← Chapters

သင့်တော်မှန်ကန်ပါပေသော

Vol. 27 Ch. 375

သင့်တော်မှန်ကန်ပါပေသော

Vol. 27 Ch. 375

“ဒီအပြုံးမဟုတ်ဘူး” နဂါးထိန်းဧကရာဇ်က ချင်မူ့မျက်နှာကို စိုက်ကြည့်ပြီး ခေါင်းခါသည်။ “အရင်တုန်းက မင်းပြုံးတဲ့အပြုံးက အကုန်လုံးကို ယုံကြည်ချင်စိတ်ပေါက်လာစေတဲ့ အပြုံးမျိုး။ မင်းလက်ထဲက ဓားမနဲ့ ရင်ဝတည့်တည့်ကို ထိုးရင်တောင်မှ ယုံမိ‌နေဦးမယ့် အပြုံးမျိုး။ အခု မင်းအပြုံးက လုပ်ပြုံးကြီး။ ရင်ထဲက လာတဲ့ ရိုးရိုးသားသား အပြုံးမဟုတ်ဘူး”

သူ့စကားကို နားထောင်ရင်း ချင်မူ့ဘေးရှိ ဝမ့်မူရန်၊ မုချင်းသိုင်နှင့် လောင်ယွီတို့ တုန်ရီလာကြသည်။ သမင်ကြီးပင် ကြောက်လွန်း၍ မျက်လုံးများ ပြူးထွက်လာ၏။

သူတို့ ချင်မူနှင့် လည်ပင်းဖက်၍ မပေါင်းဖူးသော်လည်း မိတ်ဆွေသူငယ်ချင်းဖြစ်နေသေးသည်။ သူနှင့်အတူ ရှိနေတုန်းက သူက လူသားဧကရာဇ်အပြင် တခြားရာထူးရှိသေးသည်ကို သူတို့ အလွယ်တကူ မေ့လျော့သွားခဲ့သည်။ ချင်မူကား ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် မကောင်းဆိုးဝါး ဖြစ်သည်။

သူနှင့်အတူ ရှိနေတုန်းက သူက မည်သူမည်ဝါဖြစ်သည်ကို အားလုံး မေ့ထားခဲ့ကြသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဖြစ်စေ၊ လူသားဧကရာဇ်ဖြစ်စေ ချင်မူသည် သူ့အတွက် မိတ်ဆွေဖွဲ့သင့်သောလူတစ်ယောက် ဖြစ်သည်ဟုသာ ခံစားခဲ့ကြရ၏။

သို့သော် နဂါးထိန်းဧကရာဇ်၏ စကားကို နားထောင်ရင်း သူတို့ ကျောထဲစိမ့်အေးသွားကြသည်။

‘ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဆိုတဲ့အတိုင်းပဲ။ လူတွေ သူ့ကို မကောင်းဆိုးဝါးအိုကြီးလို့‌ ‌ခေါ်ကြတာ အံ့ဩစရာမရှိဘူး...’ လောင်ယွီ သူ့ဘာသာသူ တွေးမိလိုက်သည်။ ‘ဒီမျိုးဆက်ရဲ့ လူသားဧကရာဇ်က ထက်မြက်လွန်းတယ်။ နဂါးထိန်းဧကရာဇ်လို နတ်ဘုရားတစ်ပါးတောင်မှ သူ တစ်ပတ်ရိုက်တာ ခံခဲ့ရတယ်ဟ’

ချင်မူက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ “နဂါးထိန်းဧကရာဇ်၊ ခင်ဗျားပြောတဲ့ပုံက မသိရင် ကျွန်တော်က လူယုတ်မာကြီးကျလို့။ ကျွန်တော်က ကျွန်တော့်မိတ်ဆွေတွေကို ဘယ်တော့မှ မလှည့်စားတတ်ဘူး”

သူ့မျက်နှာက အလွန်ရိုးသားသည့်အတွက် သူ့ကို မြင်လိုက်ရသူတိုင်း ယုံကြည်အားကိုးချင်ကြလိမ့်မည်။ ဝမ့်မူရန်တို့မှာ ထိုမျက်နှာကို မြင်လျှင် ရင်ထဲ မတင်မကျဖြစ်နေမှုများ ပျောက်ကွယ်သွားကြသည်။

“အေး အဲဒီအပြုံးပဲ” နဂါးထိန်းဧကရာဇ်က သ‌ရော်တော်တော် ပြုံး၍ ပြောလိုက်သည်။ “မင်းနှလုံးသားထဲက လာတဲ့ ရိုးသားမှုဆိုတာလေ။ မင်းက ဒီလိုရိုးရိုးသားသား ပြုံးပြပြီး ရှက်ကိုးရှက်ကန်းတောင် ဖြစ်ပြနိုင်သေးတယ်ပေါ့။ ဟာသပဲ မျက်စိတစ်မှိတ်အတွင်း ငါ့နဂါးတွေကို ခိုးသွားပြီးတော့”

သူ့အရှိန်အဝါက တမုဟုတ်ချင်း အားကုန်ပေါ်ထွက်လာ၍ လေလှိုင်းများ တိုက်ခတ်သွားသည်။ လေလှိုင်းများ နံရံများကို ဝင်တိုက်သည့်အခါ လှိုင်းတံပိုးများ ကမ်းစပ်ကို ဖြိုခွင်းလိုက်သကဲ့သို့ အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။

ချင်မူ အံ့အားသင့်သွားသည်။ သူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လျင်မြန်စွာ လှည့်ပတ်လိုက်၍ သူ၏ခန္ဓာကိုယ်က မာကြောတောင့်တင်းလာသည်။ တစ်ချိန်တည်းမှာပင် ဓားအိမ်ပွင့်ထွက်သွားပြီး ရွှင်ပျော်ပျော်ဓားက သူ၏ရင်ဘတ်နေရာကို ကာကွယ်ပေးလိုက်၏။

ထို့နောက် ဘုန်းခနဲ မြည်သံကြီး ထွက်ပေါ်လာသည်။ ချင်မူ ရွှင်ပျော်ပျော်ဓားနှင့်အတူ နောက်ခုန်လိုက်သည်။ သူ၏ခြေထောက်များက လေထဲတွင် လျင်မြန်စွာ ဖြတ်ပြေးသွားပြီး ‌ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းဖြင့် အားလှိုင်းများကို ဖြိုခွင်းလိုက်သည်။ သို့သော် နဂါးထိန်းဧကရာဇ်၏ ခွန်အားက အလွန်ကြီးမားလွန်း၏။ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကဲ့သို့ အံ့ဖွယ်ကျင့်စဉ်တစ်ခုကပင် ၎င်း၏အားလှိုင်းကို အပြတ်ရှင်းဖြိုခွဲရန် မလုံလောက်ပေ။ အဆုံးသတ်တွင် ချင်မူ ‌နောက်မဆုတ်နိုင်တော့၍ နောက်ရှိနံရံအား တိုက်မိသွားသည်။

ဝမ့်မူရန်၊ မုချင်းသိုင်နှင့် လောင်ယွီတို့လည်း တွေဝေမနေတော့ဘဲ အင်အားအကြီးဆုံးသိုင်းကွက်များကို နဂါးထိန်းဧကရာဇ်ဆီ ပို့လွှတ်လိုက်ကြသည်။

သူတို့သုံးယောက်သည် ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်များ ဖြစ်ကြ၏။

ကျောက်စိမ်းမြို့တော်၏ တပည့်ရွေးချယ်ပုံက ရှေးရိုးအဆန်ဆုံးဖြစ်သည်။ နတ်ဝိဇ္ဇာများသည် လူ့ပြည်တွင် လှည့်လည်သွားလာပြီး ပါရမီအထက်သန်ဆုံး လူငယ်များ ရွေးချယ်ကာ သူတို့၏အကျင့်စရိုက်များ၊ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ အလိုက်သင့်နေတတ်မှုနှင့် တခြားစွမ်းရည်များကို အကဲခတ်လေ့လာကြ၏။ ထို့နောက် စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ခိုင်းပြီးမှ တပည့်အဖြစ် ရွေးချယ်သည်။

သူတို့သုံးယောက်လုံး ထိုနည်းလမ်းအတိုင်း ကျောက်စိမ်းမြို့တော်ငယ်သို့ ခေါ်သွားခံကြရပြီး အကျော်ကြားဆုံးကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများကို သင်ယူလေ့လာကြရသည့်အတွက် သူတို့၏ကျင့်စဉ်စွမ်းအင်က အလွန်တရာသန်မာအားကောင်းလေသည်။ သူတို့ တက်လှမ်းလာသည့် အဆင့်တိုင်းက ခိုင်မာပြီး အမှားကင်းစင်သည်ဟု ဆိုရလိမ့်မည်။ အရပ်ခြောက်မျက်နှာအဆင့်၌ သူတို့ကို ကျော်တက်နိုင်သူ အနည်းအကျဉ်းသာ ရှိသည်။

လောင်ယွီ ထုတ်လွှတ်လိုက်သည်က ကောင်းကင်မျက်လုံးဓားနှလုံးသားကျင့်စဉ် ဖြစ်ပြီး သူ၏မျက်လုံးနှစ်လုံးမှ ဓားရောင်နှစ်တန်းက တရှိန်ထိုး ထွက်သွားသည်။ တစ်တန်းက အလျားလိုက် ရွေ့လျားသွားပြီး နောက်တစ်တန်းက ဒေါင်လိုက်သွားကာ နဂါးထိန်းဧကရာဇ်အား ပိုင်းချလိုက်၏။

မုချင်းသိုင် ထုတ်လွှတ်လိုက်သည်က ချီတောက်ယန်ကျားကျမ်းစာဖြစ်သည်။ ချီတောက်ယန်ကျားကျမ်းစာက တာအိုဝါဒနှင့် ဗုဒ္ဓဝါဒနှစ်မျိုးလုံးကို ကျင့်ကြံသော သိုင်းကျင့်စဉ်တစ်ခုဖြစ်၏။ ၎င်းက ဗောဓိသတ္တသစ်ပင်တစ်ပင်ပမာ ငြိမ်သက်ပြီး ခရီးသွားနတ်ဝိဇ္ဇာတစ်ပါးပမာ ရွေ့လျားသွားသည်။ သူမ လက်မြှောက်လိုက်သောအခါ ဗုဒ္ဓ‌ရောင်ခြည်တန်းများက ကြည်ညိုဖွယ်ကောင်းသော လက်ဝါးကြီးတစ်ဖက်ကို ဖွဲ့တည်လိုက်သည်။

သူတို့နှစ်ယောက်သည် ကျောက်စိမ်းမြို့တော်ငယ်၏ ကျင့်စဉ်များကို တစိုက်မတ်မတ် လေ့လာ၍ ကျင့်စဉ်တစ်ခုတည်းကိုသာ အားသွန်ခွန်စိုက် လေ့လာခဲ့၏။ သို့သော် ဝမ့်မူရန် လျှောက်သောလမ်းကြောင်းက မတူပေ။ သူ့ဆရာ ခြေသလုံးအိမ်တိုင်ကျန်း၏သေဆုံးမှုက သူ့ကို စိတ်ထိခိုက်စေခဲ့၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သူ အမြဲကလဲ့စားချေချင်ခဲ့သည်။ ဧကရာဇ်အတိုင်ပင်ခံကို ရန်သူအဖြစ် သဘောထားကာ ကျင့်စဉ်များစွာ ကျင့်ကြံခဲ့သည်။

ခြေသလုံးအိမ်တိုင်ကျန်း၏ ကျင့်စဉ်တစ်ခုတည်းဖြင့် သူ မည်မျှအားသွန်ခွန်စိုက် ကျင့်ကြံစေကာမူ ခြေသလုံးအိမ်တိုင်ကျန်းထက် သာနိုင်မည်မဟုတ်မှန်း သူ သိသည်။ သူ့ဆရာက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏လက်ထဲတွင် သေဆုံးခဲ့၍ သူ လမ်းကြောင်းအသစ် ဖွင့်ခဲ့သည်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို သူ အနိုင်ယူနိုင်လိမ့်မည်။

ရသေ့ကြီးချင်းယိုနှင့် ကျန်ရှိသူများကလည်း သူ့အတွေးကို နားလည်၍ သူ့အား ဂရုစိုက်ခဲ့ကြသည်။ သူတို့က သူ့ကို ကိုယ်တိုင်သင်ကြားပေးပြီး သူတို့၏သိုင်းကွက်များကို ပြသပေးခဲ့သည်။ သို့ဖြစ်၍ ဝမ့်မူရန်သည် ကျောက်စိမ်းမြို့တော်ငယ်တွင် အငယ်ဆုံးတပည့်ဖြစ်သော်လည်း အထူးချွန်ဆုံးဖြစ်လာခဲ့၏။

သို့ရာတွင် သူတို့သုံးယောက်လုံး၏ ကောင်းကင်နတ်သိုင်းများမှာ နဂါးထိန်းဧကရာဇ်ကို မထိပေ။

နတ်ဘုရားက အလွန်မြန်လွန်းသည်။ သူတို့ ထိသွားသည်မှာ သူ ရွေ့လျားသွားပြီးနောက် ကျန်ခဲ့သော ပုံရိပ်ကိုသာ ဖြစ်သည်။ ပုံရိပ်ကွဲကြေသွားမှ သူတို့၏ကောင်းကင်နတ်သိုင်းများ ပစ်မှတ်ကို လွတ်သွားမှန်း သူတို့ သိလိုက်ကြသည်။

နဂါးထိန်းဧကရာဇ်က သူတို့သုံးယောက်ကို အဖက်မလုပ်ဘဲ ထွက်ပြေးနေသော ချင်မူဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ နတ်ဘုရားက အလွန်မြန်လွန်း၍ ဝမ့်မူရန်တို့ သူ့နောက် လိုက်မမှီတော့ပေ။

သမင်ကြီးက အလွန်မြန်သည်။ သူက နဂါးထိန်းဧကရာဇ်အရှေ့ ခုန်ဝင်ပြီး ချိုများကို ဝိညာဉ်လက်နက်သဖွယ် ယမ်းခါလိုက်၏။

“ဖယ်စမ်း”

အုန်းခနဲ မြည်သံကြီးနှင့်အတူ သမင်ကြီးမှာ အပြင်လွင့်ထွက်သွားပြီး မိုးရေကြားထဲရှိ နံရံတစ်ဖက်ကို ဝင်တိုက်သွားသည်။

“မျက်လုံးတွေဖွင့်” ဝမ့်မူရန်က အလေးအနက် အော်လိုက်သည်။

မုချင်းသိုင်နှင့် လောင်ယွီတို့ တမုဟုတ်ချင်း စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။ နဂါးထိန်းဧကရာဇ်က အလွန်မြန်လွန်း၍ သာမန်မျက်စိဖြင့်ပင် သူ့အရိပ်ကို မမြင်ရတော့ပေ။ ကောင်းကင်မျက်လုံးများကို နိုးထစေလိုက်မှ သူ့ကို မြင်လိုက်ကြရသည်။

သမင်ကြီး လမ်းပိတ်လိုက်တုန်းက နဂါးထိန်းဧကရာဇ်၏အမြန်နှုန်း အတန်ငယ် နှေးသွားခဲ့သည်။ သို့သော် များစွာမကြာလိုက်ဘဲ လျင်မြန်လာ၍ ခန်းမအတွင်းရှိ လေထုမှာ ဖိချုံ့ခံလိုက်ရသည်။

သူ့အနောက်ရှိ ဝမ့်မူရန်၊ မုချင်းသိုင်နှင့် ‌လောင်ယွီတို့မှာ သူတို့ကို စုပ်ယူနေသော ဆွဲအားကို ခံစားလိုက်ရ၍ ထိုဆွဲအားကို အသုံးချကာ နဂါးထိန်းဧကရာဇ်ဆီ တဟုန်ထိုး ပြေးသွားလိုက်ကြသည်။

ထိုစဉ် နဂါးထိန်းဧကရာဇ်၏အရှေ့တွင် ချင်မူ လည်ချောင်းဝမှ ဆို့တက်လာသော သွေးများကို မြိုချလိုက်သည်။ သူ့ထောင်ကျယ်အိတ်ထဲမှ ဓားပျံများ ပျံထွက်လာပြီး မျက်နှာကြက်ဆီ တဟုန်ထိုး ပျံတက်သွားကြသည်။ ထိုအခိုက်အတန့်တွင် သူ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားကို ထုတ်သုံးလိုက်၏။

ရွာလူကြီး သင်ပေးထားသော ပထမဓားကွက်မှ ဓားရောင်များ တဖျတ်ဖျတ် လက်သွားသည်။ သို့တိုင်အောင် ဓားကွက်၏စွမ်းအား အပြည့်အဝ မဖွဲ့တည်နိုင်ခင် တောင်တန်းမြစ်ပြင်များ ဖြိုခွဲခံလိုက်ရသည်။

နဂါးထိန်းဧကရာဇ်က အားအဟုန်ဖြင့် တောင်တန်းမြစ်ပြင်များအား ထိုးခွဲလာ၏။

ချင်မူ့မျက်လုံးများ ဝင်းလက်သွားပြီး ရွှင်ပျော်ပျော်ဓားက ရှေ့တည့်တည့်သို့ ထိုးစိုက်လိုက်သည်။

သူ ဤအခွင့်အရေးကို စောင့်နေခဲ့ခြင်းဖြစ်သည်။

သူ၏သိုင်းအဆင့်မှာ အရပ်ခြောက်မျက်နှာအဆင့်တွင်သာ ရှိသည့်အပြင် ဝမ့်မူရန်တို့လည်း အတူတူပင် ဖြစ်သည်။ သမင်ကြီးက နဂါးချီလင်ကိုပင် မနိုင်ပေ။ နဂါးချီလင်နှင့် ကျန်နဂါးများမှာမူ နဂါးထိန်းဧကရာဇ်၏ အရှိန်အဝါကို ကြောက်၍ မလှုပ်ရဲကြပေ။ ထို့ကြောင် သူတို့မှာ နဂါးထိန်းဧကရာဇ်အတွက် ပြိုင်ဘက်ကမဟုတ်ပေ။

သို့ဖြစ်၍ နဂါးထိန်းဧကရာဇ်ကို သတ်နိုင်မည့် တစ်ခုတည်းသောအခွင့်အရေးက ဓားပန်းချီဖြင့် သူ့အမြင်ကို ကွယ်ထားပြီး ရွှင်ပျော်ပျော်ဓားဖြင့် အလစ်ထိုးနှက်ရန် ဖြစ်သည်။

နဂါးထိန်းဧကရာဇ် ဓားပန်းချီကို ထိုးဖောက်လာသော အခိုက်အတန့်တွင် ရွှင်ပျော်ပျော်ဓားက အသေထိုးစိုက်ပစ်လိမ့်မည်။

ချင်မူ့အနေဖြင့် သူ့ကို ထိပ်တိုက်မရင်ဆိုင်နိုင်ရာ အကွက်ချစီစဉ်ရုံသာ တတ်နိုင်သည်။

နဂါးထိန်းဧကရာဇ် ဓားပန်းချီ၏ ပထမဓားကွက်အား ဖျက်စီးလိုက်သောအချိန်တွင် အေးစက်စက်အလင်းရောင်တစ်ခု သူ့ဆီ လာနေသည်ကို မြင်လိုက်ရသည်။ သူက လက်တစ်ဖက်ဖြင့် မျက်ခုံးနှစ်ဖက်ကြားကို လျင်မြန်စွာ အုပ်လိုက်သော်လည်း ရွှင်ပျော်ပျော်ဓားက သူ့လက်ဝါးကို ထုတ်ချင်းဖောက်၍ နဖူးထဲ စိုက်ဝင်လာကာ သူ့ဦးနှောက်ကို နှစ်ခြမ်းခြမ်းပစ်လိုက်သည်။

ချင်ဟန်ကျန်း၏ နတ်ဓား၊ ရွှင်ပျော်ပျော်ဓား၏ ထက်မြမှုကို မည်သည့်အရာမှ မခုခံနိုင်ပေ။

နဂါးထိန်းဧကရာဇ် မှင်သက်နေသောအချိန်တွင် ရွှင်ပျော်ပျော်ဓားက နောက်စေ့မှ ဖောက်ထွက်သွားပြီး ဦးတည်ချက်ပြောင်းကာ သူ့နှလုံးသားကို နောက်ကျောမှ ထိုးစိုက်လိုက်သည်။ ဓားထိပ်က သူ့ရင်ဘတ်အား ဖောက်ထွက်လာ၏။

ချင်မူ မှော်စွမ်းအင်အကုန်လုံး စုစည်း၍ ဓားအတွင်းရှိ ကောင်းကင်စွမ်းအင်ကို ထိန်းချုပ်ကာ ‌မာန်သွင်းအော်ဟစ်လိုက်သည်။ ဓားအလက်ရှစ်ထောင်က လေပေါ် မြောက်တက်လာပြီး ရွှင်ပျော်ပျော်ဓားဆီ ကျဆင်းလာကြသည်။

ထိုတခဏတွင် ဓားစက်လုံးကြီးအတွင်း၌ နဂါးထိန်းဧကရာဇ် ပျောက်သွားသည်။ ဓားလက်ကိုင်ရိုးများက တစ်ခုနှင့်တစ်ခု ပူးကပ်ထား၍ လေလုံနေသည်။ ဓားစက်လုံးက ရွှေစက်လုံးကြီးပမာ လုံးဝန်နေ၏။

ချင်မူ သက်ပြင်းချ၍ ပါးစပ်ထဲရှိ သွေးများအား ထွေးထုတ်လိုက်သည်။

ဝမ့်မူရန်တို့သုံးယောက် ရောက်လာပြီး ဓားစက်လုံးကို မြင်လျှင် သက်ပြင်းချလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ဓားစက်လုံးကြီးက လှုပ်လာပြီး ဟ,လာသည်။ ဓားများ လျော့ရဲလာပြီး ဓားစက်လုံး ပြိုကွဲတော့မည့် လက္ခဏာများ ပြလာသည်။

“မြန်မြန် ရှောင်ကြ” ချင်မူ အော်ပြီး ခန်းမအပြင်ဆီသို့ ကမန်းကတန်း ပြေးထွက်လိုက်သည်။ ဝမ့်မူရန်တို့လည်း အခြေအနေကို မြင်လျှင် တမုဟုတ်ချင်း လှည့်ပြေးကြသည်။ သူတို့အနောက်တွင် ဓားစက်လုံးကြီးက ဝုန်းခနဲ ပေါက်ကွဲသွားပြီး ဓားပျံများ လွင့်ထွက်လာ၏။

ဓားပျံအားလုံး၏အလယ်တွင် နဂါးထိန်းဧကရာဇ်၏ ကြောက်မက်ဖွယ်ရာ ကိုယ်လုံးကြီး ပေါ်လာသည်။ သူ့အကြည့်က ရေခဲတမျှ ‌အေးစက်နေသည်။ ရွှင်ပျော်ပျော်ဓားအတွင်း ငုပ်လျှိုးနေသော ကောင်းကင်စွမ်းအင် သူ့ကို ထိမှန်သွားသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသည့် သွေးတချို့ ပြိုကွဲသွားခဲ့၏။

ချင်မူ့သိုင်းကွက်က အတော်လေး ရက်စက်ပြီး ကြောက်စရာကောင်းသည်။ သွေးများဖြင့် ဖွဲ့စည်းထားခြင်းကြောင့်သာ မဟုတ်လျှင် သူ ထိုကောင်စုတ်လေး၏ ဓားချက်ကြောင့် ပွဲချင်းပြီးသွားလိမ့်မည်။

ချင်မူတို့မှာ သူတို့နောက်မှ ပျံထွက်လာသော ဓားရောင်များကို ရှောင်ရင်းတိမ်းရင်း တဟုန်ထိုး ပြေးနေကြသည်။ ဓားများက ရှစ်ထောင်ခန့် ရှိသည့်အပြင် ဓားရောင်များ၏အမြန်နှုန်းက ချင်မူ ဓားသိုင်းကို ထုတ်ဖော်လိုက်တုန်းကထက်ပင် မြန်နေသည်။

ရွှပ်

မုချင်းသိုင်မှာ ဓားရောင်များ ထိမှန်သွား၍ ကြေးတိုင်တစ်တိုင်တွင် ထိုးချိတ်သွားသည်။ သူမသည် ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်ဖြစ်သည်နှင့်အညီ ကျင့်စဉ်စွမ်းအင် မြင့်မားပြီး ရုပ်ခန္ဓာကျင့်စဉ်များ ကျင့်ကြံထားသော်လည်း ဓားပျံအရေအတွက်က များပြားလွန်းသည့်အပြင် ဓားရောင်များကလည်း မြန်လွန်းသည်။ သူမ အကုန်လုံး မရှောင်နိုင်ပေ။

ကံကောင်း‌ထောက်မစွာနှင့် ထိုဓားများသည် ချင်မူ့ဓားများဖြစ်ပြီး နဂါးထိန်းဧကရာဇ်၏ သွေးကိုယ်ပွားတွင် ရုပ်ခန္ဓာခွန်အားသာ ရှိ၏။ သူ့ကိုယ်ထဲတွင် မှော်စွမ်းအင်မရှိသည့်အတွက် ချင်မူ့ဓားပျံများကို ထိန်းချုပ်ကာ သူတို့အား သေလုနီးပါး ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

သို့တိုင်အောင် မုချင်းသိုင် ဒဏ်ရာအပြင်းအထန် ရသွားသေးသည်။

သူမ တိုင်တွင် ထိုးချိတ်သွားသည့်အချိန်မှာပဲ လောင်ယွီနှင့် ဝမ့်မူရန်တို့၏ အော်သံများ ကြားလိုက်ရသည်။ တစ်ယောက်က နံရံတွင် ထိုးချိတ်ခံလိုက်ရပြီး တစ်ယောက်က မြေကြီးတွင် ထိုးစိုက်သွား၏။

ချင်မူ ညည်းတွားလိုက်ပြီး ဓားရောင်တစ်ခုက သူ့နှလုံးသားကို ထိုးဖောက်ဝင်‌ရောက်လာသည်။ သူ နှလုံးသားကို နေရာရွှေ့လိုက်၍ ဓားရောင်က အဓိကသွေးကြောမကြီးကို ပွတ်သီဖြတ်သွား၏။ သူလည်း ခန်းမတံခါး၏ ထုတ်တန်းတွင် ထိုးချိတ်သွားပြီး တွဲလောင်းကျနေသည်။

သမင်ကြီးက ခန်းမအပြင်မှ တရှိန်ထိုး ပြေးဝင်လာသော်လည်း ဓားပျံများ ထိမှန်သွား၍ လိမ့်ထွက်သွားပြန်သည်။

“ခင်ဗျား အစစ်အမှန်နဂါးမင်းကိုပဲ လိုချင်တာလား။ ကျွန်တော်ပေးမယ်”

နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၍ ချင်မူ အံတင်းတင်းကြိတ်ကာ ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ဧကရာဇ်တံဆိပ်ပြားက သူ၏ထောင်ကျယ်အိတ်ထဲမှ ပျံထွက်လာပြီး သူ တံဆိပ်ပြားကို နဂါးထိန်းဧကရာဇ်ဆီ ပစ်ပေါက်လိုက်ကာ အလေးအနက် အော်ပြောလိုက်၏။ “ကျွန်တော့်ကို သတ်လို့ရတယ်။ ကျွန်တော့်သူငယ်ချင်းသုံးယောက်ကိုတော့ လွှတ်ပေးလိုက်ပါ”

ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်များ ရင်ထဲထိသွားသည်။ လောင်ယွီ သူ့ဘာသာ တွေးလိုက်မိ၏။ ‘ငါ လူသားဧကရာဇ်ကို အကဲဖြတ်မှားသွားတယ်။ သူက မိတ်ဆွေအပေါ်တော့ သစ္စာရှိသားပဲ...’

ဧကရာဇ်တံဆိပ်ပြားက နဂါးထိန်းဧကရာဇ်ဆီ ပျံသန်းသွားပြီး နဂါးကျောက်စိမ်းအသွင် ပြောင်းလဲနေပြီဖြစ်သည်။ နဂါးကျောက်စိမ်း၏ ကိုယ်ပေါ်တွင် လက်ရေးစာများ၊ သင်္ကေတများနှင့် ပန်းချီများ စီးဖြာသွားပြီး အဆက်မပြတ် ပြောင်းလဲကာ ဆန်းကြယ်နက်နဲသောပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။

“အစစ်အမှန်နဂါးမင်း...” နဂါးထိန်းဧကရာဇ် စိတ်လှုပ်ရှားလာပြီး ဧကရာဇ်တံဆိပ်ပြားကို လှမ်းဖမ်းဆုပ်လိုက်၏။ သူက သရော်တော်တော် ပြောလိုက်သည်။ “အစစ်အမှန်နဂါးမင်းက အစကတည်းက ငါ့အပိုင်ပဲ။ မင်း ငါ့ကို မပေးရင်တောင်မှ မင်းကို သတ်ပြီးရင် ငါ ယူလို့ရသေး.. ဟမ်”

သူ့မျက်နှာ ပြောင်းလဲသွားပြီး သူက ဧကရာဇ်တံဆိပ်ပြားကို ကမန်းကတန်း လွှင့်ပစ်လိုက်သည်။ “အဆိပ်သုတ်ထားတယ်”

ရေခဲတုံးအား ပန်းကန်ပြားပူပူထဲ ထည့်လိုက်သကဲ့သို့ သူ၏ခန္ဓာကိုယ်မှာ အရည်ပျော်လာပြီး လျင်မြန်စွာ အရပ်ပုလာသည်။ သူ့ခြေထောက်အောက်ရှိ သွေးအိုင်မှာ တမုဟုတ်ချင်း ကြီးမားလာ၏။

မီးလောင်ဖုကဲ့သို့ အဖုကြီးများ သူ့ခန္ဓာကိုယ်ပေါ်တွင် ဖောင်းကြွလာ၍ နဂါးထိန်းဧကရာဇ် အထိတ်တလန့် အော်လိုက်မိသည်။ ထိုအဖုကြီးများက ပေါက်သွားပြီး နဂါးသေးသေးလေးများ၏ ခေါင်းများ ထွက်လာကာ စူးစူးဝါးဝါး တွန်ကြသည်။ သူတို့က ထွက်ပြေးရန် ကြိုးစားကြပြီး အနည်းစုသာ ပြေးလိုက်နိုင်ကြ၏။ သို့သော် တချို့က ကိုယ်တစ်ပိုင်း အရည်ပျော်သွား၍ တစ်ပိုင်းပြတ်ဖြင့်သာ ပြေးလိုက်နိုင်သည်။

ဝမ်မူရန်တို့ မှင်သက်နေသည်။ ထိတ်လန့်လွန်း၍ သူတို့ မည်သည့်အရာကိုမှ မတွေးနိုင်တော့ပေ။

ချင်မူက သူ့ကို ထိုးချိတ်ထားသော ဓားကို ဆွဲနုတ်လိုက်သော်လည်း တံခါးထုတ်တန်းက အလွန်မာလွန်း၍ မနုတ်နိုင်ပေ။ သူ ဆွဲမနုတ်တော့ဘဲ ဓားရိုးကို ရိုက်ထည့်လိုက်သည်။ ဓားက သူ့ခန္ဓာကိုယ်ကို ဇွပ်ခနဲ ‌ထိုးဖောက်သွားပြီး သူ မြေကြီးပေါ် ပြုတ်ကျသွား၏။

ချင်မူ ထရပ်လိုက်သော်လည်း နာလွန်း၍ မျက်ရည်များဝဲနေသည်။ ဒဏ်ရာများအ‌ပေါ် နဂါးသွားရည်များ ကပျာကယာ သုတ်လိမ်းပြီး သူက ခပ်တည်တည် ပြောလိုက်၏။ “မနိုင်မှတော့ အဆိပ်သုံးရတော့မှာပေါ့”

ဝမ့်မူရန်တို့ မှင်သက်သွားပြန်သည်။ ရန်သူကို မနိုင်လျှင် အဆိပ်သုံး၍ သတ်ခြင်းက သင့်တော်မှန်ကန်သော လုပ်ရပ်ဖြစ်သကဲ့သို့ ချင်မူက ပြောသွားခဲ့သည်။ သူ့အသံအရ ထိုလုပ်ရပ်က ထမင်းစား‌ရေသောက်ပမာ ရိုးရှင်းသည့်အတိုင်းပင်။

‘ဒီလူသားဧကရာဇ်ကို သင်ပေးထားတဲ့ လူတွေက လူကောင်းဟုတ်ပုံမရဘူး...’ လောင်ယွီ တွေးလိုက်မိသည်။

All Chapters