ပန်းပွင့်ကြွေဓားဂိုဏ်း
Vol. 16 Ch. 224
သူတို့ထက် အသက်သိပ်မကြီးသော လူငယ်သည် ကျောပေါ်မှာ ဓားတစ်လက်လွယ်ထားသော်လည်း သူ့ဆီမှ ဓားချီကို မခံစားမိပေ။ ထိုလူငယ်မှာ သေချာပေါက် အသုံးအဖြုန်းကြီးသော သခင်လေးတစ်ယောက် ဖြစ်ပေလိမ့်မည်။
“မင်းတို့ နားမလည်ပါဘူး”
လူအိုကြီးက ခေါင်းခါလိုက်ပြီး ထွက်သွားသောဟန်မူယဲ့နှင့် လင်းရှန်ကို လေးနက်စွာကြည့်သည်။
“ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ဓားချီတွေ ဖိနှိပ်ခံလိုက်ရတယ်”
လူအိုကြီးက စိတ်သက်သာရာရစွာ သက်ပြင်းချပြီး အသံတိုးလိုက်သည်။
“အနည်းဆုံးတော့ သူတို့နှစ်ယောက်ထဲကတစ်ယောက်က ကမ္ဘာမြေအဆင့်မှာပဲ”
ကမ္ဘာမြေအဆင့်…။
လူငယ်ခုနစ်ယောက်၊ ရှစ်ယောက်က အံ့အားသင့်သွားသည်။
‘အဲဒီလူနှစ်ယောက် အသက်နှစ်ဆယ် သုံးဆယ်လောက်ပဲရှိဦးမယ်။ အဲဒါကို ကမ္ဘာမြေအဆင့်မှာ ရောက်နေပြီလား’
“ကျင့်ကြံခြင်းလောကမှာ ပုန်းကွယ်နေတဲ့နဂါးနဲ့ ဝပ်နေတဲ့ကျားတွေ အများကြီးရှိတယ်။ အံ့ဖွယ်ကိုးပါးအင်မော်တယ်ဟန်ဟာ မင်းတို့ထက် အများကြီးအသက်ကြီးတာမဟုတ်ဘူးလေ”
လူအိုကြီးက ခေါင်းခါလိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။
“သွားကြရအောင်။ မီးတောက်မိစ္ဆာတောင်ကြားရဲ့ ထောင်ချီအရိုးချောက်နက်ကိုကြည့်ဖို့ မင်းတို့ကိုခေါ်သွားမယ်”
“မိစ္ဆာတွေက လူအများကြီးသတ်ခဲ့တာကြောင့် မဟုတ်ရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မီးတောက်မိစ္ဆာတောင်ကြားကို ဖျက်ဆီးပစ်မှာမဟုတ်ဘူး”
“မိစ္ဆာတွေက လူတွေကို စားသုံးတယ်”
လူအိုကြီးက လမ်းလျှောက်လျက် ရေရွတ်နေသည်။
“တတိယအဘိုး၊ အနောက်ဘက်နယ်စပ်ကုန်းမြေက တောင်ဘက်ကုန်းမြေနဲ့ ငြိမ်းချမ်းရေးယူမယ်လို့ သမီး ကြားမိတယ်။ နောက်ကျရင် တောင်ပိုင်းကုန်းမြေရဲ့ မိစ္ဆာဝိညာဉ်တွေက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံသူတွေနဲ့ ယှဉ်တွဲနေထိုင်လိမ့်မယ်”
“အဲဒီအချိန်ကျရင် သူတို့က သမီးတို့ကို စားမှာလား”
ကျစ်ဆံမြီးနှစ်ချောင်းကျစ်ထားသောမိန်းကလေးက တိတ်ဆိတ်စွာမေးလိုက်သည်။
လူအိုကြီးက ခေါင်းခါသည်။
သူလည်း မသိပေ။
သူက အခြေခံအုတ်မြစ်အဆင့်သို့ ရောက်သည်မှာ မကြာသေးသော မိသားစုလေးတစ်ခု၏ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူက အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် တောင်ဘက်ကုန်းမြေ၏ အကြောင်းကို မသိနိုင်ပေ။
“အကြီးအကဲလီမူပိုင်က ဘာတွေးနေတာလဲမသိဘူး။ သူက တိမ်မြုံကမ်းပါးကို ကာကွယ်ခဲ့တယ်မဟုတ်လား”
“ဟုတ်တယ်။ တောင်ဘက်ကုန်းမြေနဲ့ ငြိမ်းချမ်းရေးယူလိုက်ရင် တိမ်မြုံကမ်းပါးမှာ သေသွားတဲ့လူတွေက အလကားဖြစ်မသွားဘူးလား”
“တိမ်မြုံကမ်းပါးတိုက်ပွဲမှာ အစ်ကိုကြီးဟွမ်လောင်လျှိက အကောင်းဆုံးပဲ”
“ငါတော့ အင်မော်တယ်ဟန်က ပိုကောင်းတယ်လို့ထင်တယ်”
“ငါတို့ ဆရာရှာဖို့ အံ့ဖွယ်ကိုးပါးတောင်ကိုသွားသင့်လား ဒါမှမဟုတ် ရှန့်ယန်မိစ္ဆာဂိုဏ်းကို သွားသင့်လား”
....
လူငယ်များက စိတ်ကူးယဉ်ဆန်ကြသည်။
လူအိုကြီးက စကားမပြောဘဲ တောင်ကုန်းတချို့ကိုကျော်ဖြတ်၍ သူတို့ကို ဦးဆောင်သွားသည်။
သူ့ရှေ့တွင် ကျိုးပဲ့နေသောအရိုးများနှင့် ပြည့်နေသည့် တွင်းနက်တစ်ခုရှိနေသည်။
အဖြူရောင်အရိုးများသည် နေရာအနှံ့တွင် ရှိနေပြီး ပတ်ဝန်းကျင် ပေတစ်သောင်းကို လွှမ်းခြုံထားသည်။
ထိုအရာက ထောင်ချီနေသော လူအရိုးများနှင့် တူသည်။
တွင်းနက်၏ အပြင်ဘက်မှာ ရပ်ကြည့်လိုက်လျှင် ထိတ်လန့်ဖွယ်ကောင်းသည်။
လက်ရှိအချိန်မှာ တွင်းနက်၏ အရှေ့တွင် ရပ်နေသော လူအနည်းငယ်ရှိသည်။
ထိုလူများက လူအိုကြီးတို့ အုပ်စုကို မြင်လိုက်ရသောအခါတွင် စကားမပြောဘဲ လှည့်ထွက်သွားသည်။
ထိုလူများထွက်သွားသောအခါတွင် လူအိုကြီးက မျက်မှောင်ကြုတ်လိုက်သည်။
“ပန်းပွင့်ကြွေဓားသိုင်းအမှတ်အသား။ အဲဒါကို ငါတစ်နေရာရာမှာ မြင်ဖူးသလိုပဲ ....”
သူက စဉ်းစားကြည့်ပေမဲ့ မမှတ်မိပေ။
သူ့နောက်မှာ ရှိနေသော လူငယ်များက အရိုးတွင်းကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ထားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လူသားတိုင်းက ဒေါသထွက်လာပေလိမ့်မည်။
“အကြီးအကဲထို့ပါ့ချန်က မီးတောက်မိစ္ဆာတောင်ကြားကိုဖျက်ဆီးခဲ့တာ မထူးဆန်းတော့ပါဘူး။ မိစ္ဆာတွေက တကယ်မုန်းဖို့ကောင်းတာပဲ”
“ဟုတ်တယ်။ မိစ္ဆာတွေ ....”
“သွားကြစို့”
လူငယ်များက မကျေမနပ်ဖြစ်နေစဉ်မှာပဲ လူအိုကြီး၏မျက်နှာထားက ချက်ချင်းပြောင်းလဲသွားသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ပန်းပွင့်ကြွေဓားသိုင်းအမှတ်အသား ငါမှတ်မိပြီ”
“အဲဒါက မကောင်းတဲ့အလုပ်တွေရဲ့ အမှတ်အသားပဲ”
“အဲဒီလူတွေက ဒီကို လူသတ်ဖို့ရောက်လာတာ”
‘လူသတ်တယ်’
‘ဘယ်သူ့ကိုလဲ’
လူငယ်များက နားမလည်နိုင်ပေ။
လူအိုကြီးက ခေါင်းခါလိုက်သည်။ သူက တင်းမာနေသောမျက်နှာထားဖြင့် လူငယ်များကို လျင်မြန်စွာ ပြန်ခေါ်လာသည်။
နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံပြီးသောအခါတွင် အသက်ရှည်ရှည်နေဖို့ သတိထားလာကြသည်။
သူတို့က တောင်ကုန်းတစ်ခုကို ဖြတ်ကျော်ပြီးသောအခါတွင် လူအိုကြီးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
လွန်ခဲ့သောနှစ်ခြောက်ဆယ်ခန့်က အဝတ်အစားပေါ်တွင် ပန်းပွင့်ကြွေအမှတ်အသားနှင့် လူများက ဂိုဏ်းတစ်ဂိုဏ်းအား သတ်ဖြတ်နေခြင်းကို လူအိုကြီးမြင်တွေ့ခဲ့ရသည်။
သူတို့က အလွန်ရက်စက်ပြီး မည်သူ့ကိုမှ အသက်ရှင်လျက် ချန်မထားခဲ့ပေ။
ထိုအချိန်တွင် လူအိုကြီးသည် အပြင်းအထန်ဒဏ်ရာရထားပြီး ဝိညာဉ်စွမ်းအင်လှိုင်းများ မထုတ်လွှတ်နိုင်သောကြောင့် သေဘေးမှ လွတ်ခဲ့သည်။
သူက ထိုအချိန်မှာ အခွင့်အရေးတချို့ကိုလည်း ရခဲ့သည်။
“တတိယအဘိုး၊ သူတို့က အဘိုးပြောတဲ့ ကမ္ဘာမြေအဆင့်ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖို့ရောက်လာတာလား”
လူအိုကြီး၏ဘေးတွင်ရှိနေသော မီးခိုးရောင်နဲ့အစိမ်းရောင်လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့်လူငယ်လေးက ပြောလိုက်သည်။
ထိုစကားများကြောင့် လူအိုကြီးက မျက်မှောင်ကြုတ်မိသည်။
“ကျားမုဟယ်၊ မင်းက ချီစုဆောင်းခြင်းတတိယအဆင့်မှာပဲရှိသေးတယ်။ ကမ္ဘာမြေအဆင့်ပညာရှင်တွေရဲ့ တိုက်ပွဲမှာဝင်ပါဖို့ အဆင့်မမီသေးဘူး”
“မင်းအသက်ရှည်ရှည်နေချင်ရင် ဒီလိုကိစ္စတွေနဲ့ အဝေးမှာနေရတယ်”
အကယ်၍ ထိုလူငယ်က ကျားမိသားစု၏ ပါရမီအရှိဆုံး မျိုးဆက်သစ်မဟုတ်လျှင် လူအိုကြီးက ဒေါသတကြီး ဆူပူလိမ့်မည်။
ကျန်လူငယ်များက လူအိုကြီး၏ စကားကို ကြားလိုက်ရသောအခါတွင် တချို့က ခပ်ဟဟရယ်လိုက်ပြီး တချို့က ကျားမုဟယ်၏အင်္ကျီလက်စကို ဆွဲလိုက်သည်။
ကျားမုဟယ်က နောက်ဆုတ်မသွားပေ။ သူက လူအိုကြီးကိုစိုက်ကြည့်ပြီး အသံတိုးတိုးလေးပြောသည်။
“တတိယအဘိုး၊ ဒါက အခွင့်အရေးတစ်ခုလို့ ထင်လား”
‘အခွင့်အရေး’
လူအိုကြီးက အစပိုင်းမှာ ဒေါသထွက်သွားပုံပေါ်ပေမဲ့ ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည်။
“တတိယအဘိုးတို့ အရင်သွားနှင့်ကြပါ။ ကျွန်တော် နောက်ကျရင် လိုက်လာခဲ့မယ်”
ကျားမုဟယ်က စကားပြောပြီးသောအခါတွင် သူ့ဝတ်ရုံနှင့် နောက်ကျောတွင် ရှိနေသောဓားကို ချွတ်လိုက်သည်။
“ကျွန်တော်ပြန်မလာရင် ဂိုဏ်းကြီးတစ်ခုမှာ လေ့ကျင့်နေတယ်လို့ ကျွန်တော့်မိဘတွေကို ပြောပေးပါ”
ကျားမုဟယ်က ဘေးမှာရှိနေသောလူငယ်များကို ပြုံးပြလိုက်ပြီး ပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သွားတယ်လို့ပြောလိုက်”
ထို့နောက် သူက အင်္ကျီလက်စကိုခေါက်ပြီး တောင်လမ်းကြောင်းမှတစ်ဆင့် တောအုပ်ထဲသို့ ဝင်သွားသည်။
သူထွက်သွားသောအခါတွင် ကျန်လူငယ်များက လူအိုကြီးကို ကြည့်လိုက်သည်။
လူအိုကြီးက ခဏလောက်တိတ်ဆိတ်နေပြီး လှည့်ထွက်သွားသည်။
ထိုအရာက အခွင့်အရေးတစ်ခုဖြစ်နိုင်သလို သေလမ်းရှာနေခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ လူငယ်များက လောင်းကြေးထပ်ရခြင်းကို နှစ်သက်ကြသည်။
လူအိုကြီးကိုယ်တိုင်ကတော့ ထိုကိစ္စများကို မလုပ်နိုင်တော့ပေ။
“ကျားမုဟယ်က ပြန်လာမှာမဟုတ်ဘူး”
လူအိုကြီးက ချောက်ကမ်းပါးမှတစ်ဆင့် ကျားမုဟယ်၏ဝတ်ရုံနှင့် ဓားကို ပစ်ချလိုက်သည်။
“သူက မိစ္ဆာသားရဲတစ်ကောင်နဲ့တွေ့ပြီး အသတ်ခံရတယ်လို့ ပြောလိုက်”
သူ့စကားများကြောင့် လူတိုင်းက အေးခဲသွားသည်။
“ဟင်… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ဆက်သွယ်နိုင်ဖို့ အရမ်းလွယ်တယ်ထင်နေလား”
“အဲဒီဂိုဏ်းကြီးတွေနဲ့ပတ်သတ်ရတာက ငါ့ကျားမိသားစုအတွက် ကောင်းချီးတစ်ခုဖြစ်နိုင်သလို ကျိန်စာတစ်ခုလည်း ဖြစ်နိုင်တယ်”
ထိုသို့ဖြင့် လူအိုကြီးက ထွက်သွားသည်။
သူ့နောက်မှာရှိနေသောလူငယ်များက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းငုံ့လျက် နောက်မှလိုက်သွားသည်။
....
ကျားမုဟယ်သည် သစ်တောထဲမှာ ပြေးလွှားနေသည်။
ဟန်မူယဲ့နှင့် လင်းရှန်တို့က ဓားအမှတ်အသားများကိုကြည့်ရှုဖို့ ထွက်သွားကြောင်း သူ မှတ်မိနေသည်။
သို့ပေမဲ့ ထိုနေရာရှိဓားချီများက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မည်။
ယခုအချိန်မှာ သူက ဒဏ်ရာရသွားမှာကို မစိုးရိမ်တော့ပေ။ သူက အစွမ်းကုန်ပြေးနေပြီး တောင်စောင်းနံရံနှစ်ခုဆီသို့ လျင်မြန်စွာရောက်လာသည်။
အေးစက်နေသောအရှိန်အဝါက သူ့ကိုကြိုဆိုလိုက်ပြီး သူ့အသက်ရှူနှုန်းက လျင်မြန်လာသည်။ သူက သွေးအန်လုနီးပါး ဖြစ်သွားသည်။
သူက ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ ခံစားနေရသောနာကျင်မှုကို ဖိနှိပ်ထားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဟိုမှာပဲ…
သူမြင်တွေ့ခဲ့ရသောလူနှစ်ယောက်က သူ့ရှေ့ရှိကျောက်တုံးနံရံအောက်မှာဖြစ်သည်။
ယခုအချိန်မှာ သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွင် ခေါင်းတုံးလူကြီးတစ်ယောက် ထိုင်နေသည်။
ကျားမုဟယ်က အားလုံးကိုလျစ်လျူရှုထားပြီး လျင်မြန်စွာပြေးသွားသည်။
ဟန်မူယဲ့နှင့် လင်းရှန်တို့က သူတို့ဆီသို့ပြေးလာသော ကျားမုဟယ်ကို သတိထားမိကြသည်။ နီရဲနေသောမျက်နှာကို မြင်လိုက်ရသောအခါတွင် သူတို့က ကျားမုဟယ်ဆီသို့ လျင်မြန်စွာပြေးသွားသည်။
“တစ်ယောက်ယောက် လူသတ်ဖို့လာနေတယ်လို့ ကျွန်တော့်တတိယအဘိုးကပြောတယ်။ အဲဒါ ခင်ဗျားတို့ကိုသတ်ဖို့ဖြစ်လောက်တယ်”
လင်းရှန်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလျက် ရယ်သည်။
“ငါတို့က ဘယ်သူ့ကိုမှရန်မစခဲ့ဘူး။ ငါတို့ကိုသတ်ချင်တဲ့လူ ရှိမှာမဟုတ်ပါဘူး”
သူက စကားပြောလိုက်ပြီး မျက်နှာချင်းဆိုင်မှာထိုင်နေသော ဘုန်းကြီးကိုကြည့်သည်။ “စကားမစပ် ဆရာတော်… ခင်ဗျားရဲ့ဗုဒ္ခအမွေအနှစ်က အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မရှိဘူး။ သူတို့က ခင်ဗျားကိုလာသတ်တာ ဖြစ်နိုင်တယ်”
ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသောလူသည် ဘုန်းကြီးတစ်ပါး ဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဗုဒ္ခအမွေအနှစ်မရှိပေ။
တောင်ဘက်ကုန်းမြေမှာလည်း မရှိပေ။
ဟန်မူယဲ့က ကျောက်တုံးနံရံအောက်မှာထိုင်နေသော ဘုန်းကြီးကို စိတ်ဝင်စားမိသောကြောင့် စကားပြောနေခဲ့သည်။
စကားအနည်းငယ်ပြောပြီး ထိုဘုန်းကြီး၏နာမည်ကို သူသိခဲ့ရသည်။ သူက ထပ်ပြီးမစပ်စုနိုင်ခင်မှာ ကျားမုဟယ်ရောက်လာခဲ့သည်။
“ဒကာလေးဟန်… ကိုယ်တော်က ခြိုးခြံခြင်းကိုကျင့်သုံးတဲ့ ဘုန်းကြီးတစ်ပါးပါ။ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကိုယ်တော်ရဲ့ရန်သူ ရှိမှာမဟုတ်ဘူး”
“သူတို့က ဒကာလေးကိုသတ်ဖို့ ရောက်လာတာပဲဖြစ်လိမ့်မယ်”
ဘုန်းကြီး၏ ခေါင်းမှာ ပြောင်လက်နေသည်။ သူသည် သင်္ကန်းကိုဝတ်ထားပြီး လည်ပင်းမှာ အစိမ်းရောင်ပုတီးကုံးကို ချိတ်ဆွဲထားသည်။ သူသည် အသက်သုံးဆယ်အတွင်း၌ ရှိပေလိမ့်မည်။
သူက တည်ငြိမ်သောပုံစံဖြင့် ပြောလိုက်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး သိပ်မဝေးသောနေရာသို့ လှည့်ကြည့်သည်။
“အဲဒါဆိုရင်လည်း သူတို့ ဘယ်သူ့ကိုသတ်မလို့ လာတာလဲ မေးကြည့်တာပေါ့”
သတိမထားမိခင်မှာပဲ မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူခုနစ်ယောက် ပေါ်လာခဲ့သည်။
ဟန်မူယဲ့က လင်းရှန်၏ရှေ့မှာရပ်နေသော ကျားမုဟယ်ကို ညွှန်ပြလိုက်ပြီး ကျယ်လောင်စွာပြောသည်။
“မင်းတို့က ဒီကို လူသတ်ဖို့ရောက်လာတာလို့ သူက ပြောတယ်”
“အဲဒီတော့ မင်းတို့က ဒီဘုန်းကြီးကိုသတ်ဖို့ရောက်လာတာလား ငါ့ကိုသတ်ဖို့ ရောက်လာတာလား”
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျားမုဟယ်က မျက်လုံးပြူးသွားပြီး ပါစပ်အဟောင်းသားဖြစ်နေသည်။
‘ဒီလိုမျိုး မေးလို့ရတာလား’ သူတွေးနေမိသည်။
တစ်ဖက်မှာရှိနေသောလူခုနစ်ယောက် ပြန်မဖြေဘဲ ရှေ့တိုးလာသည်။
ထိုလူခုနစ်ယောက်၏ ဖိနှိပ်ထားသော သတ်ဖြတ်လိုစိတ်နှင့် ချီအလင်းများသည် သွယ်ယှက်လာပြီး သွေးရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းပေါ်လာသောအခါတွင် ပေတစ်ရာခန့်အကွာမှာရှိနေသော ကျားမုဟယ်၏နှလုံးသားက တင်းကျပ်သွားသည်။
ကမ္ဘာမြေအဆင့်…
ထိုလူခုနစ်ယောက်လုံးသည် ကမ္ဘာမြေအဆင့်ပညာရှင်များ ဖြစ်သည်။
ကမ္ဘာမြေအဆင့်လူခုနစ်ယောက်က သတ်ဖြတ်ရန် လာခဲ့သည်။
ကျားမုဟယ်သည် အလောင်းအစား၌ ရှုံးသွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။
သူက အခွင့်အရေးတစ်ခုဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမိလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ငါတို့ဆုံတွေ့လာမှတော့ ငါက မင်းကို ကူညီပေးနိုင်ပါတယ်”
“လူတစ်ယောက်အတွက် ဝိညာဉ်ကျောက်တုံးတစ်သိန်း”
ဘုန်းကြီးက ဟန်မူယဲ့ကိုကြည့်ပြီး ရုတ်တရက်ပြောသည်။
ဟန်မူယဲ့က သူ့ကိုလှည့်ကြည်ပြီး သိချင်စိတ်များနဲ့မေးသည်။
“ဆရာတော်က ခြိုးခြံခြင်းလမ်းစဉ်ကို လေ့ကျင့်နေတာမဟုတ်ဘူးလား”
ဘုန်းကြီး၏မျက်နှာထားက ပြောင်းလဲမသွားပေ။
“အဲဒါကလည်း ဝိညာဉ်ကျောက်တုံးလိုတာပဲလေ”
ထိုစကားများကြောင့် ဟန်မူယဲ့က ပိုပြုံးမိသည်။
သူက သူ့ကိုယ်သူညွှန်ပြပြီး ပြောသည်။
“ဆရာတော်… ငါ့မှာ ဝိညာဉ်ကျောက်တုံးတစ်သိန်းရှိမယ်လို့ ထင်နေတာလား”
ဘုန်းကြီးက ပခုံးတွန့်သည်။
“ငါအနံ့ရတယ်”
‘ခွေးနှာခေါင်းပဲ’
ဟန်မူယဲ့က ရယ်လိုက်ပြီး ပေသုံးဆယ်အကွာသို့ရောက်လာသော လူခုနစ်ယောက်ကိုကြည့်သည်။
“ပန်းပွင့်ရွက်ကြွေခန်းဆောင်ကလူတွေ… ငါ့အသက်အတွက် ဝိညာဉ်ကျောက်တုံးတစ်သိန်းယူခဲ့တာလား”
လူခုနစ်ယောက်က တုံ့ပြန်မှုမရှိပေ။ သူတို့က ရှေ့တိုးလာပြီး ခုန်ပျံလျက် ဓားများဖြင့် ထိုးချသည်။
ဓားအလင်းခုနစ်ခုသည် တစ်ချိန်တည်းမှာ တောက်ပလာပြီး ပွင့်ချပ်များအဖြစ် ပြောင်းသွားသည်။ ထိုပွင့်ချပ်များက ဟန်မူယဲ့ကို ဝိုင်းရံထားသည်။
ဓားချီက ကြောက်မယ်ဖွယ်ကောင်းသောအလင်းကွေးအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ခေါင်းကို လွှမ်းခြုံလိုက်သည်။
ဟန်မူယဲ့၏ မျက်နှာထားက ပြောင်းလဲမသွားပေ။ မျက်နှာချင်းဆိုင်မှာရှိနေသော ဘုန်းကြီးက သိချင်လာသည်။ ကျားမုဟယ်က လှည့်ကြည့်မိသည်။ လင်းရှန်၏လက်က ဓားလက်ကိုင်ဆီသို့ မသိလိုက်ဘဲ ရောက်သွားသည်။
“ရွှပ် ....”
သွေးရောင်ပွင့်ချပ်က ထောင့်ဖြတ်အတိုင်း ရုတ်တရက်ပျံသန်းလာပြီး မီးခိုးရောင်ဝတ်စုံနှင့် လူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။
ထိုပွင့်ချပ်သည် ဝမ်းဗိုက်နှင့် ရင်ဘတ်ကိုထိုးဖောက်ပြီး မရေမတွက်နိုင်သော ပွင့်ချပ်များအဖြစ် ပြောင်းကာ ကျန်လူများကို ဝန်းရံလိုက်သည်။
ပွင့်ချပ်များ ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့ကို တိုက်ခိုက်ခဲ့သော လူခုနစ်ယောက်ထဲမှာ တစ်ယောက်သာ ကျန်ရစ်သည်။
“အစ်ကိုဟန်၊ ကျွန်တော့်ရဲ့ ပန်းပွင့်ပျံဓားသိုင်းက ဘယ်လိုနေလဲ”
ဓားကျိုးကိုကိုင်ထားသောလူငယ်က ဟန်မူယဲ့ကိုမော့ကြည့်ပြီး ခပ်ဟဟရယ်သည်။
ပန်းပွင့်ပျံဓားသိုင်း၊ ဓားကျိုး။
ယခင်က ထိုလူငယ်၏ လက်ထဲမှာ ရှိနေသောဓားကို ဟန်မူယဲ့က ချိုးပစ်ခဲ့ပြီး တိမ်မြူရွှေကြာပန်း အကြောင်း သဲလွန်စ ရခဲ့သည်။
ထန်ယွမ်ဟောင်။
တစ်နှစ်ကြာမှ သူတို့ပြန်တွေ့ရခြင်းဖြစ်သည်။ သို့ပေမဲ့ ထန်ယွမ်ဟောင်၏ ကျင့်ကြံခြင်းနှင့် ဓားသိုင်းက အတော်လေးပြောင်းလဲသွားသည်။