လက်ထပ်မည့်အစီအစဉ်
Vol. 64 Ch. 894
အခန်း (၈၉၄) လက်ထပ်မည့်အစီအစဉ်
ရန်တိက ဝါဒတောင်ဂိုဏ်းနှင့်ပတ်သက်သည့် အရေးကိစ္စများ စီစဉ်ဆောင်ရွက်နေချိန် ရန်ကျောက်ကဲကတော့ ဖန်းယွင်ရှန်းနှင့်တွေ့ဆုံရန် ထွက်ခွာလာခဲ့သည်။
ဤနှစ်များတစ်လျှောက် ကျင့်ကြံခဲ့ပြီးနောက် ဖန်းယွင်ရှန်းသည်လည်း သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ရန် နီးကပ်နေပြီ ဖြစ်၏။
ဖူအန်းစုသည်လည်း ထူးခြားသောအရည်အချင်းများပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော် ဤနှစ်အနည်းငယ်အတွင်း သူမအလုပ်များသဖြင့် အချိန်များဖြုန်းတီးခဲ့ရလေရာ ဖန်းယွင်ရှန်းက သူမကို ကျော်တက်လုနီးပါး ဖြစ်နေပေပြီ။
တပည့်ဖြစ်သူက သူမနောက်မှ တဖြည်းဖြည်း ကျော်တက်ရန် ချဉ်းကပ်လာနေပြီဖြစ်ကြောင်း ဖူအန်းစု ခံစားခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှကျင့်ကြံသူမျာစွာ ကျင့်ကြံခြင်းတစ်ဆို့မှုကြုံတွေ့ခဲ့ရသည့် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီးနောက် ဖူအန်းစု ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် လှုံ့ဆော်ကမှုရင်းမြစ်မှာ တပည့်ဖြစ်သူဖန်းယွင်ရှန်း ကျင့်ကြံခြင်းမြင့်တက်လာခြင်း ဖိအားဖြစ်သည်။
ဖန်းယွင်ရှန်းက သူမကိုဖြတ်ကျော်တက်သွားပြီး ဝါဒတောင်၏ ထောက်တိုင်တစ်ခုဖြစ်လာခဲ့လျှင် သူမ အလွန်ပျော်ရွှင်နေမည်မှာ အမှန်ပင် ဖြစ်သည်။
သို့တိုင် အများအားဖြင့် ခေါင်းမာတတ်သည့်သဘောရှိသော ဖူအန်းစုအတွက် အလွန်တရာနစ်နာစေမည့်အရာလည်း ဖြစ်သည်။
ဖူအန်းစုက ဖန်းယွင်ရှန်းကို ဖိနှိပ်ရန် ကြိုးစားမည် မဟုတ်ပေ။ သို့သော် သူ့ကိုယ်သူ ဖိအားပိုမိုများပြားလာပြီး ပိုမိုကြိုးစားလာခဲ့သည်။
သူမက နဂိုကတည်းက ကျင့်ကြံခြင်းကို အရူးအမူးစွဲလန်းခဲ့သူဖြစ်လေရာ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ယနေ့ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ ခံစားမိသည်မှာ အောင်မြင်သူများသည် သူတို့အထူးပြုထားသော နယ်ပယ်များတွင် အလွန်ထူးချွန်ကြသည်ဆိုသောအချက် ဖြစ်သည်။
ဥပမာအားဖြင့် အောင်မြင်သူအများစုသည် လူအများစု သည်းမခံနိုင်သည့်အရာကို သည်းခံနိုင်စွမ်းရှိပြီး ၊ လူအများစု မအောင်မြင်နိုင်သောအရာကို တွန်းအားပေးပြုလုပ်ရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ယခု သူ့ရှေ့တွင်ရှိနေသည့် ဖန်းယွင်ရှန်းက ဤအရာ၏ နောက်ထပ်ဥပမာတစ်ခု ဖြစ်သည်။
“မင်း အခုရင်ဆိုင်နေရတဲ့ ကျင့်ကြံခြင်းတစ်ဆို့မှုအတွက် အချိန်တစ်ခုအထိ တံခါးပိတ်ကျင့်ကြံပြီး အားစိုက်ထုတ်ဖို့လိုလိမ့်မယ်”
ရန်ကျောက်ကဲက ပြုံးရင်းဆိုသည်။
“ဒါပေမဲ့ အမုန်းတရားမဲ့တာအိုနန်းတော်က ငါပြန်လာတဲ့အအချိန်ကျ မင်းလည်း အပြည့်အဝအောင်မြင်ပြီး တံခါးပိတ်ကျင့်ကြံရာက ထွက်လာလောက်ပါပြီ”
သီးသန့်အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည့် ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
"ဒီစမ်းသပ်မှုက လွယ်မှာမဟုတ်ဘူး ၊ ဒါပေမဲ့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”
“ရှန်လင်ကျီ ၊ ကွမ်းလီတဲ့တို့လိုလူတွေကို တိုက်ခိုက်ဖို့ ထိုက်ယီချိုးဖျက်အစီအရင်ကိုတည်ဆောက်ခဲ့တာက မရေမတွက်နိုင်တဲ့ အကျိုးအမြတ်တွေနဲ့ အတွေ့အကြုံတွေ ရရှိခဲ့တယ်”
သာမန်အခြေအနေဆိုလျှင် သိုင်းဆရာသခင်တစ်ယောက်အနေဖြင့် အမတကူးပြောင်းခြင်း သိုင်းသူတော်စင်အအဆင့် တိုက်ပွဲများကို လေ့လာကြည့်မည်ဆိုလျှင်ပင် အခြေခံမူများကိုပင် နားလည်နိုင်မည် မဟုတ်ပေ။
ဖန်းယွင်ရှန်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့် အစီအရင်၏စွမ်းအားကို အသုံးပြုပြီး သူမ၏လက်ရှိကျင့်ကြံခြင်းအဆင့်ထက်ကျော်လွန်သည့် တိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့သည်။ ဤသည်က အလွန်တရာများပြားသည့်အတွေ့အကြုံဟု ဆိုနိုင်၏။
ဤသည်က ရန်ကျောက်ကဲ ၊ ရန်တိုနှင့် သိုင်းပညာဖလှယ်ခြင်းဖြင့် မတူညီဘဲ ပုံတူကူးမရနိုင်သည့် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲရသည်ဖြစ်ရာ အလွန်တရာအကျိုးကျေးဇူးများပြားသည်။
တိုက်ပွဲအပြီးတွင် သူမသည် ရန်တိ ၊ ရန်ကျောက်ကဲနှင့် ယွမ်ကျန်းဖုန်းတို့၏ လမ်းညွှန်မှုကို ရရှိခဲ့ပြီး အတွေ့အကြုံအကျိုးအမြတ်များကို ကြေညက်အောင် လေ့လာနိုင်ခဲ့သည်။
ဖန်းယွင်ရှန်း သိုင်းသူတော်စင်အဆင့်သို့ရောက်ရှိပြီးနောက်ပိုင်းမှာပင် ဤအကျိုးကျေးဇူးများကို အချိန်အတန်ကြာအောင် ခံစားရဦးမည် ဖြစ်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒီလိုဆိုမှတော့ ကံကောင်းပါစေ ၊ နောက်မှတွေ့မယ်”
ဖန်းယွင်ရှန်းက အတန်ကြာတိတ်ဆိတ်နေလေသည်။
ရန်ကျောက်ကဲက သိချင်စိတ်ဖြင့်...
“ဘာဖြစ်လို့လဲ...”
ဖန်းယွင်ရှန်း ဤသို့ တုံ့ဆိုင်းနေသည်မှာ အမှန်တကယ်ပင် ရှားပါးလှသည်။
သူမက အသက်တစ်ချက် ဖြည်းညင်းစွာရှူထုတ်ရင်း ရန်ကျောက်ကဲကို သိမ်မွေ့စွာဆိုသည်။
“ကျွန်မ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာကထွက်လာလို့ သိုင်းသူတော်စင်အဆင့်တက်ပြီးရင် ပြင်ပလောကကို ခဏလောက် ခရီးထွက်ဖို့ ရည်ရွယ်ထားတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်။
“မင်းက အဝေးကြီးကိုသွားဖို့ ရည်ရွယ်ထားတာလား”
ခရီးတိုတစ်ခုမျှဆိုလျှင် ဖန်းယွင်ရှန်းအနေဖြင့် သူ့ကိုခွင့်တောင်းရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ ဤသည်ကိုကြည့်ရင်း ရန်ကျောက်ကဲ နားလည်သွားသည်။
ဖန်းယွင်ရှန်းပြောသည့် ခရီးထွက်ခြင်းဆိုသည်မှာ ဟိုစဉ်တစ်ချိန် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် စစ်ခုန်ချင်း ခရီးထွက်ခဲ့သည့် သဘောတရားမျိုးပင် ဖြစ်၏။
ဤသို့ခရီးထွက်ရသည့် ရည်ရွယ်ချက်က စိတ်အားထက်သန်စေရန် ၊ အတွေ့အကြုံရရန်သာမဟုတ်ပေ။ သွေးစွန်းတိုက်ပွဲများတွင် ဂိုဏ်း၏ကာကွယ်မှုကိုမယူဘဲ ကိုယ်ပိုင်စွမ်းရည်ကို အားကိုးခြင်းလည်း ဖြစ်သည်။
အထက်ဘုံကမ္ဘာက ပိုမိုကောင်းမွန်သည့်အချက်မှာ ဖန်းယွင်ရှန်းအနေဖြင့် အောက်ဘုံကမ္ဘာတွင် ထူးကဲယင်သရဖူနှင့် နေရိပ်နတ်ဓားတို့ကဲ့သို့ ရတနာပစ္စည်းများကို အသုံးပြုနိုင်ခြင်း မရှိပေ။
ဖန်းယွင်ရှန်းက ဖြည်းညင်းစွာဖြင့်...
“ကျောက်ကဲ... ရှင်သိလား ၊ ဒီနှစ်ပိုင်းအတွင်း ကျွန်မရဲ့ဓားက တဖြည်းဖြည်းတုံးလာတယ်လို့ ခံစားရတယ်”
သူမက ဆက်ပြောသည်။
“ကျွန်မ ကျင့်ကြံခြင်းကိုလည်းလုံးဝမလျှော့ခဲ့ဘူး ၊ ထိုက်ယီချိုးဖျက်အစီအရင်ကို ထိန်းချုပ်ရင်း အင်အားကြီးရန်သူတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပေမယ့်... အဲဒီလိုမျိုး ခံစားနေရတုန်းပဲ”
“အခု ကျွန်မဓားက တုံးသထက်တုံးလာနေပြီ...”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...
“မင်းပြောတာကို ငါနားလည်ပါတယ် ၊ မင်းက အရင်တုန်းက ဂိုဏ်းတူညီမလေးစစ်ခုန်ချင်း ခရီးထွက်သလိုမျိုး ခရီးထွက်ချင်တာ မဟုတ်လား”
“မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါက နှောက်ယှက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာရှိနေတဲ့ ငါတို့ဂိုဏ်းရဲ့လက်ရှိအနေအထားက အစွန်းရောက်ရှစ်ပါးကမ္ဘာက အခြေအနေနဲ့ ယှဉ်လို့တော့မရဘူး”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို အသာပွတ်သပ်လိုက်ရင်း...
“အရင်တုန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမတို့လို့ အင်အားကြီးရန်သူတွေရှိခဲ့ပေမယ့် ငါတို့ကိုယ်တိုင်က ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှာ တစ်ဂိုဏ်းအပါအဝင် ဖြစ်တယ် ၊ ဆရာဘိုးဘိုးကလည်း သိုင်းသူတော်စင်အဆင့်တက်ရောက်နိုင်ခဲ့တယ်”
“အခုဆိုရင်... အကန့်အသတ်ကိုကျော်လွန်ပြီး အထက်ဘုံကမ္ဘာမှာတောင် ခြေကုပ်ယူနိုင်ခဲ့တယ် ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာမှာ ခရီးထွက်တဲ့ကိစ္စက အရင်တုန်းက ဂိုဏ်းတူညီမလေးစစ်ခုန် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ခရီးထွက်တာထက် ပိုပြီး အန္တရယ်များလိမ့်မယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ပြီးတော့ ငါကလည်း ရန်သူများအောင် ရန်စထားတဲ့ကိစ္စတွေ အများကြီး ရှိတယ်လေ ၊ အဲဒါတွေက မင်းအပြင်လောကကို ခရီးထွက်တဲ့အခါ အန္တရယ်အရမ်းများနိုင်တယ်”
ဖန်းယွင်ရှန်းက ပြုံးရင်း...
“အန္တရယ်များနိုင်တယ်ဆိုပေမယ့် အရင်တုန်းက နေသူတော်စင်ဂိုဏ်းကနေ ကျွန်မတစ်ယောက်တည်း ထွက်ပြေးခဲ့တာလောက်တော့ အခြေအနေဆိုးမယ်မထင်ပါဘူး ၊ အခု ပြန်တွေးကြည့်တော့ အဲဒီနေ့ရက်တွေက ကျွန်မဘဝရဲ့ အခက်ခဲဆုံးနေ့ရက်တွေ ဖြစ်ပေမယ့် ကြီးကျယ်တဲ့ အတွေ့အကြုံတွေရရှိခဲ့တဲ့ ရင်းမြစ်လည်း ဖြစ်တယ်လေ”
ဖန်းယွင်ရှန်းက ကိုယ့်ကိုယ်ကိုယ် အားမရဟန်ဖြင့် ရယ်မောလိုက်ရင်း...
“အဲဒီအချိန် (၂)နှစ်အတွင်း ရရှိထားတဲ့ အတွေ့အကြုံအခြေခံအုတ်မြစ်က အခု အဆက်မပြတ် ဖြိုချခံနေရသလို ခံစားရတယ် ၊ ဒါက တစ်နေ့ကျရင် ကုန်ဆုံးသွားမှာ သေချာတယ်”
သူမစကားကိုကြားတော့ ရန်ကျောက်ကဲ လေးလေးနက်နက်တွေးလိုက်ည်။
ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...
“အန္တရယ်ကင်းကင်းနဲ့ ပုံမှန်အတိုင်းကျင့်ကြံတာက ကျွန်မရဲ့စရိုက်နဲ့မကိုက်ညီဘူး ၊ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကသာ ကျွန်မကိုယ်ကျွန်မသွေးဖို့ အကောင်းဆုံးဓားသွေးကျောက်တွေပဲ”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်း နဖူးလေးကို လက်ဖြင့်အသာတောက်ရင်း...
“မင်းက မိစ္ဆာသိုင်းပညာကျင့်ကြံဖို့ ပိုပြီးသင့်တော်တယ်လို့ ငါဘာလို့ခံစားနေရတာလဲ”
ဖန်းယွင်ရှန်းကပြုံးရင်း...
“ကျွန်မက သိုင်းပညာကျင့်ကြံဖို့အတွက် အပြစ်မရှိတဲ့သူတွေကို မထိခိုက်စေချင်ပါဘူးနော်”
ရန်ကျောက်ကဲက ခဏမျှ နှုတ်ဆိတ်နေပြီးမှ...
"မင်းသွားချင်ရင် ငါမင်းကို တားမှာမဟုတ်ပါဘူး"
သူက စိတ်ရင်းဖြင့် ပြောလိုက်ခြင်း ဖြစ်၏။
သို့သော် ဖန်းယွင်ရှန်း အမှန်တကယ် ထွက်ခွာသွားမည်ဆိုပါက မည်သို့သောကံကြမ္မာရှိမည် ၊ မည်သို့သော ကပ်ဘေးများဖြင့်ရင်ဆိုင်ရမည်ကို မသိနိုင်သလို ပြန်လည်ဆုံတွေ့ရန်ပင် မသေချာလှပေ။
ဤသည်က အကောင်းမြင်စိတ်နှင့်တွေးတောခြင်းသာဖြစ်ပြီး အဆိုးမြင်စိတ်ဖြင့်သာ တွေးတောမည်ဆိုလျှင်...
“အရင်တုန်းက ဂိုဏ်းတူညီမလေးစစ်ခုန်ချင်း ခရီးထွက်ချင်တယ်ဆိုတော့လည်း ငါ သိပ်ပြီးသဘောမတူချင်ခဲ့ပါဘူး”
ရန်ကျောက်ကဲက မချိပြုံးပြုံးရင်း ဆိုသည်။
ထို့နောက် သူက ဖန်းယွင်ရှန်းကို စိတ်အားထက်သန်စွာကြည့်ရင်း...
“ဒါပေမဲ့ မင်းလည်းအများကြီးစဉ်းစားပြီးပြီဆိုတာ ငါသိပါတယ် ၊ ဒီလိုဆိုမှတော့ လိုအပ်တာတွေပြင်ဆင်ပြီး ခရီးစဉ်တစ်လျှောက် အတတ်နိုင်ဆုံးသတိထားစေချင်တယ်”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“သိပ်လည်း အတွေးလွန်ပြီး ခံစားချက်ပြင်းထန်နေဖို့ မလိုပါဘူး ၊ မင်း တံခါးပိတ်ကျင့်ကြံရာကထွက်လာတဲ့အချိန် ငါတို့ ခရီးကပြန်မရောက်သေးဘူးဆိုရင် မင်း ငါ့ကိုမစောင့်နဲ့တော့ ၊ ကိုယ့်အရှိန်နဲ့ကိုယ်သာ ခရီးထွက်ပေတော့”
“မင်း ဓားသွေးပြီးပြန်လာတာကို ငါစောင့်နေမယ် ၊ အဲဒီအချိန်ကျမှ မင်း ဘယ်လိုမျိုးအတွေ့အကြုံတွေရခဲ့သလဲဆိုတာ ကြည့်ရမယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲနှင့် ခွဲခွာရန် တွန့်ဆုတ်နေသော်လည်း ထိုစကားကြားတော့ စိတ်အားတက်ကြွသွားပြီး...
“ရှင်နဲ့ပြန်ဆုံဖို့အတွက် ခရီးကပြန်လာရမယ်ဆိုတာ ကျွန်မအတွက် အကြီးမားဆုံးတွန်းအားပေးမှုပါပဲ”
ရန်ကျောက်ကဲ၏အပြုံးက ချက်ချင်းပင် မချိုမချဉ် ဖြစ်သွားပြီး...
“မင်းပြန်လာရင် ငါတို့တွေ တရားဝင်လက်ထပ်ဖို့ အချိန်တန်ပြီ ၊ မင်းရဲ့အရိုးတွေလည်းသန်မာနေပြီဆိုတော့ ငါနဲ့ချစ်ဖို့ ခံနိုင်ရည်ရှိနေလောက်ပြီ မဟုတ်လား”
ထိုစကားကြားတော့ ဖန်းယွင်ရှန်း ငိုရမလား ရယ်ရမလားမသိဖြစ်သွားသည်။
“ရှင်က အောက်ပိုင်းကိစ္စပဲစဉ်းစားနေတာလား ၊ စောစောက တက်ကြွနေတဲ့စိတ်ဓာတ်တောင် ပြန်ကျသွားပြီ”
ရန်ကျောက်ကဲက ဖြောင့်မတ်မှန်ကန်သည့်လေသံဖြင့်...
“အစကတည်းက ဒီကိစ္စက စီစဉ်ထားပြီးသားပဲလေ ၊ မင်း တံခါးပိတ်ကျင့်ကြံရာကထွက်လာတာနဲ့ ငါ မင်္ဂလာရက်ရွေးထားတော့မယ်”
ဖန်းယွင်ရှန်းက ခါးထောက်လိုက်ပြီး ရန်ကျောက်ကဲကို အမြင်ကပ်ဟန် မျက်စောင်းတစ်ချက်ထိုးရင်း...
“ကောင်းပြီလေ...”
ထို့နောက် သူမက ရုတ်တရက် လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ရှောင်တိမ်းမရစေရန် ရန်ကျောက်ကဲ၏ ဦးခေါင်းဘယ်ညာနှစ်ဖက်ကို ခပ်တင်းတင်းဖိကိုင်လိုက်ပြီး လူငယ်၏နှုတ်ခမ်းများကို လှစ်ခနဲနမ်းလိုက်သည်။
ရန်ကျောက်ကဲမှာ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင် ရှိရသည်။
ဖန်းယွင်ရှန်းက ပြုံးလျှက်ပင် နှုတ်ခမ်းကိုကိုက်ရင်း နောက်ပြန်ဆုတ်သွားသည်။
“ကျွန်မ ခရီးကပြန်ရောက်တာနဲ့ ရှင်ပြောတဲ့အတိုင်းလုပ်မယ်”