လျှို့ဝှက်အကြံအစည်များ
Vol. 63 Ch. 876
သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းဆိုသည့် စကားလုံးနှစ်လုံးမှာ အဓိပ္ပါယ်လုံးဝမတူပေ။ သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ဂိုဏ်းကြီးသုံးဂိုဏ်းအား အထူးတလည် ဂရုစိုက်နေခြင်းမရှိဘဲ ကြယ်သုသာန်ထဲသို့ ဝင်ခွင့်ရနိုင်ရန်သာ အာရုံစိုက်ထားသည်ဖြစ်ကြောင်း သိရှိထားသည်။ သို့ဖြစ်ရာ သူသည် သူတို့၏ အစီအစဉ်များကို ပျက်ပြားသွားအောင် နှောင့်ယှက်နေခြင်း မရှိပါက သူတို့အား ဖမ်းဆီးပြီးလျှင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။
ထိုကဲ့သို့သော နည်းလမ်းမှာ နူးညံ့သိမ်မွေ့သည်ဟု ဆိုနိုင်ပေသည်။ ထိုနည်းလမ်းမှာ အန္တရာယ်များပါသော်လည်း အမှားအယွင်းမရှိ ဆောင်ရွက်ကာ ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်အား နှောင့်နှေးကြန့်ကြာသွားအောင် လုပ်နိုင်မည်ဆိုပါက အောင်မြင်နိုင်ခြေ မြင့်မားပေသည်။
သို့သော် သူ သူတို့အား သတ်ဖြတ်လိုက်မည်ဆိုလျှင်မူ...
" တော်ဝင်မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်တာက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ အစီအစဉ်တွေကို ပျက်ပြားအောင် လုပ်လိုက်တာနဲ့ တူတူပဲ။ တော်ဝင်သင်္ချိုင်းကုန်းထဲက ကိစ္စရပ်ကြီးကြောင့် ငါ့အကြောင်းကို သူတို့တွေ သိထားကြလောက်ပြီးပြီမလို့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ငါ့ကို ပစ်မှတ်ထားနေမှာ သေချာတယ်။ ဒါတောင် ငါက ကြယ်ကြွေ အမှတ်အသားအကြောင်းကို သိမထားသေးသလို အဲဒီ အမှတ်အသားကိုလည်း ပိုင်ဆိုင်ထားသေးတာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် တစ်ခဏမျှ နစ်မျောသွားပြီး စကားပြောရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား ဖျတ်ခနဲလှမ်းကြည့်မိလိုက်ပြီး သူ၏ မျက်နှာပေါ်မှ အဓိပ္ပါယ်လေးနက်သည့် အပြုံးတစ်ပွင့်ကို မြင်လိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရတော့သည်။
" ဒီ ဉာဏ်များတဲ့ အဘိုးကြီးက ငါ့ကို စမ်းသပ်နေတာပဲ " ဝမ်ပေါင်လဲ့မှာ သူသည် ထောင်ချောက်ဆင်ခံလိုက်ရပြီဖြစ်ကြောင်း ချက်ချင်းသတိထားမိသွား၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနှင့် တော်ဝင်မိသားစု၏ ကြားမှ ကြယ်သုသာန်နှင့် ပတ်သတ်သည့် အပေးအယူ အကြောင်းကို သိရှိထားပြီးသား ဖြစ်ရပေမည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့ကိုလည်း သံသယဝင်နေခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ' သတ်ဖြတ်ခြင်း ' ဆိုသည့် စကားလုံးကိုအသုံးပြုကာ သူ၏ တုံ့ပြန်မှုအား စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူ့ဘက်မှ သဘောတူလိုက်မည်ဆိုပါက သူသည် တော်ဝင်မိသားစုနှင့် ပတ်သက်မှုမရှိကြောင်း သက်သေပြပြီးသား ဖြစ်သွားမည်ဖြစ်သည်။ သို့သော် ယခုတွင် သူသည် တွေဝေတုံ့ဆိုင်းနေသည်ဖြစ်ရာ သူသည် တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်ကြီးနှင့် ဆက်နွယ်မှုရှိနေကြောင်း ခေါင်းဆောင်ကြီးအားပြောပြနေသကဲ့သို့ ဖြစ်နေတော့သည်။ သူသည် အစကတည်းက ထိုကိစ္စအား ဖုံးကွယ်ထားရန် ဆန္ဒမရှိပါသော်လည်း ယခုလို စမ်းသပ်ခံလိုက်ရသည့်အတွက် စိတ်ကသိကအောက် ဖြစ်သွားရ၏။
" ကြည့်ရတာ သူက ငါ့ဆီကနေ အဲဒီ အဖြေကို မရရအောင် ယူဖို့ ဒီစကားတွေ ပြောခဲ့တာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ စိတ်ထဲတွင် နှာမှုတ်လိုက်တော့သည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း ဝမ်ပေါင်လဲ့ မရွှင်မပျ ဖြစ်သွားရသည်ကို သတိထားမိလိုက်သဖြင့် မျက်လုံးများ မှေးသွား၏။ သူသည် သူ၏ မျက်နှာပေါ်ရှိ အဓိပ္ပါယ်လေးနက်သော အပြုံးအား ဖုံးကွယ်နေခြင်းမရှိသောကြောင့် ဝမ်ပေါင်လဲ့အား ဆက်လက် စမ်းသပ်လိုခြင်း မရှိတော့ကြောင်း သိနိုင်ပေသည်။ တစ်အောင့်ခန့်အကြာတွင် သူသည် ဖြည်းဖြည်းချင်း ဆိုလိုက်၏။
" တော်ဝင်မိသားစုဝင်တွေ အကုန်လုံးကို သတ်နိုင်ရင် နောက်ထပ် အကျိုးကျေးဇူးတစ်ခု ထပ်ရဦးမှာ။ အဲဒီ အကျိုးကျေးဇူးက ဘာလဲဆိုတော့... မင်း ထာဝရကြယ်မျက်လုံးကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေးပဲ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ဤကိစ္စကြီးအား အလေးအနက်ထားနေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။
သူ ထိုကဲ့သို့ အလေးအနက် ထားနေရသည့် အကြောင်းအရင်းအား သိရှိနိုင်ရန်မှာ မခဲယဉ်းပေ။ ထာဝရကြယ်မျက်လုံးအား တမူထူးခြားသည့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး တစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်အား ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်ဆိုပါက ဂိုဏ်းကြီးသုံးဂိုဏ်းမှာ တိုက်ပွဲထဲတွင် ဆန္ဒရှိသလို လှုပ်ရှားနိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ ထို့အပြင် ထို တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်၏ အစွမ်းများအရဆိုလျှင် အဖိုးအခတစ်ခု ပေးဆောင်ပြီးပါက ဂြိုဟ်များကိုပင် တည်နေရာ ပြောင်းရွှေ့နိုင်စွမ်း ရှိနေလောက်ပေသည်။
ထိုအတွေးများမှာ ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ တစ်ချိန်ထဲမှာပင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး သူ့အား စမ်းသပ်ခဲ့ရသည့် အကြောင်းရင်းကို နားလည်သွားသဖြင့် တစ်ခဏမျှ ရီဝေဝေ ဖြစ်သွားရတော့သည်။
ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိသွားပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အလွန်အင်မတန်မှ ဉာဏ်များပြီး ထောင့်စေ့အောင် စဉ်းစားတွေးတောထားပြီးသားဖြစ်ကြောင်း သိလိုက်ရတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် ထို ခေါင်းဆောင်ကြီးမှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းကြောင်း လက်ခံလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့မှာ သူသည် ထာဝရကြယ်အား ထိန်းချုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းရုံမျှသာ ခန့်မှန်းထားခြင်း ဖြစ်ပြီး ထိုသို့ ထိန်းချုပ်နိုင်ရန် တစ်ခါမှ မကြိုးစားကြည့်ခဲ့ဖူးပေ။ ထို့ကြောင့် သူသည် ဆက်လက်ဖုံးကွယ်နေစရာအကြောင်း မရှိတော့ကြောင်း ဆုံးဖြတ်လိုက်ပြီး တည်ကြည်စွာ ဆိုလိုက်တော့သည်။
" ကျွန်တော် အဲဒီလို ထိန်းချုပ်နိုင်လိမ့်မယ်လို့တော့ တစ်ရာရာခိုင်နှုန်း အာမမခံနိုင်ဘူး။ ဒါပေမဲ့ ဒီအခြေအနေအထိ ရောက်လာပြီဆိုမှတော့ ကျွန်တော့်ဘက်က ဒီတိုက်ပွဲကြီးကို ထောက်ခံပါတယ် "
ထိုအခါ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ စကားများအား မှန်ကန်မှုရှိမရှိ အကဲဖြတ်သုံးသပ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သို့သော် သူ၏စိတ်ထဲ၌ တွေးနေသည့်အရာမှာ ထာဝရကြယ်အား ထိန်းချုပ်ခွင့်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့ပင်လျှင် သတိထားမိခဲ့ခြင်းမရှိပေ...
သူတစ်ယောက်မှလွဲ၍ အခြားမည်သူကမှ သူ တွေးနေသည့်နေရာများကို သိရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ သူ၏ အစီအစဉ်များကို မရိပ်မိနိုင်အောင် သေသေချာချာ စဉ်းစားတွေးတောနေသည့် အမူအရာဖြင့် ကျောက်စိမ်းပေလွှာတစ်ခုအား ထုတ်ယူကာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးအား လှမ်း၍ ဆက်သွယ်လိုက်၏။ သူတို့မှာ ဝမ်ပေါင်လဲ့ဆီမှ ရခဲ့သည့် အဖြေနှင့် ပတ်သတ်၍ ဆွေးနွေးနေကြသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာမူ ဘေးနားတွင်ရပ်ရင်း တစ်နေ့လုံး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် စဉ်းစားတွေးတောနေတော့သည်။ ဘဝတစ်လျှောက်လုံးတွင် သူသည် ဉာဏ်ရည်ချင်းအားပြိုင်ရာ၌ ယခုလောက် အကျပ်ရိုက်နေရသည့် အခိုက်အတန့်မျိုးနှင့် များများစားစား ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့်လည်း သူသည် ထိုကဲ့သို့ဖြစ်နေရသည့် အကြောင်းရင်းအား လေ့လာသုံးသပ်ရန် လိုအပ်ပေသည်။
သို့သော် သိပ်မကြာခင်မှာပင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ ကျောက်စိမ်းပေလွှာအား အောက်သို့ပြန်ချလိုက်၏။ သူ ခေါင်းပြန်မော့လာချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ဖျတ်ခနဲလက်သွားသည်။
" တာအိုရောင်းရင်း လုံနန်ကျစ်။ မင်း ထာဝရကြယ်မျက်လုံးကို ထိန်းချုပ်နိုင်စွမ်း ရှိရှိ မရှိရှိ အရေးမကြီးပါဘူး။ ဒီတိုက်ပွဲကြီးက စကိုစရမှာ။ အဲဒီအချိန် ရောက်လာရင် ငါရယ် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးရယ်က ငါတို့ ဂိုဏ်းကြီးနှစ်ဂိုဏ်းထဲမှာ ရှိတဲ့ ကျင့်ကြံသူတွေအကုန်လုံးကို စုစည်းပြီးတော့ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းရဲ့ အဓိကတပ်ဖွဲ့ကြီးကို အာရုံလွှဲပေးထားမယ်။ ငါတို့ အဲလို လုပ်နေတုန်း မင်း ဂိုဏ်းနှစ်ဂိုဏ်းထဲက ထိပ်သီးအဆင့် ကျင့်ကြံသူတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ထာဝရကြယ်မျက်လုံးကို ထိန်းချုပ်ခွင့်ရနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးနိုင်မလား "
" မင်းသာ လက်ခံမယ်ဆိုရင် ဒီကိစ္စကြီးက ချက်ချင်းပြီးသွားမှာ။ သုံးရက်နေရင် တိုက်ပွဲကြီးကို ပြန်စလို့ရပြီ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုသို့ဆိုကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ရိုးသားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ သူသည် အစွမ်းကုန် ကြိုးစားပေးနိုင်မလားဟုသာ မေးမြန်းခဲ့ခြင်းဖြစ်ပြီး ' သတ်ဖြတ်ခြင်း ' သို့မဟုတ် ' ဖမ်းဆီးခြင်း ' ဆိုသည့် စကားလုံးများကို အသုံးပြုခဲ့ခြင်းမရှိပေ။ သူသည် စကားမှားသွားခဲ့ခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့အား စိတ်ကြိုက်ဆုံးဖြတ်ခွင့်ရှိကြောင်း အရိပ်အမြွက် ပြလိုက်ခြင်းသာဖြစ်သည်။
သို့မှသာ သူသည် ရိုးရိုးသားသား တောင်းဆိုနေခြင်းဖြစ်ကြောင်း သိသာပေါ်လွင်နေမည် မဟုတ်ပါလော။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် တစ်နေကုန် အကျပ်ရိုက်နေခဲ့ရသည့်တိုင်အောင် နောက်ဆုံးတွင် အရာအားလုံးမှာ သူ၏ အစီအစဉ်အတိုင်း ဆက်ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာလာတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ နေအိမ်သို့ ပြန်ရောက်လာသောအခါ တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ဂိုဏ်းထဲရှိ လူများအားလုံး တိုက်ပွဲကြီးအတွက် ပြင်ဆင်နေကြစဉ် သူသည် သူနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးတို့နှစ်ယောက် အပြန်အလှန် ပြောခဲ့သည့် စကားများကို ပြန်လည် စဉ်းစားတွေးတောနေဆဲပင်။
သူသည် အစမှ အဆုံးအထိ အသေးစိတ် လေ့လာဆန်းစစ်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်လုံးများပြူးသွားရပြီး အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာတော့သည်။
" မဟုတ်သေးပါဘူး "
" ငါ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းကို ကယ်တင်ခဲ့တဲ့ အချိန်ကတည်းက အကုန်လုံးက သိသာနေပြီပဲကို။ ဧကရာဇ် ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်ပဲဖြစ်ဖြစ်၊ ငါ့ရဲ့ ကျင့်ကြံခြင်းပညာရပ်တွေပဲ ဖြစ်ဖြစ်... ငါက ဘာကိုမှ ဖုံးကွယ်ဖို့ ကြိုးစားမနေခဲ့သလို ဖုံးကွယ်နိုင်စွမ်းလည်း မရှိခဲ့ဘူးလေ။ အဲတာမလို့ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးက ငါ့ကို ထပ်ပြီးတော့ စမ်းသပ်နေစရာမှ မလိုပဲ "
" အဲတာဆို သူက ငါ့ကို ဘာလို့ စမ်းသပ်ခဲ့ရတာလဲ။ ငါ ထာဝရကြယ်မျက်လုံးကို ထိန်းချုပ်ခွင့်ရှိမရှိ သိရအောင်လို့လား။ ဒါမှမဟုတ် တခြားအကြောင်းအရင်းတွေများ ရှိနေဦးမလား "
ဝမ်ပေါင်လဲ့မှာ ခေါင်းဆောင်ကြီး၏ လုပ်ရပ်များမှာ ထူးဆန်းနေကြောင်း ခံစားနေရ၏။ သို့သော် သူသည် ခေါင်းဆောင်ကြီးမှာ သူ့အား ခေါင်းရှုပ်သွားစေရန် ထိုကဲ့သို့ တမင်တကာ လုပ်ခဲ့ရခြင်း ဖြစ်ရမည်ဟုသာ အလိုလို တွေးမိလိုက်သည်။ သို့မှသာ သူသည် ဝမ်ပေါင်လဲ့အား အာရုံလွှဲကာ သူ၏ အကြံအစည် အစစ်အမှန်များကို မရိပ်မိအောင် ဖုံးကွယ်ထားနိုင်မည် ဖြစ်သည်။
သို့ရာတွင် ဝမ်ပေါင်လဲ့မှာ မည်မျှပင် စဉ်းစားတွေးတောနေစေကာမူ အဖြေရှာမတွေ့ဘဲ ဖြစ်နေရ၏။ သို့သော် သူသည် သတိဝီရိယအပြည့် ရှိနေ၏။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် သုံးရက်တိတိ ကုန်ဆုံးသွားတော့သည်။
အခြားလူမှုအဖွဲ့အစည်းများအတွက် သုံးရက်အတွင်း စစ်တိုက်ရန် ပြင်ဆင်လိုပါက အလောတကြီး လှုပ်ရှားနေရမည်ဖြစ်ပါသော်လည်း နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ သူခိုးဓားပြများကဲ့သို့ ခိုးဆိုးလုယက်ရာ၌ ကျွမ်းကျင်ကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ သွက်လက်ဖျတ်လတ်ကြပေသည်။ ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့ အမိန့်ပေးလိုက်သည့် အချိန်တွင် ထို ဂိုဏ်းနှစ်ဂိုဏ်းမှာ အလျင်အမြန် လှုပ်ရှားလိုက်ကြ၏။
ထိုသို့ဖြင့် သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူတို့အားလုံးမှာ ပျားအုံထဲမှ ပျံထွက်လာကြသည့် ပျားများကဲ့သို့ ထာဝရကြယ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။
အဝေးမှ ကြည့်လိုက်မည်ဆိုပါက စစ်တပ်ထဲမှ ကျင့်ကြံသူအားလုံးမှာ နတ်ဧကရာဇ်ဂြိုဟ်ပေါ်တွင် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ ထို ကျင်ကြံသူများထဲတွင် ဝမ်ပေါင်လဲ့လည်း ပါ၏။ သူသည် ကျောက်ယမုန့်ကိုမူ သူ၏ သိုလှောင်အိတ်ထဲရှိ ဓမ္မစစ်သင်္ဘောတစ်စင်းထဲ၌ ထည့်ထားသည်။
ထိုစစ်တပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်များကို အသုံးပြုလိုက်ကြသဖြင့် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များမှာ နတ်ဧကရာဇ်ဂြိုဟ်၏ ကောင်းကင်ယံကြီးအား ဖုံးလွှမ်းသွား၏။ ဝမ်ပေါင်လဲ့၏ မျက်စိရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးနှင့် ဘေးပတ်ပတ်လည်ရှိ ဂြိုဟ်တုများအားလုံးမှာလည်း ထိုကဲ့သို့ပင် အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ ၎င်းတို့၏ ပတ်ပတ်လည်ရှိ စကြဝဠာကြီးထဲတွင်လည်း အထူး စစ်သင်္ဘောကြီးများ ရှိနေကြ၏။ ထို စစ်သင်္ဘော တစ်စင်းချင်းစီတိုင်း၏ တာဝန်မှာ ၎င်းတို့၏ စွမ်းအားများကို အစွမ်းကုန်ထုတ်လွှတ်ကာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား အားဖြည့်ပေးရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ စစ်တပ်တစ်ခုလုံးကိုသာမက နတ်ဧကရာဇ်ဂြိုဟ်ကြီးနှင့် ၎င်း၏ ပတ်ပတ်လည်ရှိ ဂြိုဟ်တုခုနစ်လုံးစလုံးကိုပါ တည်နေရာပြောင်းရွှေ့နိုင်ရန် ကြံရွယ်ထားသောကြောင့်ပင်။
ထို ဂြိုဟ်တုတစ်လုံးချင်းစီတိုင်းမှာ ခံတပ်တစ်ခုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ ယခုတွင် ၎င်းတို့ကိုပါ အသုံးပြုနေပြီဖြစ်ရာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ ဤတိုက်ပွဲကြီးထဲ၌ ရေကုန်ရေခန်း တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်း သိနိုင်ပေသည်။
ထိုသို့ဖြင့် ထစ်ချုန်းသံများ မြည်ဟည်းလာပြီး နတ်ဧကရာဇ်ဂြိုဟ်၏ ပတ်ပတ်လည်ရှိ စစ်သင်္ဘောကြီးများ အရောင်မျိုးစုံဖြင့် ဝင်းလက်တောက်ပလာကြစဉ် အားကောင်းသော တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းတစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော အလင်းရောင်များ နတ်ဧကရာဇ်ဂြိုဟ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်ကို မြင်နိုင်ပေမည်။ သို့ဖြစ်ရာ ဟင်းလင်းပြင်ကြီးထဲမှ ဧရာမ အလင်းရောင် လက်ကြီးတစ်ဖက်ပေါ်ပေါက်လာပြီး နတ်ဧကရာဇ်ဂြိုဟ်အား ဖျောက်ဖျက်ပစ်လိုက်သကဲ့သို့ပင်။ ထိုကဲ့သို့ စူးရှတောက်ပနေသည့် အလင်းရောင်များနှင့် အဆက်အပြတ် မြည်ဟည်းနေကြသည့် ထစ်ချုန်းသံများ၏ အောက်တွင် နတ်ဧကရာဇ်ဂြိုဟ်နှင့် ၎င်း၏ ဘေးပတ်ပတ်လည်ရှိ ဂြိုဟ်တုများသာမက ကျင့်ကြံသူစစ်တပ်ကြီးတစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်အား အားဖြည့်ပေးနိုင်ရန် ၎င်းတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်ခဲ့ပြီးနောက် ပေါက်ကွဲပျက်စီးသွားခဲ့ကြသည့် ဘေးပတ်ပတ်လည်ရှိ စစ်သင်္ဘောကြီးများ၏ အကျိုးအပဲ့ အပိုင်းအစများသာလျှင် ကျန်ရစ်ခဲ့၏။ နတ်ဧကရာဇ်ဂြိုဟ်မှာ ပျောက်ကွယ်သွားပြီဖြစ်ရာ ထို အကျိုးအပဲ့အပိုင်းအစများမှာ ဆွဲငင်ခံလိုက်ရပြီး ထိုနေရာ၌ စုဝေးနေကြသည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းထဲတွင်လည်း အလားတူမြင်ကွင်းမျိုးကို မြင်နိုင်ပေသည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် သဘောတူညီချက် ရယူထားပြီးသား ဖြစ်သောကြောင့် သူ့အတိုင်းပင် ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် ယခုတွင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ဂြိုဟ်များမှာလည်း တည်နေရာပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။ တစ်အောင့်ခန့်အကြာတွင် ထာဝရကြယ်နှင့် မလှမ်းမကမ်းတွင်ရှိသော နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ပြည်သူပိုင်နယ်မြေထဲရှိ နေရာတစ်ခုတွင် အလင်းရောင်များ တောက်ပလာပြီး ဂိုဏ်းကြီးနှစ်ဂိုဏ်းမှာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာကြ၏။
ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ၊ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့် ဂိုဏ်းခေါင်းဆောင်ကြီးနှစ်ယောက် ပါသည့် ကျင့်ကြံသူ အယောက်တစ်သန်းကျော်မှာ ထိုနေရာတွင် စုဝေးနေကြပြီ ဖြစ်သည်။ သူတို့မှာ အတော်အတန် အင်အားကြီးမားနေပြီ ဖြစ်ပါသော်လည်း မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနှင့် ယှဥ်လိုက်ပါက လိုအပ်ချက်များရှိနေဆဲပင်။
သို့သော် ကံကောင်းစွာဖြင့်... ဘယ်လက်ရုံး အကြီးအကဲကြီးမှာ အပြင်းအထန် ဒဏ်ရာသွားခဲ့ပြီးနောက် ပြန်လည်သက်သာလာခဲ့ပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်တွင် ရှိမနေတော့ပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်အား ယာယီမျှ မြှင့်တင်ပေးနိုင်သည့် နည်းလမ်းတစ်ခု ရှိပါသော်လည်း ထိုနည်းလမ်းမှာလည်း အချိန်အကြာကြီး ခံမည် မဟုတ်ပေ။ အများဆုံးအနေနှင့် သူသည် ဂြိုဟ်အဆင့်တွင် ရှိနေခဲ့စဉ်တုန်းက ပိုင်ဆိုင်ထားခဲ့သည့် တိုက်ရည်ခိုက်ရည်စွမ်းအားများ၏ တစ်ဝက်လောက်ကိုသာ ရရှိနိုင်မည် ဖြစ်သည်။
ညာလက်ရုံး အကြီးအကဲကြီး၏ ဒဏ်ရာများမှာမူ ထိုမျှလောက် ပြင်းထန်နေခြင်း မရှိပါသော်လည်း သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း အမြင့်ဆုံးအနေအထားတွင် ရှိမနေတော့ပေ။ ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီတို့၏ အကဲဖြတ်သုံးသပ်ချက်များအရဆိုလျှင် သူတို့မှာ အနိုင်ရနိုင်ခြေ ရှိပေသည်။
သူတို့၏ တာဝန်မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းအား ချေမှုန်းရန် မဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ ဦးဆောင်မှုအောက်တွင် ရှိနေသော အဖွဲ့အတွက် အချိန်ဆွဲပေးနိုင်ရန်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှိနေမည့် နေရာမှာ ဤတိုက်ပွဲကြီး၏ အဓိကသော့ချက် ဖြစ်နေသောကြောင့်ပင်။
ထိုသို့ဖြင့် ထိုဂိုဏ်းနှစ်ဂိုဏ်း အတူတကွ စုဝေးသွားကြချိန်တွင် ဂိုဏ်းခေါင်းဆောင်ကြီး နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လူအုပ်ကြီးထဲတွင်ရှိနေသည့် ဝမ်ပေါင်လဲ့အား အတူတူ လှမ်းကြည့်လိုက်ကြ၏။
ထိုအခါ သူတို့သုံးယောက်မှာ အကြည့်ချင်းဆုံသွားကြသည်။ သူတို့မှာ မလိုလားအပ်သည့် မတော်တဆမှုများ မပေါ်ပေါက်လာနိုင်စေရန် စကားပြောနေခြင်းမရှိသလို သူတို့၏ နတ်ဘုရားစိတ်ဆန္ဒများကိုလည်း ထုတ်လွှတ်နေခြင်းမရှိပေ။ ခဏအကြာတွင် သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် အကြည့်များ ပြန်လည် ရုပ်သိမ်းသွားကြ၏။ ထို့နောက် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့မှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်ကြတော့သည်။ သူတို့နှစ်ယောက်မှာ ဂိုဏ်းနှစ်ဂိုဏ်း၏ တပ်ပေါင်းစုကြီးအား ဦးဆောင်ကာ ထာဝရကြယ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေကြပြီ ဖြစ်သည်။