားလာသော သွေးနှောများကိုသာ ထိန်းချုပ်နိုင်စွမ်းရှိကြ၏။ နဂါးများမှ ခွန်အားကို ငှားယူနိုင်စွမ်းမရှိပေ။ သို့ရာတွင် နဂါးထိန်းဧကရာဇ်၏ လျှို့ဝှက်နဂါးထိန်းနည်းက လူတစ်ယောက်အား နဂါးများ၏ခွန်အားကို ငှားသုံး၍ရစေသည်။
ထို့အပြင် သူ၏နဂါးထိန်းကျမ်းစဉ်တွင် သူ တတ်မြောက်ထားသော သိုင်းကွက်အားလုံး ထည့်မရေးထားပေ။ အချက်အလက်တချို့ လျှိုထား၏။ ချင်မူ့လက်ထဲရှိ နဂါးထိန်းကျမ်းစဉ်က နဂါးစီးဂိုဏ်းအမွေရရှိခဲ့သော ကျမ်းစဉ်ထက် ပိုမိုပြည့်စုံသော်လည်း အရေးအကြီးဆုံးသိုင်းကွက်များကို ရေးသားဖော်ပြထားခြင်းမရှိပေ။
နဂါးနှစ်ကောင်ကို လက်ကိုင်တုတ်နှစ်လက်အဖြစ် ဆုပ်ကိုင်ပြီး ရိုက်ချလိုက်သည့်အခါ သူ၏ခွန်အားက ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၍ ချင်မူတို့နားများ အူထွက်သွားသည်။
ထိုမျှမက ထိုရိုက်ချက်ကြောင့် ဟင်းလင်းပြင်ပြိုကွဲသွားပြီး ပတ်ဝန်းကျင်ရှိ လေအားလုံး စုပ်ယူခံလိုက်ရသည်။
ဤသည်ကား အဆင့်မြင့်သိုင်းပညာရှင်များ၏ တိုက်ပွဲနှင့် မတူပေ။
အဆင့်မြင့်သိုင်းပညာရှင်များ၏ တိုက်ပွဲပေါင်းများစွာကို ချင်မူ မြင်ခဲ့ဖူးသည်။ ဂိုဏ်းသခင်အဆင့် သိုင်းသမားများ၏ တိုက်ပွဲများကိုသာမက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ပုန်ကန်မှုကို နှိမ်နင်းခဲ့သော သိုင်းတိုက်ပွဲကိုပင် ကိုယ်တိုင် မြင်တွေ့ခဲ့ဖူး၏။ သူတို့ကောင်းကင်နတ်သိုင်းအချင်းချင်း ထိတိုက်မှုက အဖျက်စီးအားလှိုင်းကို အရပ်လေးမျက်နှာသို့ ပေါက်ကွဲဖြာထွက်သွားစေခြင်းမျိုး ဖြစ်သည်။
သို့သော် နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်က အလွန်သန်မာအားကောင်းသည့်အတွက် မည်သည့်အားလှိုင်းမှ အလဟဿ ဖြာထွက်မသွားပေ။ အဖျက်အစီးအားလှိုင်းအားလုံးက ရိုက်ချလိုက်သည့် နေရာတစ်ခုတည်းအပေါ် စုပုံကျရောက်သွား၏။
အရပ်လေးမျက်နှာသို့ ပေါက်ကွဲဖြာထွက်သွားစေသော ထိတိုက်မှုမျိုးက ကြီးမားပြီး ကြောက်မက်ဖွယ်ရာကောင်းသော်လည်း အင်အားပြန့်ကြဲသွားသည်။ ကောင်းကင်နတ်သိုင်း ပြိုင်ဘက်ကို ထိမှန်သည့်အခါ အင်အားက အတော်လေး လျော့ကျသွားခဲ့ပြီဖြစ်သည်။
နဂါးထိန်းဧကရာဇ် ရိုက်ချလိုက်သည့်အခါ အားလှိုင်းဖြာထွက်မှု မရှိသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ခွန်အားထိန်းချုပ်နိုင်စွမ်းက အလွန်မြင့်မားနေပြီဟု ဆိုလိုသည်။
၎င်းက ခွန်အားအနုပညာဖြစ်သည်၊ တစ်သက်လုံး ခွန်အားကို တစိုက်မတ်မတ် လေ့လာထားသော လူအနည်းစုသာ ဤအနုပညာမျိုးကို ခံစားနိုင်၏။
ကောင်းကင်ခန်းမထဲရှိ ချင်မူတို့မှာတော့ ခံစားနေရန် အချိန်မရှိပေ။ ခန်းမထဲရှိ လေအားလုံး ဟင်းလင်းပြင်အပေါက်ထဲ စုပ်ယူခံလိုက်ရ၍ သူတို့မှာ အဆုတ်အတွင်းမှ လေပင် စုပ်ထုတ်ရတော့မည့်အလား ဖိအားဒဏ်ခံလိုက်ကြရသည်။
ကြောက်မက်ဖွယ်ဖိအားက သူတို့ကို ဖြစ်ညစ်နေပြီး လေများစုပ်ယူခံလိုက်ရခြင်းကြောင့် သူတို့၏ခန္ဓာကိုယ်များ ဖောင်းကားလာသည်ကို ခံစားလိုက်ကြရသည်။ သူတို့၏မျက်လုံး၊ နှလုံး၊ အဆုတ်များအားလုံး ဖောင်းကားလာကြပြီး သွေးများ၊ ကျင်ငယ်ရည်များက ထိန်းမနိုင်သိမ်းမရ စီးထွက်လာတော့သည်။
စုပ်ယူခံနေရသော လေလှိုင်း၏ ရိုက်ခတ်မှုကြောင့် သူတို့၏ခန္ဓာကိုယ်များက သူတို့၏အလိုမပါဘဲ လေပေါ် မြောက်တက်ကုန်ကြသည်။ သူတို့အားလုံး နဂါးထိန်းဧကရာဇ်၏ လက်ကိုင်တုတ်ဆီ ပျံထွက်သွားကြပြီး သေမင်းခံတွင်းဝသို့ ပြေးဝင်နေကြသည်နှင့် တူနေတော့သည်။
နဂါးထိန်းဧကရာဇ်၏ လက်ကိုင်တုတ်များအောက်သို့ စုပ်ယူခံလိုက်ရပါက သူတို့အားလုံး ပုရွက်ဆိတ်များသဖွယ် ပြားကပ်သွားလိမ့်မည်။
ချင်မူ သမင်ကြီး၏ ချိုတစ်ဖက်ကို လက်တစ်ဖက်ကို လှမ်းဆွဲပြီး ကျန်တစ်ဖက်ဖြင့် မုချင်းသိုင်၏လက်အား ဆုပ်ကိုင်လိုက်သည်။ မုချင်းသိုင်၏ ခါးစည်းကြိုးက လောင်ယွီ၏ ခြေထောက်များကို ရစ်ပတ်လိုက်ပြီး လောင်ယွီက ဝမ့်မူရန်ကို လှမ်းဆွဲလိုက်သည်။
လေးယောက်သား အတန်းလိုက်ဖြစ်နေပြီး သမင်ကြီးမှာ ခြေမခိုင်တော့၍ မြေကြီးထဲ တူးဝင်ရန် ကြိုးစားလိုက်သည်။ သို့သော် အကုန်လုံး ခန်းမအပြင်နှင့် တရွေ့ရွေ့ နီးကပ်လာသည်။
သမင်ကြီးက ပါးစပ်ဟပြီး နဂါးချီလင်၏ အမြီးကို လှမ်းကိုက်လိုက်သည်။ နဂါးချီလင်မှာ နာသွား၍ ဒေါသတကြီး ညည်းတွားလိုက်၏။ ဆွဲအားက မည်မျှပြင်းထန်စေကာမူ နဂါးချီလင်က မရွေ့ပေ။
ဒုန်းးး
ခန်းမအပြင်မှ ကမ္ဘာတစ်ခုလုံး သိမ့်သိမ့်တုန်သွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ နဂါးထိန်းဧကရာဇ်၏ ရိုက်ချက်က ရွှေအနှင့် ထိသွားသည့်အခါ ဖြာထွက်လာသော တုန်ခါလှိုင်းများကြောင့် ချင်မူတို့လေးယောက်လုံး မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ လေထဲတွင် အတန်းလိုက် တုန်ခါသွားကြသည်။
ရွှေအနှင့် နဂါးထိန်းဧကရာဇ်တို့၏ သိုင်းကွက်များ ထိသွားသည့်အချိန်တွင် သူတို့၏ခွန်အားကြောင့် ဟင်းလင်းပြင်ထဲတွင် လှိုင်းဂယက်များ ဖွဲ့တည်လာသည်။ လှိုင်းဂယက်များက နိမ့်ချည်၊မြင့်ချည်ဖြင့် ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ ထို့ကြောင့် လေထဲမြောက်တက်နေသော ချင်မူတို့လေးယောက်လည်း တုန်ခါသွားကြခြင်းဖြစ်သည်။
သူတို့ပါးစပ်မှ သွေးများစီးကျလာသည်။ ဟင်းလင်းပြင်ထဲရှိ လှိုင်းဂယက်များက သူတို့ကို တုန်ခါသွားစေရုံသာမဟုတ်။ သူတို့၏ခန္ဓာကိုယ်များလည်း ဟင်းလင်းပြင်နှင့်အတူ လိမ်ဖယ်သွား၍ ကိုယ်တွင်းကလီစာများ နေရာလွဲကုန်ကြသည်။ အရိုးများလည်း ကျိုးကြေကုန်၍ သူတို့အားလုံး ဖိအားဒဏ်ကို မခံနိုင်ကြတော့ပေ။
“အားသိပ်ကြီးတာပဲ” နဂါးချီလင်က အသံဗြဲကြီးဖြင့် အော်လိုက်သည်။ “အန်တောင် အန်မိတော့မယ်”
ချင်မူတို့မှာ ပျို့တက်လာပြီး မျော့မျော့သာကျန်တော့သော်လည်း ဖက်တီးနဂါးက အားအင်အပြည့်ဖြင့် စကားပြောနိုင်သေး၏။
ထိုအခိုက်အတန့်တွင် အပြင်၌ လင်းထိန်လာပြီး နှင်းကဲ့သို့ ဖြူဆွတ်နေသော အလင်းရောင်က သူတို့ကို မျက်လုံးစူးသွားစေသည်။ အလင်းရောင် အဆုံးစွန်အထိ တောက်ပလာသည့်အချိန်တွင် အမှောင်ဖုံးသွား၏။ မည်သူ့ကောင်းကင်နတ်သိုင်းက သူတို့မျက်လုံးရှေ့ရှိ အရာအားလုံးကို အမှောင်ဖုံးသွားစေမှန်း သူတို့ မသိလိုက်ပေ။ မျက်လုံးများ မျက်ရည်များ စီးကျလာ၍ မျက်လုံးဒဏ်ရာမရအောင် သူတို့လေးယောက်လုံး မျက်လုံးကောင်းကင်နတ်သိုင်းများအား ကမန်းကတန်း ထုတ်လွှတ်လိုက်ကြရသည်။
ဘုတ် ဘုတ် ဘုတ် ဘုတ်
လေးယောက်လုံး မြေပေါ် ပြန်ကျသွားသော်လည်း ဒုတိယအကြိမ် ထိတိုက်မှုကြောင့် လှိုင်းဂယက်များ နောက်တစ်ကြော့ ဖြာဆင်းလာသည်။ ကံကောင်းထောက်မစွာနှင့် ခပ်ဝေးဝေးမှ လာပုံရ၏။ သို့တိုင်အောင် တုန်ခါလှိုင်းများကြောင့် မြေကြီးတွင် ပင်လယ်မျက်နှာပြင်ကဲ့သို့ လှိုင်းတွန့်များ ထသွားသည်။ နဂါးချီလင်ပင် မြောက်တက်သွားသည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ချင်မူတို့လေးယောက် မျက်နှာကြက်ဖြင့် မိတ်ဆက်သွားသည်။
“ဘယ်သူက ဘွားဘွားအတွက် ဒီလောက်ခိုင်ခံတဲ့ နန်းဆောင်တွေ ဆောက်ပေးခဲ့တာတုန်းကွာ....” ချင်မူ ညည်းတွားလိုက်မိသည်။ ဝင်တိုက်သွားသည့်ဒဏ်ကြောင့် သူ့ပါးစပ်မှ သွေးများ စီးကျလာသော်လည်း လည်ချောင်းဝ၌ တစ်နေသော သွေးများကိုတော့ သူ ပြန်မြိုချလိုက်သည်။
ယခင်က မဟာနတ်ဂိုဏ်းသခင်ချင်သည် အိမ်များ၊ နန်းဆောင်များကို ဖျက်စီးခဲ့ဖူး၏။ ဤမျှခိုင်ခံသောအဆောက်အဦကိုတော့ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်မှ နန်းဆောင်များလည်း သူ့ကြောင့် ပြိုခဲ့ရသည်။ နန်းတွင်း၊ နန်းတွင်းကောလိပ်နှင့် လိုလန်ရွှေနန်းတော်၏ နန်းဆောင်များပင် မလွတ်ခဲ့ပေ။ နဂါးသွေးကြောတစ်ကြောကိုပင် သူ ဖြိုချခဲ့သေးသည်။
သို့သော် အဘွားစစ်၏ နန်းတော်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ခိုင်ခံ၏။ သူ မျက်နှာကြက်နှင့် ဝင်တိုက်သွားသည့်အချိန်တွင် သူတို့အရိုးများ ကျိုးကြေလုနီးပါး ဖြစ်သွားသော်လည်း မျက်နှာကြက်က ပြိုကျရန် အသာထား၊ အက်ပင် အက်မသွားပေ။
တတိယအကြိမ်ထိတိုက်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါလှိုင်းကြောင့် ချင်မူတို့ မြေကြီးပေါ် အထပ်လိုက် ပြုတ်ကျသွားကြသည်။ မုချင်းသိုင်မှာ ကံဆိုးစွာနှင့် အောက်ဆုံးရောက်သွားပြီး ဝမ့်မူရန်၊ လောင်ယွီ၊ ချင်မူ၊ သမင်ကြီးနှင့် နဂါးချီလင်တို့က သူမအပေါ် အထပ်လိုက် ကျသွားကြသည်။
အကုန်လုံး ကပျာကယာ ဖယ်ပြီး ကျောက်စိမ်းမြို့တော်မှ မမကြီးကို ကြည့်လိုက်ကြသည့်အခါ သူမမှာ မျက်ဖြူပင် ဆိုက်နေသည်ကို တွေ့လိုက်ကြရသည်။ ချင်မူ သူမပါးစပ်ကို ကမန်းကတန်း ဖွင့်၍ နဂါးသွားရည်တစ်ပုလင်း တိုက်လိုက်မှ အသက်ကယ်နိုင်သွား၏။
စတုတ္ထလှိုင်းက ပို၍ပင် ဝေးသွားသော်လည်း အားမနည်းသေးပေ။ ဟင်းလင်းပြင်ရွေ့လျားမှုက သူတို့၏ခန္ဓာကိုယ်များကို ဆွဲဆန့်၊ ဆွဲချုံ့ပြီး ဖြန့်ကား၊ ဖြစ်ညစ်ပစ်လိုက်သည်။ ဖြန့်ကားခံလိုက်ရသောအခါ အပိန်ဆုံး မုချင်းသိုင်ပင် ဝတုတ်သွားပြီး ဖြစ်ညစ်ခံလိုက်ရသည့်အခါ အဝဆုံးဖက်တီးနဂါးပင် သေးသွယ်သွား၏။ သူ့ဗိုက်လည်း ပျောက်သွားသည်။
ပဉ္စမအားလှိုင်း ရောက်လာသည့်အချိန်တွင် သက်ရောက်မှု သိပ်မရှိတော့၍ အကုန်လုံး အသက်ရှူချောင်သွားကြသည်။
နတ်ဘုရားတို့၏ တိုက်ပွဲက လူသားများအတွက် ငရဲဖြစ်သည်။ သူတို့သည် ကောင်းကင်နတ်သိုင်းပညာရှင်များအကြား ထူးချွန်သူများဖြစ်သော်လည်း နတ်ဘုရားတို့၏တိုက်ပွဲအတွင်း ခြေချော်လက်ချော်ဖြစ်သွားလျှင် အသေဆိုးဖြင့် သေရလိမ့်မည်။
“မာ ဟာ မာ ဟာ”
ထူးဆန်းသောအသံများ အပြင်မှ ထွက်လာ၍ ယခုလေးတင်မှ အသက်ရှူချောင်သွားသော ချင်မူမှာ ရင်ထဲ ထိတ်သွားရပြန်သည်။ သူ ရွှေပုလွေကို ထုတ်လိုက်သည့်အချိန်မှာ၌ သွေးနဂါးများက အမိုးပေါ်မှ အစုလိုက်အပြုံလိုက် ဆင်းလာကြသည်။ သူတို့၏ခြေထောက်ကြီးများက မြေကြီးပေါ် နင်းလိုက်ကြပြီး နဂါးကြီးများသည် သူတို့ ထွက်မပြေးနိုင်အောင် ပတ်ပတ်လည်မှ ဝိုင်းထားကြ၏။
ချင်မူ ပုလွေမှုတ်လိုက်သည့်အခါ ကြေးတိုင်လုံးများကို ရစ်ပတ်ထားသော နဂါးများက တဖြည်းဖြည်း လျှောဆင်းလာပြီး ခန်းမအရှေ့၌ ရပ်လိုက်ကြသည်။
ခန်းမအတွင်းတွင် အကုန်လုံး ရင်တမမ ဖြစ်နေကြသည်။
နတ်ဘုရားတစ်ပါး၏ သွေးမှ အသွင်ပြောင်းလဲလာသော သွေးနဂါးများသည် အရေအတွက်များပြား၏။ ထို့အပြင် ကျောက်စိမ်းမြို့တော်ငယ်ပင် နတ်ဘုရားသွေး၏ စွမ်းအားအကြောင်း ကြားခဲ့ဖူးသည်။ ကျောက်စိမ်းမြို့တော်ငယ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နံပါတ်တစ် အထွတ်အမြတ်မြေဖြစ်သည့်အတွက် သူတို့သိထားသော လျှို့ဝှက်ချက်များက ချင်မူ သိထားသည်အောက် နည်းပါးမည်မဟုတ်ပေ။
ချင်မူ့အတွက် နတ်ဘုရားသွေးကိုသော်လည်းကောင်း၊ မိစ္ဆာသွေးကိုသော်လည်းကောင်း ပထမဆုံးမြင်ဖူးခြင်းမဟုတ်ပေ။ မဟာမြို့ပျက်တွင် ရွာလူကြီးနှင့်အတူ ရှိစဉ်တုန်းက နတ်ဘုရားသွေး၏စွမ်းအားကို မြင်ခဲ့ဖူးသည့်အပြင်၊ နတ်ဘုရားနှင့်မိစ္ဆာသွေးကြောင့် အင်အားကြီးမားလာခဲ့သော အထီးကျန်တောင်ကြားသစ်မြစ်မိစ္ဆာကိုလည်း မြင်ခဲ့ဖူးသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် အထက်ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး၏တိုက်ပွဲမှ ကျန်ခဲ့သော နတ်ဘုရားသွေးကန်ကိုလည်း သူ မြင်ခဲ့ဖူးသည်။
သို့တိုင်အောင် နဂါးထိန်းဧကရာဇ်၏ သွေးမှ အသွင်ဖွဲ့တည်လာသော သွေးနဂါးများ မည်မျှသန်မာအားကောင်းကြောင်း သူ မခန့်မှန်းတတ်ပေ။
ရွှေပုလွေဖြင့် နဂါးများကို သူ ထိန်းချုပ်နိုင်သော်လည်း သွေးနဂါးများကို ဟန့်တားနိုင်မည်ဟု သူ ယုံကြည်ချက်မရှိ။ အန္တရာယ်အများဆုံးက သွေးနဂါးများကို ဖွဲ့တည်ပေးထားသော နဂါးသွေးအတွင်းရှိ စွမ်းအင်ဖြစ်သည်။
သွေးနဂါးများက ခန်းမအပြင်၌ လျင်မြန်စွာ ခုန်ကူးရွေ့လျားနေကြသည်။ သူတို့သည် တောခွေးရိုင်းများပမာ အခွင့်အရေးကို စောင့်နေကြ၏။
ရုတ်တရက် သွေးနဂါးတစ်ကောင်က နှစ်ကြိမ်တွန်လိုက်ပြီး တမုဟုတ်ချင်း ခန်းမအတွင်း ခုန်ဝင်လာသည်။
ချင်မူ့ပုလွေသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အပေါက်ဝ၌ စောင့်နေသော နဂါးများက သွေးနဂါးများအပေါ် ခုန်အုပ်လိုက်ကြသည်။
ချင်မူ ထိန်းချုပ်ထားသော နဂါးများသည် အလွန်တရာ သန်မာအားကောင်း၏။ သူတို့က နဂါးထိန်းဧကရာဇ်ကိုယ်တိုင် နှစ်ပေါင်းများစွာ မွေးမြူထိန်းကျောင်းထားသော နဂါးများ ဖြစ်ကြ၍ သူတို့၏စွမ်းရည်က အင်မတန် မြင့်မားကြသည်။
သွေးနဂါးများမှာ ရေနဂါးတို့၏ စုတ်ဖြဲကိုက်ဖြတ်ခြင်း ခံလိုက်ရသည့်အခါ သွေးမြူများအဖြစ် ပြိုကွဲသွားကြသည်။ နဂါးထိန်းဧကရာဇ် မွေးထားသော နဂါးများနှင့်ယှဉ်လျှင် သွေးနဂါးတို့၏စွမ်းရည်က အားနည်းလွန်း၏။
အပြင်မှ နဂါးတွန်သံများ တစတစ တိတ်ဆိတ်သွားသည်။ မိုးသံတဖြောက်ဖြောက်နှင့် ချင်မူ့ပုလွေသံကိုသာ ကြားနေရ၏။
ပုလွေသံလည်း တဖြည်းဖြည်း တိုးသွားသည်။
မိုးသံက ပိုမိုကျယ်လောင်လာသည်။ ခန်းမထဲရှိ လူများမှာ စိတ်အေးအေးမထားနိုင်ဘဲ ရင်တထိတ်ထိတ် ဖြစ်နေကြသည်။ သူတို့ ခန်းမအပြင် ကြည့်လိုက်ကြသည့်အခါ လျှပ်စီးတန်းများ ဝင်းခနဲ ဝင်းခနဲ လက်သွားသည်ကို မြင်လိုက်ရသည်။ ချင်မူတို့၏မျက်နှာများက လင်းသွားလိုက်၊ မှောင်သွားလိုက် ဖြစ်နေသည်။
ရေနဂါးတစ်ကောင်က ခန်းမ၏ဝင်ပေါက်မှ အထဲသို့ တရွေ့ရွေ့ ဆုတ်လာသည်။
ချင်မူ ရင်ထဲ ထိတ်သွားသည်။ ထို့နောက် နောက်တစ်ကောင် ဆုတ်လာသည်ကို မြင်လိုက်ရ၏။ နှစ်ကောင်၊ သုံးကောင်၊ လေးကောင်....
ရေနဂါးဆယ်ကောင်ကျော်မှာ ရန်သူတော်ကြီးကို တွေ့လိုက်ရ၍ ကြောက်လန့်နေကြပုံပေါ်သည်။ တစ်ကောင်ပြီးတစ်ကောင် နောက်ဆုတ်လာကာ ချင်မူတို့နောက်တွင် ကွယ်လိုက်ကြ၏။
“အပြင်က ဘယ်သူလဲ” လောင်ယွီ အက်ကွဲကွဲ လှမ်းအော်လိုက်သည်။
အပြင်မှ ခြေသံများ ထွက်လာသည်။ ခြေသံများက သူတို့၏နှလုံးသားကို နင်းခြေနေသည့်အလား သည်းထိတ်ရင်ဖိုစရာ ကောင်း၏။
ခြေသံများ တဖြည်းဖြည်း နီးလာသည်။
ချင်မူ ရွှေပုလွေ မှုတ်ကြည့်လိုက်သော်လည်း နဂါးအားလုံး ကြမ်းပြင်ပေါ်တွင် ဝပ်နေကြသည်။ တုပ်တုပ်မှ မလှုပ်ကြတော့ပေ။
ချင်မူ့ဖူးမှ ချွေးများ ကျလာ၏။ ခန်းမ၏အပေါက်ဝ၌ ထွားထွားကြိုင်းကြိုင်း အရိပ်ကြီးတစ်ခု ပေါ်လာပြီး အပေါက်ဝအား ပိတ်ရပ်လိုက်သည်။
သွေးများဖြင့် ဖွဲ့တည်နေသော နဂါးထိန်းဧကရာဇ်
နဂါးချီလင်မှာ သူ့ကို မြင်လျှင် ကြွက်သားများ နုံးခွေသွားပြီး မြေကြီးပေါ် လဲကျသွား၏။
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ နဂါးထိန်းဧကရာဇ်သည် သူမွေးထားသော နဂါးများအား ဖိနှိပ်နိုင်၏။ ထို့အပြင် သူ၏ထူးဆန်းသောအရှိန်အဝါက နဂါးချီလင်ကိုလည်း ခြောက်လှန့်နိုင်သည်။
“မင်း လှမ်းခေါ်လိုက်တဲ့ ပန်းပဲဆရာက မဆိုးဘူးပဲ” နဂါးထိန်းဧကရာဇ်၏ သွေးကိုယ်ပွားက သွားရဲရဲကြီးများကို ဖြဲပြသည်။ သူ၏အနီရောင်မျက်လုံးများက ချင်မူ့ကို စိုက်ကြည့်ပြီး သူက အေးစက်စက် ပြောလိုက်၏။ “ဒါပေမဲ့ သူ မင်းကို မကာကွယ်နိုင်တော့ဘူး။ ကောင်လေး ငါ့ကို ရိုးရိုးသားသားလေး ပြုံးပြစမ်းပါဦး”
ချင်မူ ဖြစ်ညစ်ပြုံးပြီး ကျန်ရှိသူများကို အော်ဟစ်လိုက်သည်။ “ဒါ နတ်ဘုရားသွေးတုံးကြီးသက်သက်ပဲ။ ငါတို့ ပေါင်းပြီး သူ့ကို ဖျက်စီးပစ်ကြစို့”