← Chapters

စစ်ဆင်ရေးစခြင်း

Vol. 7 Ch. Chapter 10

စစ်ဆင်ရေးစခြင်း

Vol. 7 Ch. Chapter 10

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 10 - မစ်ရှင်စတင်ခြင်း

အမေရိကန်နိုင်ငံရှိ ဆိပ်ကမ်းမြို့တစ်မြို့။

ပစ္စည်းသယ်ကရိန်းကြီးများက နေ့စဥ်လည်ပတ်​နေကျအတိုင်း သင်္ဘောကြီးတစ်ခုပေါိမှနေ၍ ကွန်တိန်နာသေတ္တာများကို ဆွဲယူကာ ဆိပ်ကမ်းပစ္စည်းထားသိုရာနေရာသို့ ပို့ဆောင်ပေးနေကြသည်။ ထိုကွန်တိန်နာများတွင် အခြားကွန်တိန်နာများနှင့် အတူတူသာဖြစ်သော ကွန်တိန်နာအပြာတစ်လုံးလည်း ပါဝင်၏။ ကရိန်းက သင်္ဘောပေါ်မှနေ၍ ထိုကွန်တိန်နာကို မလိုက်သော် ပေါ့ပါးလွန်းသဖြင့် ကရိန်းနောက်လန်ကျမလိုပင် ဖြစ်သွားသည်။ ကွန်တိန်နာနှင့်တွဲထားသည့် ဉာဏ်ရည်တုစနစ်က ချက်ချင်းအသက်ဝင်လာပြီး ကရိန်းအလေးချိန်ခွင်ကို အလိုက်သင့်ပြောင်းလဲလိုက်၏။

"ဟ၊ ဒီကွန်တိန်နာက ပေါ့လိုက်တာ။" ကရိန်းပေါ်တွင် လုပ်ငန်းစဥ်ကို စောင့်ကြည့်နေသူက ပြောလိုက်သော်လည်း ချက်ချင်းမစစ်ဆေးသေးဘဲ ကရိန်းက ထိုကွန်တိန်နာကို အခြားကွန်တိန်နာများအပေါ်သို့ သွားတင်သည်ကိုသာ အဆင်ပြေမပြေစောင့်ကြည့်သည်။ ထို့နောက် အခြားကွန်တိန်နာများကို ကရိန်းက စက်မနေပြီး ညနေစောင်းချိန်တွင် သင်္ဘောပေါ်မှ ကွန်တိန်နားအားလုံးနီးပါးကို ပြောင်းရွှေ့ပြီးဖြစ်၏။ အလုပ်မသိမ်းခင် ဆိပ်ကမ်းအရာရှိတချို့ရောက်လာပြီး ကွန်တိန်နာများကို လာရောက်စစ်ဆေးကြသည်။ ပေါ့နေသောကွန်တိန်နာအား ကရိန်းစောင့်ကြည့်သူက လက်ညိုးထိုးပြသဖြင့် အရာရှိက ကွန်တိန်နာပေါ်ရှိ QRကုတ်ကို သူ့ဖုန်းဖြင့်စကင်ဖတ်လိုက်ပြီး...

"ဒီကွန်တိန်နာက အခွန်ဆောင်ထားပြီသားပါ၊ ချိပ်တုံးလည်းပျက်နေပုံမရဘူးဆိုတော့ အထဲမှာပါတဲ့ပစ္စည်းက ပေါ့လို့ဖြစ်မယ်။ ကွန်တိန်နာဘောက်စ်အလေးချိန်ကို စစ်ဆေးတဲ့ကောင်တွေ အိပ်ငိုက်သွားတာလား။"

အရာရှိစကားကြောင့် ကရိန်းသမားလည်း ပခုံးတွန့်ပြလိုက်သည်။ တခြားထူးထူးခြားခြား ဘာမှမရှိသည့်အပြင် အလုပ်ဆင်းချိန်ရောက်ပြီမလို့ သံသယတချို့ရှိနေဆဲဖြစ်သော်လည်း နောက်နေ့အလုပ်ဆင်းချိန်မှ စစ်ဆေးရန် ဆုံးဖြတ်လိုက်ကြပြီး ဆိပ်ကမ်းမှ ထွက်ခွာသွားကြ၏။

တိတ်ဆိတ်တဲ့ည။

ထိုကွန်တိန်နာတံခါးက အားပြင်းသည့်အရာတစ်ခုခုဖြင့် အတွင်းမှထိုးနှက်ခံလိုက်ရဟန်ဖြင့် ပုံပျက်သွားပြီး ချက်ချင်းပွင့်ထွက်လာသည်။ အတွင်းပိုင်းမှ သေးငယ်သည့် လူရိပ်တစ်ခုထွက်လာပြီး လရောင်အောက်တွင် လူကိုမသဲမကွဲသာ မြင်ရသည်။ သို့သော် မိန်းကလေးတစ်ယောက်ဖြစ်ပြီး အတော်ငယ်သေးသည်ကိုတော့ သိနိုင်ပါ၏။

ဟူး....

မိန်းကလေးက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး လေထုထဲမှ တစ်စုံတစ်ခုကို အနံခံနေပုံရသည်။ အတန်ကြာသည့်အခါမှ မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး...

"ဒီနေရာမှာ ငါအာရုံရနေတဲ့ သတ္တဝါရှိလိမ့်မယ်။ လိုက်ရှာကြည့်တာပေါ့။"

ထို့နောက် ထိုမိန်းကလေးက ကွန်တိန်နာတံခါးဝမှနေ၍ ခုန်ထွက်ကာ တခြားတစ်ဖက်ရှိ ကွန်တိန်နာဘောက်များပေါ် လွှားခနဲလှမ်းတက်လိုက်သည်။ ထို့နောက် ကွန်တိန်နာဘောက်များပေါ်တွင် ပြေးလွှားရင် ညအမှောင်ထုထဲသို့ ​တိုးဝင်ပျောက်ကွယ်သွား၏။

....

မစ်ရှင်စမယ့်နေ့မနက်က ကျောင်းပိတ်ရက်ဖြစ်နေလို့ ကံကောင်းတယ်။ ဒီလိုမှမဟုတ်ရင် ကျောင်းသားတွေကို သူတို့ဆရာတွေထဲက အများစုပျောက်နေတဲ့ အကြောင်းအရင်း မက်ဒါနာရှင်းပြဖို့ ခက်သွားလိမ့်မယ်။

  စစ်ဆင်ရေးမှာပါရမယ့် လူတစ်ယောက်ချင်းစီကို ဖုန်းဆက်ခေါ်ပြီးနောက်တော့ အကုန်လုံးက ကျောင်းရဲ့ဝန်ထမ်းအိမ်ရာမှာ မနက်စာစားဖို့အသင့်ဖြစ်နေကြပြီ။ ဖရက်၊ မက်ဒါနာ၊ ဖလေရာနဲ့ လင်ဒါတို့က ဒီနေ့မနက်အတွက် စားဖိုမှူးကြီးအေမီရဲ့လက်ရာကို စောင့်မျှော်နေကြလေရဲ့။

ခနနေတော့ အေမီက မီးဖိုချောင်ထဲကနေပြီး မုန့်ဗန်းအကြီးကြီးကို သယ်လာတယ်။ မုန့်ဗန်းထဲမှာတော့ နံပြားခပ်ပါးပါးနဲ့တူတဲ့ အဝါရောင်မုန့်ပြားဝိုင်းလေးတွေ ပါလာပါတယ်။ အေမီက အဲဒီမုန့်ပြားလေးတွေကို တစ်ယောက်ကို သုံးခုစီခွဲပေးပြီး ဟင်းပွဲနဲ့မိတ်ဆက်ပေးလိုက်တယ်။

"ဒီနေ့အတွက်ဟင်းလျာကတော့ အိန္ဒိယနိုင်ငံ ရာဂျစ်စတန်ပြည်နယ်က အစပြုတဲ့ ချီလာဖြစ်ပါတယ်။ ဂျုံညက်နဲ့ပြုလုပ်ထားတာဖြစ်ပြီးတော့ ဒိန်ချဥ်၊ ကြက်သွန်နီ၊ ခရမ်းချဥ်သီး၊ မဆလာနဲ့ တခြားဆေးဖက်ဝင်အပင်တွေကိုလည်း အသုံးပြုထားပါတယ်။"

မက်ဒါနာက ဟင်းပွဲကို အနားကပ်ပြီးအနံခံကြည့်တော့ တကယ်ပဲ မဆလာနဲ့ဒိန်ချဥ်အနံရနေတယ်။ တစ်လုပ်စာ ပါးစပ်ထဲထည့်ကြည့်ပြီးတဲ့နောက် ရွရွလေးနဲ့ နူးညံ့တဲ့အရသာရတဲ့အတွက် အကြိုက်တွေသွားပြီး စစားတယ်။ ကျန်တဲ့သူတွေလည်း သဘောတကျနဲ့ လိုက်စားတယ်။

ဖလေရာက အရင်စားလို့ကုန်သွားပြီး အေမီကိုချီးကျူးတဲ့အနေနဲ့ ပြောလိုက်ပါတယ်။ "မက်ဒါနာရဲ့အသုံးမကျတဲ့အိမ်စေမလေးက ဟင်းသေချာချက်နိုင်မယ်လို့ ထင်မထားဘူး။ ဒါမှမဟုတ် သခင်မလေးရဲ့ဝမ်းဗိုက်ကိုသိမ်းပိုက်ဖို့ ငါတို့အလစ်မှာ ခိုးလေ့ကျင့်နေတာများလား။"

ဖလေရာစကားကြောင့် ဖရက်နဲ့လင်ဒါတို့နှစ်​ယောက်က အေမီကို အန္တရာယ်ရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။ ဖရာလီတာ သူ့ဘာသာစွန့်စားခန်းထွက်နေကတည်းက အေမီက မက်ဒါနာနဲ့အချိန်အများစုရှိနေတဲ့သူပါ။ အေမီက လူသားမဟုတ်ပေမဲ့ ဒီမှာရှိနေတဲ့ လူအများစုထက်စာရင် မက်ဒါနာအခွင့်ပေးတာ ပိုခံရတယ်လေ။ အေမီကလည်း ဖလေရာကို ခံစားချက်မဲ့တဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်ပါတယ်။ မသိရင် စိတ္တဇလူသတ်သမားတစ်ယောက်က သားကောင်ရွေးနေတဲ့အတိုင်းပဲ။

"သတိပေးပါရစေ မိန်းကလေးဖလေရာ၊ ရှင်က မမလေးအတွက် ထိပ်သီးအန္တရာယ်ကောင်စာရင်းထဲမှာ ပါနေတဲ့အတွက် တစ်ခုခုမဟုတ်တာလုပ်ဖို့ကြိုးစားရင် နှင်ထုတ်ရပါလိမ့်မယ်။"

အေမီရဲ့သတိပေးစကားကြောင့် ဖလေရာလည်း မကောင်းတဲ့ မှတ်ဉာဏ်တွေကို ပြန်တွေးမိသွားပြီး မျက်လုံးကို အပေါ်လှန်ပြလိုက်တယ်။ သူ့အတွက် ​အေမီက လောလောဆယ် ရန်စလို့ကောင်းတဲ့အထဲမှာ မပါပါဘူး။

"ဒါနဲ့၊ နင်ငါ့ဝတ်စုံကို အဆင့်မြှင့်ပြီးသွားပြီဆို ငါ့ကိုပြဦးလေ။"

ဖလေရာက စကားလမ်းကြောင်းလွဲတဲ့အနေနဲ့ ပြောလိုက်တယ်။ မက်ဒါနာကလည်း ခေါင်းညိတ်လိုက်ပြီး

အေမီကိုပြောလိုက်တယ်။ "အေမီ၊ ငါ့ကို အခန်းထဲက

ရွှေရောင်သေတ္တာလေးယူပေး။" နောက်တော့ သူက တခြားသူတွေအားလုံးကို ကြည့်ပြီးပြောတယ်။

"ငါတို့တွေ အပြင်ထွက်ပြီး ဝတ်စုံစမ်းကြတာပေါ့။"

ခါတိုင်းလိုပဲ သူတို့တွေ ကျောင်းရဲ့တိုက်ပွဲကွင်းပြင်ဆီရောက်သွားတယ်။ အားလုံးကို နမူနာပြဖို့တာဝန်ယူရသူကတော့ အေမီဖြစ်ပြီးတော့ သူက ပလာဒင်ဝတ်စုံကို ဝတ်လိုက်တယ်။

အားလုံးရှေ့မှာပဲ ဧရာမစစ်သုံးတူကြီးကိုကိုင်ထားတဲ့ ရွှေရောင်ရှေးစစ်သည်ကြီး ပေါ်လာပါတယ်။ မက်ဒါနာက ဝတ်စုံမှာထည့်ထားတဲ့ အဆင့်မြှင့်တင်မှုတွေကို တစ်ဆင့်ချင်းစီရှင်းပြတယ်။

"ငါက နင့်ဝတ်စုံကို ငါ့ဝတ်စုံနဲ့တူတဲ့ နည်းလမ်းတွေနဲ့ အဆင့်မြှင့်ပေးချင်ခဲ့ပေမဲ့ နင့်ဝတ်စုံရဲ့ဉာဏ်ရည်တုက သူ့နဂိုပုံစံကို ချိုးဖျက်တယ်ဆိုပြီး အတင်းငြင်းနေလို့ သူဖြစ်စေချင်တဲ့အတိုင်း အနီးစပ်ဆုံးလိုက်လုပ်ပေးထားရတယ်။"

ဖလေရာကတော့ မက်ဒါနာစကားကို ခေါင်းညိတ်ပြီးနားလည်ကြောင်းပြရင်း ဝတ်စုံဝတ်ထားတဲ့ အေမီကို လက်ညိုးထိုးပြလိုက်တယ်။ "နင်တောင် ငါ့အဖိုးဝတ်စုံကို ဝတ်လို့မရဘူးမဟုတ်လား။ အေမီက ဘာလို့ဝတ်လို့ရနေတာလဲ။"

"မမလေးကို အကွက်သစ်တွေနဲ့မိတ်ဆက်ပေးဖို့ ခနဝတ်ခွင့်ပေးထားတယ်ဆိုပါတော့။" ပလာဒင်ဉာဏ်ရည်တုက ပြောလာတဲ့အတွက် ဖလေရာက မနည်းလုပ်ရယ်ရယ်ပြလိုက်ရတယ်။ ဒီဝတ်စုံထဲက ဉာဏ်ရည်တုအဖိုးကြီးက အတော်ချေးများတဲ့သူပါ။

"ပထမဆုံးအဆင့်မြှင့်တင်မှုကတော့ အခြေခံအဆင့်မြှင့်တင်မှုတွေပဲ။ ခံနိုင်ရည်၊ ခွန်အားနဲ့ အမြန်နှုန်းပေါ့။ အကုန်လုံး စံမီ S rank ဖြစ်သွားပြီ။ စွမ်းအင်စားနှုန်းနဲ့လိုက်ဖက်ညီအောင်လည်း BH02

Reactorကို သုံးပေးထားတယ်။"

"နောက်ဆုံးတော့ နင်နဲ့ငါနဲ့ ဘေးချင်းယှဥ်ပြီးတိုက်လို့ရပြီပေါ့နော်၊ မက်ဒါနာရေ။" ဖလေရာက မက်ဒါနာနားကိုကပ်လာပြီး အသားယူချင်ပေမဲ့ အေမီဘာမှမလုပ်ခင် ဖရက်က ကြားဝင်လာပြီး သူ့အတောင်ပံတွေကို ဖြန့်လိုက်တယ်။

"ခင်ဗျားကို ကျုပ်လည်းဘလက်လစ်သွင်းထားတယ်ဆိုတာ မမေ့ပါနဲ့။"

"....." ဖလေရာတစ်ယောက် ဘာပြောရမှန်းမသိတော့ဘူး။ မက်ဒါနာကတော့ သူတို့ကို ဝင်ဖြန်ဖြေရင်း

"ဘာမှမဟုတ်တာတွေအတွက် အချိန်ကုန်နေမယ့်အစား ဝတ်စုံအဆင့်မြှင့်ထားတာတွေကို ဆက်ကြည့်ကြပါလား။"

ဒီတော့မှ သူတို့နှစ်ယောက်ငြိမ်သွားပြီး မက်ဒါနာက ဆက်ပြောလို့ရသွားတယ်။ "အရေးပါတဲ့ အဆင့်မြှင့်တင်မှုနှစ်ခုကတော့ ပျံသန်းနိုင်တဲ့စနစ်နဲ့ လက်နက်အဆင့်မြှင့်တာပဲ။ ငါ့ဝတ်စုံလိုမျိုးပဲ အတောင်ပံထည့်ထားပေးတယ်၊ တူကြီးကိုတော့ ပိုအားကောင်းတဲ့ အလင်းဒြပ်စင်ဂျက်တပ်ပေးထားတာမလို့ ဂျက်အားကိုသုံးပြီး ပိုအားပြင်းပြင်းနဲ့ ထုလို့ရသွားပြီ။"

ပိုအင်အားကောင်းတဲ့ လက်နက်တစ်ခုပိုင်ဆိုင်ထားခြင်းက ကောင်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ ဖလေရာကတော့ မကျေနပ်နိုင်သေးပုံပဲ။ သူက မက်ဒါနာကို သံသယအပြည့်နဲ့ ကြည့်လိုက်ပါတယ်။

"နေစမ်းပါဦး၊ ဘာလို့ နင်က ငါ့တူမှာကျတော့ မြေဆွဲအားထိန်းချုပ်စနစ်ထည့်မပေးတာလဲ။"

မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး "ငါလည်းထည့်ပေးချင်ပေမဲ့ နင့်အဖိုးဝတ်စုံက အကူအရိုးတုစနစ်နဲ့လေ။ Void Streamလိုမျိုး ဒဏ်မခံနိုင်ဘူး။ ငါက အစားထိုးချင်ပေမဲ့ နင့်အဖိုးရဲ့ဉာဏ်ရည်တုက မူရင်းလက်ရာပျက်မယ်ဆိုပြီးပဲ ထိုင်ငြင်းနေတာ။"

"ငါသဘောပေါက်ပြီ။" ဖလေရာက ပြောလိုက်ပါတယ်။ မက်ဒါနာကတော့ အေမီကို လက်ဝါးနဲ့အချက်ပြပြီး တိုက်ခိုက်ခိုင်းလိုက်တယ်။ အေမီက တူကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး လေထဲမှာ ဆက်တိုင်ယမ်းပြတယ်။ အားကောင်းလွန်းလို့ လေပွေတစ်ခုတောင် ဖြစ်ပေါ်လာလုနီးပါးပဲ။ မက်ဒါနာက ရှင်းပြလိုက်တယ်။

"ဒါက နင့်ရဲ့Ultimate Skillဖြစ်လာမယ့် Tornado Smashပဲ။ အားကုန်သုံးရင် လေဆင်နှာမောင်းအသေးလေးတစ်ခုကို တကယ်ဖန်တီးနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါတို့က ကျောင်းတိုက်ပွဲကွင်းမှာဆိုတော့ အဆင်မပြေဘူး။"

မက်ဒါနာတို့ကျောင်းက ဒီနှစ်ကျောင်းဖွင့်နိုင်တာတောင် အတော်ကံကောင်းလို့ပါ။ တစ်ခုခုပျက်စီးသွားရင် သူတို့အတွက် ပြန်ပြင်နိုင်ဖို့ ခဲယဥ်းပါတယ်။

ဖလေရာက လက်ပိုက်လိုက်ပြီး သူ့ဝတ်စုံသစ်ရဲ့လုပ်နိုင်စွမ်းတွေကို ခေါင်းညိတ်အသိအမှတ်ပြုလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် အရင်မျိုးဆက်က နည်းပညာဝတ်စုံတစ်ခုကို ပိုကောင်းလာအောင် အဆင့်မြှင့်တင်ရတာက မလွယ်ပါဘူး။ အထူးသဖြင့် ချေးများတဲ့ဉာဏ်ရည်တု လက်ခံလာအောင်လုပ်ဖို့က ပိုခက်ပါသေးတယ်။ ဒါပေမဲ့ ဖလေရာက သူ့ဝတ်စုံမှာ တစ်ခုခုထူးဆန်းနေတာကို သတိထားမိသွားတယ်။

"ဒါနဲ့ မက်ဒါနာရေ၊ ဘာလို့ငါ့ဝတ်စုံမှာ မြင်းစီးသူရဲကောင်းခြုံလွှာကြီး ပါနေတာလဲ။ အစက မရှိဘူးမဟုတ်လား။"

အရင်ခေတ်ဟီးရိုးတော်တော်များများက ခြုံလွှာတွေသုံးတတ်ကြပေမဲ့ အခုခေတ်ဟီးရိုးတွေက သိပ်မသုံးကြပါဘူး။ လွတ်လွတ်လပ်လပ် လှုပ်ရှားမရတာကြောင့် တိုက်ပွဲမှာ အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ခေတ်ဟောင်းဖက်ရှင်တစ်ခုမလို့ ပုံတုံးတယ်လို့ မြင်ကြလို့ပါ။

"အိုး၊ အဲဒါက ငါသိပ်မကြာခင်ကမှ ထပ်ဖြည့်ပေးထားတဲ့ ကိုယ်ပျောက်ခြုံလွှာလေ။ အလင်းဒြပ်စင်မှုန်တွေကိုသုံးပြီး နင့်ကိုပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင် ပြုလုပ်ပေးနိုင်တယ်။ အေမီ၊ လုပ်ပြလိုက်။"

ပလာဒင်က ခေါင်းညိတ်လိုက်ပြီး မြင်းစီးသူရဲကောင်းခြုံလွှာ လက်နဲ့ကိုင်ကာ ဆွဲဖြန့်လိုက်တယ်။ ခြုံလွှာက ချက်ချင်းဆိုသလို အလင်းမှုန်တွေအဖြစ်ကို ပြောင်းလဲသွားပြီး ပလာဒင်စစ်သည်ကို မမြင်ရတော့ဘူး။ နောက်တော့ ဖလေရာက သူ့ပခုံးကို တစ်ယောက်ယောက်ကိုင်လိုက်သလို ခံစားလိုက်ရပြီး နောက်လှည့်ကြည့်လိုက်တော့ ဖောက်ထွင်းမြင်နိုင်တဲ့ အရာတစ်ခုသူ့နောက်မှာရှိနေတာကို သတိထားမိလိုက်တယ်။ အေမီက သရုပ်ပြပြီးတာနဲ့ ကိုယ်ဖျောက်တာကို ပယ်ဖျက်လိုက်တဲ့အတွက် ပလာဒင်ချပ်ဝတ်က ပြန်ပေါ်လာပါတယ်။

"အရင်ကတည်းက ဖရာလီတာမှာ အဲဒီနည်းပညာနဲ့ဆင်တူတဲ့ အကြမ်းထည်နည်းပညာတစ်ခုရှိတယ်။ ဟိုတလောက ကျောင်းသားလေးတစ်ယောက် ကိုယ်ပျောက်ခြုံလွှာသုံးတာတွေ့တာနဲ့ ငါလည်းတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ ဒါပေါ့ ငါတို့နည်းပညာက ပိုအဆင့်မြင့်တယ်။"

မက်ဒါနာက အသက်ကိုပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ကိုယ်ပျောက်ခြုံလွှာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်ရှင်းပြပါတယ်။ ကျန်တဲ့သူတွေကတော့ စိတ်ဝင်တစားနဲ့ လိုက်နားထောင်ကြတယ်။

"ပလာဒင်ခြုံလွှာ​က အလင်းဒြပ်စင်ရဲ့ထောက်ပံမှုကိုသုံးပြီး ပလက်စမာနဲ့အစိုင်အခဲအကြား ကူးသန်းလို့ရတဲ့ နည်းပညာပဲ။ ဒီတော့ ကိုယ်ပျောက်နေတဲ့အချိန်မှာ ဝတ်ရုံက တကယ်ရှိမနေတော့ဘဲ ပတ်ဝန်းကျင်က အလင်းရောင်တွေကို ပြီးပြည့်စုံတဲ့အနေအထားနဲ့ ရောင်ပြန်ပလက်စမာတွေဖြစ်သွားတာ။"

"ဒါပေါ့၊ တကယ်ကြီးလုံးဝပျောက်သွားတာမဟုတ်လို့ အရာဝတ္ထုတွေက ပလာဒင်ဝတ်စုံကို လာထိမှန်နိုင်တယ်။ ခြုံလွှာက အမြင်အာရုံလှည့်စားမှုပဲ။ ပြီးတော့ အစိုင်အခဲတစ်ခုကို ပလက်စမာအဖြစ်ပြောင်းဖို့က စွမ်းအင်အများကြီးလိုပဲ။ BH02 တောင်မှ ငါးမိနစ်ထက် ပိုမလုပ်နိုင်ဘူး။ ဒီတော့ တိုက်ပွဲတစ်ချိန်လုံး ဒီအားသာချက်ကိုသုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲဒါကြောင့် ငါ့ဝတ်စုံမှာမထည့်တော့တာ။ Silverknightရဲ့ရှိပြီးသား တိုက်ကွက်တွေကလည်း စွမ်းအင်စားတယ်လေ။"

ဖလေရာက ဒီခြုံလွှာရဲ့အားနည်းချက်အားသာချက်တွေကို နားထောင်နေရပေမဲ့ စိတ်ပျက်သွားတာမျိုး မဖြစ်သွားဘူး။ အားနည်းချက်တွေသာမရှိတော့ရင် ဒီဝတ်စုံတွေက မှော်ဆန်နေတော့မှာပါ။ မက်ဒါနာက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတိုင်းကို နည်းပညာသုံးပြီး ကျော်လွှားနိုင်စွမ်းရှိတဲ့ အနန္တတန်ခိုးရှင်တစ်ယောက်တော့ မဟုတ်သေးပါဘူး။ ဒီလိုလုပ်နိုင်ရင် မက်ဒါနာကို နည်းပညာမြူတန့်လို့မခေါ်တော့ဘဲ နည်းပညာနတ်ဘုရားမလေး

လို့ ပြောင်းခေါ်ရတော့မှာ။

"ဒါပေမဲ့ ငါးမိနစ်ဆိုတာက အဆင့်တူရန်သူတစ်ယောက်ကို ခြုံခိုတိုက်ခိုက်ပြီး မြန်မြန်ပွဲသိမ်းဖြစ်ဖို့ လုံလောက်တဲ့ပမာဏလေ။ ဒီတော့ စွမ်းအင်ပမာဏအကုန်လုံးသုံးရမယ်ဆိုရင်တောင် ရင်းပျော်ပါတယ်။"

မက်ဒါနာက အာဘောင်အာရင်းသန်သန်နဲ့ရှင်းပြနေပေမဲ့ ဖလေရာကို နည်းပညာနတ်ဘုရားမလေးဆိုတာကိုတွေးမိပြီး ခေါင်းထဲကနေ ထုတ်မရဖြစ်နေတာကြောင့် ဝှီးချဲပေါ်မှာထိုင်နေတဲ့အလှလေးကို ကမ္ဘာသူကမ္ဘာသားတွေ ကိုးကွယ်နေတာကို စိတ်ကူးယဥ်မိလာပြီး အလိုလိုနေရင်းပြုံးလိုက်မိတယ်။

"ဖလေရာ... ဖလေရာ.... နင်ငါတို့နဲ့အတူရှိနေသေးလား။ ဝိညာဥ်လွင့်သွားတာလား။"

မက်ဒါနာက သူ့ကိုတစ်ချိန်လုံးပြုံးကြည့်နေတဲ့ ဖလေရာကို သည်းမခံနိုင်တော့ဘဲ လက်မောင်းကိုကိုင်ပြီး လှုပ်မေးလိုက်တယ်။ ဒီတော့ ဖလေရာလည်း သတိဝင်လာပြီး "အာ... ငါနည်းနည်းအတွေးလွန်သွားလို့ပါ။"လို့ ပြောလိုက်တယ်။

ရှင်းပြစရာရှိတာတွေ အားလုံးရှင်းပြပြီးတဲ့နောက်မှာတော့ မက်ဒါနာက အေမီကို ဝတ်စုံကိုပြန်ချွတ်ခိုင်းပြီးဖလေရာကို ပေးလိုက်တယ်။ လင်ဒါကတော့ မက်ဒါနာနားမှ တဝဲဝဲလည်နေတုန်း။

"ဟိုလေ၊ မက်ဒါနာရေ။ နင်ငါ့အတွက်ရော အဲဒီလိုဟာမျိုးလေးတစ်ခုလောက် ချုပ်ပေးဖို့အစီအစဥ်မရှိဘူးလား။"

လင်ဒါရဲ့စကားကြောင့် မက်ဒါနာက ခေါင်းကိုစောင်းပြီး လင်ဒါကိုကြည့်လိုက်တယ်။ "ချုပ်ပေးရမယ်...." လင်ဒါက နည်းပညာဝတ်စုံတွေကို အင်္ကျီချုပ်သလို ချုပ်ပေးလို့ရတယ်လို့ ထင်နေတာများလား။

'သေချာစဥ်းစားကြည့်မှ လင်ဒါမှာ တိုက်ပွဲစွမ်းအားကြီးကြီးမားမားမရှိဘူးပဲ။ ငါသူ့ကို တစ်ခုလောက်လုပ်ပေးရင်ကောင်းမလား။' လင်ဒါပူစာနေတာမြင်တော့ မက်ဒါနာက မနေနိုင်ဘဲ လုပ်ပေးချင်မိပြန်ရော။ ဒါပေမဲ့ လင်ဒါက မက်ဒါနာစိတ်ကူးယဥ်နေတုန်း အခုလိုပြောလိုက်တယ်။

"နင်ငါ့ကို လုပ်ပေးတဲ့ဥစ္စာက တကယ်အသုံးမဝင်လည်းကိစ္စမရှိဘူး။ ဘာလို့ဆို အခုငါက ကိုယ့်ဘာသာကာကွယ်နိုင်နေပြီလေ။" လင်ဒါက လက်ကိုနောက်ပစ်ပြီး ဟန်ထုတ်ရင်း ပြောလိုက်တော့ မက်ဒါနာမျက်စိပါလည်သွားတယ်။ သူသိသလောက် လင်ဒါမှာ လူတစ်ယောက်ထက်ပိုတဲ့ တိုက်ခိုက်နိုင်စွမ်းမရှိဘူး။ ဒါမှမဟုတ် လင်ဒါမှာလျှို့ဝှက်ချက်တစ်ခုခုရှိနေသေးတာလား။

"ငါနင့်ကိုမပြောပြဘူး၊ ဒါပေမဲ့ တစ်နေ့ကျရင်တော့ နင်ကိုယ်တိုင်ကြုံတွေ့လာလိမ့်မယ်။" လင်ဒါက သူ့ကို ပဟေဠိဆန်ဆန်ပြောလိုက်ပြီးနောက် ခန်းမထဲကနေ ထွက်သွားဖို့လုပ်တယ်။

"ဟေး၊ နင်ဘယ်သွားမလို့လဲ။"

"ငါတို့အစီအစဥ်အရဆိုရင် မစ်ရှင်နေရာကို သာမန်လူတွေရောက်မလာအောင် နယူးယောက်ရဲတွေက ကူညီရမှာမဟုတ်လား။ အခုလောက်ဆိုရင် တခြားသူတွေ တာဝန်အတွက်အသင့်ဖြစ်နေလောက်ပြီ။ ငါလည်းသွားကူညီလိုက်ဦးမယ်။"

"ကောင်းပြီလေ။" လင်ဒါက သူတို့အုပ်စုကို နှုတ်ဆက်ပြီးထွက်သွားတယ်။ မက်ဒါနာကလည်း လင်ဒါကို နှုတ်ဆက်လိုက်ပြီး ဆက်လုပ်ရမယ့်ကိစ္စကို စဥ်းစားတယ်။

"ဟုတ်ပြီ၊ အခုက မစ်ရှင်အတွက်ပြင်ဆင်ရမယ့်အချိန်ပဲ။ အေမီရေ၊ ငါ့အကူအရိုးယူလာပေး။" အေမီက နေရာကနေ ဦးညွှတ်ထွက်သွားပြီး မက်ဒါနာအမိန့်အတိုင်းပဲ လမ်းလျှောက်နိုင်ဖို့ ကူညီပေးတဲ့ အရိုးတုနဲ့ နည်းပညာသေတ္တာတွေကို ယူလာပေးတယ်။ မက်ဒါနာက အရိုးတုကိုတပ်လိုက်ပြီး ဝှီးချဲပေါ်ကနေ ထလိုက်တယ်။

"နေပါဦး၊ နင်ကရော ငါတို့နဲ့အတူတူလိုက်မလို့လား။" ဖလေရာက မယုံနိုင်စွာနဲ့ မေးလိုက်ပါတယ်။ မက်ဒါနာက လမ်းမလျှောက်နိုင်တော့ကတည်းက ကိုယ်တိုင်တိုက်ပွဲဝင်တာမျိုး မရှိသလောက်ရှားတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်တက်ကြွနေပုံပဲ။

"ငါအိမ်မှာပဲ ဒီအတိုင်းထိုင်နေရတာ ကြာပြီလေ။ တစ်ခါတလေတော့ နင်တို့ကို ကူညီပေးချင်တာပေါ့။"

မက်ဒါနာက ရှေ့ကနေဦးဆောင်လျှောက်ရင်း ခန်းမဂိတ်ဝကို ရောက်လာတယ်။ ဖလေရာက လင်ဒါကို လက်ညိုးထိုးပြလိုက်ရင်း "နင်က ငွေရောင်စစ်သည်ပြန်လုပ်မှာဆိုရင် အေမီကရော။"

"သူ့မှာ သူ့ဝတ်စုံသီးသန့်ရှိတယ်။" မက်ဒါနာပြောလိုက်တယ်။ အေမီကလည်း လက်ထဲမှာ ပိုက်ဆံအိတ်အရွယ် သေတ္တာလေးတစ်ခုကိုင်ထားပြီး သူ့ရဲ့ကိုယ်ပိုင်ဝတ်စုံ Neon Valkyrie ပါတဲ့သေတ္တာပါ။

ဖရက်က ရုတ်တရက်ဝင်ပြောလိုက်တယ်။

"မမလေး၊ ဟိုဘဏ္ဍာစိုးသုံးကောင်ကလည်း ကျွန်တော်တို့နဲ့ လိုက်မှာလား။" ဖရက်ရဲ့အမေးကို မက်ဒါနာက ခေါင်းခါပြပြီးတုံ့ပြန်တယ်။

"ဟင့်အင်း သူတို့မှာက သီးသန့်မစ်ရှင်ရှိတယ်။ ငါတို့နဲ့ဆိုင်တဲ့မစ်ရှင်ဆိုပေမဲ့ပေါ့။" နောက်တော့ မက်ဒါနာက ပိုးဟပ်သုံးကောင်ရဲ့ကံကြမ္မာအကြောင်း နည်းနည်းရှင်းပြတယ်။

"တစ်မြို့လုံးကလူတွေ ငါတို့မစ်ရှင်လုပ်နေတုန်း အပြင်မထွက်အောင်လို့ လင်ဒါတို့ရဲမှူးက စူပါရာဇဝတ်ဂိုဏ်းတစ်ခုကို နှိမ်နင်းစရာရှိတယ်ဆိုပြီး ကြေညာထားတယ်။ အဲဒီသုံးကောင်က ရာဇဝတ်ဂိုဏ်းသားတွေအဖြစ်နဲ့ လင်ဒါတို့ရဲတွေနဲ့လိုက်တန်းပြေးတန်းကစားရင်း မြူတန့်ဌာနစိတ်ကို အာရုံလွှဲပေးမှာ။" ဖလေရာက သက်ပြင်းချရင်း ကံဆိုးသူသုံးကောင်အတွက် ဆုတောင်းပေးလိုက်တယ်။ အဲဒီတာဝန်က တကယ့်ကိုမလွယ်တာလေ။

သူတို့တွေ ကျောင်းဝန်းထဲက ကားပါကင်ကိုရောက်တော့ ဘင်ကားကိုကျောမှီရပ်ရင်း သူတို့ကိုစောင့်နေတဲ့ ဖားလေးတို့အုပ်စုကို တွေ့လိုက်ရတယ်။ ဓားနတ်ဆိုး၊ ဟယ်ရီ၊ မယ်လီနဲ့ ဖားလေးတို့လေးယောက်ပါ။ လက်ရှိနယူးယောက်အစည်းအရုံးရဲ့အင်အားအကြီးဆုံးအဖွဲ့ဝင်တွေပါ။

All Chapters