← Chapters

B အမျိုးအစား မစ်ရှင် ပွင့်သွားခြင်း

Vol. 4 Ch. 59

B အမျိုးအစား မစ်ရှင် ပွင့်သွားခြင်း

Vol. 4 Ch. 59

ကြယ်နဂါးအကယ်ဒမီတွင် စားရင်းသွင်းခြင်းမှ အစပြု၍ မြေအောက်လောက အဖွဲ့အစည်းများသို့ ဝင်ရောက်ခြင်းများအပါအဝင်၊ ကစားသမားများအတွက် အနောက်ပိုင်းမြို့တော်တွင် အလုပ်အကိုင်အခွင့်အလမ်း ပြတ်လပ်မနေပေ။ လမ်းပေါ်တွင်လျှောက်သွားပြီး NPC များဖြင့် ဆက်သွယ်ခြင်းဖြင့်ပင်၊ မြောက်များစွာသော တောင်းဆိုမှုများက သူတို့ကို စောင့်နေကြသည်။ သာမန်တောင်းဆိုမှုများဖြစ်သည့် "ပိုက်ဆံအိတ်ပျောက် ရှာဖွေခြင်း"၊ "သစ်ပင်ပေါ်ရောက်နေသော ကြောင်တစ်ကောင်ကို ကယ်ဆယ်ခြင်း" နှင့် အခြားပစ္စည်းများစုဆောင်းခြင်း စသည်တို့ကို ပြုလုပ်ခြင်းမှ ပိုက်ဆံများ ရှာဖွေနိုင်သည်။ ထို့ကြောင့် Sleepy Winter အနေဖြင့် နယ်မြေအသစ်များကို စူးစမ်းရှာဖွေခြင်းသည် လုပ်သင့်သည့်အလုပ်မှန်း ပို၍ သိသာလာသည်။

သေချာသည်က အနောက်ပိုင်းမြို့တော်သည် အဆင့်မြင့်ဇုန်တစ်ခုဖြစ်၍ သူတို့၃ယောက်၏ လက်ရှိအဆင့်ဖြင့် ဝင်ခွင့်မရသည့် နေရာများ ရှိသည်ကို တွေ့ရသည်။ Rainy Kim က အနောက်ပိုင်းမြို့တော်အကယ်ဒမီ၏ ဂိတ်ဝတွင် အငြင်းခံရပြီး၊ Twinkle Fried Rice ကမူ စီရင်စု၁သို့ ဝင်ရောက်ရန် ကြိုးစားသည့်အခါ သေနတ်ဖြင့် အချိန်ခံခဲ့ရပြီး ပထမဆုံးအကြိမ် သေမလို ဖြစ်ခဲ့သည်။

ကြယ်နဂါးအကယ်အမီတွင် စာရင်းသွင်းကြပြီး နောက်တစ်ရက်တွင် သူတို့၏ ပထမဆုံး တိုက်ခိုက်ရေးအတန်း[စည်းရုံးရေး]ကို တက်ရောက်ခဲ့ကြသည်။ လေ့ကျင့်ရေးတစ်ချို့ ပြီးဆုံးချိန်တွင်၊ သူတို့က [ကြယ်နဂါးစစ်တပ်]၏ အဖွဲ့ဝင် ဖြစ်လာပြီး [တပ်သား]အဆင့်ကို ရရှိနိုင်ခဲ့ကြသည်။

စိတ်ကောင်းစေတနာဖြင့်၊ Sleepy Winter က ဓါးရူးကို စစ်တပ်သို့ ဝင်ရောက်နိုင်သည့်အကြောင်း စာပို့လိုက်သည်။ သို့သော်လည်း၊ ဓါးရူးက အသိအမှတ်ပြုကြောင်း အကျဉ်းချုပ်သာ ပြန်ပြော၏။ သူ့ကြည့်ရတာ သိပ်စိတ်မဝင်စားသည့်ပုံပင်။

ဓါးရူးမှာ ဟန်ရှောင်း၏ မျက်နှာပေးမှုရရန် အလုပ်ရှုပ်နေသည်ကို Sleepy Winter မသိလိုက်ပေ။

စနစ်တောင်းဆိုချက်များ၏ အကန့်အသတ်ကို စမ်းသပ်ရန် ဟန်ရှောင်းက ဓါးရူးကို ထူးဆန်းသော တောင်းဆိုမှုများဖြစ်သည့် [လူ၁၀ယောက်၏ ဖင်ကို ဆောင့်ကန်ပါ။]၊ [ကင်းလှည့်နေသော အရာရှိကို အတွင်းခံပဲကျန်သည်အထိ အဝတ်အစားများ ချွတ်ပစ်ပါ။]၊ [ဘဲလေးကချေသည် ပုံစံမျိုး ၅မိနစ် ငြိမ်ငြိမ်လေးနေပါ။] စသဖြင့် လုပ်ခိုင်းလေသည်။ထိုစမ်းသပ်ချက်များမှတစ်ဆင့် အမြင့်ဆုံးဆုလာဘ်သည် တောင်းဆိုချက်၏ ခက်ခဲမှုကို လိုက်မှီနေသရွေ့ သူကြိုက်သည့် တောင်းဆိုချက်ကို ပြုလုပ်နိုင်ကြောင်း သိလိုက်ရသည်။

တစ်ချိန်တည်းတွင်၊ ကိစ္စများက အခြားတစ်ဖက်တွင်တော့ တစ်မျိုးဖြစ်နေသည်။ ရိုင်းစိုင်းပြီး လှည့်ကွက်များသော တောင်းဆိုချက်များကို ပြုလုပ်နေရသည့် ဓါးရူးမှာ ဟန်ရှောင်းကို တဖြည်းဖြည်း ကြောက်ရွံ့လာသည်။

သို့သော်လည်း၊ သူက တောင်းဆိုချက်များအားလုံးကို ရိုရိုကျိုးကျိုးပင် ပြီးမြောက်အောင် ပြုလုပ်ခဲ့သည်။ ဟန်ရှောင်း ဆုလာဘ်‌အနေဖြင့် ပေးသည့် အတွေ့အကြုံအမှတ်များသည် ပုံမှန်ဆုလာဘ်များထက် များပြားနေသည်။ ဤတစ်ခုတည်းဖြင့်ပင် သူ၏ ကိုယ်ကျင့်သိက္ခာပိုင်းကို လျစ်လျူရှုထားရန် လုံလောက်နေသည်။

တောင်းဆိုချက်များက သူ့ကို အလျှင်အမြန် အဆင့်တက်စေ၏။ ထို့ပြင် သူရရှိသည်များကို အသုံးပြု၍ ဟန်ရှောင်းထံမှ အခြေခံစကေးများကို သင်ယူလေသည်။

ဟန်ရှောင်းအတွက် Beta test မှာ မျှော်လင့်မထားသည့်အရာ ဖြစ်သော်လည်း ဒါက သူ့ရဲ့ အစီအစဉ်များကို သိပ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ Beta ကစားသမားများသည် အကုန်ပြန့်ကျဲနေပြီး ရှိနေသော လူနည်းစုလေးကသာ စတင်ရာဂြိုလ်များတွင် သက်ရောက်မှုအနည်းငယ် ရှိနေ၏။ သူတို့အတွက် သိသိသာသာ အဆင့်တက်သွားရန်မှာ ၁၂ရက်ဆိုသော အချိန်လေးအတွင်း မလုံလောက်နိုင်ချေ။

လေညှင်းလေးတစ်ခုအနေဖြင့် မုန်တိုင်းတစ်ခုဖြစ်ရန် အချိန်ယူရသည် မဟုတ်လော။

သို့သော်၊ အချိန်ကာလတစ်ခုအတွင်း၊ စုပြုံရောက်ရှိလာမည့် ကစားသမားများမှာ ဟန်ရှောင်းအတွက် ရွှေတွင်းကြီး တစ်ခုလိုပင်။

ဓါးရူးကို သန်မာအောင် ပြုလုပ်ပေးခြင်းသည် ပထမအဆင့်သာ ရှိသေးသည်။ သိပ်မကြာခင်၊ သူ၏ တိုးတက်မှုနှုန်းသည် အခြားကစားသမားများနှင့် သူ့အဖွဲ့အစည်း၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်။ သူ့ရဲ့ အဖွဲ့အစည်းက သေချာပေါက် အရင်းအနှီးထုတ်ပေးပြီး 'လျှို့ဝှက်NPC' အကြောင်း အချက်အလက်များကို နာမည်ကြီးအောင် ကြေညာပေလိမ့်မည်။ ထိုအချိန်က ဟန်ရှောင်းအတွက် အတွေ့အကြုံအမှတ်များနှင့် ငွေကြေးတို့ စုပြုံဝင်ရောက်လာမည့်အချိန် ဖြစ်သည်။ ဓါးရူးက ဟန်ရှောင်းကို သူ့အတွက်သူ မောင်ပိုင်စီးထားသည်ဟု တွေးနေသော်လည်း သူက ဟန်ရှောင်းကြိုးဆွဲရာ ကနေခြင်းသာ ဖြစ်ပေသည်။

…

[တရားဝင် လွှင့်တင်မှု ရေတွက်ခြင်း : 126 ရက် 11 နာရီ 32 မိနစ်]

[မီးတောက်ကျည်]များ ပြုလုပ်ခြင်းမှလွဲ၍ ဟန်ရှောင်းက သူ၏ အားလပ်ချိန်အများစုကို ဖိုရမ်ထဲ၌သာ အချိန်ကုန်ခဲ့သည်။

ဆွေးနွေးမှုများဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေပြီး ကစားသမားများက သူတို့ သေသည့်အခါ သို့မဟုတ် ဆိုင်တစ်ဆိုင် တည်လိုက်သည့်အခါ ပြောဆိုလေ့ရှိကြသော်လည်း ယခုအချိန်က Beta ကစားသမားများသာ ရှိသေးသည်။

"ရေပင်လယ်ဂြိုလ်က မိန်းကလေးတွေက အရမ်းလှတာပဲ။"

"သဲဓါးပြတွေနဲ့ တိုက်ခိုက်ဖို့ အဖွဲ့ဝင်များ အမြန်လိုအပ်နေပါတယ်။ ‌တည်နေရာ : နဂါးကျဆုံးတောင်ကြား၊ လောင်းကျွန်းဂြိုလ်။ ‌ကိုဩဒီနိတ်တွေက..."

"ငါ တစ်နည်းနည်းနဲ့ ရေဘဝဲမွန်းစတားကြီးအဖြစ် ပြောင်းသွားတယ်။ ဘယ်လို ပြန်ပြောင်းရမလဲ။"

"သေစမ်းကွာ၊ ဘယ်လို လုပ်ရမလဲ သင်ပေးကြပါ။"

တင်ထားသည့် စာအများစုမှာ အကူအညီတောင်းခံခြင်းနှင့် အချက်အလက်များ ဝေမျှခြင်းတို့သာ ဖြစ်ကြသည်။ အချို့အဖွဲ့များက ဖိုရမ်ကို သူတို့၏ တိုးတက်မှုများ မှတ်သားရန်မှင့် ဝေမျှရန် အသုံးပြုကြသည်။

Beta တွင် လူမှုအဖွဲ့အစည်း အမျိုးမျိုးရှိကြသည့် ဒါဇင်ချီသည့် အစဦးဂြိုလ်များ ရှိကြသည် - မှော်စွမ်းအားရှိသည့် လူမှုအဖွဲ့အစည်းများ၊ သိပ္ပံပညာတိုးတက်သော လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးကိုင်းရှိုင်းသည့် လူမှုအဖွဲ့အစည်းများ၊ စသည်ဖြင့် အမျိုးမျိုးဖြစ်သည်။ ဂြိုလ်တစ်ခုချင်းဆီ၏ လူတန်းစားအလွှာ ပုံစံများသည်လည်း ကွဲပြားကြသည်။

လူသိအများဆုံးဂြိုလ်မှာ ဝင်းတားဖရို့စ် ဖြစ်ဟန်တူသည်။ ထိုဂြိုလ်ကို 'void demon' မျိုးနွယ်က အုပ်ချုပ်နေသည်။ ထိုဂြိုလ်သည်လည်း 'ဖျက်ဆီးခြင်းစစ်တပ်' ၏ ရှေ့တန်း တပ်စခန်း အနေဖြင့် ဆောင်ရွက်နေပြီး၊ သူတို့၏ ရည်ရွယ်ခက်ေမှာ လူမှုအဖွဲ့အစည်းအားလုံကို ဖျက်စီးရန် ဖြစ်သည်။ ဟန်ရှောင်း၏ ယခင်ဘဝတွင် သူ့ကို အတော်ခေါင်းကိုက်စေခဲ့သည့် စစ်တပ်ဖြစ်သည်။

ဟန်ရှောင်းက ဖိုရမ်ကို ကြည့်နေရင်း စာအသစ်တစ်ခုက သူ့အာရုံကို ဆွဲဆောင်သွားသည်။

"ပထမဆုံး B အမျိုးအစား စနစ်၏တောင်းဆိုချက်"

ဟန်ရှောင်း မျက်လုံးများ မှေးသွားသည်။ သူမှတ်မိသလောက် B အမျိုးအစား မစ်ရှင်က တရားဝင်ဂိမ်းထွက်လာပြီးမှ ပေါ်လာခြင်းဖြစ်သည်။ Beta test အတွင်းမှာ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်က ဒီလောက်အဆင့်မြင့်တဲ့မစ်ရှင်ကို ဖွင့်နိုင်လိုက်တာလဲ။

သိချင်စိတ်ဖြင့် စာကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် ဆွေးနွေးမှုများဖြင့် ပွက်လောရိုက်နေသည်ကို တွေ့ရသည်။

"ဘယ်သူတွေကို အရူးလာလုပ်နေတာလဲ။ ငါအခုထိ D အမျိုးအစား တောင်းဆိုချကိတောင် မမြင်ဖူးသေးဘူး။"

"မင်းက ငတုံးလား၊ သူက သက်သေအျြစ် ပုံတောင် တင်ထားသေးတယ်။"

"ဒါက အတုပဲဖြစ်မယ်။ တောင်းဆိုချက်နာမည်ပဲပါပြီး ဘာလို့ အချက်အလက်တွေ မပါတာလဲ။"

"ကြိုးစားထားပါ လူရွှင်တော်လေး။ ဘယ်သူ‌တွေက မင်းကို သူတို့ရဲ့ တောင်းဆိုချက် အချက်အလက်တွေ ပေးမလဲဟ။"

"ဒါက အရမ်းခက်လိမ့်မယ် ထင်တယ်။ ငါက စတင်ဇုန်ထဲမှာပဲ ရှိသေးတယ်။ ဘယ်လိုထွက်ရမလဲ တစ်ယောက်ယောက်များ သိလား။"

"ဒီပိုစတာက 'နတ်ဘုရားများပလ္လင်' အဖွဲ့ရဲ့ တရားဝင်‌စာမျက်နှာက တင်ထားတာ။ သူတို့က တရားဝင်ပဲ။ ဒါက မှန်လောက်တယ်။"

"ဒါက ဘယ်ဂြိုလ်လဲ သိကြလား"

"မင်းတို့အကုန်လုံး Noob"

"ဆောရီး၊ ငါ့ခွေးက ကီးဘုတ်ပေါ် ဖြတ်ပြေးသွားလို့။"

...

ဟန်ရှောင်း ရယ်လိုက်သည်။ သူ့အတိတ်ဘဝကို လွမ်းလွမ်းနှင့် နောက်ပြောင်ကျီစယ်နေကြသည့် စာများကို ဖတ်ရင်း မူရင်းပို့စ်သို့ ရောက်ရှိသွားသည်။ တောင်းဆိုချက် နာမည်တစ်ခုနှင့် စခရင်ရှော့ (ss) တစ်ခုသာ ရှိသည်။

_____________________

B-အမျိုးအစား စနစ်၏တောင်းဆိုချက် : [ဇီးရိုးကို စုံစမ်းပါ။]

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်းက ပို့စ်တင်သူ၏ နာမည်ကို စစ်ဆေးလိုက်သည်။

'နတ်ဘုရားများပလ္လင်' အဖွဲ့လား။

'နတ်ဘုရားများပလ္လင်'အဖွဲ့သည် ဂုဏ်သတင်းကြီးမားသော အဖွဲ့တစ်ခုဖြစ်ပြီး နာမည်ကြီးဂိမ်မာများဖြင့် ဖွဲ့စည်းထားသည်။ သူတို့အဖွဲ့သည် ကြီးမားလွန်းပြီး သူတို့၏ ကိုယ်ပိုင်ထုတ်လုပ်ရောင်းချသော ပစ္စည်းများပင် ရှိသည်။

ဟန်ရှောင်း အရင်ဘဝက မစ်ရှင်တစ်ခုတွင် သူတို့၏ ခေါင်းဆောင်ကို အဝတ်အစားများချွတ်ပြီး ရှက်စရာကောင်းသည့် ဓါတ်ပုံများ ရိုက်ခဲ့ဖူးငည်။ ထို့နောက် ဖိုရမ်တွင် "ထိတ်လန့်စရာသတင်း : ဘာလို့များ 'နတ်ဘုရားများပလ္လင်'ရဲ့ ခေါင်းဆောင်က..." ခေါင်းစဉ်ဖြင့် တင်လိုက်ပြီး ဝင်ရောက်ကြည့်ရှုရန် ပိုက်ဆံကောက်ခဲ့သည်။ ဟန်ရှောင်းက ပိုက်ဆံရနေသော်လည်း တစ်လလုံးလုံး အဖွဲ့တစ်ဖွဲ့လုံး၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

'အား၊ ငါ ကစားသမားတွေကို သတ်ရတာကို လွမ်းလိုက်တာ...' ဟန်ရှောင်းက သက်ပြင်းချလိုက်ရင်း ဓါးရူးကို လှည့်ကြည့်လိုက်‌လေသည်။

ဟန်ရှောင်း ခေါင်းကို ယမ်းလိုက်မိ၏။

အကယ်၍ အတိတ်က ဖြစ်ခဲ့သည့် အတိုင်းသာဆိုလျှင်၊ 'နတ်ဘုရားများပလ္လင်'အဖွဲ့က ဂျာမီနယ်အဖွဲ့အစည်းနှင့် ပူးပေါင်းမည့် အကြီးဆုံးအဖွဲ့ ဖြစ်လာလိမ့်မည်။ အခုလည်း ထိုအတိုင်း ဖြစ်မည့်ပုံပင်။

ဂျာမီနယ်အဖွဲ့အစည်းက သူ့ကို ဒီအချိန်တွင် ဘယ်လိုပဲဖြစ်ဖြစ် ရအောင်ဖမ်းမည်ဟု ရည်ရွယ်ထားခြင်း ဖြစ်ရမည်။ Beta ကစားသမားများပင်လျှင် သူ့ကိုရှာဖွေသည့် မစ်ရှင်ကို ရယူနိုင်နေသည်။

သာမန်ကစားသမားများအတွက်၊ ဟန်ရှောင်းကို ရှာဖွေနေစဉ် ဌာန၁၃၏ သတိပြုမိခြင်းကို ရှောင်လွှဲရန် မဖြစ်နိုင်ချေ။ ပုံမှန်အားဖြင့်၊ အောင်မြင်ဖို့ အခွင့်အလမ်း ရရှိနိုင်ရန် လူအမြောက်အများ လိုအပ်ပေသည်။ သို့သော်လည်း၊ 'နတ်ဘုရားများပလ္လင်'အဖွဲ့က လူအင်အား နည်းသည့်ပုံတော့ မရှိပေ။

အခြေအနေများကို လေ့လာသုံးသပ်ပြီးနောက်၊ မည်သည့် ဂျာမီနယ်စခန်းကို နောက်တစ်ကြိမ်၌ တိုက်ခိုက်မည်ကို ဟန်ရှောင်း နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။

…

'နတ်ဘုရားများပလ္လင်'အဖွဲ့တွင် Beta Test ၌ ကစားနေသူ ၁၅ယောက်ရှိ၏။ ထိုအဖွဲ့ကို အဓိကအဖွဲ့သားများဖြင့် ဖွဲ့စည်းထားပြီး ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့က ဦးဆောင်နေသည်။ Beta Test မစတင်ကတည်းက သူတို့က သိပ္ပံပညာကို သူတို့၏ ဦးစားပေးမှုအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။

သူတို့၏ အကြောင်းပြချက်မှာ ရိုးရှင်း၏ - “Galaxy” ၏ ကမ္ဘာသည် ‘စကြဝဠာ’ နှင့်သက်ဆိုင်သော ဆက်တင်များ ရှိနေ၍ ဂိမ်း၏ အဓိကမောင်းနှင်မည့်အားမှာ သိပ္ပံပညာ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူတို့အားလုံးသည် ရေပင်လယ်ဂြိုလ်တွင် အတူတကွ စတင်နိုင်ခဲ့ကြပြီး မြေပုံကို အလျှင်အမြန် ဝယ်ယူ၍ စူးစမ်းလေ့လာခြင်းကို စတင်ခဲ့ကြသည်။

ခေါင်းဆောင် ဂျူပီတာသည် ဂျာမီနယ် အဖွဲ့အစည်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။ သူတို့၏ စတင်ဇုန်သည်လည်း ဂျာမီနယ်စခန်းနှင့် နီးစပ်နေ၏။

ဂျာမီနယ်အဖွဲ့အစည်းသည် နိုင်ငံအားလုံးနှင့် ဆန့်ကျင်လျက် ရပ်တည်နိုင်သောကြောင့် ဤဂြိုလ်ပေါ်တွင် အင်အားအကောင်းဆုံး အဖွဲ့အစည်းဖြစ်လိမ့်မည်ဟု ဂျူပီတာက တွေးခဲ့သည်။ သူတို့ကို ရွေးချယ်ခြင်းမှာ သူတို့၏ အယူအဆများကို ထောက်ခံခြင်း သို့မဟုတ် ထိုကဲ့သို့ တူညီသော အရာများအတွက် မဟုတ်ပေ။ နောက်ဆုံးတွင်တော့၊ သူတို့၏ အဓိကဦးစားပေးမှာ ပို၍ သန်မာလာရန်ဖြစ်သည်။

ထို့ပြင် တကယ်တမ်းတွင်လည်း သူတို့၏ မျှော်လင့်ထားသည့်အတိုင်းဖြစ်၏။ ဂျာမီနယ်နှင့် ပူးပေါင်းပြီးနောက်၊ သူတို့ကို ကျီးနက်တောင်ကြားစခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ပြင်းထန်သော လေ့ကျင့်ရေးများ တက်ရောက်ပြီးနောက် အဆင့်နိမ့် စစ်သားများ ဖြစ်လာကြသည်။

သူတို့ရရှိသည့် အကြီးမားဆုံးအရာမှာ B-အမျိုးအစား စနစ်၏တောင်းဆိုချက် : [ဇီးရိုးကို စုံစမ်းပါ။] ပင်ဖြစ်သည်။

တောင်းဆိုချက်မှ ပေးထားသည့် တစ်ခုတည်းသော အချက်အလက်မှာ ပစ်မှတ် ဇီးရိုးသည် ကြယ်နဂါးနိုင်ငံတွင် နေထိုင်လျက်ရှိသည်ဟုသာ သိထားသည်။

အခုအချိန်တွင်၊ အဖွဲ့ဝင် ၁၅ယောက်လုံး ထိပ်တန်းလျှို့ဝှက်အစည်းအဝေး ပြုလုပ်နေကြပြီး တောင်းဆိုချက်ကို အောင်မြင်အောင် မည်သို့ပြုလုပ်မည်ကို တိုင်ပင်နေကြသည်။

“ဒါက ငါတို့ရဲ့ ပထမဆုံး B အမျိုးအစား တောင်းဆိုချက်ပဲ။” ဂျူပီတာက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “တိုက်ခိုက်ရမှာတွေ မပါဝင်လောက်ဘူးလို့ ထင်ရတဲ့အတွက် ငါတို့အဆင့်နဲ့ဆိုရင် အောင်မြင်ဖို့ အခွင့်အရေးများတယ်။ ဆုလာဘ်တွေကလည်း အရမ်းကောင်းတယ်။ ဒါတွေနဲ့ဆိုရင်၊ ငါတို့က သေချာပေါက် နံပါတ်၁ အဖွဲ့ ဖြစ်လာနိုင်တယ်။”

“ငါတို့သိတာဆိုလို့ ဇီးရိုးက နိုင်ငံထဲမှာရှိတယ်၊ ဒါပေမယ့် ကြယ်နဂါးနိုင်ငံက အရမ်းကြီးလွန်းတယ်။” အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပိုစီဒွန်က ဖြည့်ပြောလိုက်သည်။ “Beta Test အချိန်ကလည်း အရမ်းနည်းတယ်၊ ဒါကြောင့် ငါတို့ ဒီတောင်းဆိုချက်ကို တရားဝင်ဂိမ်းစတင်တဲ့အချိန်မှပဲ ပြီးအောင်လုပ်ဖို့ မှန်းထားသင့်တယ်လို့ ငါထင်တယ်။ အခုတော့၊ အကြို ထောက်လှမ်းရေးတွေပဲ စလုပ်သင့်တယ်။”

လူတိုင်းက ခေါင်းညိမ့်ပြီး သဘောတူကြသည်။

“အချက်အလက်တွေပြောထားတာက ဇီးရိုးက ဂျာမီနယ်အဖွဲ့အစည်းရဲ့ ရန်သူပဲ။ တကယ်လို့ ငါတို့သူ့ကို သတ်နိုင်ရင်၊ အပိုဆုလာဘ်တွေ ရမှာလား။”

“တွေးတာကောင်းတယ်၊ ငါတို့ခေါင်းဆောင် ဆိုတဲ့အတိုင်းပဲ။”

“ဒါပေမယ့် ဒါက A အမျိုးအစား ခက်ခဲမှုလောက် ရှိလိမ့်မယ်။” ပိုစီဒွန်က ထောက်ပြသည်။

“ဂိမ်းထဲမှာ မဖြစ်နိုင်တဲ့ မစ်ရှင်ဆိုတာ မရှိဘူး။ ငါတို့ နည်းလမ်းရှာဖို့ပဲလိုတာ။” ဂျူပီတာက ချက်ကျလက်ကျ ပြန်ဖြေသည်။ “တရားဝင်ဂိမ်းထွက်မှာက ဒီ Beta Test အပြီး တစ်ပတ်အကြာမှာ။ ဒီအချိန်အတွင်းမှာ အဖွဲ့ထဲက ကျန်တဲ့သူတွေနဲ့လည်း ဆွေးနွေးကြမယ်။”

“ဘာပဲဖြစ်ဖြစ်” ဒုခေါင်းဆောင် ရှီဗားက ဖြည့်ပြော၏။ “ငါတို့ ဂိမ်းအဖွဲ့အစည်းရဲ့ နောက်ခံနဲ့ဆိုရင်၊ ငါတို့က ဒီတောင်းဆိုချက်ကို အောင်မြင်ဖို့ အခွင့်အရေးအများဆုံးပဲ။”

“ဒါမှန်တယ်” ဂျူပီတာက ထောက်ခံလိုက်သည်။

“ငါတို့ အခြားကစားသမားတွေကို အသုံးချမယ်ဆို ပိုပြီးမြန်နိုင်တယ်။” ပိုစီဒွန်က အကြံပေးလိုက်သည်။

ဂျူပီတာ မျက်လုံးများ အရောင်လက်သွား၏။

“အကြံကောင်းပဲ။ ဇီးရိုးရဲ့ မျက်နှာကို ထုတ်ပြပြီး တန်ဖိုးရှိတဲ့ သဲလွန်စအတွက် ဆုလာဘ်ထုတ်လိုက်ရအောင်။”

ချမ်းသာကြွယ်ဝတဲ့ အဖွဲ့တွေမှာ နည်းလမ်းတွေ ရှိသည်မဟုတ်လား။

အခန်း (၅၉) ပြီး၏။

လင်းဆက်

+++++

All Chapters