အဆင့်မြှင့်တင်ခြင်း (အပိုင်း - ၁)
Vol. 5 Ch. 66
အခန်း (၆၆) အဆင့်မြှင့်တင်ခြင်း (အပိုင်း - ၁)
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695794750505-592x1024.jpg
ဖုန်းကျွင်းက ချက်ချင်းပင် ပစ္စည်းများကို ဟန်ရှောင်းဆီသို့ ပို့ဆောင်ပေးလိုက်ပြီး သူ့ကို စံပြအလုပ်သမားအဖြစ် ထေ့ငေါ့ပြီး ချီးမွမ်းနေသည်။ ဟန်ရှောင်းကလည်း သူ့ကို အခြားဆုလာဘ်များအစား တံခွန်အလံများ ကြဲချပေးမည်ဟု စနောက်လိုက်ရာ ဖုန်းကျွင်းတစ်ယောက် စိတ်လေလေဖြင့် မျက်လုံးများပင် လန်သွား၏။ ဖုန်းကျွင်းကို စနောက်ပြီးနောက်၊ ဟန်ရှောင်းလည်း အလုပ်ခန်းကို ပြန်လာကာ ကိရိယာများကို စတင်ပြုလုပ်တော့သည်။
[အခြေခံလက်နက်ပညာ] နှင့် [အခြေခံယန္တရားအင်ဂျင်နီယာပညာ] နှစ်ခုလုံးကို အဆင့်မြှင့်ထား၍၊ ဟန်ရှောင်း၏ မွမ်းမံမှုစွမ်းရည်မှာ အရင်ကထက် အများကြီးပို၍ ထိရောက်မှုရှိသည်။ သူက Berserk Eagles ၂လက်ကို ထုတ်လိုက်ပြီး၊ ပိုကောင်းသော ကုန်ကြမ်းများနှင့် အပိုပစ္စည်းများကိုသုံး၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်လေသည်။
'ငါ့ရဲ့ ဆင်းရဲတဲ့ နေ့ရက်တွေက ကျော်လွန်သွားပြီ၊ ငါက အခု လူချမ်းသာတစ်ယောက်ပဲ။'
ဟန်ရှောင်း၏ ကျွမ်းကျင်လိမ္မာမှုကြောင့် လုပ်ငန်းစဉ်က အချိန်တိုအတွင်း ပြီးဆုံးသွားလေသည်။
_____________________
Berserk Eagle (အဆင့်မြှင့်တင်ထားသည်)
အဆင့် : ရှားပါး
အခြေခံအချက်အလက်များ
ထိခိုက်နိုင်မှု : ၇၄-၈၇
ပစ်ခတ်နှုန်း : ၁.၅/စက္ကန့်
ကျည်ကပ် : ၈
အကွာအဝေး : ၅၀ မီတာ
ပါဝါ : ၄၅
လိုအပ်ချက်များ : အဆင့် ၃ [ပစ်မှတ်တိကျခြင်း]
ဘောနပ်အချက်အလက် : လက်စွမ်း +၂
အရှည် : ၀.၂၁ မီတာ
အလေးချိန် : ၁.၉ ကီလိုဂရမ်
ထပ်လောင်းအကျိုးသက်ရောက်မှု : Backfire - ဤသေနတ်၏ပြန်ကန်အားသည် အလွန်ပြင်းထန်လှ၍ ထိန်းချုပ်နိုင်ရန် ခွန်အား ၃၀ လိုအပ်သည်။
ထပ်လောင်းအကျိုးသက်ရောက်မှု : ထိခိုက်နိုင်မှု မြင့်မားသည် – တိုက်ခိုက်သည့်အခါ၊ ပစ်မှတ်သည် ထိရောက်သည့်အတိုင်းအတာအတွင်း ရှိနေပါက ဘောနပ်စ် 15 ထိခိုက်နိုင်မှုကို ဖြစ်စေရန် အခွင့်အရေး 10%။
ထပ်လောင်းအကျိုးသက်ရောက်မှု : Dual-shot – ဤသေနတ်အား ပစ်ခတ်မှုတစ်ခုလျှင် ကျည်ဆန် 2 တောင့်အထိ ပစ်ခတ်နိုင်ရန် ပြုပြင်ထားပါသည်။ (သေနတ်ပျက်စီးမှု 20%)
အကြံပြုချက်- လာပါ၊ ဒီသေနတ်ကို အခြေခံထားတယ်ဆိုတာ အားလုံးသိပါတယ်။ Desert -အဟွတ် အဟွတ်
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်း၏ လက်ရှိစကေးအဆင့်ဖြင့်၊ သာမန်ကိရိယာတစ်ခုကို ရှားပါးကိရိယာအဖြစ် အဆင့်မြှင့်တင်ရန် မွမ်းမံသည့်အခါ ၃၀-၄၀% အခွင့်အရေးရှိသည်။ ဟန်ရှောင်းက ယခု ရှားပါးအဆင့် သေနတ်၂လက်၏ ပိုင်ရှင်ဖြစ်နေသော်လည်း အသုံးပြုနိုင်ရန် ကြိုတင်လိုအပ်ချက် [အဆင့် ၃ ပစ်မှတ်တိကျခြင်း] ရှိရန်လိုသည်။ ထိုကြိုတင်လိုအပ်ချက်က ဟန်ရှောင်း သေနတ်ကို ကိုင်ဆောင်ရန် မတားဆီးသော်လည်း သူတို့၏ ထိရောက်မှုကတော့ အကြီးအကျယ် လျော့ကျသွားနိုင်သည်။
စိတ်ညစ်ညစ်နှင့် ခေါင်းခါလိုက်ပြီး၊ ဟန်ရှောင်းက သူ၏ အတွေ့အကြုံအမှတ်အချို့ကို သုံး၍ [ပစ်မှတ်တိကျခြင်း] ကို အဆင့် ၃သို့ မြှင့်တင်လိုက်သည်။ ထိုအတွက် တိကျမှု ၃% နှင့် Critical အခွင့်အရေး ၄% ပြန်ရလိုက်၏။
_____________________
သင်သည် [အဆင့် ၈] နှင့် [အဆင့် ၃] ရောက်ရှိသွားသဖြင့်၊ အောက်ပါ အဆင့်မြင့် စကေး ၃ခုမှ တစ်ခုကို သင်ယူနိုင်ပါသည်။
[စနိုက်ပါပစ်ခတ်ခြင်း]
[သေနတ်တိုက်ပွဲ]
[ဖိနှိပ်ပစ်ခတ်ခြင်း]
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ပထမဆုံးအကြိမ်အဖြစ်၊ ဟန်ရှောင်းမှာ မည်သည့်စကေးကို ရွေးရမလဲဟု ဝေခွဲမရဖြစ်သွားသည်။
ပစ်ခတ်ခြင်းစကေးသည် အမြောက်မာစတာအတွက် အခြေခံလိုအပ်ချက် ဖြစ်သော်လည်း၊ နည်းပညာရှင်အတွက်လည်း အရေးကြီးသည်။ ဖော်ပြထားသည့် စကေး၃မျိုးသည် တိုက်ခိုက်ရေးစတိုင် ၃မျိုးကို ရှင်းရှင်းလင်းလင်း ကိုယ်စားပြုနေ၏။
Berserk Eagle သည် အနီးကပ်တိုက်ပွဲအတွက် ပြုလုပ်ထားခြင်းဖြစ်သဖြင့် [သေနတ်တိုက်ပွဲ] သည် ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှုဖြစ်သည်။ သို့သော်လည်း ဟန်ရှောင်းက ရှေ့ကို ကြိုတွေးဖို့ လိုအပ်နေသည်။
ဂိမ်း၏ နောက်ဆုံးပိုင်းတွင်၊ နည်းပညာရှင်များသည် တာဝေးပစ်တိုက်ခိုက်မှုတွင် အသန်မာဆုံးဖြစ်သည်။ ထို့ကြောင့် သူတို့က အန္တရာယ်များသည့် အနီးကပ်တိုက်ခိုက်မှုစကေးများကို အသုံးပြုခဲသည်။ [ဖိနှိပ်ပစ်ခတ်ခြင်း]မှာ ခံတပ်ကို သိမ်းပိုက်ခြင်း သို့မဟုတ် ကာကွယ်ခြင်းများအတွက် ကူညီပေးနိုင်သည်။ သို့သော် အပေါင်းအဖော် တစ်ယောက်က နည်းဗျူဟာပိုင်း အထောက်အပံ့ပေးမှသာ ထိရောက်မှုရှိ၏။ ထိုစကေး၂ခုနှင့် နှိုင်းယှဉ်လျှင်၊ [စနိုက်ပါပစ်ခတ်ခြင်း] က တစ်ယောက်တည်း လှုပ်ရှားမှုအတွက် ပို၍ သင့်တော်သည်။
ဟန်ရှောင်းက ခေါင်းကုတ်ရင်း စဉ်းစားနေသည်။
'ငါက ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် တစ်ယောက်တည်း အလုပ်လုပ်ရတော့မှာ။ အဲဒါအပြင် သူ့အသက်ကို စိတ်ပူစရာမလိုတဲ့ ကစားသမားတစ်ယောက်လို မဟုတ်ဘဲ ငါ့ကိုယ်ငါ အန္တရာယ်တွေနဲ့ ဝေးဝေးမှာနေတာ ပိုကောင်းမယ်။ ငါ့အတွက် [စနိုက်ပါပစ်ခတ်ခြင်း]က အကောင်းဆုံးပဲ။
ဟန်ရှောင်း၏ အရင်ဘဝတွင်၊ အသက်ရှူမှားလောက်အောင် ဖမ်းစားနိုင်သည့် [သေနတ်တိုက်ပွဲ] က ကစားသမားများကြားတွင် လူကြိုက်များသော ရွေးချယ်မှုဖြစ်သည်။ အမြောက်မာစတာများပင် အထာကျရန် သင်ယူထားကြသည်။
သို့သော်လည်း၊ လက်တွေ့ကျသူတစ်ယောက်အနေဖြင့်၊ ဟန်ရှောင်းက ထိုအချက်များကို ဂရုမစိုက်ချေ။
'ဘယ်သူက တိုက်ပွဲအတွင်းမှာ ကြည့်ကောင်းဖို့ ဂရုစိုက်မှာလဲ။ ငါကလည်း ငါ့ကိုချီးကျူးနေတဲ့စာတွေကို ကြည့်ဖို့လုပ်နေတာမှ မဟုတ်တာ။'
ထိုအတွေးဖြင့်၊ ကြီးမြတ်သော နည်းပညာရှင်ဟန်သည် နောက်ဆုံ၌ ဆုံးဖြတ်ချက်ချလိုက်သည်။
_____________________
သင် အဆင့်မြင့်စကေးကို သင်ယူခဲ့ပါသည်။
[စနိုက်ပါပစ်ခတ်ခြင်း] အဆင့် ၁
+၄% သေစေနိုင်သောပစ်ခတ်မှု
+၅% ပစ်ခတ်နိုင်သော အကွာအဝေး
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ပြီးပြီ။
ထို့နောက်၊ ဟန်ရှောင်းက ပျံလွှားဂလိုက်ဒါကို ဆက်၍ ပြုလုပ်ပြီး၊ အတွေ့အကြုံအမှတ် ၁,၅၀၀ ရရှိလိုက်သည်။ သူက ၎င်းကို ပြန်သိမ်းနိုင်တဲ့ဓါး၏ ‘ပြန်လည်ရုပ်သိမ်းခြင်း’ ထည့်၍လည်း ပြုပြင်မွမ်းမံလိုက်သည်။ အမှန်တကယ်ပင်၊ ဒီဘဝမှာ အသိပညာကို အမှန်တကယ် သင်ယူနိုင်ခြင်းရဲ့ ကောင်းသည့်အချက်မှာ ဟန်ရှောင်းက သူ့ရဲ့ ဒီဇိုင်းပုံစံများမှ အယူအဆတွေနဲ့ နည်းပညာတွေကို တခြားတီထွင်မှုတွေမှာ ထည့်သွင်းအကောင်အထည်ဖော်နိုင်ခြင်းဖြစ်သည်။
‘ပြန်လည်ရုပ်သိမ်းခြင်း’ ထည့်လိုက်ပြီးနောက်၊ ဂလိုက်ဒါကို လေထီးကဲ့သို့ ဝတ်ဆင်နိုင်သွားပြီဖြစ်သည်။ အသက်သွင်းလိုက်သည်နှင့် ၁.၂မီတာ ရှည်လျားသော တောင်ပံ၂ဖက်က ဆန့်ထွက်လာပြီး အသုံးပြုသူကို လေထဲတွင် လွတ်လပ်စွာ လေဟုန်စီးစေနိုင်သည်။
ဂလိုက်ဒါပြီးနောက်၊ ဟန်ရှောင်းက သူ၏ အနီးကပ် တိုက်ခိုက်ရေးပစ္စည်းများအတွက် အလုပ်ဆက်လုပ်သည်။ ယန္တရားလက်သည် ယန္တရားခြေထောက်နှင့် တစ်တွဲတည်းဖြစ်ပြီး ၎င်းတို့၏ ဒီဇိုင်းပုံစံသည်လည်း တူညီသော အရည်အချင်းပေါင်းစပ်မှုမှတစ်ဆင့် ရရှိနိုင်သည်။ ၂မျိုးလုံးက အပြင်ဘက်ကိုယ်ထည်အတွက် လိုအပ်သည့် အစိတ်အပိုင်းများ ဖြစ်ကြသည်။ သို့သော်လည်း၊ ထိုအတွက် အဆင့်မြင့် အသိပညာ လိုအပ်ပြီး၊ ယန္တရားခြေထောက် ပြုလုပ်ရန် ဟန်ရှောင်းတွင် လိုအပ်သည့်စကေး မရှိသေးပေ။ အကောင်းဆုံးမှ၊ တာဝေးသွားနိုင်သည့် ခြေထောက်သာ ပြုလုပ်နိုင်လိမ့်မည်။ အဲဒါတောင်မှ သွက်လက်စွာ လှုပ်ရှားစေနိုင်မည့် စက်ကိရိယာ လိုအပ်နေတုန်းပင်။
ဟန်ရှောင်းက ယန္တရားလက်ကို ပို၍ပေါ့ပါးပြီး ပို၍သေးငယ်သွားအောင် ပြုပြင်မွမ်းမံရန် စီစဉ်ထားသည်။ ပို၍သေးငယ်သွားသည့်အတွက် ပါဝါတစ်ချို့ ဆုံးရှုံးသွားနိုင်သည်။ ထို့အတွက် ပြန်လည်ဖြည့်ဆည်းရန် ဟန်ရှောင်း၏ စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေပြီးသားဖြစ်၏။
_____________________
အရည်အချင်းပေါင်းစပ်ခြင်း ပြုလုပ်လိုပါသလား။
[အဆင့် ၃ အခြေခံလက်နက်ပညာ] + [အဆင့် ၂ အခြေခံတပ်ဆင်မှု] + [အဆင့် ၂အခြေခံ ယန္တရားပညာ]
ဤပေါင်းစပ်ခြင်းက အတွေ့အကြုံအမှတ် ၁၅,၀၀၀ ကျသင့်ပါမည်။
_____________________
ပေါင်းစပ်ခြင်း အောင်မြင်ပါသည်။
ဂုဏ်ပြုပါသည်။ သင် [လေမော်တာ] ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
“ဝိုး၊ တစ်ခေါက်တည်းနဲ့ ရတာပဲ”
ဟန်ရှောင်း အလွန်ပျော်သွားသည်။ ယခု ပေါင်းစပ်သည့် အတွဲအစပ်က မတူညီသော ဒီဇိုင်းပုံစံများ ထွက်လာနိုင်ခြေရှိနေသည်။ သူက အတွေ့အကြုံအမှတ် နည်းနည်းလေးဖြင့် ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
[လေမော်တာ] က ဖိသိပ်ထားသောလေကို လှုပ်ရှားနိုင်သော အရွေ့စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ လက်နက်အဖြစ် အသုံးပြုသောအခါ၊ သာမန်ချပ်ဝတ်တစ်ခု၏ ခုခံမှုကို ဖောက်ထွင်းနိုင်ပြီး တိုက်ရိုက် ထိခိုက်စေနိုင်မှု ဖြစ်စေသည်။
ဟန်ရှောင်းက ယန္တရားလက်အတွက် နေ့တစ်ပိုင်းခန့် အချိန်ကောင်းကောင်းပေး၍ လုပ်ဆောင်ခဲ့သည်။ သူက ပါးလွှာအောင် ပြုပြင်ထားသော်လည်း လက်တစ်ဘက်လုံးကို ဖုံးအုပ်ထားရန် ရှည်သည်။ ၎င်း၏အတွင်းပိုင်း စက်ပစ္စည်းများကို ဖုံးအုပ်ရန် ၎င်း၏ အဖုံးကို ပလက်တီနမ်ဖြင့် အားဖြည့်ထားပြီး ကြီးမားသော ကြာရှည်ခံမှုရအောင် မြှင့်တင်ပေးထားသည်။
ပြီးသွားသောအခါ၊ ယန္တရားလက်သည် ယခင်က ၎င်း၏ အကြမ်းထည်ပုံစံနှင့် လွန်စွာ ကွာခြားသွားခဲ့ပြီး ယခုအခါ တောက်ပြောင်ပြီး ငွေရောင်သတ္ထုလက် ဖြစ်လာသည်။
_____________________
အပေါ့စား ယန္တရားလက် (ဘယ်ဘက်)
အဆင့် : ပျမ်းမျှ (အဖြူရောင်)
အခြေခံအချက်အလက်
- ထိခိုက်နိုင်မှု : ၃၀-၄၈
- ခုခံနိုင်မှု : ၁၀-၁၃
- ပါဝါအဆင့် : ၃၃
- ခိုင်ခံ့မှု : ၄၇၀/၄၇၀
စက်ပစ္စည်းအတွက်လိုအပ်ချက် : ၂၄ ခွန်အား
ဘောနပ်အချက်အလက် : -၂ တိုက်ခိုက်မှု မြန်နှုန်း
အရှည် : ၀.၈၇ မီတာ
အလေးချိန် : ၅.၇ ကီလိုဂရမ်
အပိုဆုကြေး : +၇ ခွန်အား
ထပ်လောင်းအကျိုးသက်ရောက်မှု : တုန်ခါမှု – ၁၅ စက္ကန့်တိုင်း၊ သင်၏တိုက်ခိုက်မှုများသည် ပစ်မှတ်ကို ထပ်ပေါင်း 23-45 အထိ တိုက်ရိုက်ထိခိုက်မှု ဖြစ်စေသည်။ (ခုခံကာကွယ်ရေးကို လျစ်လျူရှုနိုင်သည်။)
ထပ်လောင်းအကျိုးသက်ရောက်မှု : ကြာရှည်ခံမှုကို တိုးမြင့်စေသည်။
အကြံပြုချက် : လက်တွေ့ဆန်သော အသွင်အပြင်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
၎င်းသည် ပျမ်းမျှအဆင့်မျှသာရှိသည့် ကိရိယာတစ်ခုသာ ဖြစ်သော်လည်း ဟန်ရှောင်း၏ မွမ်းမံပြင်ဆင်မှုများက အသုံးဝင်သော ထပ်လောင်းအကျိုးသက်ရောက်မှုသုံးခုကို ပေးစွမ်းခဲ့သည်။
ယခုအချိန်အထိ၊ ဟန်ရှောင်းသည် သူ့ပစ္စည်းများကို ပြုလုပ်ခဲ့သော အဆင့်မြှင့်တင်မှုအားလုံးသည် ပေါ့ပေါ့ပါးပါးလေးတွေသာ ဖြစ်သည်။ သို့သော် ယခုအခါတွင်၊ သူသည် နည်းပညာရှင်အတွက် အထူးပြုထားသည့် တစ်ခုခုကို ပြုလုပ်တော့မည်ဖြစ်သည်။
“ဘုရားသခင်၊ ကျေးဇူးပြု၍ ဤဒီဇိုင်းပုံစံကို တစ်ကြိမ်တည်းဖြင့် ကျွန်ုပ်အား ပေးသနားတော်မူပါ။ ဒီပေါင်းစပ်မှုက အရမ်းစျေးကြီးလွန်းတယ်…”
_____________________
အရည်အချင်းပေါင်းစပ်ခြင်း ပြုလုပ်လိုပါသလား။
[အဆင့် ၂ အဆင့်မြင့် ကုန်ကြမ်းပေါင်းစပ်မှု] + [အဆင့် ၂ အခြေခံ သံလိုက်ပညာ] + [အဆင့် ၂ အခြေခံတပ်ဆင်မှု]
ဤပေါင်းစပ်ခြင်းက အတွေ့အကြုံအမှတ် ၁၅,၀၀၀ ကျသင့်ပါမည်။
အခန်း (၆၆) ပြီး၏။
လင်းဆက်
+++++