ဉာဏ်များသော မြေခွေးအိုကြီး
Vol. 63 Ch. 875
" ပေါင်လဲ့။ နင်ပြောတာ အမှန်ပဲ။ ငါ အသေးစိတ် မသိထားပေမဲ့ နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ ဝင်ခွင့်နေရာက ပြင်ပလူတွေ ခိုးယူနိုင်စွမ်း မရှိတဲ့ အမှတ်အသားတစ်ခုပဲ။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ ပထမဆုံး ဧကရာဇ်ကြီးက ဟိုးအရင်အတုန်းက အဲဒီ အမှတ်အသားကို မတော်တဆ ရှာတွေ့ခဲ့တာ။ တော်ဝင်မိသားစုက လက်ခံသဘောတူမှပဲ အဲဒီ အမှတ်အသားကို လွှဲပြောင်းပေးနိုင်စွမ်းရှိတာ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း အနေနဲ့ နတ်မျက်လုံး တော်ဝင်မိသားစုကို ဂိုဏ်းကြီးသုံးဂိုဏ်းကို ချေမှုန်းနိုင်ဖို့ ကူညီပေးရတာက ထမင်းစားရေသောက်အဆင့်မှာပဲ ရှိတာလေ။ အဲတာမလို့ သူတို့က တော်ဝင်မိသားစုနဲ့ မဟာမိတ်ဖွဲ့ခဲ့ကြတာ "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို နားထောင်လိုက်ပြီးနောက် သူ သိရှိထားသမျှ သတင်းအချက်အလက်များနှင့် ပေါင်းစည်းကြည့်လိုက်သောအခါ ဤတိုက်ပွဲကြီး ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ သို့သော် သူသည် သူပိုင်ဆိုင်ရတော့မည့် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသော နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား အခြားသူများ လုယူသွားတော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ မခံမရပ်နိုင်လောက်အောင် ဖြစ်သွားရသလို ဝေခွဲမရ ဖြစ်နေတော့သည်။
" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူ ဘယ်နှယောက်ရှိလဲ " ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် မေးမြန်းလိုက်၏။
" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှာ စုစုပေါင်း ဂိုဏ်းကြီးငါးဂိုဏ်းရှိတယ်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက ပဉ္စမအဆင့်မှာ ရှိပြီးတော့ ဂြိုဟ်အဆင့်ကျင့်ကြံသူ သုံးယောက် ပိုင်ဆိုင်ထားတာ။ တကယ်လို့ အကုန်လုံးကို ပေါင်းလိုက်မယ်ဆိုရင်တော့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း တစ်ခုလုံးထဲမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူ ဆယ့်ရှစ်ယောက်တိတိ ရှိတယ် " ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ မခံမရပ်နိုင်ဖြစ်နေသော အမူအရာများကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။
" ပုံမှန်အတိုင်းဆိုရင် သူတို့က ဒီ လူမှုအဖွဲ့အစည်းထဲကို တစ်ဖွဲ့ချင်းစီရောက်လာဖို့ အစီအစဉ်မရှိကြဘူး။ ဒါပေမဲ့ နတ်မျက်လုံး တော်ဝင်မိသားစုထဲမှာ မတော်တဆဖြစ်ရပ်တွေ ပေါ်ပေါက်လာခဲ့ပြီး ထာဝရကြယ်တံခါးပေါက်ကို အပြည့်အဝ ဖွင့်မရခဲ့လို့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း တစ်ခုလုံးက ဒီနေရာကို ရောက်လာနိုင်စွမ်းမရှိတော့တာ " ကျောက်ယမုန့်မှာ ထိုသို့ရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ သူမသည် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို စိတ်ထဲတွင် ခန့်မှန်းမိထားပြီးသား ဖြစ်သည်။
" အဲဒီ မတော်တဆဖြစ်ရပ်တွေ ပေါ်ပေါက်လာတော့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းကို ပထမဆုံး အသုတ်အနေနဲ့ စေလွှတ်ဖို့ စီစဉ်ခဲ့ကြတာ။ သူတို့ရဲ့ တာဝန်က ဂိုဏ်းကြီးသုံးဂိုဏ်းကို ချေမှုန်းဖို့မဟုတ်ဘူး။ ဒီ လူမှုအဖွဲ့အစည်းထဲက ထာဝရကြယ်တံခါးပေါက်ကို ထပ်ဖွင့်ပြီးတော့ ဒုတိယအသုတ် အောင်အောင်မြင်မြင် ဆင်းသက်လာနိုင်အောင် ကူညီပေးဖို့ပဲ။ ပြီးတော့မှ သူတို့နှစ်ဖွဲ့ ပေါင်းပြီးတော့ ဂိုဏ်းသုံးဂိုဏ်းကို ချေမှုန်းပြီး ကြယ်သုသာန်ထဲကို ဝင်ဖို့ ပြင်ဆင်ကြမှာ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း အရေးနိမ့်သွားခဲ့ရပြီးနောက် ထာဝရကြယ်ဆီသို့ ထွက်ပြေးဆုတ်ခွာသွားသည့် အကြောင်းအရင်းအား နားလည်သွားခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအသတင်းအချက်လက်များကို သိရှိလိုက်ရပြီနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်းမှာ သေချာပေါက် ချေမှုန်းခံရမည်သာဖြစ်ကြောင်း မှတ်ယူလိုက်ပါသော်လည်း သူ၏ နှလုံးသားထဲမှ မကျေနပ်ချက်များကြောင့် သူသည် လက်မလျှော့ဘဲ ခုခံတွန်းလှန်နိုင်ရန် ကြိုးစားကာ လက်ရှိအခြေအနေကြီးအား ပြောင်းလဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတောလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။
" ယမုန့်၊ အခုလောလောဆယ် ဒီမှာပဲ ခဏနေခဲ့ဦး။ ဒီကိစ္စကြီး ပြီးသွားရင် နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်နေဖြစ်နေ ငါ နင့်ကို ကမ္ဘာဂြိုဟ်ဆီ ပြန်ခေါ်သွားပေးဖို့ ကတိပေးပါတယ် "
ကျောက်ယမုန့်မှာလည်း လက်ရှိအခြေအနေများအရ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းဆီသို့ ပြန်၍ မဖြစ်တော့ကြောင်း နားလည်ထားသဖြင့် ခေါင်းညိတ်လိုက်၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ကျောက်ယမုန့်အား သူနှင့်အတူ ခေါ်ဆောင်သွားပြီး ပင်မဂြိုဟ်၏ မြေအောက်ဂူထဲမှ ထွက်ခွာလာတော့သည်။ သူသည် ပြန်လည်ပေါ်ပေါက်လာချိန်တွင် အာကာသကြီးထဲ၌ ရောက်နေပြီဖြစ်သည်။ ထို့နောက် သူသည် အရှိန်မြှင့်တင်ကာ နတ်ဧကရာဇ်ဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။
သူတို့နှစ်ယောက်မှာ အလျင်အမြန် ပြန်လည်ရောက်ရှိလာကြ၏။ ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်အား ဝိညာဉ်အက်ကွဲကြောင်းနက်တပ်ရင်း စခန်းထဲသို့ လိုက်ပို့ပေးလိုက်ပြီးနောက် အချိန်ဖြုန်းနေခြင်းမရှိဘဲ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ တောင်ဝင်ပေါက်ဆီသို့ ချက်ချင်း ရောက်ရှိလာတော့သည်။
သူ၏ ရာထူးအဆင့်အတန်းမှာ ယခင်တုန်းကနှင့် လုံးဝမတူတော့ပေ။ သို့ဖြစ်ရာ သူသည် ထိုနေရာသို့ ရောက်ရှိသွားသောအခါ တကူးတက အကြောင်းကြားနေစရာပင် မလိုတော့ချေ။ ထို့အပြင် သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒ အငွေ့အသက်များကိုလည်း ထိန်းချုပ်ထားခြင်းမရှိဘဲ ထုတ်လွှတ်လိုက်သေးသည်။
" လုံနန်ကျစ် ခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ် " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ့အား အတော်အသင့် အဆင့်အတန်းမြင့်မားသည့် ရာထူးတစ်ခု ပေးအပ်ထားခဲ့ပြီး သူ့အား တာအိုရောင်းရင်းဟု ခေါ်ဆိုနေပြီဖြစ်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ လိမ္မာပါးနပ်မှုအပြည့်ဖြင့် ပြောဆိုပြုမူနေဆဲပင်။ သူသည် ဂြိုဟ်အဆင့်တွင် ရှိမနေသေးကြောင်း သူ့ကိုယ်သူ သိထားသည် မဟုတ်ပါလော။
သူ၏ နတ်ဘုရားစိတ်ဆန္ဒ ပျံ့လွင့်သွားသည်နှင့် သူ၏ ရှေ့၌ ဝဲကြီးတစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထိုဝဲကြီးထဲတွင် အခြားကမ္ဘာတစ်ခု ရှိနေသည်ကို မြင်နိုင်ပေသည်။ ထို ကမ္ဘာကြီးထဲတွင် ရေကန်တစ်ကန် ရှိနေပြီး ထိုရေကန်၏ ဘေးတွင် အဆောင်တစ်ခု ရှိနေသည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုနေရာတွင် ထိုင်နေပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ပြုံးပြနေ၏။ သူသည် ဝမ်ပေါင်လဲ့မှာ သူ့အား ခေါင်းဆောင်ကြီးဟု ခေါ်ဆိုနေဆဲဖြစ်သောကြောင့် စိတ်ထဲ၌ အလွန်အင်မတန်မှ ကျေနပ်နေ၏။ သို့သော် သူ ဝမ်ပေါင်လဲ့အား မြင်လိုက်ရချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ လောဘစိတ်များ ပေါ်ပေါက်လာသည်ကို မည်သူမှ သတိထားမိနိုင်မည်မဟုတ်ပေ။
" တာအိုရောင်းရင်း လုံနန်ကျစ်ပါလား။ လာ... လာ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ လောဘစိတ်များကို ချုပ်တည်းကာ အပြုံးမျက်နှာတစ်ခုဖြင့် မတ်တတ်ထလာပြီး လှမ်းခေါ်လိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း ထိုဝဲကြီးထဲသို့ ဝင်သွားလိုက်သည်။ သူ အထဲသို့ရောက်သွားချိန်တွင် သူသည် အဆောင်အပြင်ဘက်ရှိ ခေါင်းဆောင်ကြီး၏ ဘေးတွင် ရောက်နေပြီ ဖြစ်သည်။ သူသည် ထိုသို့ ရောက်ရှိလာသည်နှင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ခေါင်းဆောင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။
" ခေါင်းဆောင်ကြီး။ ကျွန်တော် စောစောတုန်းက ကျင့်ကြံခြင်း လေ့ကျင့်နေခဲ့လို့ပါ။ အခုလို နောက်ကျသွားခဲ့တဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါ "
" တောင်းပန်နေစရာ မလိုပါဘူး တာအိုရောင်းရင်း လုံနန်ကျစ်ရ။ ငါက ငါ ရထားတဲ့ သတင်းအချက်အလက်တွေကို မင်းနဲ့အတူ ဆွေးနွေးချင်လို့ လှမ်းခေါ်လိုက်တာ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ဒီနေရာကို စေလွှတ်လိုက်တဲ့ တပ်ဖွဲ့တွေထဲက ပထမဆုံးအသုတ်ပဲ ရှိသေးတာကွ။ အခုလောလောဆယ်မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းက အထိနာသွားတဲ့ပုံ ပေါ်ပေမဲ့ သူတို့က တော်ဝင်မိသားစုကို ဖိအားပေးပြီးတော့ ဒုတိယအသုတ် ရောက်လာနိုင်အောင် လှမ်းခေါ်နိုင်ဖို့ ပြင်နေကြတာ... ငါတို့တွေ အမြန်ဆုံးနည်းနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့လို့တယ် "
" ဟင်... " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရ၏။ သူသည် သူ၏ အစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ထိုကဲ့သို့သော စကားများဖြင့် ခေါင်းဆောင်ကြီးအား နားချရန် ကြံရွယ်ထားသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးကိုယ်တိုင် ထိုစကားများကို ပြောလိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့်လည်း သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။
" တာအိုရောင်းရင်းရဲ့ အမူအရာကိုကြည့်ရင်.... တာအိုရောင်းရင်းက နတ်မျက်လုံးလူမှုအဖွဲ့အစည်းကို လက်လျှော့လိုက်ဖို့ စဉ်းစားနေတာလား " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့မေးလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ တည်ကြည်သွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီဖြစ်သည်။
သူ၏ လုပ်ရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် သံသယဝင်လာရတော့သည်။ သို့သော် သူ ကျောက်ယမုန့်ဆီမှ လေ့လာသိရှိထားသည့် သတင်းအချက်အလက်များမှာ သာမန်ကျင့်ကြံသူများအတွက် လျှို့ဝှက်ချက်များ ဖြစ်နေနိုင်ပါသော်လည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးကဲ့သို့သော ဂြိုဟ်အဆင့် ကျင့်ကြံသူများအတွက် လျှို့ဝှက်ချက်များ ဖြစ်နေမည်မဟုတ်ကြောင်း သူက နားလည်ထား၏။ သို့ဖြစ်ရာ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ စကားများကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားခြင်းတော့ မရှိပေ။ သို့သော် သူသည် ဤ ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရဆဲပင်။
သူသည် ခေါင်းဆောင်ကြီးနှင့် ဆွေးနွေးပြီးမှ ထိုသို့ဆောင်ရွက်ရန် သဘောတူညီချက် ရနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်၏။ သို့သော် ယခုတွင်မူ ခေါင်းဆောင်ကြီးကိုယ်တိုင် ထိုစကားကို ပြောနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့ သံသယဝင်သွားရသည်မှာ မထူးဆန်းပေ။ သို့သော် သူသည် သတင်းအချက်အလက်များ ထပ်၍ ရရှိစုဆောင်းနိုင်ရန် အလို့ငှာ ဟန်ဆောင်နေခြင်း မရှိသည့်အပြင် သံသယဝင်သွားသည့်ပုံစံ ပေါက်အောင်ပင် တမင်တကာ လုပ်ယူလိုက်သေးသည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့အား ခက်ထန်တင်းမာသည့် မျက်နှာအမူရာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် သပ်ပြင်းအရှည်ကြီး ချလိုက်၏။
" တာအိုရောင်းရင်း လုံနန်ကျစ်။ မင်းက သေမှာကို မကြောက်တဲ့ လူတစ်ယောက်ဆိုတာ ငါ သိထားပြီးသားပါ။ ဒါပေမဲ့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းကလည်း နယ်မြေဆယ့်ကိုးထဲမှာ အရမ်းကိုအစွမ်းထက်တဲ့ အင်အားကြီးအဖွဲ့စည်းတစ်ခု ဖြစ်နေတဲ့အချက်ကိုလည်း ငါက သိထားပြီးသား။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းက သူတို့နဲ့ အဝေးကြီးမှာ ရှိနေပေမယ့် ဖျက်ဆီးခံရမယ့် ကံကြမ္မာကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း ငါက သိထားပြီးသား။ ဒါပေမဲ့ ငါတို့က သူတို့တွေ ငါတို့ရဲ့ ပိုင်နက်ကို ကျူးကျော်၊ ငါတို့ရဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်ပြုပြီး ငါတို့ကို မောင်းထုတ်မှာကို ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား။ ဒါ ငါတို့ရဲ့ လူမှုအဖွဲ့အစည်းလေ။ ဒါ ငါတို့ရဲ့ အိမ်လေ "
ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ စကားများကိုနားထောင်ရင်း ချီတုံချတုံ ဖြစ်နေသည့်ပုံစံ ဟန်ဆောင်နေလိုက်၏။ သူ၏အမြင်တွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ခိုးဆိုးလုယက်ခြင်းများကိုသာ ကျူးလွန်သည့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။ သူတို့မှာ ဓားပြသာသာ အဖွဲ့အစည်းတစ်ခုသာ ဖြစ်ကြသောကြောင့် သူတို့၏ နှုတ်မှ ထိုကဲ့သို့သော စကားလုံးများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသောအခါ သူသည် နားကလောသွားရ၏။
" ပြီးတော့ တာအိုရောင်းရင်းကရော ဘေးမသီရန်မခ လွတ်မြောက်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ တာအိုရောင်းရင်း ဒီနေရာကနေ ထွက်ပြေးနိုင်ရင်တောင် နယ်မြေဆယ့်ကိုးထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား။ အဲလိုမှ ထွက်မပြေးနိုင်ဘူးဆိုရင် နယ်မြေဆယ့်ကိုးကို အုပ်ချုပ်နေတဲ့ အရှင်သခင်ရဲ့ လက်ထဲကနေရော ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ပါ့မလဲ။ အဲတာမလို့ မလွတ်နိုင်မှန်းသိရက်နဲ့ ထွက်ပြေးပြီးတော့ အသက်ချမ်းသာပေးဖို့ ဒူးထောက်တောင်းပန်နေမဲ့အစား အသက်အသေခံပြီးတော့ တိုက်ခိုက်တာ ပိုမကောင်းဘူးလား။ အခွင့်အရေးတစ်ခုခု ရှိရင် ရှိဦးမှာပေါ့။ တကယ်လို့ ငါတို့တွေ ရှုံးနိမ့်သွားမယ်ဆိုရင်တောင် နောင်တရနေစရာမလိုပဲ တိုက်ပွဲထဲမှာ ဂုဏ်ကျက်သရေရှိရှိနဲ့ အသက်ပေးလိုက်ရုံပဲလေ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ စိတ်ဓာတ်ပြတ်သားမှု အပြည့်ဖြင့် ကြိမ်းဝါးလိုက်၏။
" ခေါင်းဆောင်ကြီးက ဘာကို ဆိုလိုချင်တာလဲဗျ " ဝမ်ပေါင်လဲ့မှာမူ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး အံကြိတ်ကာ လေသံအောအောကြီးဖြင့် ပြန်မေးလိုက်၏။
" သူတို့တွေ ထာဝရကြယ်ကို နောက်ထပ်တစ်ခေါက် ထပ်မဖွင့်နိုင်အောင် တားဆီးပြီးတော့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက ဒုတိယအသုတ် ရောက်လာမယ့်အချိန်ကို နှောင့်နှေးကြန့်ကြာသွားအောင် လုပ်ရမယ်။ ပြီးရင် နတ်မျက်လုံး တော်ဝင်မိသားစုဝင်တွေအားလုံးကို သတ်ဖြတ်ပစ်နိုင်ဖို့ ကြိုးစားရမယ်။ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ငါတို့တွေ အသာစီးရပြီးတော့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲက စစ်ကူတွေ လုံးဝရောက်မလာနိုင်အောင် တားဆီးနိုင်သွားမှာ "
ခေါင်းဆောင်ကြီး ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရ၏။ ခေါင်းဆောင်ကြီး၏ အစီအစဥ်မှာ သူ၏ အစီအစဉ်နှင့် ဆင်တူနေသည် မဟုတ်ပါလော။
သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားသည့် အချိန်အထိ အချိန်ဆွဲထားနိုင်မည်ဆိုပါက နတ်မျက်လုံး လူမှုအဖွဲ့အစည်းအား သူနှင့်အတူ ခေါ်ဆောင်သွားပြီး ကမ္ဘာဂြိုဟ်၏ လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရန် တွေးထားခြင်းဖြစ်သည်။ ထို့နောက် သူသည် ၎င်းအား ကမ္ဘာဂြိုဟ်၏ ထာဝရကြယ်ထဲသို့ ပေါင်းစည်းပြီး ပြည်ထောင်စုကြီး၏ လက်အောက်ခံအဖြစ်သို့ ရောက်သွားစေမည် ဖြစ်သည်။ ထိုလုပ်ရပ်မှာ တစ်ကိုယ်ကောင်းဆန်ရာ ကျပါသော်လည်း ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းအပေါ် ဂရုစိုက်နေမည်မဟုတ်ပေ။ သူ၏ အတွေးထဲတွင် ပြည်ထောင်စုကြီးသာ ရှိပေသည်။
ထို အစီအစဉ်မှာ အလွန်အန္တရာယ်များပြီး ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းဆိုသည့် ဘေးအန္တရာယ်ကြီးအား ပြည်ထောင်စုကြီးဆီသို့ ခေါ်ဆောင်လာသလို ဖြစ်သွားနိုင်ပါသော်လည်း အဆုံးမဲ့တာအိုနယ်မြေထဲ၌ အများအားဖြင့် အန္တရာယ်များထဲတွင်သာ အထူးအခွင့်အရေးများကို ရှာတွေ့နိုင်သည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်နှင့် ကောင်းကင်တာအိုကျောင်းမှ ခေါင်းဆောင်ကြီးတို့ပင်လျှင် အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်ပြီးသွားပါက ထိုကဲ့သို့ အရဲစွန့်ရန်သာ ဆုံးဖြတ်လိုက်မည်ဖြစ်ကြောင်း ယုံကြည်နေသည်။
အကယ်၍ ပြည်ထောင်စုကြီးသာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အမှန်တကယ် ပေါင်းစည်းနိုင်စွမ်းရှိသွားပြီး ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိသွားမည်ဆိုပါက... ပြည်ထောင်စုကြီးအား အာဟာရဆေးလုံးတစ်လုံး တိုက်ကျွေးတိုက်သကဲ့သို့ ဖြစ်သွားမည်သာ ဖြစ်သည်။ သူသည် ပြည်ထောင်စုကြီး၏ အဆင့်အတန်းကိုသာမက ပြည်ထောင်စုကြီးထဲရှိ လူတိုင်း၏ ကျင့်ကြံခြင်းအဆင့်များကိုပါ အများကြီး မြှင့်တင်ပေးနိုင်စွမ်း ရှိသွားမည် ဖြစ်သည်။
ထိုသို့ ဆောင်ရွက်လိုပါက အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ပါသော်လည်း ထိုအန္တရာယ်များမှာ ရင်ဆိုင်ဖြေရှင်း၍ မရနိုင်လောက်အောင် ကြီးမားနေမည်တော့မဟုတ်ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ မတော်တဆမှုများ ပေါ်ပေါက်မလာနိုင်အောင် တားဆီးနိုင်မည့် ဝှက်ဖဲများ ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
သို့သော် ထိုအခြင်းအရာများကို ဆောင်ရွက်နိုင်ရန် ပထမဦးဆုံးအနေနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့အား သူနှင့်အတူ အန္တရာယ်တောထဲသို့ ဆွဲခေါ်သွားရန် လိုအပ်ပေသည်။ သို့သော် ယခုတွင်မူ သူသည် အထူးတလည် ကြိုးစားနေစရာပင် မလိုတော့ပေ။ သူတို့မှာ သူနှင့်အတူ ထို အန္တရာယ်တောသို့ လိုက်လာရန် အဆင့်သင့် ဖြစ်နေသည်မဟုတ်ပါလော...
" ကွဲလွဲချက်တွေတော့ နည်းနည်းလေး ရှိတယ်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက တော်ဝင်မိသားစုဝင်တွေ အကုန်လုံးကို သစ်ပစ်ချင်နေတာ။ ငါက သူတို့ကို မသတ်ဘဲ အရှင်လက်လက် ဖမ်းဆီးချင်ရုံပဲ "