← Chapters

နတ်ဘုရားတစ်ပါး ကြွေလွင့်ခြင်း

Vol. 27 Ch. 376

နတ်ဘုရားတစ်ပါး ကြွေလွင့်ခြင်း

Vol. 27 Ch. 376

ချင်မူ၊ မုချင်းသိုင်နှင့် လောင်ယွီတို့အားလုံး ဒဏ်ရာအပြင်းအထန် ရထား၍ မလှုပ်နိုင်ကြပေ။ လောင်ယွီ၏ ခြေထောက်နှစ်ချောင်းလုံး ကျိုးနေသည်။ မုချင်းသိုင်လည်း ဒဏ်ရာများကြောင့် သတိလစ်သွားသည်။ ဝမ့်မူရန်၏ အရိုးအားလုံးနီးပါး ကြေမွနေပြီး ချင်မူ၏အပြင်းထန်ဆုံးဒဏ်ရာမှာ အရိပ်အသွင်ပြောင်းထားတုန်းက ခံလိုက်ရသည့် လက်သီးချက်ဖြစ်သည်။ ၎င်းက သူ၏အရိပ်အသွင်ကို စိစိညက်ညက် ကြေလုနီးပါး ဖြစ်စေခဲ့၏။

လေးယောက်သား ကြမ်းပြင်ပေါ်တွင် ပက်လက်လဲနေကြသည်။ လောင်ယွီမှာ လျှာထွက်ပြီး လည်လိမ်နေ၏။ သူ့လည်ပင်းရိုးမှာ ကျိုးခါနီးနေသည်။

သူ ကူကယ်ရာမဲ့နေစဉ် နဂါးချီလင်က လျှောက်လာပြီး သူ၏လျှာကြီးကို ထုတ်ကာ သူ့အား လျက်လိုက်သည်။ နဂါးချီလင်က သူ့ကို တစ်ဖက်လှန်ကာ နောက်တစ်ကြိမ် လျက်ပြန်သည်။ လောင်ယွီ ပြန်လှည့်လာသော်လည်း နဂါးချီလင်က သူ့ကို ထပ်လှန်ပြီး လျက်လိုက်ပြန်၏။ သူ့တစ်ကိုယ်လုံး တံတွေးအိုင်ထဲ ရောက်သွားသည်။

လောင်ယွီ တစ်ကိုယ်လုံး ယားလာ၏။ ကျိုးသွားသည့်အရိုးများ ပြန်ထွက်လာ၍ ယားလာခြင်းဖြစ်သည်။ သူ့အရွတ်များ ပြန်ဆက်သွားပြီး အသားများ ပြန်ထွက်လာသည်။ သူက ချီစွမ်းအင်ကို ထုတ်လွှတ်၍ အရိုးများမှားဆက်မသွားအောင် နေရာပြန်တည့်ပေးလိုက်သည်။ ထိုသို့မလုပ်ပါက ဒဏ်ရာများ ပျောက်ကင်းသွားလျှင်ပင် သူ လှုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ခပ်လှမ်းလှမ်း၌ လဲနေသော ဝမ့်မူရန်မှာ သူ၏နောင်တော်ကြီး တံတွေးအိုင်ထဲ ရောက်နေသည်ကို ကြည့်ကာ တခွီးခွီး ရယ်နေသည်။ နဂါးချီလင်က လောင်ယွီကို ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် လှည့်၍ လျက်ပေးနေ၏။

ဝမ့်မူရန်မှာ ရယ်ရလွန်း၍ ဒဏ်ရာများပင် ပွင့်ထွက်ကုန်သည်။ နာကျင်မှုက သူ့အား မျက်ရည်ကျလာစေသည်။

နဂါးချီလင်က သူ့ဆီ လျှောက်လာပြီး လျှာကြီး ထုတ်လိုက်သည်။ ဝမ့်မူရန် မရယ်နိုင်တော့ပေ။ နဂါးချီလင်က ချွဲကျိကျိ လျှာကြီးက သူ့မျက်နှာအား ဖုံးသွားသည်ကို သူ မြင်လိုက်ရသည်။ သူ့မှာ ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် လှည့်၍ အလျက်ခံနေရ၏။

ဝမ့်မူရန်ကို လျက်ပြီးသောအခါ နဂါးချီလင်က သတိလစ်နေသော မုချင်းသိုင်ကို သွားလျက်လိုက်၍ မုချင်းသိုင်တစ်ကိုယ်လုံး တံတွေးများ ရွှဲရွှဲစိုသွားသည်။ မုချင်းသိုင်မှာ ချွဲကျိကျိ လျှာကြီးကြောင့် သတိပြန်လည်လာသော်လည်း ရှက်လွန်း၍ မေ့ချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။

နဂါးချီလင် ချင်မူ့ဆီ လျှောက်သွားသည့်အခါ ချင်မူ့အသံက ခပ်တိုးတိုး ထွက်လာသည်။ “ငါ့ကို မလျက်နဲ့။ နောင်တော်လောင်ယွီ၊ ဒဏ်ရာတွေ ဘယ်လိုအခြေအနေရှိလဲ။ ငါ့ထောင်ကျယ်အိတ်ထဲမှာ နဂါးသွားရည်ထည့်ထားတဲ့ ကျောက်စိမ်းပုလင်းတွေ ရှိတယ်။ မင်း အဆင်ပြေရင် ငါ့ဒဏ်ရာတွေကို လာလိမ်းပေးပါဦး...”

“သူ့ကို လျက်လိုက်။ ဖက်..... နဂါးကြီး သူ့ကို လျက်လိုက်” လောင်ယွီ ကပျာကယာ လှမ်းအော်လိုက်သည်။

ဝမ့်မူရန်လည်း ခေါင်းတဆတ်ဆတ် ညိတ်၍ အော်လိုက်သည်။ “ငါတို့အားလုံး အလျက်ခံထားရတာ။ သူ့လည်း ချန်လို့မဖြစ်ဘူး။ နဂါးကြီး လျက်ပစ်လိုက်”

မုချင်းသိုင်လည်း မျက်လုံးများ အလျင်အမြန် ဖွင့်လိုက်ပြီး မေ့ချင်ယောင်ဆောင်မနေတော့ပေ။ သူမက ပြုံးလိုက်ပြီး ပြောသည်။ “ကောင်းအတူ ဆိုးအတူပေါ့ ၊ ဆရာနဂါး သူ့ကို မြန်မြန် လျက်လိုက်စမ်းပါ”

ချင်မူ့အမူအရာ အကြီးအကဲ ပြောင်းလဲသွားသည်။ သူ တွားသွားထွက်ပြေးချင်သော်လည်း နဂါးချီလင်က သူ၏ဘောင်းဘီစကို ဖိထားသည်။ ချင်မူ မလှုပ်နိုင်တော့၍ ဒေါသထွက်လာ၏။ “ဖက်တီးနဂါး၊ ငါ့ကိုယ်ပေါ်မှာ အဆိပ်တွေ သုတ်ထားတယ်။ မင်း ငါ့ကို လျက်ရင် ဒွါရပေါက်တွေကနေ သွေးယိုစီးပြီး သေရလိမ့်မယ်”

ဖက်တီးနဂါး တွန့်ဆုတ်သွား၍ ကျောက်စိမ်းမြို့တော်ငယ်၏ တပည့်သုံးဦးက ရယ်လိုက်ကြသည်။ “ဘယ်သူက သူ့ကိုယ်သူ အဆိပ်သုတ်မှာလဲ။ ဖက်တီးနဂါး၊ သူ့ကို စိတ်တိုင်းကျသာ လျက်ပစ်။ မင်း အဆိပ်သင့်သေရင် ငါတို့ မြေမြှုပ်ပေးပါ့မယ်”

ဖက်တီးနဂါး စိတ်အေးသွားသည်။ သူက ချင်မူ့ကို ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် လျက်လိုက်ရာ ချင်မူ့တစ်ကိုယ်လုံး ရွှဲစိုသွား၏။ ဤလူက သူ့သခင်ဖြစ်သည့်အတွက် ဖက်တီးနဂါးက ပိုမိုအာရုံစိုက်ထားပြီး တခြားသူထက်များ သေသေချာချာ လျက်ပေးနေသည်။

ချင်မူ တစ်ဖက်အလှန်ခံလိုက်ရသောအခါ မျက်နှာကြီးမည်းမှောင်သွားသည်။ သူ လှုပ်လည်းမလှုပ်၊ ရုန်းလည်းမရုန်းဘဲ ကံတရားကိုသာ လက်ခံလိုက်၏။

ဖက်တီးနဂါးက လျှာပြန်ရုတ်လိုက်သည်။ သူ့ကြောင့် ချင်မူ့ဆံပင်ပုံစံပျက်သွားသည်ကို မြင်လျှင် ဆံပင်များ စေးကပ်ပြီး တောက်ပြောင်လာသည်အထိ ကပျာကယာ လျက်ပေးလိုက်၏။

“တော် တော် ဖက်တီးနဂါး...” မဟာနတ်ဂိုဏ်းသခင်က အလေးအနက် ပြောလိုက်သည်။ “‌တော်တော့လို့ မလျက်နဲ့တော့... ရပြီ ရပါပြီဆို .. မလျက်နဲ့တော့”

နဂါးချီလင်က သူ ‌ဒေါသထွက်လာသည်ကို မြင်လျှင် မဖယ်ချင်၊ ဖယ်ချင်ဖြင့် သူ့လျှာအား ပြန်ရုတ်လိုက်သည်။ သူက အနားတွင် ကြောင်ဝဝကြီးသဖွယ် ဆောင့်ကြောင့်ထိုင်ချလိုက်၏။

ချင်မူ့ဆံပင်မွှေးတစ်ချောင်းက ဘယ်ဘက်မျက်လုံးထောင့်စွန်းနားကို ကျနေသည်။ နဂါးချီလင် ချီတုံချတုံ ဖြစ်နေပြီးနောက် ချင်မူ့မျက်နှာရိပ်မျက်နှာကဲအား အကဲခတ်သည်။ ချင်မူ့မျက်နှာကား မီးသွေးတုံးကဲ့သို့ မည်းမှောင်နေလေသည်။ သို့သော် နဂါးချီလင် မအောင့်နိုင်တော့ဘဲ လျှာထုတ်ပြီး ကျနေသော ဆံပင်မွှေးအား နေရာတကျဖြစ်အောင် လျက်ပေးလိုက်သည်။

ချင်မူ မီးပုံယမ်းကျ ပေါက်ကွဲသွား၏။

....

သမင်ကြီးမှာ ခြေလေးချောင်းလုံး ကျိုးကြေနေ၍ ကြမ်းပြင်ပေါ်၌ တုံးလုံးပက်လက် လဲနေသည်။ ချင်မူတို့ လူသေး‌သေး‌လေးများအသွင် ပြောင်း၍ နဂါးထိန်းဧကရာဇ်နှင့် တိုက်ခိုက်ခဲ့တုန်းက သမင်ကြီးကို အတော်လေး ဒုက္ခပေးခဲ့မိသည်။ အသက်ထွက်မသွားသည်ကပင် ကံကောင်းသည်ဆိုရမည်။ ဒဏ်ရာများကတော့ ပြင်းထန်၏။

သမင်ကြီးက ချင်မူ့ဒဏ်ရာများကို နဂါးချီလင် ကုပေးလိုက်သည်ကို မြင်လျှင် တမုဟုတ်ချင်း ခေါင်းထောင်ကာ အော်ဟစ်သည်။ “ဟေ့ ဟေ့ ဖက်တီး ငါ့ကို လျက်ပေး ငါ့ကို လျက်ပေး”

“ဖွီ” နဂါးချီလင်က နဂါးသွားရည်တစ်လုပ်အား သမင်ကြီးအရှေ့သို့ ထွေးလိုက်ပြီး မာန်အပြည့်ဖြင့် ပြောလိုက်သည်။ “ကိုယ့်ဘာသာကိုယ် သုတ်”

သမင်ကြီး စိတ်တိုသွားသော်လည်း ဒဏ်ရာများကို ကုရန်က ပိုမိုအရေးပါသည်။ သူ့မှာ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ရွှေ့ရင်း နဂါးသွားရည်များအား သူ၏ဒဏ်ရာများအပေါ် သုတ်လိမ်းလိုက်သည်။ သူ့မှာ နာကျင်လွန်း၍ တဆတ်ဆတ် တုန်နေသည်။

နဂါးချီလင်က သူ သူ့ဘာသာ သုတ်နေရသည့်အဖြစ်ကို ကြည့်ရင်း နှစ်ထောင်းအားရ နေသည်။ ‘ဒီသမင်စုတ်က ငါ့သခင်အရှေ့မှာ ငါ့ကို ဆက်တိုက်အရှက်ခွဲနေတာ။ အခုတော့ ငါ ဘယ်လောက်သန်မာတဲ့အကြောင်း သိသွားအောင် လုပ်ရမယ်”

သူ့ဘဝတွင် အပျော်ရဆုံးအခိုက်အတန့်က လူငယ်ဂိုဏ်းချုပ်၏ ခြေထောက်ကို ဖက်၍ အစာတောင်းခဲ့သည့်အချိန်မဟုတ်ဘဲ ယခုအချိန်ဖြစ်ကြောင်း ဖက်တီးနဂါး ခံစားလိုက်ရသည်။

ချင်မူတို့အားလုံး တဖြည်းဖြည်း သက်သာလာ၍ အကုန်လုံး ထထိုင်ကာ ချီစွမ်းအင်ကို လှုပ်ရှားလိုက်သည်။ သူတို့က အတွင်းဒဏ်ရာများ မကျန်အောင် ခန္ဓာကိုယ်ထဲရှိ သွေးခဲများ အပြင်ထုတ်လိုက်၏။

ကျောက်စိမ်းမြို့တော်ငယ်မှ တပည့်သုံးယောက်လည်း ဆေးပညာကို လေ့လာဖူး၍ အစွမ်းအစမနိမ့်ကျပေ။ ချင်မူနှင့် ယှဉ်သည့်အခါမှသာ နိမ့်ကျသွားခြင်းဖြစ်သည်။

ချင်မူက သူ့ကိုယ်ထဲမှ သွေးခဲများကို ထုတ်ပြီး ချီစွမ်းအင်ဖြင့် သူ၏ကျိုးသွားသောအရိုးစများကို ခန္ဓာကိုယ်ထဲမှ ဖြည်းဖြည်းချင်း ညစ်ထုတ်လိုက်သည်။ ခပ်အုပ်အုပ် အော်သံနှင့်အတူ သူ၏မူလဝိညာဉ်က အပြင်ထွက်လာကာ ခြေလက်များနှင့် အရိုးများအား စစ်ဆေးပြီး သူ့ခန္ဓာကိုယ်အခြေအနေနှင့် ကောင်းကင်ရတနာများအပေါ်ရှိ ဒဏ်ရာများကိုလည်း ကြည့်ရှုလိုက်သည်။

“မူလဝိညာဉ်” မုချင်းသိုင် တအံ့တဩ ရေရွတ်လိုက်မိသည်။

ဝမ့်မူရန်နှင့် လောင်ယွီလည်း အကြီးအကျယ် အံ့အားသင့်သွား၏။ မူလဝိညာဉ်ဆိုသည်မှာ ချင်မူ၏သိုင်းအဆင့်တွင် ဖွဲ့တည်နိုင်သောအရာမဟုတ်ပေ။

ချင်မူ့မူလဝိညာဉ်က အရိပ်သဖွယ် အားနည်းပြီး သေးငယ်သေးသော်လည်း မူလဝိညာဉ် ဖြစ်နေသေးသည်။

အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ်ကို ဖွဲ့တည်နိုင်ခြင်းက ကျင့်စဉ်စွမ်းအင်အရာ၌ တစ်ပန်းသာသွားသည်ဟု ဆိုလိုသည်။ သူ၏ကျင့်ကြံနှုန်းကလည်း တခြားသူများထက် များစွာ မြန်လိမ့်မည်။ ကောင်းကင်နတ်အသွင်အဆင့်ရောက်သည့်အခါ မူလဝိညာဉ်သည် အရေးပါသောသိုင်းကွက်တစ်ကွက်လည်း ဖြစ်လာနိုင်၏။ သူက ၎င်းကို ဖွဲ့တည်ထားပြီးဖြစ်ရာ သူ၏စွမ်းရည်များက မြန်မြန်ဆန်ဆန် မြင့်မားလာလိမ့်မည်။

ချင်မူက မူလဝိညာဉ်မျက်လုံးကို နှိုး၍ သူ့ကိုယ်သူ စစ်ဆေးနေသည်။ ကျောက်စိမ်းမြို့တော်ငယ်မှ လူငယ်များမှာ သူ မူလဝိညာဉ်ကို မည်ကဲ့သို့ဖွဲ့တည်နိုင်ခဲ့မှန်း မသိ၍ အကြောင်သား ငေးကြည့်နေမိကြသည်။

“လူသားဧကရာဇ်က အမှန်တကယ် အင်အားကြီးမားတာပဲ။ ငါတော့ အပြတ်အသတ် ရှုံးသွားပြီ” လောင်ယွီ သက်ပြင်းချပြီး ပြောလိုက်သည်။ “အရပ်ခြောက်မျက်နှာအဆင့်မှာ မူလဝိညာဉ်ကို ကျင့်ကြံပြီး မူလဝိညာဉ် ခန္ဓာကိုယ်ထဲကနေ ထွက်နိုင်အောင်တောင် လုပ်နိုင်တာကို ကြည့်ရင် လူသားဧကရာဇ်ရဲ့ အတွေးအခေါ်၊ အသိအမြင်က တစ်လောကလုံးမှာ အမှန်တကယ် နံပါတ်တစ်ပဲ”

ချင်မူ ခေါင်းယမ်းလိုက်ပြီး မုချင်းသိုင်ဆီ လျှောက်သွားကာ သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ “ငါ့အတွေးအခေါ်၊ အသိအမြင်က တစ်လောကလုံးမှာ နံပါတ်တစ် မဟုတ်ပါဘူး။ အရပ်ခြောက်မျက်နှာအဆင့်မှာ မူလဝိညာဉ်တစ်ခု ဖွဲ့တည်နိုင်ခဲ့တာက ထူးဆန်းလို့လား။ မိန်းကလေးယွိရှို့လည်း ဖွဲ့တည်နိုင်ခဲ့တာပဲ။ မူလဝိညာဉ်ကို ဖွဲ့တည်ရတာ မခက်ပါဘူး။ ငါနဲ့ မိန်းကလေးယွိရှို့ဆို အမှုတ်မဲ့အမှတ်မဲ့ ဖွဲ့တည်လိုက်မိလို့ ငါတို့ရဲ့မူလဝိညာဉ်တွေ ခန္ဓာကိုယ်ထဲကနေ ထွက်သွားမိသေးတယ်” သူက ပြောလိုက်သည်။

လောင်ယွီ ပြောစရာစကားရှာမရတော့ပေ။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဆဋ္ဌမမင်းသမီးလည်း မူလဝိညာဉ်ကို ဖွဲ့တည်နိုင်ခဲ့တယ်လား။ ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာကို လျှော့တွက်လို့မရဘူးပဲ။ ထူးချွန်ထက်မြက်တဲ့ လူငယ်မျိုးဆက်တွေ များလွန်းတယ်။ ငါက ကျောက်စိမ်းမြို့တော်ငယ်မှာပဲ နေခဲ့တော့ အဆများစွာ နောက်ကောက်ကျခဲ့ပြီ” ဝမ့်မူရန်က တလေးတစား ပြောလိုက်သည်။

သူ စိုးရိမ်စပြုလာ၏။ ကျောက်စိမ်းမြို့တော်ငယ်တွင် ကောင်းကင်ကျင့်စဉ်များစွာ ရှိပြီး ထိပ်တန်းသိုင်းပညာရပ်များကို သင်ကြားနိုင်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုက တောမီးသဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်နေသည်။ သိုင်းကွက်များ ပြောင်းလဲသွားသလို၊ လမ်းစဉ်များလည်း ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်နတ်သိုင်းအသစ်များလည်း ပေါ်ထွန်းလာလိမ့်မည်။ ကျောက်စိမ်းမြို့တော်ငယ်အနေဖြင့်  ပြုပြင်ပြောင်းလဲမှုအား အမှီမလိုက်နိုင်လျှင် သေချာပေါက် နောက်ကျကျန်ခဲ့လိမ့်မည်။

အရပ်ခြောက်မျက်နှာအဆင့်တွင် ချင်မူနှင့် ဆဋ္ဌမမင်းသမီး မူလဝိညာဉ်ကို ဖွဲ့တည်နိုင်ခြင်းက ပြုပြင်ပြောင်းလဲမှု၏ လက္ခဏာတစ်ရပ်သာ ရှိသေးသည်။

ထိုပြောင်းလဲမှုက ကျန်သိုင်းသမားအပေါ် သက်ရောက်မှု မည်မျှကြီးမားကြောင်း ချင်မူနှင့် လင်ယွိရှို့တို့ မသိကြသော်လည်း ဤသတင်းသာ ပြန့်သွားလျှင် သူတို့နှစ်ယောက်လုံးသည် ဆရာသခင်အဖြစ် တင်မြှောက်ခံရပြီး သိုင်းလောက၏ သမိုင်းတစ်လျှောက်လုံးတွင် ထင်ပေါ်ကျော်ကြားလာလိမ့်မည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် တန်းတူညီတူ ဖြစ်နိုင်သည်သာမက သူ့ကို‌ပင် ကျော်တက်သွားနိုင်သည်။

ဧကရာဇ်အတိုင်ပင်ခံ အခြေခံဓားချက်သုံးချက်ကို တီထွင်နိုင်ခဲ့ခြင်းကလည်း ပြုပြင်ပြောင်းလဲမှုက လက္ခဏာတစ်ရပ်ဖြစ်၍ ဆရာသခင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အရပ်ခြောက်မျက်နှာအဆင့်၌ မူလဝိညာဉ်ဖွဲ့တည်နိုင်ခြင်းမှာ အခြေဓားချက်သုံးချက် တီထွင်နိုင်ခဲ့ခြင်းထက် ပိုမိုကြီးကျယ်၏။ ၎င်းက အရပ်ခြောက်မျက်နှာအဆင့်နှင့်အထက် ကောင်းကင်နတ်သိုင်းပညာရှင်အားလုံးကို တိုးတက်လာစေနိုင်ပြီး ကျင့်စဉ်စွမ်းအင်များ မြင့်မားလာစေလိမ့်မည်။

ဝမ့်မူရန် ချင်မူ့အား သူ၏အတွေးကို ပြောပြလိုက်သောအခါ ချင်မူ မှင်သက်သွားသည်။ သူက ပြောလိုက်သည်။ “ငါ ဒီလိုမတွေးမိခဲ့ဘူး... ဒါပေမဲ့ မင်းပြောတာက သိပ်သဘာဝကျတယ်။ ငါ မြို့တော် ပြန်ရောက်ရင် မိန်းကလေးယွိရှို့နဲ့ ဆွေးနွေးကြည့်လိုက်မယ်။ မူလဝိညာဉ် ဘယ်လိုဖွဲ့တည်သွားလဲ ငါတို့ရှာတွေ့လောက်တယ်”

သူက စိမ်းပြားရောင်ကောင်းကင်မျက်လုံးဖြင့် မုချင်းသိုင်၏ ကိုယ်အတွင်းအပြင်ကို ကြည့်ကာ အတွင်းဒဏ်ရာများအား စစ်ဆေးနေသည်။ ထို့နောက် သူမအတွက် ဆေးဖော်လိုက်၏။

မုချင်းသိုင်မှာ သူ၏အကြည့်စူးစူးကြောင့် အတန်ငယ် ရှက်လာသည်။ ‘သူက နတ်ဆေးသမားတော်၊ သူက နတ်ဆေးသမားတော်...’ သူမကိုယ်သူမ ထပ်တလဲလဲ သတိပေးနေရသည်။

ထို့နောက် နတ်ဆေးသမားတော်ချင် ခပ်တိုးတိုး ရေရွတ်လိုက်သည်ကို သူမ ကြားလိုက်ရ၏။ “မိန်းမတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ယောက်ျားတွေနဲ့ မတူတဲ့ပုံပဲ။ သူတို့မှာ ဟိုဟာလည်း မပါတော့ သေးဘယ်လိုပေါက်ကြပါလိမ့်...”

မုချင်းသိုင် မျက်နှာလေးရဲသွားပြီး သူ့ကို မျက်စောင်းထိုးလိုက်သည်။

ချင်မူ လောင်ယွီ့ဒဏ်ရာများကို သွားကြည့်လိုက်ပြီး အချိန်အနည်းငယ်ကြာ‌သောအခါ သုံးယောက်လုံးအား ကုသပေးပြီးသွားသည်။

နဂါးချီလင်က ယိုင်တိုင်တိုင် လျှောက်လာပြီး ပြောလိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်‌တော့်ကို စိုက်နေတဲ့ ဓားတွေကို ကြည့်ပါဦး..”

ဓားဆယ်လက်ကျော်က သူ့ကိုယ်ထဲ စိုက်နေသေးလေသည်။

ချင်မူ သူ့ကို ကြည့်၍ ရွဲ့ပြောလိုက်သည်။ “ငါ့ဆံပင်တွေ ရှုပ်နေသေးလား”

“အကုန်လုံး သပ်ရပ်နေတာပဲ။ ခဏလေး ဒီတစ်ချောင်းက ထွက်နေပြန်ပြီ...”

နဂါးချီလင် လျှာထုတ်လိုက်သည့်အချိန်မှာပဲ ချင်မူက လက်ချောင်းကို လှုပ်ရှားလိုက်သည်။ နဂါးချီလင်၏ကိုယ်ထဲ စိုက်ဝင်နေသော ဓားပျံဆယ်လက်ကျော်လုံး တစ်ပြိုင်တည်း ထွက်သွား၍ သွေးများ ပန်းထွက်လာသည်။

နဂါးချီလင် နာကျင်စွာ အော်တော့သည်။

“ထပ်လျက်ရင် လျက်ကြည့်စမ်း” ချင်မူ သူ့ကို ဆူပူလိုက်သည်။

ထိုသို့ပြောလိုက်ပါသော်လည်း သူ နဂါးသွားရည်ပုလင်းများ ထုတ်၍ နဂါးချီလင်၏ ဒဏ်ရာများအပေါ် သုတ်လိမ်းပေးလိုက်၏။ သွေးခဲများကို ထုတ်ပြီးနောက် ဒဏ်ရာများကို ချုပ်ပေးလိုက်သည်။

နဂါးချီလင်က မျက်နှာချိုသွေးပြီး ပြောလိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်တော့်ခွဲတမ်းလေး...”

ချင်မူ သူ့ကို အဖက်မလုပ်ဘဲ နဂါးချီလင်ထက် အခြေအနေဆိုးသော သမင်ကြီးဆီ လျှောက်သွားလိုက်သည်။ သမင်ကြီး၏ကိုယ်ထဲ စိုက်နေသည့် နဂါးချီလင်ထက် သုံးဆများပြီး သူ့မှာ သွားရည်အိုင်ထဲ၌ လူးနေရသေးလေသည်။

ချင်မူ ခေါင်းယမ်းပြီး သခင်ကြီး၏ အရိုးများကို နေရာတကျ ပြန်ဆက်ပေးလိုက်သည်။ ထို့နောက် ဓားပျံများ ဆွဲနုတ်လိုက်၍ သွေးထွက်လာသော နေရာများအား နဂါးသွားရည် သုတ်ပေးလိုက်၏။

ဝမ့်မူရန်က သက်သာလာ၍ သမင်ကြီး၏ချိုများကို ကောက်ကာ သမင်ကြီးခေါင်းပေါ် ပြန်စိုက်ပေးလိုက်သည်။

“သခင်လေး ချိုတွေ ပြောင်းပြန်ဖြစ်နေတယ်” သမင်ကြီး သူ့ကို ပြောလိုက်သည်။

“အာ”

ဝမ့်မူရန် ချိုများကို ကပျာကယာ ဆွဲထုတ်လိုက်၍ သွေးများထွက်လာသည်။ သမင်ကြီးမှာ ညည်းတွားလိုက်ရပြီး ဝမ့်မူရန်က ချိုများကို ပြောင်းပြန်လှန်၍ ပြန်စိုက်ပေးလိုက်သည်။ သူက ချင်မူ့ထံမှ နဂါးသွားရည်တစ်ပုလင်းတောင်းပြီး ဒဏ်ရာပေါ် သုတ်လိမ်ပေးလိုက်၏။

ထို့နောက် ချင်မူက နဂါးများ၏ ဒဏ်ရာများအား သွားကုပေးသည်။ နေ့ဝက်နီးပါး အလုပ်ရှုပ်နေပြီးနောက် အပြင်ရှိ ကောင်းကင်က ရုတ်တရက် ဖြူဆွတ်သွား၏။ နောက်တခဏတွင် ပြန်လည်မည်းမှောင်သွားပြီး လျှပ်စီး ဝင်းခနဲ လက်သွားသည်။

အကုန်လုံး အပြင်ထွက်၍ ကမန်းကတန်း ကြည့်လိုက်သည့်အခါ မိုးတိတ်သွားကြောင်း မြင်လိုက်ရသည်။ ကောင်းကင်မှာ ဓားကြီးတစ်လက်ဖြင့် ပိုင်းခြမ်းခံလိုက်ရသကဲ့သို့ နှစ်ခြမ်းကွဲနေကြောင်း သူတို့ တွေ့လိုက်ရ၏။

“ဒါက...” ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “နေသူရိန်ခွင်းကောင်းကင်အမြှောက်....”

နှစ်ခြမ်းကွဲသွားသော ကောင်းကင်မှ အနီရောင်အစက်များ ကျလာသည်။ ချင်မူ ဖမ်းကြည့်ရန် လက်ဆန့်လိုက်သော်လည်း အမူအရာပြောင်းလဲသွားပြီး ကပျာကယာ လက်ပြန်ရုတ်လိုက်၏။

အနီရောင်အစက်များက သူတို့အရှေ့ရှိ နန်းဆောင်များအပေါ် တဖြောက်ဖြောက် ကျလာသည်။ ကျသွားသော နေရာတိုင်းတွင် ပန်းများ ပွင့်လန်းလာပြီး တမုဟုတ်ချင်း သစ်ပင်ကြီးများ ပေါက်လာ၏။

ကောင်းကင်ဘုံ ငိုကြွေးနေသကဲ့သို့ နတ်ဘုရားသွေးများက ကောင်းကင်မှ ရွာကျလာသည်။

နတ်ဘုရားတစ်ပါး ကြွေလွင့်သွားချေပြီ။

All Chapters