← Chapters

ရုတ်တရက် လုပ်ကြံသတ်ဖြတ်မှု

Vol. 4 Ch. 60

ရုတ်တရက် လုပ်ကြံသတ်ဖြတ်မှု

Vol. 4 Ch. 60

''နတ်ဘုရားများပလ္လင်'အဖွဲ့က ဘတ်ဂျက်တော်တော်တောင့်တယ်။ ငါသာ ဇီးရိုးကို ရှာနိုင်ခဲ့ရင်...'

ဇီးရိုးကို အလိုရှိသည့် ပိုစတာပေါ်တွင် ပြသထားသော ဆုလာဘ်မှာ အလွန် ဆွဲဆောင်မှုပြင်းလှသည်။ သို့သော်လည်း၊ ဓါးရူးက သူသည်တစ်ယောက်တည်း ဖြစ်နေ၍ ဤမစ်ရှင်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေမည်မှန်း သိသည်။

ဒါက သနားဖို့ ကောင်းသော်လည်း သူ့အတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်မနေပေ။ သူဟန်ရှောင်းကို ကြည့်လိုက်သောအခါ ဓါးရူး၏ မျက်လုံးမှာ အရောင်များ လင်းလက်လာသည်။

'ငါဒီလူ့ကို ဖက်တွယ်ထားသရွေ့၊ ငါက သူများတွေထက် အဆင့်တက်တာ မြန်နေမှာပဲ။'

အစပိုင်းက၊ ဟန်ရှောင်းချပေးသည့် ထူးဆန်းးသော တောင်းဆိုချက်များကို ပြုလုပ်ရသည့်အခါ မနှစ်သက်သလို ခံစားရသည်။ သို့သော်ငြားလည်း၊ ဒါတွေက သိပ်တော့မဆိုးလှကြောင်း သူသိလာရသည် - အနည်းဆုံးတော့၊ ဒီတောင်းဆိုချက်တွေက လုပ်ရတာ စိတ်ဝင်စားဖို့ ကောင်းလှသည်။ မွန်းစတားများကို အမဲလိုက်ခြင်းနှင့် နှိုင်းယှဉ်လျှင် ဤအလုပ်များက အများကြီး ပို၍ ရိုးရှင်းပေသည်။ ‌သေချာတာက သူ၏ ကိုယ်ကျင့်သိက္ခာပိုင်းတွင်တော့ ထိခိုက်မှု ရှိလာသည်။

တစ်ရက်ကျသောအခါ၊ သူ၏ စိတ်က ပို၍ ပွင့်လင်းလာကြောင်း သတိပြုမိသွားပြီး အလင်းပွင့်သွားတာ တစ်ခုလည်းရှိ၏ 'ရှက်ကြောက်ခြင်းဆိုတာ လူသားတွေ တိုးတက်လမ်းကို ပိတ်ဆို့ထားတဲ့အရာပဲ'

'ငါ၊ နှာဘူးလား၊ မဟုတ်ဘူး မဟုတ်ဘူးလေ၊ ငါက လူသားတွေထက် သာလွန်သွားပြီ။ ငါက လမ်းကို ရှာတွေ့ခဲ့ပြီလေ။'

"အဲ့ကောင်က နင့်ကို ကြိုက်နေတာများလား။" တွေဝေရှုပ်ထွေးနေသော လူချမ်းက ဓါးရူးကို ညွှန်ပြရင်း မေးလိုက်သည်။ သူက ဟန်ရှောင်းကို ဝပ်ရှော့ဝင်ပေါက်မှာ စိတ်ကူးယဉ်ဆန်ဆန် ငေးကြည့်နေသည်။

“…”

"သူ့ကြည့်ရတာ တော်တော်လေး ရိုးသားတဲ့ပုံပါပဲ။ ဘာလို့ သူ့ကို အခွင့်အရေး မပေးတာလဲ။" သူမက တခစ်ခစ် ရယ်မောရင်း စနောက်နေသည်။

နားလည်မှု လွဲပြီးသည့်နောက် ဒါက ပထမဆုံး သူမ ဟန်ရှောင်းကို ပုံမှန်အတိုင်း စကားပြောခြင်းဖြစ်သည်။

ဟန်ရှောင်း မျက်လုံးများ လည်သွားပြီး သူမကို ကလိလှမ်းထိုးလိုက်ရာ အလန့်တကြား အော်ဟစ်၍ ရှောင်ထွက်သွားသည်။ သူ့ဘေးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားပြီး လူချမ်းသည် ဟန်ရှောင်း၏နောက်ထပ်တိုက်ခိုက်မှုကို မျှော်လင့်ကာ ခွေး‌ပေါက်စလေးများ၏ မျက်လုံးများဖြင့် အနီးကပ်ကြည့်နေသည်။

သူမ၏ အဘိုးက အောင်သွယ်တော်အနေဖြင့် ကြိုးစားစဉ်က သူမ ခေါင်းအလွန်ကိုက်ခဲ့ရသည်။ သို့သော်လည်း၊ ဟန်ရှောင်းက သူမကို စိတ်မဝင်စားသည့်အတွက် စိုးရိမ်စရာမလိုကြောင်း သိသွားသည်။ ပို၍ တိတိကျကျပြောရလျှင်၊ သူ့ကိုကြည့်ရသည်မှာ မိန်းကလေးတွေကို စိတ်ဝင်စားသည့်ဟန်ပင် မပေါ်ပေ။ ဒါက သူမ၏ စိုးရိမ်မှုများကို လျော့ကျစေသော်လည်း၊ အခြားစိတ်ဝင်စားစရာတစ်ခု ရှိလာ၏။

မိန်းမများ၏ နှလုံးသားမှာ နားလည်ရန် နက်နဲလွန်းလှသည်။ သူမကို အာရုံစိုက်ပါက သင့်ကို သတိထားပြီး ဆက်ဆံလိမ့်မည်။ သူမကို လျစ်လျူရှုပါကလည်း သတိထားပြီး ဆက်ဆံမည်သာ ဖြစ်သည်။

ကံမကောင်းစွာဖြင့်၊ တစ်စုံတစ်ယောက်၏ ရုပ်ရည်သည်လည်း အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ သင်သာ ကြည့်ကောင်းနေပါက စိတ်ပူနေစရာ မလိုအပ်ပေ။

လူချမ်း၏ ပုံမှန်အဝတ်အစားများက သူမ၏ အသည်းယားစရာ ရှေ့ပိုင်း အလှအပကို ဖော်ပြနေသော်လည်း ဟန်ရှောင်း၏ နှလုံးသားကို လှုပ်ခတ်ရန်တော့ မဖြစ်နိုင်ခဲ့ပေ။ သိပ်မကြာခင်က တစ်ရက်ကို ၁၅နာရီခန့် နေ့တိုင်းနီးပါး အလုပ်လုပ်ခဲ့ပြီးနောက်တွင်၊ ပစ္စည်းများ ထုတ်လုပ်ခြင်းကသာ သူတွေးနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်လာတော့သည်။

တစ်ခါတစ်ရံတွင်၊ သူ၏ အိပ်မက်များထဲ၌ပင် သေနတ်နှင့် လက်နက်များ တီထွင်နေတတ်သည်။ ကြောက်စရာကောင်းသည့်အပိုင်းမှာ၊ သူအိပ်ရာနိုး၍ စမ်းကြည့်သည့်အခါ၊ ထိုဒီဇိုင်းများအားလုံးက အသုံးပြု၍ရသည်ကို တွေ့ရခြင်းပင်။ ဒါက ဟန်ရှောင်းကို နှိုးဆော်ချက်တစ်ခုအနေနဲ့ ဆောင်ရွက်ပေးပြီး မေ့မေ့၊ မိန်မိန်နဲ့ ဒါဇင် ဒါမှမဟုတ် ဒီထက်ပိုတဲ့ ရည်းစားဟောင်းတွေ နဲ့ သူ့ခံစားချက်တွေကို ပြန်လည်ရရှိဖို့ သူပြန်စဉ်းစားမိမှာပါ။

ဟန်ရှောင်းက ဓါးရူးကို လျစ်လျူရှုထားလိုက်သည်။ သူ့ရဲ့ တွက်ချက်မှုအရ၊ Beta Test သည် တစ်ရက်အတွင်း ပြီးဆုံးမည်ဖြစ်သည်။ ကစားသမားတစ်ယောက်နှင့် ဆက်သွယ်ရန် ရွေးချယ်ခဲ့ခြင်းသည် NPC လုပ်ဆောင်ချက်များကို စမ်းသပ်ရန်သာ ဖြစ်သည်။

ရုတ်တရက်၊ ဂိမ်းမျက်နှာပြင် လင်းလက်လာ၏။

_____________________

သင်သည် စနစ်၏ ရုတ်တရက် တောင်းဆိုချက်တစ်ခုကို ဖွင့်လှစ်လိုက်ပါသည်။

စနစ်၏တောင်းဆိုချက် သဲလွန်စ : လုပ်ကြံသတ်ဖြတ်သူက ချဉ်းကပ်လာနေသည်။

ပြီးမြောက်ရန် လိုအပ်ချက် : တိုက်ခိုက်မှုတွင် အသက်ရှင်ကျန်ရစ်ပါ။

စနစ်၏တောင်းဆိုချက်အတွက် ဆုလာဘ် : မသိ

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်း၏ မျက်နှာ တည်သွားသည်။

တိုက်ခိုက်မှုက အချိန်မရွေး ဖြစ်လာနိုင်သည်။

"သေစမ်းကွာ၊ အဘိုးကြီးလူကလည်း အခု အိမ်မှာ ရှိမနေဘူး။"

ဖုန်းကျွင်းနှင့် သူ့လူများ စောင့်ကြည့်နေသည့်ကြားက တောင်းဆိုချက်ပွင့်သွားရခြင်းသည် ရန်သူ့မှာ သေချာပေါက် ထောက်လှမ်းမှုများကို ရှောင်ရှားနိုင်သည့် အထူးစွမ်းရည်ရှိခြင်းပင် ဖြစ်ရမည်။ စူပါလူသားဖြစ်နိုင်ခြေက အလွန်မြင့်မားပေသည်။

ဟန်ရှောင်းက ချက်ချင်းပင် သူ့အခန်းသို့ ပြေးသွားပြီး သူ၏ ကိရိယာများကို ထုတ်ယူလိုက်သည်။ အဘိုးကြီးလူနှင့် လူချမ်းတို့ကို တိုက်ခိုက်မှုထဲ မပါဝင်စေရန် အလွန်အရေးကြီးသည်။ ထိုအရာက သူ့အကြံအစည်များကို ပျက်စီးစေလိမ့်မည်။

တိုက်ခိုက်လာမည့်သူကို ထိပ်တိုက်ရင်ဆိုင်ခြင်းကလည်း သူ့စတိုင်ပင်ဖြစ်သည်။

ဓါးရူးကလည်း ဟန်ရှောင်းနောက်သို့ လိုက်လာ၏။

သူတို့ ပြေးလွှားနေစဉ် တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေသလို ဟန်ရှောင်းခံစားနေရသည်။

ပတ်ဝန်းကျင်ရှိ လေထု၏အပူချိန်မှာ ရုတ်တရက် ကျဆင်းလာပြီး၊ ဓါးရူးမှာ လက်မောင်းများကို ထိတ်လန့်တကြား ပွတ်သပ်နေရ၏။ သူပင်လျှင် လေထုထဲရှိ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ခံစားနေရသည်။

လမ်းကြားတစ်ခုသို့ လျှောက်လာရင်း၊ ဟန်ရှောင်း၏ အန္တရာယ်သိအာရုံသည် တစစ်စစ်ခံစားရာမှ အချက်ပေးသံတစ်ခုအဖြစ်သို့ တိုးလာခဲ့သည်။

အမှောင်ရိပ်က သူတို့၂ယောက်အပေါ်သို့ မသိလိုက်ဘဲ ဖုံးအုပ်သွားသည်။ သတိမထားမိခင်မှာပင်၊ သူတို့ ၂ယောက်လုံး မမြင်ရ၊ မကြားရတော့သည့် ကမ္ဘာသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။ သို့သော်လည်း၊ ထူးဆန်းစွာပင်၊ ဤအမှောင်ထုက ဟန်ရှောင်းကို အလွန်လုံခြုံပြီး သက်တောင့်သက်သာဖြစ်စေ၏။ သူ အမေ့၏ ဝမ်းဗိုက်ထဲ ပြန်ရောက်သွားသလိုပင်။ ထာဝရအိပ်စက်သွားချင်အောင် ဆွဲဆောင်နေမှုသာ ကျန်ရစ်နေတော့သည်။

ပုံရိပ်ယောင်တစ်ခု

ဟန်ရှောင်းက သူ့မျက်လုံးများကို အတင်းအကြပ် ဖွင့်လိုက်သည်။

_____________________

သင် ပုံရိပ်ယောင်တိုက်ခိုက်မှု ခံရပါသည်။ သင်၏ ဉာဏ်ရည်အမှတ်သည် ၅၀ထက် များသောကြောင့်၊ သက်ရောက်မှုကို ခုခံနိုင်ပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သက်ရောက်မှု ပျက်ပြယ်သွားသည်နှင့် ဟန်ရှောင်းဘေးရှိ အမှောင်ထုများ လွင့်ပါးသွားသည်။

ဟန်ရှောင်း သူ့အာရုံများ ပြန်ရသောအခါ၊ သူ့ရှေ့ ၅မီတာအကွာတွင် သူ့ကို သေနတ်ချိန်လျက်သား လူတစ်ယောက်ရပ်နေသည်ကို တွေ့ရသည်။ လုပ်ကြံသူက အနိုင်ရသူတစ်ယောက်လို ပြုံးနေ၏။

ကလစ်

သူက မောင်းတံကို ဆွဲလိုက်သည်။

ဟန်ရှောင်း မျက်လုံးပြူးသွားသည်။

'ငါက လက်တစ်ကမ်းအကွာက ပစ်တာကို ဘယ်လိုလုပ်ပြီး ရှောင်ရမှာလဲ။'

လူတွေ မကြာခဏ ပြောတတ်ကြသလိုပင်၊ အန္တရာယ်နှင့် ကြုံရသောအခါ အချိန်က နှေးကွေးသွားတတ်၏။ ဆက်လက်ဖြစ်လာသည်က နောက်အဆင့်တစ်ခုပင်ဖြစ်သည်။

သေခြင်းတရားကို တွေ့ကြုံရလုဆဲဆဲတွင် ဟန်ရှောင်း၏ ပတ်လည်ရှိ ကမ္ဘာကြီးမှာ ရုတ်တရက် နှေးကွေးသွားသလိုပင်။ ဟန်ရှောင်း မျက်နှာပေါ်ရှိ အထိတ်တလန့်ဖြစ်နေမှုသည် လုံးဝအေးစက်မှုနှင့် အစားထိုးသွားသည်။ စိတ်ထဲရှိ မလိုအပ်သည့် အတွေးများနှင့် ခံစားမှုများ အားလုံးကို ဘေးဖယ်ထားလိုက်ပြီး အခြေအနေကို ‌တုံ့ပြန်ရန် အဆင်သင့်ဖြစ်သွားသည်။

'ဒါက မပြီးသေးဘူး။'

အချိန်သွားနှုန်းက ပုံမှန်ပြန်ဖြစ်သွားသည်။

ပြောင်းဝမှ ကျည်ဆံထွက်လာသည့် အခိုက်အတန့်တွင်၊ ဟန်ရှောင်းက [Strafe] ကို အသက်သွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းမှေးမိန်ပျောက်ကွယ်သလို ဖြစ်သွားပြီး ပြန်ပေါ်လာသည်။[Strafe]သည် အသုံးပြုသူကို ၃မီတာ အချင်းဝက်အတွင်း ကြိုက်သည့်နေရာသို့ ရွေ့လျားစေနိုင်သည်၊ သို့သော် ထိုနေရာသို့ ချက်ချင်းရောက်သွားသည်တော့ မဟုတ်ပေ။ [Strafe] ကို အသုံးပြုထားသည့် မည်သည့်လှုပ်ရှားမှုမဆို အလွန်မြန်ဆန်လှပြီး ရွေ့လျားသည့် အကွာအဝေးတိုလျှင် ပို၍ပင် မြန်ဆန်သေးသည်။ ဟန်ရှောင်းက သေစေနိုင်သည့် ပစ်ခတ်မှုကို ၂လက်မသာ ရွှေ့လိုက်ပြီး ရှောင်ရှားလိုက်သည်။

ကျည်ဆံက သူ၏မျက်နှာတစ်ခြမ်းကို ပွတ်သပ်သွားပြီး ပူစပ်ပူလောင်သာ ဖြစ်သွားသည်။

လုပ်ကြံသူ၏ အမူအရာ ပြောင်းလဲသွားသည်။

'သူက ငါ့ရဲ့ သေချာပေါက် သေစေမယ့် ပစ်ချက်ကို ဘယ်လိုရှောင်လိုက်တာလဲ။'

သူ၏ ပုံရိပ်ယောင်ပါဝါဖြင့် နော်စာသည် ဂျာမီနယ်အဖွဲ့အစည်းအတွက် လုပ်ကြံသတ်ဖြတ်မှု ၁၀၀ကျော်ကို အောင်မြင်ထားပြီးဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ၊ သူ၏ ပစ်မှတ်က စူပါပါဝါ ရှိနေလျှင်ပင် အရေးမကြီးပေ။ သို့သော်လည်း၊ သူ့ဆီပေးထားသော အချက်အလက်များအရ၊ ဇီးရိုးသည် လက်ရွေးစင်အေးဂျင့် အဆင့်မျှသာရှိသည်။ ယန္တရားစက်များကို မှီခိုနေသည့် တစ်‌စုံတစ်ယောက်က သူ့ပုံ‌ရိပ်ယောင်ထဲကနေ ဘယ်လိုလုပ်ပြီး ရုန်းထွက်နိုင်ရတာလဲ။

ဒီအချက်အလက်က လုံးဝပါမလာဘူးလေ။

ဟန်ရှောင်းက ရှောင်ထွက်ပြီးသည်နှင့် Berserk Eagles ၂လက်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် [Overload] ကို အသက်သွင်းလိုက်ပြီး နားအူမတတ် အသံများဖြင့် တရစပ်ပစ်ခတ်လိုက်သည်။ ပစ်ချက်များမှ ပြန်ကန်အားများမှာ ပြင်းထန်လှသဖြင့် သူ၏လက်များပင် တုန်ခါနေသည်။

ဒိုင်း ဒိုင်း ဒိုင်း

ပစ်ချက်အားလုံးက နော်စာ၏ ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားတော့သည်။

ပြည့်စုံသော တန်ပြန်တိုက်ခိုက်မှုပင်။ ဟန်ရှောင်း၏ ကျွမ်းကျင်လှသော [Strafe] ကို အသုံးပြုပုံက မြင်ရသည်မှာ သိပ်မခက်ခဲလှဟု ထင်ရသော်လည်း သူပိုင်ဆိုင်ထားသည့် တိုက်ခိုက်ရေးအတွေ့အကြုံများစွာ မရှိဘဲ ထိုကဲ့သို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။

နော်စာ နောက်ဘက်သို့ ယိမ်းယိုင်သွားသည်။ သူက စွမ်းအင်ကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထား၏ - ထိုသို့မဟုတ်ပါက တစ်စစီဖြစ်သွားလောက်ပြီဖြစ်သည်။ သွေးတစ်လုတ်အံထုတ်လိုက်ပြီး၊ ထွက်ပြေးရန်

ရနိုင်သမျှ စွမ်းအင်များကို ချက်ချင်း စုစည်းလိုက်သည်။

ဟန်ရှောင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နောက်ကလိုက်ရင်း [မီးတောက်ကျည်] ဖြင့် နော်စာပြေးမည့်လမ်းကို ပစ်ခတ်လိုက်သည်။

မီးတောက်ပင်လယ်ကြီးက နော်စာကို ရပ်တန့်သွားစေသည်။ သူက အံကြိတ်လိုက်ပြီး နောက်သို့ပြန်လှည့်ကာ ဟန်ရှောင်းနှင့် ရင်ဆိုင်လိုက်သည်။

နော်စာ၏ မျက်လုံးများက ဆန်းကြယ်သော အရောင်ခုနှစ်မျိုးဖြင့် တောက်ပလာသည်။

_____________________

သင်သည် ပုံရိပ်ယောင် တိုက်ခိုက်ခံရပါသည်။ သင်၏ ဉာဏ်ရည်အမှတ်သည် ၅၀ထက် များသောကြောင့်၊ သက်ရောက်မှုကို ခုခံနိုင်ပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဒိုင်း

ဟန်ရှောင်းက တွေဝေမနေဘဲ တစ်ချက်တည်း တိတိကျကျ ပစ်လိုက်ရာ လုပ်ကြံသူ၏ လည်ပင်းကို ဖောက်ထွင်းသွားသည်။

နော်စာက လည်ပင်းကို ကြောက်လန့်တကြားဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

‘ငါ့ရဲ့ ပုံရိပ်ယောင်ပါဝါက ဘယ်တော့မှ ငါ့ကို မကျရှုံးစေဘူးလေ၊ ဘာလို့ သူကို မထိရောက်တာလဲ။’

ဟန်ရှောင်းက ရှေ့သို့တက်၍ နော်စာကို မြေကြီးပေါ် လှဲချလိုက်ပြီး သေနတ် ၂လက်ဖြင့် ရင်ဘတ်ကို ထောက်ထားလိုက်သည်။

ဒိုင်း

ပစ်ခတ်သံက ခပ်အုပ်အုပ်သာ ထွက်ပေါ်လာသည်။

[မီးတောက်ကျည်]က နော်စာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် သူ့ကိုယ်တွင်းအင်္ဂါများကို အတွင်းမှ မီးမြိုက်လေတော့သည်။ သူ၏ ခြေလက်များ တဆတ်ဆတ် တုန်ခါလာသည် - သို့သော် အချိန်ခဏလေးသာဖြစ်သည်။

_____________________

သင် ဂျာမီနယ်အဖွဲ့အစည်း၏ လူသတ်သမား နော်စာ (အဆင့် ၂၅ စူပါလူသား)ကို သတ်ဖြတ်လိုက်ပါသည်။ အတွေ့အကြုံအမှတ် ၇,၅၀၀ ရရှိပါသည်။

သင် စနစ်၏ ရုတ်တရက် တောင်းဆိုချက် [လုပ်ကြံသတ်ဖြတ်မှု] ကို ပြီးမြောက်သွားပါပြီ။ သင့်ကို ဇာတ်ကောင်ဆင့်ခေါ်ခြင်းကတ် ပေးအပ်လိုက်ပါသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ဟန်ရှောင်းက အသက်ရှူမှန်အောင် ပြန်ထိန်းနေသည်။ သွေးများက သူ့မျက်နှာဖုံးပေါ်တွင် စွန်းပေနေပြီး မျက်နှာပေါ်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ တစ်စက်စက် ကျနေ၏။

မီးတောက်များ တဖျစ်ဖျစ် မြည်သံမှအပ အရာအားလုံး တိတ်ဆိတ်နေသည်။

နော်စာ၏ သေဆုံးမှုကြောင့် ဓါးရူးမှာ ပုံရိပ်ယောင်မှ နိုးထလာသည်။ တိုက်ပွဲပြီးဆုံးသွားပြီးသည့် အခြေအနေကို သတိပြုမိသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

‘ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ’

အခန်း (၆၀) ပြီး၏။

လင်းဆက်

+++++

All Chapters