သမိုင်းတစ်ခုအဖြစ်သာကျန်ရစ်ခဲ့သောတာ့ရွှမ်တိုင်းပြည်
Vol. 64 Ch. 891
အခန်း (၈၉၁) သမိုင်းတစ်ခုအဖြစ်သာကျန်ရစ်ခဲ့သောတာ့ရွှမ်တိုင်းပြည်
ချောင်ကျယ်၏ ခရမ်းရောင်ဓားအလင်တန်းက ထူးခြားသောတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သမာဓိမီးတောက် (၄)မျိုးဖြင့် ကာကွယ်ထားသော ကျွမ်းရှန်သည်ပင် ထိုဓား၏ထက်ရှမှုကို မခုခံနိုင် ဖြစ်ရသည်။
စီးဆင်းနေသည့်ရေစင်ပမာ မစွန်းထင်းဘဲ ကြည်လင်စွာရှိနေသည့် သန့်စင်သောသမာဓိမီးတောက်များအားလုံးသည် ယခုတော့ ခရမ်းရောင်မှိန်ဖျော့ဖျော့တောက်ပနေပြီး သန့်စင်ခြင်း မရှိတော့ပေ။
မကောင်းမှုအားလုံးကို ခုခံနိုင်စွမ်းရှိသည့် အဆုံးမရှိစီးဆင်းနေသော ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်သည်ပင် တဖြည်းဖြည်း တုန်လှုပ်အက်ကွဲလာသည်ကို တွေ့ရသည်။
များပြားလှစွာသော ကပ်ဘေးများအလယ်တွင် ရှင်သန်နိုင်စွမ်းအသက်ဓာတ်ကိုပေးစွမ်းသည့် အဖြူရောင်မရဏချီစွမ်းအားသည်လည်း ခရမ်းရောင်ဓားအလင်းတန်း၏ နှောက်ယှက်မှုကို ခံနေရသည်။
များပြားလှစွာသော ကပ်ဘေးများကို ငြိမ်းသတ်ပစ်နိုင်သည့် ခရမ်းရောင်သမာဓိမီးတောက်ကတော့ ယခု သေခြင်းအရိပ်အယောင်များကို ယောင်ဝါးဝါး ပြသနေသည်။
ကျွမ်းရှန်၏မျက်ဝန်းများက ဝေးကွာငြိမ်သက်သွားပြီး...
“ယွမ်ဧကရာဇ်ဓားသိုင်း (၃)ခုရဲ့ ကျီဝေးဓားသိုင်း”
ဤသည်က ကျီဝေးဧကရာဇ်၏ တိုက်ရိုက်သိုင်းပညာဖြစ်သော ‘ယွမ်ဧကရာဇ်ဓားသိုင်း (၃)ခုမှ ‘ကျီဝေးဓားသိုင်း’ ပင် ဖြစ်သည်။
ထိုဓားသိုင်းက ထိပ်တန်းအဆင့်ဓားသိုင်းတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံအိမ်တော် (၂၈)ခု ဓားသိုင်းထက် သာလွန်သည်။
ကျီဝေးအရံအတားက အရံအတား (၃)ခုတွင် အလယ်ပိုင်းနန်းတော်တွင်တည်ရှိပြီး ထိုနေရာမှမွေးဖွားလာသော ‘ကျီဝေးဓားသိုင်း’ က နှိုင်းတုယှဥ်ပြိုင်နိုင်ဖွယ်မရှိလောက်အောင်ပင် အံ့သြဖွယ်ကောင်းလျှက် ထူးခြားသည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဤဓားသိုင်းက ကျင်းထင်တောင်၏ အခြေခံအကျဆုံး သိုင်းပညာအခြေခံအုတ်မြစ်ဖြစ်သည်။ ‘ယွမ်ဧကရာဇ်ဓားသိုင်း (၃)ခု’ လုံး ပြီးပြည့်စုံခြင်းမရှိသည့်တိုင် ကျီဝေးဓားသိုင်းတစ်ခုတည်းဖြင့်ပင် အထက်ဘုံကမ္ဘာတွင် လုံလောက်သည့် ထိပ်တန်းအဆင့် နေရာတစ်ခုကို ရရှိနိုင်ပြီ ဖြစ်၏။
ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သော အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှ ချောင်ကျယ်၏ တိုက်စစ်စွမ်းအားက အထက်ဘုံကမ္ဘာရှိ အရှင်သခင်များအလယ်တွင် ပြိုင်ဘက်ကင်း ဖြစ်သည်။
သမာဓိမီးတောက် (၄)ပါး၏အကူအညီဖြင့် ထိတ်လန့်တုန်လှုပ်စရာကောင်းသော ခံစစ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် တောင်ပိုင်းထိပ်တန်းအရှင်သခင်သည်ပင် ချောင်ကျယ်၏ ထက်ရှသည့်ဓားကို ရှောင်လွှဲရန်မှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။
“သမာဓိမီးတောက် (၄)မျိုးက မင်းကိုကူညီပေးထားတယ် ၊ ဇာမဏီငှက်က နိဗ္ဗာနမီးတောက်ကနေတစ်ဆင့် ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းသတ္တိကြောင့် ငါ မင်းကိုသတ်လို့မရနိုင်ဘူး”
ချောင်ကျယ်က ကျန်းရှန်ဆီသို့ ဓားဖြင့်ထိုးချိန်ရင်းဆိုသည်။
“ဒါပေမဲ့ မင်းလည်း ငါ့ကိုအနိုင်ယူနိုင်မှာ မဟုတ်ဘူး”
သူ၏အသံကတည်ငြိမ်နေပြီး သူ့စကားသည်လည်း ထို့ထက်ပိုပြီး မရှင်းနိုင်တော့ပေ။
သူတို့ (၂)ယောက်ကြား ထိပ်တိုက်တွေ့ဆုံမှု၏ရလဒ်က ဤစကားမှန်ကန်ကြောင်း သက်သေပြနေသည်။
ချောင်ကျယ်၏ ကျီဝေးဓားဆင်းသက်လာသည်နှင့် သမာဓိမီးတောက် (၄)မျိုးဖြင့် ဝန်းရံထားပြီး ကျွမ်းရှန်၏ခန္ဓာကိုယ်အား ကာကွယ်ပေးထားသည့် မီးလျှံဇာမဏီငှက်မှာ ငြိမ်းသတ်လုမတတ် ဖြစ်သွားသည်။
စီးဆင်းနေသော မီးလျှံများဖြင့် ဝိုင်းရံထားသော ကျွမ်းရှန်သည် သူ၏ လေဟုန်စီးကောင်းကင်ရွက်လှေထံသို့ ချက်ချင်းပင် ပြန်လည်ဆုတ်ခွာသွားသည်။
ခေါင်းငုံ့ကြည့်လိုက်တော့ သူ၏လက်ဖဝါးထက်တွင် တုန်လှုပ်ဖွယ်ရာ သွေးနီရောင်အပေါက်တစ်ခု ရှိနေသည်ကို တွေ့ရသည်။
မီးလျှံအလင်းတန်းတစ်ခုဖြင့် လွှမ်းခြုံထားသော လေဟုန်စီးကောင်းကင်ရွက်လှေကြီးက ကျွမ်းရှန်ကိုခေါ်ဆောင်ကာ အဝေးသို့ ပျံသန်းသွားသည်။
ထိုရွက်လှေကြီးထက်မှ ကျွမ်းရှန်၏အသံ ထွက်ပေါ်လာသည်။
“မင်နဲ့ယှဉ်ရင် ငါက ခံစစ်မှာပိုပြီး ကျွမ်းကျင်တယ် ၊ ဒါကြောင့် ငါတို့နှစ်ယောက်ထိပ်တိုက်တွေ့ရင် ငါ့အနေနဲ့ အသာစီးရနိုင်မှာ မဟုတ်ဘူး”
ကျွမ်းရှန်ပဲဖြစ်ဖြစ် ချောင်ကျယ်ပဲဖြစ်ဖြစ် (၂)ယောက်လုံးက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့် အံ့မခန်းရတနာပစ္စည်းများကို ပိုင်ဆိုင်ထားကြသည်။
ထို့ပြင် သူတို့ ထိပ်တိုက်တွေ့သည်က ယခုတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ပေ။ ထို့ကြောင့် အချင်းချင်း တစ်ယောက်အကြောင်းတစ်ယောက် အခြေခံအားဖြင့် နားလည်သဘောပေါက်ကြသည်။
သူတို့အခြေအနေမည်မျှတိုးတက်လာသည်ကို စစ်ဆေးရန် လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက သိုင်းပညာဖလှယ်ခဲ့ကြသဖြင့် တစ်ယောက်အရည်အချင်းကို ကျန်တစ်ယောက်က အခြေခံအားဖြင့် သိရှိကြသည်။
သူတို့ (၂)ဦးစလုံးက သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ် သိုင်းသူတော်စင်များ ဖြစ်ကြသည်။ ထို့ကြောင့် တိုက်ခိုက်ရာတွင် အနိုင်အရှုံးကွဲပြားနိုင်သော်လည်း အခြာတစ်ယောက် အသက်သေဆုံးသည်အထိ တိုက်ခိုက်ရန်မှာ လွယ်ကူသည် မဟုတ်ပေ။
ချောင်ကျယ် ပေါ်လာသည်နှင့် သူ၏မူလအကြံအစည်မဖြစ်နိုင်တော့ဘဲ ဤတိုက်ပွဲသည်လည်း အဓိပ္ပါယ်မရှိတော့ကြောင်း ကျွမ်းရှန် သိရှိလိုက်သည်။
သူက စိတ်အနှောက်ယှက်ဖြစ်ခြင်းမရှိသလို သတိပေးသောလေသံမျိုးလည်းမဟုတ်ဘဲ သိမ်မွေ့သည့်လေသံဖြင့်...
“ဒါပေမဲ့ အဲဒီ ဇာမဏီအရိုးကို ငါက ရအောင်ပြန်ယူမှာ ၊ ပြန်ဆုံကြတာပေါ့ ချောင်ကျယ်”
ထို့နောက် နှိုင်းယှဉ်မရလောက်အောင်ကြီးမားသည့် မီးလျှံဇာမဏီငှက်တစ်ကောင် ထွက်ပေါ်လာပြီး လေဟုန်စီးကောင်းကင်ရွက်လှေကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဇာမဏီငှက်ကြီးက အတောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် လေဟုန်စီးကောင်းကင်ရွက်လှေကြီးက ချက်ချင်းပင် သဘာဝပသာဒနယ်မြေကို ကျော်ဖြတ်ပြီး တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တည်ရှိရာ အနောက်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။
ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေသည့် ချောင်ကျယ်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ကျွမ်းရှန်၏ လေဟုန်စီးကောင်းကင်ရွက်လှေနောက်သို့ မဆုတ်မနစ် လိုက်ပါသွားသည်။
သူ၏ဓားအလင်းဖြတ်သန်းသွားရာ ကောင်းကင်ထက်တွင် ကြယ်စင်များလင်းလက်သွားပြီး အဝေးတွင်ပျံသန်းနေသည့် ဇာမဏီငှက်ဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။
ကောင်းကင်တစ်ခုလုံး စီးဆင်းနေသည့်မီးတောက်များဖြင့် ပြည့်နက်သွားပြီး မရေမတွက်နိုင်သော ဇာမဏီငှက်မွှေးများ ကြွေကျလာသည်။
လင်ဟန့်ဟွာ ၊ အရှေ့တောင်နတ်ဓားမယ် ၊ သိုင်းသူတော်စင်နဝမအဆင့် ကျင့်ကြံသူ (၂)ယောက်နှင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သိုင်းကျင့်ကြံသူများမှာ အလွန်အမင်း စိတ်ဓာတ်တက်ကြွသွားကြသည်။
“အရှေ့တောင်ကို ကျူးကျော်ဝံ့တဲ့ ရန်သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်မယ် ၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို တန်ပြန်တိုက်ခိုက်ဖို့ ဂိုဏ်းတူမောင်လေး’ချောင်’ နဲ့အတူ ပါဝင်ကြစို့”
လင်ဟန့်ဟွာက...
“ဟုတ်ကဲ့ပါ ဆရာဒေါလေး...”
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ဘက်မှ ခံစစ်မှတိုက်စစ်သို့ ပြောင်းလဲသွားပြီး တန်ပြန်တိုက်စစ်ဆင်ရန်အတွက် အားလုံးက အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့်အတူ ပါဝင်ခဲ့ကြသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ကျူးကျော်ခဲ့ကြသောသော တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ တန်ခိုးစွမ်းအားရှင်များသည် အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်ထွက်ပေါ်လာပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန် ပြန်လည်ဆုတ်ခွာသွားကြောင်း တွေ့ရှိသည်နှင့် သူတို့လည်း ချက်ချင်း ဆုတ်ခွာသွားကြသည်။
သို့သော် အချို့သူများမှာ တန်ပြန်တိုက်ခိုက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသည်။
ကျွမ်းရှန်အား ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းသို့ ဖိအားပေးကာ ပြန်ခိုင်းပြီးနောက် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ဖြေရှင်းရမည့် အတွင်းပိုင်းပြဿနာများရှိသေးသည်ဟု ယူဆကာ ချောင်ကျယ်က သူ့နောက် ဆက်မလိုက်တော့ဘဲ ပြန်လာခဲ့သည်။
***
ရွှမ်မြို့တော်။
ကျူတောပင်လယ်ဒေသ ၊ နဂါးပင်တန်းနယ်မြေ။
“ရွှမ်မြို့တော်” က တာ့ရွှမ်တိုင်းပြည် မြို့တော် ဖြစ်သည်။
ထိုမြို့တော်တည်ရှိသည်မှာ ရာစုနှစ်တစ်ခုမျှသာရှိသေးသည့်တိုင် ကျူတောပင်လယ်ဒေသတွင် နံပါတ် (၁)အဆင့် ကျော်ကြားသော မြို့တော်တစ်ခုဖြစ်သလို ဒေသ၏ဗဟိုချက်နေရာတွင်လည်း တည်ရှိသော မြို့တော်တစ်ခု ဖြစ်၏။
အများအားဖြင့် စည်ကားခမ်းနားသော ‘ရွှမ်မြို့တော်’ သည် ယခုတော့ အားလုံးစိတ်ထဲ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နက်နေကြသည်။
ကျူတောပင်လယ်ဒေသတစ်ခုလုံး စစ်ပွဲမီးတောက်များပြည့်နက်နေချိန်မှာတောင် မြို့တော်က ဤသို့သောအခြေအနေမျိုး မဖြစ်ခဲ့ပေ။
သို့သော် ယခုတော့ လူတိုင်း အဆင့်အတန်းမရွေး စိတ်မသက်မသာခံစားနေကြရပြီး အဆင်မပြေဖြစ်နေကြရသည်။
ဝိညာဉ်နယ်မြေတွင် မည်သို့သောတိုက်ပွဲများဖြစ်ပွားခဲ့သည်ကို သူတို့အားလုံး သတင်းရရှိပြီးပြီ ဖြစ်သည်။
သူတို့၏ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များဖြစ်သော ရှန်လင်ကျီ ၊ ခန်းဖင်း ၊ ဧကရာဇ်ရွှမ်ချန်နှင့် တာအိုဆရာရှိတို့ ဝါဒတောင်ကိုသိမ်းပိုက်ရန် သွားရောက်ခဲ့ကြသော်လည်း ထိုနေရာတွင် အားလုံး အသက်ဆုံးခဲ့ကြသည်။
ထိုသတင်းက ‘ရွှမ်မြို့တော်’ သို့ပျံ့နှံ့လာချိန်တွင် ကြည်လင်နေသောကောင်းကင်အက်ကွဲပြီး ကမ္ဘာမြေကြီးပြိုကျကာ မိုးကြိုးပေါင်းတစ်ထောင်ပစ်ချလိုက်သည့်အလား ခံစားကြရသည်။
တာ့ရွှမ်တိုင်းပြည်တွင် ကျန်ရှိနေသော အခြားသောတန်ခိုးစွမ်းအားရှင်များက စိတ်ကိုဖြေလျှော့ပြီး ဖြစ်လာသမျှ ရင်ဆိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
သူတို့၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ ‘ကောင်းကင်စွမ်းအားအစီအရင်’ ပင် ဖြစ်သည်။
ထိုအစီအရင်က ‘ချန်းဧကရာဇ်’ ပြုလုပ်ခိုင်းသည့်အစီအရင်ဖြစ်လေရာ ကျင်းထင်တောင်ဖြစ်စေ ဝါဒတောင်ဖြစ်စေ သူတို့ကို အညှာအတာကင်းမဲ့စွာ ရှင်းလင်းပစ်ချင်သည်ဆိုလျှင်တောင်မှ ‘ချန်းဧကရာဇ်’ ၏ မျက်နှာကိုတော့ ထောက်ထားသင့်ပေသည်။
ဤသည်မှာ တာ့ရွှမ်တိုင်းပြည်၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။
သို့သော်...
ထိုနေ့မှာတော့ ‘ရွှမ်မြို့တော်’ ကောင်းကင်ထက်တွင် လူရိပ်တစ်ခု ရုတ်ရက်ပေါ်လာသည်။
ထိုသူက ဆံပင်များဖြူဖွေးနေသည့် အဘွားအိုတစ်ယောက် ဖြစ်၏။
ကြယ်စင်ရောင်များပမာဓားအလင်းတန်းမြင့်တက်လာသည်နှင့် ထျန်းဟယ်မြစ် စီးဆင်းလာပြီး ကြယ်စင်လှိုင်းလုံးကြီးများ လှည့်ပတ်သွားကာ ‘ရွှမ်မြို့တော်’ ထက်သို့ ကျရောက်လာသည်။
မြို့ကိုစောင့်ကြပ်နေသူအများစုမှာ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများဖြစ်ကြလေရာ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့်ရှိသော အရှေ့တောင်နတ်ဓားမယ်ကို မည်သို့ခုခံနိုင်ပါမည်နည်း။
ထိုနေ့မှာပင် ‘ရွှမ်မြို့တော်’ ပျက်ဆီးသွားခဲ့ပြီး ကောင်းကင်စွမ်းအားအစီအရင်သည်လည်း ပျက်ဆီးသွားခဲသည်။
ကျူတောပင်လယ်ဒေသတွင် တာ့ရွှမ်မင်းဆက်သည်လည်း သမိုင်းတစ်ခုအဖြစ်သာ ထာဝရထင်ကျန်ရစ်ခဲ့တော့သည်။
***
ကျင်းထင်တောင်နှင့် အတူတူလှုပ်ရှားနေသည့် ယွမ်ကျန်းဖုန်းက အနာဂတ်တွင်ဘာဖြစ်မည်ကိုအရေးမစိုက်ဘဲ ကြားနေဝါဒဖြင့်သာ နေထိုင်သည်။
သူက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို တန်ပြန်တိုက်ခိုက်ရာတွင်လည်း ပါဝင်ခဲ့သည်။
ယွမ်ကျန်းဖုန်း ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေရှိ ဝါဒတောင် ဌာနချုပ်သို့ရောက်ရှိလာသည့်အခါ သတင်းအချို့ကို ကြားသိလိုက်ရ၏။
အရှေ့တောင်နတ်ဓားမယ်က တာ့ရွှမ်တိုင်းပြည်၏ မြို့တော်ဖြစ်သော ‘ရွှမ်မြို့တော်’ ကို နင်းချေဖျက်ဆီးခဲ့သော သတင်းပင်။
ထိုသတင်းကိုကြားတော့ ယွမ်ကျန်းဖုန်းက သက်ပြင်းချရင်းဆိုသည်။
“တာ့ရွှမ်မင်းဆက်ကျဆုံးသွားပြီဆိုတော့ ကောင်းကင်စွမ်းအားအစီအရင်ကိုလည်း ထိန်းထားနိုင်တဲ့သူမရှိတော့ဘူးပေါ့”
သူက ဆက်ပြောသည်။
“အရှေ့တောင်ထိပ်တန်းအရှင်သခင်က အခုတော့ တာ့ရွှမ်တိုင်းပြည်နောက်ကွယ်မှာရှိတဲ့ ပုဂ္ဂိုလ်ကို အပြည့်အဝ အံတုလိုက်ပြီပေါ့”
အရှေ့တောင် ထိပ်တန်းအရှင်သခင်၏ခွင့်ပြုချက်မရှိပါက အရှေ့တောင်နတ်ဓားမယ်က တာ့ရွှမ်မင်းဆက်အကြွင်းအကျန်များကို သုတ်သင်ရှင်းလင်းပစ်မည် မဟုတ်ပေ။
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ကြည့်ရတာ တာ့ရွှမ်တိုင်းပြည်နောက်ကွယ်မှာရှိနေတဲ့ဧကရာဇ်က တောင်ပိုင်းထိပ်တန်းအရှင်သခင်နဲ့ပူးပေါင်းပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို ဖိအားပေးတာဖြစ်ရမယ်”
“အရှေ့တောင်ထိပ်တန်းအရှင်သခင်က သိမ်မွေ့တဲ့သူဆိုပေမယ့် ပျော့ညံ့တဲ့သူတော့ မဟုတ်ဘူး ၊ သူ ဒေါသမထွက်ဘဲ ဘယ်နေမှာလဲ ၊ သူက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ပဲလေ ၊ အချိန်အများစုမှာ သည်းခံနိုင်ပေမယ့် သူ့ကိုနှောက်ယှက်တယ်လို့ယူဆရင်တော့ အားလုံးကိုခက်ခဲအောင်လုပ်ပစ်လိမ့်မယ်”
ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို လက်ညှိုးထိုးရင်း...
“ငါတို့ဂိုဏ်းကသာ တာ့ရွှမ်တိုင်းပြည်နောက်ကွယ်ကဧကရာဇ်ရဲ့အကြံအစည်တွေကို ဆက်တိုက်မဖျက်ဆီးဘူးဆိုရင် တာ့ရွှမ်တိုင်းပြည်လည်းဒီလိုမျိုး ကြေကွဲစရာ အဆုံးသတ်မှာမဟုတ်ဘူး ၊ ချောင်ကျယ်လည်း ဒီလိုမျိုးပြင်းထန်တဲ့နည်းလမ်းတွေကို အသုံးပြုမှာမဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ကြည့်ရတာ... ငါတို့ဒီလိုမျိုးပြုမူတာကို အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ညွှန်ကြားချက်ဖြစ်ရမယ်လို့ သူက တွေးထင်သွားတာ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါက အတိုင်းအတာတစ်ခုအထိ မှန်ပါတယ် ၊ ကျင်းထင်တောင်ကလူတွေလည်း ဒါကိုနားလည်မှာပါပဲ ၊ ဒါပေမဲ့ ဒီကိစ္စကြောင့် မကျေနပ်တဲ့သူအချို့တော့ ရှိလာနိုင်တယ်”
ဖန်ကျွင်းက...
“အခု အရှေ့တောင်ထိပ်တန်းအရှင်သခင်ကလည်း စိတ်ထဲမထားဘူး ၊ အရှေ့တောင်နတ်ဓားမယ်နဲ့ ယင်စန်းတောင်ဓားဘုရင်တို့ကလည်း ဒီကိစ္စကို စိတ်ထဲမထားပါဘူး ၊ ဒါဆိုရင် လုံလောက်နေပါပြီ”
ရန်ကျောက်ကဲက...
“ယင်စန်းတောင်ဓားဘုရင်အကြောင်းပြောရရင်... အတော်လေး ဒုက္ခပေးနိုင်တဲ့ကိစ္စတစ်ခုတော့ ရှိနိုင်တယ်...”