← Chapters

သေသည်အထိ တိုက်ခိုက်ခြင်း

Vol. 27 Ch. 376

သေသည်အထိ တိုက်ခိုက်ခြင်း

Vol. 27 Ch. 376

မနိုင်သည့်အခါ အဆိပ်ကို သုံးခြင်းက သိုင်းလောကသားအများစု၏ မျက်လုံးထဲတွင် အောက်တန်းကျသောလုပ်ရပ်တစ်ခု ဖြစ်သည်။ ကျောက်စိမ်းမျက်နှာဘုရင်ကို သိုင်းလောကသားများ ဒေါသထွက်ခဲ့ကြသော အကြောင်းရင်းကလည်း အဆိပ်သုံး၍ဖြစ်သည်။

သို့သော် ဤဖြစ်ရပ်က ချင်မူ့အတွေးအပေါ် သက်ရောက်မှုမရှိပေ။ သူ့မျက်လုံးထဲတွင် မနိုင်သည့်အခါ အဆိပ်သုံးခြင်းက သင့်တော်မှန်ကန်သော လုပ်ရပ်တစ်ခု ဖြစ်၏။ ရန်သူကို အဆိပ်ခပ်နိုင်ခြင်းကလည်း အစွမ်းအစတစ်မျိုး ဖြစ်သည်။

သူ၏ခံယူချက်က ဤအတိုင်းဖြစ်သည်။ ‘ငါ မင်းကို မတိုက်ခိုက်နိုင်တာတောင် မင်းက ငါ့ကို လာရိုက်နှက်သေးတယ်ဆိုတော့ မင်းကို အဆိပ်ခပ်တာကလည်း မှန်ကန်တဲ့ လုပ်ရပ်ပဲ’

ဥပမာ သူတို့တိုက်ပွဲက အစကတည်းက မမျှတပေ။ နဂါးထိန်းဧကရာဇ်က အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားတစ်ပါးဖြစ်၍ သူ့အသွေးအသားမှ ဖွဲ့တည်လာသော ကိုယ်ပွားတွင်လည်း ကြောက်မက်ဖွယ်စွမ်းရည်များ ရှိသည်။ ချင်မူတို့ကို အသာထား၊ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်များကို နဂါးထိန်းဧကရာဇ်၏ ကိုယ်ပွားကို ယှဉ်နိုင်မည်မဟုတ်ပေ။

ရန်သူက နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် သူ့ကို အဆိပ်ခပ်၍ တိုက်ခိုက်ခြင်းက သင့်တော်မှန်ကန်သည်။

ချင်မူ အသုံးပြုခဲ့သောအဆိပ်က အနောက်ကမ္ဘာမြေ၏ အဆိပ်ဆရာမ မုယင်ရွှယ် နာမည်ပေးခဲ့သည့် အဖျက်သုံးသွယ်အဆိပ်ဖြစ်သည်။ ဆေးတစ်မျိုးမျိုး ဖော်စပ်တိုင်း လိုအပ်လျှင် သုံးရအောင် တစ်ဝက်ခန့် ချန်ထားတတ်သည့် အကျင့်ပါနေ၍ ကံကောင်းသည်ဆိုရမည်။

ဧကရာဇ်တံဆိပ်ပြားတွင် သုတ်ထားသော အဖျက်သုံးသွယ်အဆိပ်က စွမ်းအင်ငါးရပ်ကို ပြောင်းပြန်လှန်ကာ ယင်နှင့်ယန်များ ဖောက်ပြန်စေပြီး ခန္ဓာကိုယ်၊ စိတ်အလျဉ်နှင့် ဝိညာဉ်ကို ပြိုကွဲပျက်စီးသွားစေလိမ့်မည်။ ထို့ကြောင့်ပင် အဖျက်သုံးသွယ်အဆိပ်ဟု ခေါ်ခြင်းဖြစ်သည်။

ထိုအဆိပ်မျိုးသည် အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာထဲရှိ နတ်ဘုရားသွေးနင့် မိစ္ဆာသွေးကို ချေဖျက်ရာ၌ အထူးသဖြင့် အသုံးတည့်၏။ ထို့ကြောင့် နဂါးထိန်းဧကရာဇ်၏ သွေးကိုယ်ပွားကို ဤအဆိပ်ခတ်ခြင်းက သင့်တော်သည်။

ထိုစဉ်တုန်းက အထီးကျန်တောင်ကြား သစ်မြစ်မိစ္ဆာမှာ နဂါးစိမ်းပုတီးစေ့ကြောင့် လှုပ်မရ၍ အဆိပ်ခပ်ရ လွယ်ကူခဲ့သည်။ သို့သော် နဂါးထိန်းဧကရာဇ်က လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည့်အတွက် ဧကရာဇ်တံဆိပ်ပြားအပေါ်တွင် အဖျက်သုံးသွယ်အဆိပ်ကို ချင်မူ သုတ်လိမ်းလိုက်သည်။ နဂါးထိန်းဧကရာဇ် တံဆိပ်ပြားကို ထိလိုက်သည်နှင့် အဆိပ်မိသွားလိမ့်မည်။

သွေးနဂါးများက ဧကရာဇ်တံဆိပ်ပြားနှ့င် ဝေးရာသို့ လူးလွန့်ပြေးလွှား၍ ပြန်စုစည်းရန် ကြိုးစားနေကြသည်။

ချင်မူ သွေးများဆီ မြန်မြန်သွား၍ အော်ဟစ်လိုက်၏။ “ငါတို့ ဒီနတ်ဘုရားရဲ့သွေးကို အပြောင်မရှင်းရင် တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး”

သူ၏ဓားပျံရှစ်ထောင်က ခန်းမထဲ ပြည့်နှက်နေသ်ေလည်း လက်ရှိကျင့်စဉ်စွမ်းအင်ဖြင့် အကုန်လုံး ပြန်မခေါ်နိုင်ပေ။ သူ၏ချီစွမ်းအင်က ကြိုးမျှင်ဖွဲ့၍ တိုင်တစ်တိုင်ထဲ စိုက်ဝင်နေ‌သော ရွှင်ပျော်ပျော်ဓားကို ဆွဲနုတ်လိုက်သည်။

ရွှင်ပျော်ပျော်ဓားသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ထက်ရှသော နတ်ဓားတစ်လက် ဖြစ်၏။ ၎င်းက တိုင်ထဲ စိုက်ဝင်နေသော်လည်း ကျန်ဓားများကဲ့သို့မဟုတ်ဘဲ အလွယ်တကူ ဆွဲထုတ်ရသေးသည်။

ချင်မူ လက်ကျန်ချီစွမ်းအင်ကို စုဝေး၍ အခြေခံဓားချက်များ ထုတ်လွှတ်ပြီး မြေပေါ်လျှောက်ပြေးနေသော သွေးနဂါးများကို သတ်ဖြတ်လိုက်သည်။

လောင်ယွီ ညည်းတွားနေ၏။ သူလည်း ရင်ဘတ်ထဲ စိုက်ဝင်နေသော ဓားပျံကို ဆွဲမနုတ်နိုင်၍ ချင်မူ့နည်းလမ်းကို အတုယူကာ လက်ကိုင်ကို ရိုက်ထည့်လိုက်သည်။ ဓားက သူ့ရင်ဘတ်အား ထုတ်ချင်းဖောက်ထွက်သွားသည်။

နာကျင်မှုကြောင့် လောင်ယွီ အော်ဟစ်ညည်းညူလိုက်ပြီးနောက် အံတင်းတင်း ကြိတ်လိုက်သည်။ သို့သော် ထိုအချိန်မှာပဲ ကျောက်စိမ်းပုလင်းနှစ်ပုလင်း ပျံသန်းရောက်ရှိလာ၏။ ချင်မူ သူ့ကို နဂါးသွားရည်တချို့ ပေးလိုက်လေသည်။

လောင်ယွီ ကပျာကယာ လှမ်းယူပြီး အဖုံးပင် မဖွင့်ဘဲ ကျောက်စိမ်းပုလင်းများကို ရိုက်ခွဲလိုက်သည်။ နဂါးသွားရည်များ ထွက်လာသည့်အခါ သူက ချီစွမ်းအင်ဖြင့် နဂါးသွားရည်များကို ဒဏ်ရာများအပေါ် သုတ်လိမ်းလိုက်၏။

နဂါးသွားရည်၏ ထိရောက်မှုက မြန်သည်။ သူ့ရင်ဘတ်အသားများ လျင်မြန်စွာ ပြန်ပြည့်လာသော်လည်း နာကျင်ပြီး ယားကျိကျိ ခံစားရသည်။

‌လောင်ယွီ နာကျင်မှုကို ဂရုစိုက်နေရန် အချိန်မရှိပေ။ သူက ဟိုဟိုသည်သည် ပြေးလွှားနေသော သွေးနဂါးသေးသေးလေးများကို သတ်ဖြတ်လိုက်၏။

ဝမ့်မူရန်နှင့် မုချင်းသိုင်လည်း အလားတူ လုပ်လိုက်ကြ၍ သွေးများ၊ အသားများ ပေါက်ပြဲသွားသည်။

ချင်မူ သူတို့နှစ်ယောက်အား နဂါးသွားရည်နှစ်ပုလင်းစီ ပစ်ပေးလိုက်ပြီး နှစ်ယောက်သား ဒဏ်ရာများအပေါ် ချက်ချင်း လောင်းလိုက်ကြသည်။ ပုံမှန်အခြေအနေဆိုလျှင် အတွင်းဒဏ်ရာမကျန်အောင် ချီစွမ်းအင်ဖြင့် သွေးခဲများကို ညှစ်ထုတ်ရမည်ဖြစ်သော်လည်း သူတို့အတွက် အချိန်မရှိပေ။ နှစ်ယောက်လုံး ဝိညာဉ်လက်နက်များဖြင့် သွေးနဂါးသေးသေးလေးများအား သတ်ဖြတ်ကြသည်။

“သွေးကွက်တွေပေါ် မနင်းကြနဲ့” ချင်မူ သူတို့ကို လှမ်းသတိပေးလိုက်သည်။ “ငါ ဖော်ထားတဲ့ အဆိပ်က ပြင်းလွန်းလို့ ငါတောင် ဖြေဆေးမဖော်တတ်ဘူး”

သုံးယောက်လုံး ထိတ်လန့်သွားကြပြီး‌ ကြမ်းပြင်ပေါ်ရှိ သွေးစက်များကို ဂရုတစိုက် ရှောင်နေကြသည်။

လေးယောက်သား ယုန်များသဖွယ် ခုန်လိုက်၊ သိမ်းငှက်များသဖွယ် ပျံဝဲလိုက်ဖြင့် သွေးနဂါးများအား တစ်ကောင်ပြီးတစ်ကောင် သတ်နေကြ၏။ သို့သော် သွေးနဂါးများသည် နတ်ဘုရားတစ်ပါး၏ သွေးမှ ဖွဲ့တည်ထား၍ သူတို့အင်အားက အကုန်လုံးသတ်ဖြတ်ရန် မလုံလောက်ပေ။ နဂါးများက အသတ်ခံလိုက်ရသော်လည်း တမုဟုတ်ချင်း ပြန်လည်ဖွဲ့တည်လာကြသည်။ ချင်မူ၏‌ရွှင်ပျော်ပျော်ဓားသာ နတ်ဘုရားသွေးကို သုတ်သင်နိုင်၏။

“မင်းတို့ မှော်စွမ်းအင်ကို ငါ့ကို ငှားစမ်းပါ။ ဒီဓားကို အတူတူ အသက်သွင်းကြရအောင်”

ဝမ့်မူရန်တို့က သူတို့၏ချီစွမ်းအင်ကို တမုဟုတ်ချင်း နှိုးဆကာ ကြိုးမျှင်များ ဖွဲ့တည်လိုက်ကြသည်။ ချီစွမ်းအင်ကြိုးမျှင်များက ရွှင်ပျော်ပျော်ဓားဆီ ပျံသန်းလာ၏။ သူတို့၏မှော်စွမ်းအင်များ စီးဆင်းဝင်ရောက်လာသည့်အခါ ရွှင်ပျော်ပျော်ဓား၏ စွမ်းအားသည် ကြောက်ခမန်းလိလိ မြင့်တက်သွား၏။ ချင်မူ ရွှင်ပျော်ပျော်ဓားအား ထိန်းချုပ်လိုက်ပြီး သူ၏ဓားကွက်များက ပြေးလွှားနေသော သွေးနဂါးများကို ခေါင်းဖြတ်သတ်ပစ်သည်။ ထို့နောက် ဓားရောင်က လွန်သွားဓားချက်အသွင် ဖွဲ့တည်၍ ငွေနဂါးတစ်ကောင်ပမာ မြေပြင်တစ်လျှောက် ဖြတ်ပြေးပြီး ခေါင်းပြတ်ကိုယ်များကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်လိုက်၏။

သွေးနဂါးတချို့က ကြမ်းပြင်ပေါ် လိမ့်ကာ ဓားရောင်ကို ရှောင်လိုက်ကြသည်။ နဂါးသေးသေးလေးများ ရပ်သွားသည့်အချိန်တွင် ပျောက်ကွယ်သွားပြီး သူတို့နေရာ၌ တစ်ပေသာမြင့်မားသော နဂါးထိန်းဧကရာဇ် ရပ်နေသည်။

“နဂါးထိန်းဧကရာဇ် သေးသေးလေးပါလားဟ”

လေးယောက်လုံး အံ့ဩဝမ်းသာသွားကြသည်။ သူတို့ တဟားဟား လှောင်ရယ်မိလိုက်ကြ၏။ ရုတ်တရက် နဂါးထိန်းဧကရာဇ်အသေးစားက ရှေ့တစ်လှမ်းတက်ကာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ နဂါးထိန်းဧကရာဇ်အသေးစား၏ ကန်ချက်ကြောင့် လောင်ယွီ၏ ဘယ်ခြေထောက် ကျိုးသွားသည်။

“မျက်လုံး နိုးထ” ဝမ့်မူရန် အော်ဟစ်ပြီး ‌ကောင်းကင်မျက်လုံးအား အသက်သွင်းလိုက်သော်လည်း နဂါးထိန်းဧကရာဇ်အသေးစားလေး အလွန်လျင်မြန်စွာ ရွေ့လျားသွားသည်ကိုသာ မြင်လိုက်ရသည်။ သူက တစ္ဆေတစ်ကောင်လို ဖြတ်ပြေးနေ၏။

ချင်မူ ရွှင်ပျော်ပျော်ဓားဖြင့် အရိပ်ကို ထိုးနေသော်လည်း သူ့ဓားက ပွတ်သီကာ လွဲနေသည်။ ထိအောင် ထိုးမရပေ။

“အစ်မတော် သတိထား”

ဝမ့်မူရန် လှမ်းအော်လိုက်သည့်အချိန်မှာပဲ နဂါးထိန်းဧကရာဇ်က မုချင်းသိုင်ဘေးတွင် ဘွားခနဲ ပေါ်လာပြီး သူမအား ထိုးချလိုက်သည်။ မုချင်းသိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ခါးစည်းကြိုးက နဂါးထိန်းဧကရာဇ်အသေးစားလေး၏ လက်မောင်းကို ရစ်ပတ်ကာ လက်သီးချက်ကို လက်ဝါးဖြင့် ကာလိုက်သည်။

ချင်မူ ရောက်လာပြီး လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်လွှတ်၍ အသွင်ပြောင်းလဲခြင်းကိုးသွယ် အခြေအနေသုံးရပ် လျှို့ဝှက်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့သွားပြီး တစ်ပေသာ မြင့်သော လူသေးသေးလေး ဖြစ်သွား၏။ ရွှင်ပျော်ပျော်ဓားလည်း သုံးလက်မသာ ရှည်တော့သည်။ သူက ၎င်းကို ထိန်းချုပ်၍ နဂါးထိန်းဧကရာဇ်ကို တိုက်ခိုက်လိုက်၏။ “သူ့ကို ထိတိုက်မရင်ဆိုင်နဲ့။ သူ့ခွန်အားက ကြောက်စရာကောင်းတယ်”

ဘန်းးးး

မုချင်းသိုင်၏ လက်ဝါးမှ အသားစများ လွင့်ထွက်သွားပြီး လက်ဝါးတစ်ဖက်လုံး စုတ်ပြတ်သပ်သွားသည်။ ချင်မူက လေထဲတွင် လျင်မြန်စွာ ရွေ့လျား၍ ချီစွမ်းအင်ဖြင့် ဓားကို ထိန်းချုပ်ကာ နဂါးထိန်းဧကရာဇ်အား တိုက်ခိုက်လိုက်သည်။ နတ်ဘုရားအ‌သေးလေးက တစ္ဆေတစ်ကောင်လို အမြန်နှုန်းဖြင့် ရွှင်ပျော်ပျော်ဓားကို ရှောင်လိုက်၏။ ဝမ့်မူရန်က ချီစွမ်းအင်ကို ပိုက်ကွန်ဖွဲ့ကာ နဂါးထိန်းဧကရာဇ်အသေးစားလေးကို ဖမ်းလိုက်သော်လည်း ပိုက်ကွန်စုတ်ပြဲသွားသည်။

လောင်ယွီက ခြေတစ်ပေါင်ကျိုးဖြင့် မုချင်းသိုင်ဆီ ခုန်ဆွခုန်ဆွ သွားပြီး နှစ်ယောက်ပေါင်းကာ နဂါးထိန်းဧကရာဇ်ကို တိုက်ခိုက်လိုက်သည်။

‘သူ့ခန္ဓာကိုယ်က သေးလွန်းတော့ တိုက်ခိုက်ရတာ ခက်နေတာ။ မင်းတို့လည်း ခန္ဓာကိုယ်တွေ ချုံ့လိုက်ကြ” ချင်မူ အော်လိုက်သည်။

မုချင်းသိုင်က ချီတောက်ယန်ကျားကျင့်စဉ်မှ သိုင်းကွက်တစ်ကွက်ကို ထုတ်ဖော်၍ ခန္ဓာကိုယ်ချုံ့လိုက်သည်။ သူမ တစ်ပေသာမြင့်သော ဆံပင်ရှည်ရှည် ကလေးမလေးအသွင် ပြောင်းသွား၏။ ဝမ့်မူရန်လည်း ကိုယ်ချုံ့ကာ လူပုလေး ဖြစ်လာသည်။ လောင်ယွီတစ်ယောက်သာ ထိုသိုင်းကွက်မျိုး မကျင့်ထား၍ ထီးထီးကြီး ရပ်ကျန်ခဲ့သည်။

သူက ကောင်းကင်မျက်လုံးဓားနှလုံးသားကျင့်စဉ်ကို လှည့်ပတ်ပြီး သူ့မျက်လုံးများမှ ဓားရောင်များ ထွက်လာသည်။ ဓားရောင်များက လူသေးသေး‌လေး လေးယောက် ရွေ့လျားနေသည့်အတိုင်း လိုက်ရွေ့နေသော်လည်း နဂါးထိန်းဧကရာဇ်အသေးစားကို မထိပေ။ ကောင်းကင်ထဲတွင် လူသေးသေးလေးများ ဟိုဟိုသည်သည် ဖြတ်ပြေးနေသည်ကိုသာ သူ မြင်တွေ့ရသည်။

‘မြန်လွန်းတယ်... အခြေအနေမဟန်ဘူး”

နဂါးထိန်းဧကရာဇ် သူ့ဆီ တရှိန်ထိုး ပြေးလာသည်ကို လောင်ယွီ လှမ်းမြင်လိုက်၍ ခြေတစ်ပေါင်ကျိုး ခုန်လိုက်သည်။ ထိုသို့ခုန်လိုက်သည့်အချိန်မှာပဲ ဂျွတ်ခနဲ မြည်သံ ကြားလိုက်ရပြီး သူ့ခြေထောက် လိမ်ကျိုးသွားသည်ကို မြင်လိုက်ရသည်။

‘သေစမ်း’

ဘုန်း

‌လောင်ယွီ မြေကြီးပေါ် ဒူးထောက်လျက်သား ကျသွားသည်။ နာကျင်မှုက သူ့ကို သတိလစ်လုနီးပါးဖြစ်သွားစေသည်။ နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်က သူ့ခေါင်းနောက်တွင် ပေါ်လာပြီး ဖြတ်ကန်ရန် ပြင်နေသည်။ ထိုကန်ချက်သာ ကျလာပါက လောင်ယွီ၏ခေါင်း သေချာပေါက် ပေါက်ကွဲသွားလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်တွင် သုံးလက်မအရှည် ရွှင်ပျော်ပျော်ဓားက လောင်ယွီဘေးမှ ကပ်ဖြတ်သွားပြီး နဂါးထိန်းဧကရာဇ်၏ ခြေထောက်ကို ထိုးဖောက်လိုက်၍ ကန်ချက်လွဲသွားသည်။

လောင်ယွီ သက်ပြင်းချပြီး လည်ပင်းကို ၁၈၀ ဒီဂရီနည်းပါး လှည့်လိုက်သည်။ သူ့မျက်လုံးများ ဓားရောင်များက နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်ကို စိုက်ဝင်သွားပြီး တွန်းထုတ်လိုက်၏။

“ငါ အတတ်နိုင်ဆုံး ကြိုးစားပေးပြီးပြီ” လောင်ယွီ အော်လိုက်သည်။ သူ မြေကြီးပေါ် လဲကျသွား၏။ စောစောက ၁၈၀ ဒီဂရီနည်းပါး လှည့်လိုက်ရ၍ သူ့လည်ပင်းကျိုးလုဆဲဆဲ ဖြစ်သွားခဲ့သည်။

နဂါးထိန်းဧကရာဇ်က လွင့်ထွက်နေစဉ် လေကို ခြေ‌ထောက်ဖြင့် ခပ်မြန်မြန် နင်း၍ ဓားအလင်းတန်းနှစ်တန်း၏ စွမ်းအားကို ကန်ထုတ်နေသည်။ သူ့ခန္ဓာကိုယ်မှာ သွေးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သူ့တွင် မှော်စွမ်းအင်မရှိသည့်အတွက် ချင်မူတို့ကို ရင်ဆိုင်ရန် ရုပ်ခန္ဓာခွန်အားကိုသာ အားကိုးနိုင်လေသည်။ သို့သော် နတ်ဘုရားသွေးများ ကုန်ခမ်းနေ၍ အနိုင်ရရန် ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများကို ထုတ်သုံးရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။

ရုတ်တရက် ခန်းမတံခါးဝတွင် အရိပ်မည်းမည်းကြီး ပေါ်လာသည်။ ဓားများဖုံးလွှမ်းနေသော သမင်ကြီးက ထလာပြီး ခေါင်းယမ်းလိုက်၏။ သူ၏ချိုများက ခေါင်းမှ ကျွတ်ထွက်သွားပြီး ခပ်သေးသေးချိုတစ်ခက်က နဂါးထိန်းဧကရာဇ်၏ နောက်ကျောအား စိုက်သွားသည်။

နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ် ပေါက်ကွဲသွား၍ သွေးစက်များ လိမ့်ထွက်သွားသည်။ နတ်ဘုရားသည် ပို၍ပင် သေးငယ်သွား၏။ သူက ချိုပေါ်မှ ခုန်၍ သမင်ကြီး၏ ခေါင်းကတုံးပေါ် ဆင်းလိုက်သည်။ ထို့နောက် လက်သီးဖြင့် ထိုးကာ သမင်ကြီး၏ခေါင်းကို ရိုက်ခွဲနေသည်။

ချင်မူ ရွှင်ပျော်ပျော်ဓားအား ပစ်လွှတ်လိုက်သည်။ နဂါးထိန်းဧကရာဇ်က ရှောင်လိုက်သော်လည်း လူသေးသေးလေးသုံးယောက် တစ်ယောက်ပြီးတစ်ယောက် သမင်ကြီး၏ ‌ခေါင်းပေါ် ဆင်းလာသည်ကို မြင်လိုက်ရ၏။

သမင်ကြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ကြောက်လန့်သွားသည်။ သူ့ကိုယ်ပေါ်တွင် လူသေးသေးလေး ‌လေးယောက်ပြေးလွှားနေရာ သူ့အရိုးများ စိစိညက်ညက် ကြေမွတော့မည့်အလား ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာသည်။

“မင်း...မင်း..” သမင်ကြီးက အလန့်တကြား အော်ပြီး ခန်းမကြီး၏ချောင်တွင် လှဲနေသော နဂါးချီလင်ဆီ အသည်းအသန် ပြေးသွားသည်။ သူက သူ့ကိုယ်ပေါ်က ပြဿနာကို နဂါးချီလင်၏ကိုယ်ပေါ် ပစ်ချချင်နေသည်။

ဓားပျံဆယ်လက်ကျော်က နဂါးချီလင်၏ကိုယ်ထဲ စိုက်ဝင်နေသော်လည်း သူ၏ကြွက်သားများနှင့် အရိုးများက ထုံထိုင်းနေသည်။ သူ့မှာ နဂါးထိန်းဧကရာဇ်ကို သဘာဝအလျောက် ကြောက်နေသဖြင့် တစ်ချိန်လုံး မလှုပ်ခဲ့ခြင်းဖြစ်သည်။ သူ့ဘေးတွင် ကျန်နဂါးများလည်း လဲနေကြသည်။ သူတို့ကိုယ်ထဲ ဓားပျံတချို့ စိုက်ဝင်နေကြသည့်တိုင် သူတို့လည်း မလှုပ်ရဲကြပေ။

နဂါးချီလင်၏အရေပြားက မာပြီး အသားက ထူ၍ တော်သေးသည်။ သူ့တစ်ကိုယ်လုံး အဆီများ ဖုံးနေ၍ ဓားဆယ်လက်ကျော်စိုက်နေလည်း ပြဿနာမရှိပေ။

“မလာနဲ့...” နဂါးချီလင်က အားနည်းနေသောအသံဖြင့် ညည်းတွားသည်။

သမင်ကြီးမှာ နဂါးချီလင်ဆီ ရောက်တော့မည့်အချိန်မှာပဲ သူ့ခန္ဓာကိုယ်မှ တဖြောက်ဖြောက် မြည်သံများ ထွက်လာပြီး ဘိုင်းခနဲ လဲကျသွားသည်။

နဂါးချီလင်က ရှိသမျှအားကုန်ထုတ်၍ တစ်လက်လှည့်ပြီး သမင်ကြီးနှင့် ဝေးရာသို့ တွားသွားသည်။ ကျန်နဂါးများလည်း တစ်ဖက်လှည့်၍ ခက်ခက်ခဲခဲ တွားသွားနေကြ၏။

နဂါးထိန်းဧကရာဇ်၏ လွှမ်းမိုးမှုက အားကောင်းလွန်း၍ သူတို့ မခုခံနိုင်ပေ။

ရုတ်တရက် မုချင်းသိုင် လွင့်ထွက်လာပြီး တရွေ့ရွေ့သွားနေသော နဂါးချီလင်ကို ဝင်တိုက်သွားသည်။ သူမ သတိလစ်သွား၏။ နဂါးထိန်းဧကရာဇ်က မုချင်းသိုင်ကို အသေသတ်ရန် ပြေးလာ၍ နဂါးချီလင် နုံးခွေသွားပြီး မလှုပ်နိုင်တော့ပေ။

ချင်မူ ‌ရွှင်ပျော်ပျော်ဓားကို ဆုပ်ကိုင်၍ ကျယ်‌လောင်စွာ အော်ဟစ်လိုက်သည်။ “နောင်တော်မူရန်”

ဝမ့်မူရန်က သွေးများထွေးထုတ်ပြီး ရှိသမျှအားကုန်ထ၍ ချင်မူ့ကို မြှောက်ကာ ပစ်လိုက်သည်။ ချင်မူ့ခြေလှမ်းများက လျှပ်စီးသဖွယ် တရှိန်ထိုး ထွက်သွား၏။ သူ့လက်ထဲရှိ သုံးလက်မအရှည် ဓားရောင်က ကြောက်မက်ဖွယ်ရာ တောက်ပလာပြီး ဓားရောင်မှ တောင်တန်းမြစ်ပြင်များ ဖွဲ့တည်လာကာ နဂါးထိန်းဧကရာဇ်ကို လွှမ်းခြုံလိုက်၏။

တချွင်ချွင်မြည်သံများ တရစပ် ထွက်ပေါ်လာပြီး တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား ပြိုကွဲသွားသည်။ ဓားကို ကိုင်၍ ခုန်လိုက်သော ချင်မူ၏ပုံရိပ်သာ ကျန်ခဲ့သည်။

နဂါးထိန်းဧကရာဇ်၏ ခန္ဓာကိုယ်မှာ ပို၍ပင် သေးငယ်သွားပြီး သူ့ခြေထောက်အောက်တွင် သွေးများအိုင်ထွန်းနေသည်။ သူက လက်ချောင်းများ၊ လက်ဝါးများဖြင့် ရွှင်ပျော်ပျော်ဓားကို တရစပ် ရိုက်နေ၍ တုန်ခါမှုက ချင်မူ့ခန္ဓာကိုယ်ကို ဖြတ်သန်းကာ သူ့အား သွေးတစ်ပွက်ပြီးတစ်ပွက် အန်လိုက်ရစေသည်။ သူက အရိပ်မည်းမည်းအသွင်ပြောင်း၍ ကြမ်းပြင်အား ဖြတ်ပြေးလိုက်သော်လည်း နဂါးထိန်းဧကရာဇ်က လက်သီးတစ်ချက်ပစ်သွင်းပြီး သူ့အား ကြမ်းပြင်ထဲမှ ဆွဲထုတ်လိုက်သည်။

ဝမ့်မူရန် မာန်သွင်းဟိန်းဟောက်လိုက်ပြီး သူ့ဆံပင်များ လွင့်ပျံသွား၏။ သူက တရှိန်ထိုး ပြေးလာသည်။ လူသေးသေးလေးနှစ်ယောက် အကြိတ်အနယ် တိုက်ခိုက်နေကြပြီး မီးပွားများကြားမှ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ဝမ့်မူရန် လွင့်ထွက်သွား၏။

ချင်မူ မြေကြီးပေါ် လဲနေပြီး ‌နောက်ဆုံးလက်ကျန် ခွန်အားကို သုံးကာ ဓားကို မြှောက်၍ အောက်စိုက်ချလိုက်သည်။ နှစ်လက်မအရွယ် နဂါးထိန်းဧကရာဇ်က ရွှင်ပျော်ပျော်ဓားကို ဖမ်းဆုပ်၍ အားကုန်ထုတ်ကာ ခုခံနေသည်။

ချင်မူ ဆက်မဖိချနိုင်တော့၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဖက်တီးနဂါး၊ မင်း အစားစားချင်သေးလား။ ငါ သေသွားရင် မင်း ငတ်သေမှာနော်”

နဂါးချီလင်၏မျက်လုံးများတွင် ကြောက်စိတ်များ ပြည့်နှက်လာပြီး နဂါးထိန်းဧကရာဇ်သေး‌သေးလေးအား အကြောင်သား လှမ်းကြည့်သည်။ ချင်မူ့စကားကို ကြားသည့်အခါ သူက ရုတ်တရက် အားကုန်ဟိန်းဟောက်ပြီး ဓားရိုးကို လက်ဝါးဖြင့် ရိုက်ထည့်လိုက်၏။

ဇွပ်

ဓားရောင်က နဂါးထိန်းဧကရာဇ်ကို ထုတ်ချင်းဖောက်ပြီး နှစ်လက်မအရွယ် သူ၏ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားသည်။ သွေးများက လူးလွန့်လျက် ပြန်စုစည်းချင်သေးသော်လည်း နဂါးချီလင်က ဒေါသတကြီး အော်လိုက်သည်။ ဓားထဲ စီးဝင်လာသော မှော်စွမ်းအင်ကြောင့် ဓားရောင်က ကြောက်မက်ဖွယ်ရာ တောက်ပဖြာထွက်သွား၏။ လက်ကျန်နတ်ဘုရားသွေးမှာ ခမ်းခြောက်ပြီး အသက်မဲ့သွားတော့သည်။

ချင်မူ မှင်သက်သွားသည်။ သူ့ခွန်အားအားလုံး ရေလှိုင်းဆုတ်ခွာသွားသကဲ့သို့ ပျောက်ကွယ်သွားပြီး ဓားကို မဆုပ်ထားနိုင်တော့ဘဲ လဲကျသွားသည်။

နဂါးချီလင်က ဒေါသတကြီး အော်ဟစ်နေသေးသည်။ သူက လက်ဝါးနှစ်ဖက်လုံးကို မြှောက်၍ ဓားရိုးအား ထပ်ရိုက်ချင်နေသော်လည်း ချင်မူ အားနည်းဖျော့တော့စွာ ပြောလိုက်သည်။ “မရိုက်နဲ့တော့.. မင်းထပ်ရိုက်လိုက်ရင် ငါလည်း အသက်ထွက်သွားလိမ့်မယ်”

ချင်မူ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည်။ သူ့မှော်စွမ်းအင်အားလုံး ကုန်ခမ်းသွား၍ သူ၏ရုပ်ခန္ဓာက ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားသည်။ သူ ဒဏ်ရာများအား ကုရန် ပြင်လိုက်သော်လည်း မလှုပ်နိုင်ပေ။

နဂါးချီလင်က ကုန်းရုန်းထပြီး ကြမ်းပြင်ပေါ်ရှိ သွေးကွက်များကို ကြည့်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အလွန်တရာ သန်မာအားကောင်းသည့် နဂါးများ သူ့အား စေ့စေ့မကြည့်ရဲသည်ကို မြင်လိုက်ရ၏။ သူတို့က ခေါင်းများငုံ့ထားကြပြီး သူတို့၏မျက်လုံးများတွင် ကြောက်စိတ်များ ပြည့်နေကြသည်။

All Chapters